Monday, August 30, 2010

အမေ့စိန်နားကပ်

လက်ထဲမှ လက်ဆွဲအိတ်ကို ခဏချကာ ခပ်ကျဲကျဲယက်ထားသော ဝါးကပ်ကို ဖယ်လိုက်သည်။ အနည်းငယ် ရွဲ့စောင်းနေသော ခြံတံခါးအဖြစ် အသုံးပြုသည့် ထိုဝါးကပ်သည် ကျွန်တော် အိမ်မှ ထွက်သွားပြီးနောက်ပိုင်းမှ လုပ်ထားခြင်းဖြစ်မည်။ ကျွန်တော် ရှိစဉ်တုန်းက ခြံတံခါးသည် သစ်သားတံခါး ဖြစ်ကြောင်း မှတ်မိသေးသည်။
၅ နှစ်တာ နှစ်ကာလသည် ကျွန်တော် ခန္ဓာကိုယ်ကို အနည်းငယ် ပြောင်းလဲ သွားစေသည်မှ လွဲ၍ ကျွန်တော့် မှတ်ဥာဏ်များကတော့ အရင်အတိုင်း ရှိနေဆဲနှင့် တူသည်။ ကျွန်တော်တို့ နယ်မြို့လေးသည်လည်း အရင်အတိုင်းပဲ ရှိနေသေးသည်။ ဖုန်ထူဆဲ တိတ်ဆိတ်ဆဲ ဖြစ်သည်။
ခြံအတွင်း ပထမဆုံး ခြေတစ်လှမ်း ချမိချိန်တွင် ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွား၏။ ကျွန်တော် ပြန်လာပြီအမေ။ အမေမျှော်နေတဲ့ သားမိုက် ပြန်လာပြီလေ။ ကြိုဆိုသူ မဲ့နေသော အမေ့ခြံဝန်းလေးသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။ ကာလအတန်ကြာ လှဲကျင်းထားခြင်း မရှိသဖြင့် သစ်ရွက်ခြောက်တို့ နေရာအနှံ့ပျံ့ကျဲနေလေသည်။

ဒီခြံဝန်းလေးမှာပဲ အဖေနှင့် အမေ ဘဝသစ် စခဲ့ကြ၏။ ကျွန်တော့်ကို မွေးဖွားခဲ့သည်။ ဒီခြံလေးထဲမှာပဲ အဖေ ခေါင်းချခဲ့သလို ကျွန်တော့်ကို ချစ်သော အမေလည်း လွန်ခဲ့သည့် တစ်နှစ်ခန့်ကပဲ လောကကြီးမှ ထွက်ခွာသွားခဲ့သည်။ အဖေ ဆုံးစဉ်က အနားတွင် ကျွန်တော် ရှိခဲ့ပေမယ့် အမေ့ရဲ့ နောက်ဆုံး အချိန်မှာတော့ ကျွန်တော် ဟိုး အဝေးကြီးကို ရောက်နေခဲ့သည်။

“ မင်း ပြန်လာပြီလား ”
ခြံဝန်းအနှံ့ ကြည့်နေစဉ်မှာ အိမ်ခေါင်းရင်း ဘက်မှ ထွက်လာသော အသံကြောင့် လှမ်းကြည့်လိုက်၏။ ကျွန်တော်တို့ ခြံနှင့် ခေါင်းရင်းခြံ ကူးလူးသည့် တံခါးပေါက်ကို တွန်းဖွင့်ရင်း ဦးလေးထွန်းမြင့် လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

“ ဦးလေး နေကောင်းတယ်နော် ”
“ ကောင်းတယ် ... မင်းအခုမှ ပြန်လာတာလား  ”
“ ဟုတ်ပါတယ် ဦးလေ ကျွန်တော် အိမ်ကို တန်းပြန်လာတာပါ ”
ရပ်ဆွေရပ်မျိုးဖြစ်သော ဦးလေးထွန်းမြင့် မိသားစုနှင့် ကျွန်တော်တို့ မိသားစုသည် နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြသည်။ ဦးလေးထွန်းမြင့် လက်ပေါ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်ဟု ပြောလျင် မှားမည်မဟုတ်ပါ။

“ မင်းရောက်လာတာ သိပ်နောက်ကျတယ်ကွာ အင်း... တနှစ်ကျော်ကျော်လောက်ကို နောက်ကျသွားတယ် မင်းအမေရဲ့ နောက်ဆုံးအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒက မင်းကို တွေ့ချင်စိတ်ပဲ။ မင်းကို စောင့်မျှော်ရင်းနဲ့ မင်းအမေ ငါတို့ အားလုံးအရှေ့မှာပဲ လောကကြီးက ထွက်ခွာသွားခဲ့တယ် ”

“ အမေ့အကြောင်းတွေ ကျွန်တော့်ကို စုံစုံစေ့စေ့ ပြောပြပေးပါ။ ဒါပေမယ့် အခုတော့
ကျွန်တော် ခရီးပန်းလာလို့ ခဏ နားပါရစေ။”
“အေးလေ ငါလည်း ခရီးရောက်မဆိုက် ဒီအကြောင်းတွေ မပြောချင်ပါဘူး အရင် နားလိုက်ပါအုံး။”
“ ဟုတ်ကဲ့ ဦးလေး ညနေ ကျွန်တော် ခေါင်းရင်းဘက် ကူးလာခဲ့မယ်။ ”
“အေး..အေးး ရော့ ဒီမှာ မင်းတို့ အိမ်သော့။ အိမ်ကိုတော့ မကြာခဏ ဝင်ရှင်းပေးဖြစ်တယ် ”
“ အစစအရာရာ အတွက် ကျေးဇူးပါ ဦးလေး ”

အိမ်သော့ဖွင့်နေစဉ်မှာပဲ ဦးလေးထွန်းမြင့် ပြန်ထွက်ခွာသွားသည်။ အိမ်တံခါးကို ဆွဲဖွင့်ပြီးနောက် မဝင်သေးဘဲ အိမ်ဝမှနေ၍ ကြည့်လိုက်မိသည်။ ဒီအိမ်ထဲတွင် ကျွန်တော် လူလားမြောက်ခဲ့ရသည်။ ပြေးလွှားဆော့ကစားခဲ့သည်။ အဖေ့လက်မောင်းကို ခိုစီး ၊အမေ့ရင်ခွင်တွင် မှေးစက်ခဲ့သည်။ အဖေ ဆုံပါးသွားပြီးနောက် သားအမိ နှစ်ယောက်ထဲ ဒီအိမ်ထဲတွင် ဘဝခရီးဆက်ခဲ့ရသည်။ ခုတော့ တစ်ယောက်ထဲ ဖြစ်နေလေပြီ။ 

တကယ်ဆိုရင် ဒီအချိန်ဟာ အမေ ကျွန်တော့်ကို ဝမ်းသာအားရ ဖက်ထားရမည့် အချိန်ဖြစ်သည်။ ကျွန်တော် ပြန်လာချိန်ကို ဝမ်းသာစိတ်ဖြင့် အမေ မျက်ရည်နေကျရမည့် အချိန်ဖြစ်မည်။ ကြမ်းပြင်တွင် ဖုန်မှုန့်များ ရေးရေးထနေသော အိမ်အတွင်းပိုင်းကို ကြည့်ရင်း ကျွန်တော့်ရင်သည် စို့နစ်လာခဲ့သည်။ ဒီအိမ်တစ်လုံးနဲ့ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့လေပြီ။


အိမ်ထောင့်မှ ဖုန်တက်နေသော ဖျာလိပ်လေးကို ရိုက်ခါပြီး ဘုရားစင်ရှေ့တွင် ခင်းကာ လှဲချလိုက်သည်။ နယ်မြို့ကလေးရဲ့ နေ့အပူချိန်သည် အနည်းငယ် မြင့်တက်နေပေမယ့် ခြံဝန်းထဲမှ အပင်တို့ကြောင့် ပူလောင်လွန်းသည်ဟု မထင်ရပေ။ ခရီးပန်းလာသည့် အရှိန်ကြောင့် ခဏအတွင်း မျက်လုံးများ မှေးစင်းလာသည်။ တဖြည်းဖြည်း မှန်မှန်တိုက်ခတ်လာသော လေနုအေးသည် သဘာဝအတိုင်း တိုက်ခတ်နေသော လေများလား ဒါမှမဟုတ် ကျွန်တော် ငယ်စဉ်ကလို ဘေးနားတွင် မေမေထိုင်ကာ ယပ်ခတ်ပေးနေခြင်းလား ဝေခွဲမရနိင်ခင်မှာပဲ ကျွန်တော် အိပ်ပျော်သွားတော့သည်။

ညနေ အိပ်ယာမှ နိုးလာချိန် ရေချိုးဖို့ အိမ်ပေါ်မှ ဆင်းလိုက်လျင် အိမ်ရှေ့ကွက်လပ်တွင် ဦးလေး ထွန်းမြင့် ခုံ ၂ လုံးချကာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။

“ နိုးပီလား ”
“ ဟုတ်ကဲ့ ဦးလေး ခဏလေးနော် ကျွန်တော်ရေချိုးလိုက်အုံးမယ် ”
“အေး ချိုး...ချိုး ”

ရေချိုး အဝတ်အစား လဲပြီးနောက် ဦးလေးထွန်းမြင့် ဘေးက ခုံတလုံးတွင် ဝင်ထိုင်လိုက်သည်။

“ ရေနွေးကြမ်း သောက်ကွာ  .. ဟိုနိင်ငံမှာ ဘီယာပဲ သောက်ခဲ့လို့ မင်း ရေနွေးကြမ်း သောက်တတ်သေးရဲ့လား”

ကျွန်တော် ဘာမှ ပြန်မဖြေဘဲ ရေနွေးကြမ်း တစ်ခွက်ထည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ပြီးမှ

“ အမေ ဘာရောဂါနဲ့ ဆုံးတာလဲ ဦးလေး ”
“ စိတ်ထောင်း ကိုယ်ကြေ ပြီး လူကြီးရောဂါလို့ပဲ လွယ်လွယ်ပြောရမယ် ”

စိတ်ထောင်းကိုယ်ကြေ ။ ထိုစကားလုံးသည် မြှား အစင်းစင်း ဖြစ်ကာ ကျွန်တော့်ရင်ကို လာမှန်သည်။ ထိုစကားစု သည် ကျွန်တော့်ထံမှ မြစ်ဖျားခံခြင်း ဖြစ်မှာ သေချာလှသည်။

“ မင်း အမေ မင်း ကို သိပ်တွေ့ချင်သွားရှာတာကွာ သူ့ရဲ့ နောက်ဆုံးရက်တွေမှာ အိပ်ရင်တောင် အိမ်ပေါက်ဝဘက်ကို ဘေးတစောင်း အိပ်တဲ့ အထိပါပဲ။ မင်းသာ အဲဒီ အချိန် ပြန်ရောက်လာရင် 

မင်းအမေ အများကြီး သက်သာသွားနိင်မှာပဲ မင်းဆီကလည်း ဘာသတင်းမှ မကြားရဘူးလေ။ 
သူ့ခမျာ သားစိတ်နဲ့ မမာရှာရတဲ့ အထဲ အစာအဟာရ လည်း ချို့တဲ့ရှာတယ် ငါတို့တစ်တွေလည်း တတ်နိင်သလောက် ပေးကမ်းတာပါပဲ ဒါပေမယ့် သူကိုယ်တိုင်ကလည်း မစားနိင်ရှာ တော့ပါဘူး ”

စကားအရှည်ကြီး ပြောပြီး မောသွားဟန်ဖြင့် ရေနွေးမှုတ်သောက်နေလေသည်။ ဆိုးပြစ်မိုက်ပြစ်တို့ဖြင့် ကျွန်တော်ကတော့ လည်ချောင်းဝတွင် အဆို့ခံထားရသလို အသက်ရှုရန်ပင် ခက်ခဲနေခဲ့သည်။ အမေ ဖြစ်သူ သေမင်းနှင့်စစ်ခင်းနေချိန် ကျွန်တော်ကတော့ ဆေးဖြတ်ဖို့ ဆေးရုံပေါ်ကို ရောက်နေခဲ့ကြောင်း မည်သူကိုမှ ပြောပြဖို့ သတ္တိမရှိတော့ပေ။

“ အစ ကတော့ သူ့ညီမ ဝမ်းကွဲတွေ ကြည့်ရှုစောင့်ရှောက်ကြသေးတယ် အဲ... မင်း ပို့လိုက်တဲ့ စိန်နားကပ်လည်း ရောက်ပြီးရော သူတို့လည်း သဘောထား ပြောင်းသွားတယ် ထင်တာပါပဲ 

အသွားအလာ နည်းသွားကြတယ်”

“ဗျာ.. စိန်နားကပ်.. ဟုတ်လား ဦးလေး ”

“ အေးလေကွာ မင်းပဲ လူကြုံနဲ့ မင်း အမေအတွက် စိန်နားကပ် တစ်ရံ ထည့်ပေးလိုက်တာလေ 

အဲဒီ နားကပ်လည်း ရောက်ရော မင်း အမေမျက်နာဆိုတာများ ပြုံးပြုံး ပြုံးပြုံးနဲ့ပဲဟေ့ မချွတ်တမ်းကို ဝတ်ထားတော့တာ။ အရင်က မင်းကို မကောင်းကြောင်း ပြောထားတဲ့ မင်း အဒေါ်တွေကိုလည်း ငါ့သားလေးက လိမ္မာပါတယ် သူ့မှာ အခက်အခဲ ရှိနေလို့သာ အဆက်အသွယ် မလုပ်တာပါ ဆိုပြီး 
ရှင်းရတာ အမော..။ စိန်နားကပ် တစ်ရံလုံးတောင် ရောက်လာမှတော့ မင်းကိုလည်း မင်းအဒေါ်တွေ အမြင်ကြည်သလောက် ဖြစ်သွားတော့တယ်။”

“ အော် ”

ဦးလေးထွန်းမြင့်မှ ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောသည်။

“ မင်း အမေမမြကြည် အဖြစ်က ဘာနဲ့ တူလဲ ဆိုတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာမျိုးလို ဖြစ်နေတာကွ စိန်နားကပ် တဝင်းဝင်းနဲ့ဆိုတော့ သူ့မှာ ပိုက်ဆံရှိနေတယ် ထင်ပြီး သူ့ညီမတွေကလည်း အရင်လို မထောက်ပံ့တော့ဘူးလေ တကယ်တော့ သူ့မှာ ငွေမရှိတာ ငါတို့ လူကြီးတွေပဲ သိတယ်။ အဲဒီအချိန်မှာ မမြကြည်က မမာမကျန်း ဖြစ်တော့ ပိုဆိုးကုန်တာပေါ့ကွာ စားဖို့သောက်ဖို့က ငါတို့ ခွဲဝေ ကျွေးနိင်ပေမယ့် ဆေးစရိတ်ကြတော့ ငါတို့လည်း မတတ်နိင်ဘူးလေ .... ဒီတော့ ငါအပါအဝင် သူ့ညီမတွေကရော စိန်နားကပ်ကို ရောင်းပြီး ဆေးကုဖို့ အားလုံးတိုက်တွန်းကြတယ် ...ပစ္စည်းဆိုတာ အချိန်မရွေး ပြန်လုပ်နိင်တယ် မဟုတ်လား”

“ဟာ... မှားနေပြီ ဦးလေး မှားကုန်ပြီဗျာ ” ကျွန်တော့် တကိုယ်လုံး တုန်ယင်လာကာ ငိုရှိုက်ရင်း ပြောလိုက်သည်။

“ အေးလေ .. မင်းအမေကကွာ တကယ်ခက်တယ် စိန်နားကပ်ကို ထိဖို့ လုံးဝကို အပြောမခံတာ သားဝယ်ပေးထားတဲ့ ပစ္စည်း ဖြစ်ရုံနဲ့ ကိုယ်ကျန်းမာရေးကို အဆိုးရွား ခံရသလားဆိုပြီး
ငါတောင် စိတ်ကွက်မိသေးတယ။် မင်းအဒေါ်တွေဆိုရင် စိတ်ဆိုးပြီး လာကို မကြည့်တော့တာ အဲ သေမှပဲ ရောက်လာကြတော့တယ်။ ဒါနဲ့ ဒီခြံဝိုင်းလေးကို ပိုင်းရောင်းပြီး ဆေးကုမလား မေးတော့လည်း 
မင်းအတွက် ချန်ထားတဲ့ အမွေမို့လို့ မရောင်းနိင်ဘူးတဲ့လေ ”

“အို... မေမေရယ် ” ရင်ထဲတွင် ဆို့ကျပ်လာသော ခံစားချက်ဖြင့် ကျွန်တော် ထိန်းမရစွာ ငိုရလေပြီ။

“ ဦးလေးတို့ မှားနေပြီဗျာ ကျွန်တော် အမေ့အတွက် ထည့်ပေးလိုက်တာ စိန် အစစ် မဟုတ်ဘူး သွားရင်းလာရင်း လက်ရာသေသပ်ပြီး ဈေးပေါလို့ ဝယ်ထည့်ပေးလိုက်တာ ”

“ဘာ ... အတု ဟုတ်လား ... ”

သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ဦးလေးထွန်းမြင့် ခဏ ငြိမ်သက်သွားသည်။

“မင်းကွာ ရက်စက်လိုက်တာကွာ။ ကံဆိုးလှချည်လား မမြကြည်ရယ်။ သူ့မှာ အဲဒီ စိန်နားကပ်ကြောင့် 

သူ့ကို ထောက်ပံ့ကျွေးမွေး နေသူတွေဆီကပါ ဘာအကူအညီမှ မရတော့တာကွ မင်းစိတ် နဲ့ အာဟာရ ချို့တဲ့မှုက သူ့ကို သေမင်းဆီကို အချိန်စောပြီး ခေါ်ဆောင်သွားတာပဲ ။မင်း တကယ်ရက်စက်လွန်းတယ် ”

“ ပြောပါ ဦးလေးရယ် ပြောပါ ကျွန်တော်တော့ ဒီတသက် ဖြေလို့ မရတော့ပါဘူး ။ ဒါပေမယ့် ဦးလေရယ် ကျွန်တော် အဲဒီ စိန်နားကပ် အတုနဲ့ အတူ စာတစ်စောင်ပါ ထည့်ပေးလိုက်တယ်လေ။ စိန်အစစ်မဟုတ်ဘူး ဆိုတာ ထည့်ရေးထားပါတယ်။”

“ ဟေ .... သူသိတယ်ပေါ့ ဟုတ်လား ”
“ ဟုတ်ပါတယ် ဒါ အစစ်မဟုတ်ဘူးဆိုတာ
အမေ သိမှာပါ

တိတ်ဆိတ်သွားသော စကားဝိုင်းတွင် ကျွန်တော့်ရှိုက်သံ သဲ့သဲ့သာ တိုးတိုးလေး ထွက်ပေါ်နေ၏။ သက်ပြင်းကို ခပ်လေးလေးချပြီးနောက်

“ မင်း အမေလို မိခင်မေတ္တာမျိုးတော့ ရှာတွေ့ဖို့ မလွယ်တော့ပါဘူး။ ဒီလိုရပ်ကွက်မျိုးမှာ စိန်နားကပ်ဆိုတာ မလိုက်ဖက်မှန်း သိရဲ့နဲ့ မင်းကို ဂုဏ်တင့်ချင်စိတ် အထင်ကြီးစေချင်စိတ် အကောင်းမြင်စေချင်စိတ်ကြောင့် သူမချွတ်တမ်း ဝတ်ထားခဲ့မှန်း ငါအခုတော့ သဘောပေါက်ရပြီ။ စိန်ဆိုတာနဲ့ နီးနီးကပ်ကပ် မနေခဲ့ရတဲ့ ငါတို့ အတွက်တော့ အတုလား အစစ်လား ဘယ်လိုခွဲတတ်ပါ့မလဲ သူ့သားနိင်ငံခြားက ပို့တယ် ဆိုတဲ့ အသိနဲ့တင် အရောင်လက်တာနဲ့ စိန်ဆိုပြီး ယုံကြရတာ။ မင်းအမေကိုယ်တိုင်ကလည်း သားပို့ပေးတဲ့ စိန်နားကပ် ဆိုပြီး ပြောပြောနေတာကိုးး ဒီတော့အစစ်ပဲ ထင်ကြရတာပေါ့”

“ဒါကြောင့် စိန်နားကပ်ရောင်းပြီး ဆေးကုဖို့ ပြောပြီးတဲ့ နေ့ကစပြီး အဲဒီ စိန်နားကပ် ပျောက်သွားတော့တယ် ငါတို့ ဘယ်လိုမေးမေး လှူလိုက်ပြီလို့ပဲ ဖြေတယ်။ သူလှူလိုက်ပြီဆိုတော့လည်း သူ့သဘောဆိုပြီး ရောင်းဖို့ မတိုက်တွန်းကြတော့ဘူးပေါ့။ တကယ်တော့ မင်းကို အထင်ကြီးနေတာတွေကို လျော့သွားမှာ စိုးရိမ်လို့ အစဖျောက်လိုက်တာနဲ့တူပါရဲ့ အော် .. မမြကြည်.. မမြကြည် အဆက်အသွယ် မလုပ်တဲ့ သားကို မျှော်ရတဲ့ ဒုက္ခက စောစောလွတ်သွားတယ်လို့ပဲ ငါတော့ မှတ်ယူထားလိုက်တော့တယ် ”

“ဟုတ်ပါတယ် ကျွန်တော့်ကို မျှော်နေရတဲ့ ဘဝက အမေလွတ်သွားပါပြီ။ ကျွန်တော်သာ ကိုယ့်မိုက်ပြစ်နဲ့ ကိုယ် နောင်တ တွေနဲ့ တသက်လုံး ပူလောင်နေရတော့မှာပါ ”

ထိုစကားကိုတော့ ကျွန်တော့်ရင်ထဲမှာပဲ ပြောဖြစ်လိုက်တော့သည်။ မိုက်နောင်တဖြင့် ကျရသော ကျွန်တော့်မျက်ရည်များရော ဘယ်အခါမှ စဲ ပါတော့မလဲ...။ တမလွန်မှ အမေကတော့ ခွင့်လွှတ်ပြုံးများ ပြုံးနေမလား ....။