Sunday, November 28, 2010

တစ်ကားပေါင်း မိုးအလင်း

ရှိရင်းစွဲထက် ပို၍ အိုမင်းနေပုံရသော ညသည် အချိန်မတိုင်ခင် တိတ်ဆိတ်နေခြင်းကြောင့် ဖြစ်မည်။ မြို့ပြတခုအတွက် ည ၁၀ နာရီ အချိန်သည် တိတ်တဆိတ် ဖြစ်နေရမည့် အချိန်မဟုတ်သော်လည်း မှောင်မိုက်ခြင်း လွှမ်းခြုံထားသဖြင့် အရာရာသည် တိတ်ဆိတ်နေခဲ့သည်။ နောက်ကျောအောက်က ပူလောင်လာသည့် အတွက် ဘေးတစ်ဖက်စောင်းကာ လှည့်အိပ်လိုက်သော်လည်း တဒင်္ဂအတွင်း ပြန်ပူလာသဖြင့် အိပ်ယာထက်တွင် ကျွန်တော် အလူးအလိမ့်ဖြစ်နေ၏။ ညလေအေးဝင်ရောက်လာဖို့ကို မျှော်လင့်လို့ မရသည့် အတွက် ရေထချိုးရင် ကောင်းမလား တွေးနေမိသည်။

မီးပျက်နေသော ဒီလိုနွေညတိုင်းသည် ပူလောင်ခြင်းနှင့် မှောင်မိုက်ခြင်းကို ရောမွှေကာ လူတိုင်းအပေါ်ကို အပြည့်အဝ ဖြန့်ကျက်ထားသည်။ ပန်ကာလေး တစ်လုံးပင် ဖွင့်ခွင့်မရသဖြင့် ပူလောင်မှု ရဲ့ အရသာကို မချိမဆန့် ခံနေရ၏။ လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းက မြို့ပြရဲ့ တမ်းချင်း တစ်ခု ဖြစ်သည့် လျှပ်စစ်မီး ပြန်လာဖို့ပါပဲ။ ဒီအချိန် မီး ပြန်လာလျှင်သိပ်ကောင်းမည်။ အနည်းဆုံး ပန်ကာ တစ်လုံး ဖွင့်နိင်လောက်ရုံ ပမာဏလောက် ဖြစ်ဖြစ် ပြန်လာလျှင် အဆင်ပြေပြီ။ အတ္တနှင့်ယှဉ်သော ကိုယ့်အတွေးကိုယ် သဘောကျ သွားသဖြင့် ပြုံးလိုက်မိသည်။

တောင့်တနေချိန်မှာပဲ အခန်းထဲတွင် လင်းခနဲ ဖြစ်သွားသည်။ မီး ပြန်လာပြီးနောက် ဟေး ခနဲ အော်သံတွေကိုပါ တပြိုင်ထဲ ကြားလိုက်သည်။ မြန်မာနိင်ငံတွင် ဘာသာမတူသူများ ၊အသားအရောင် မတူညီသူများ ၊ စိတ်အတွေး မတူညီသူများအားလုံးကို တစုတစည်းထဲ တညီတညွတ်ထဲ တစ်သံတည်း ထွက်စေနိင်သော အချိန်မှာ မြန်မာဘောလုံးအသင်း ဂိုးသွင်းချိန်နှင့် မီးပြန်လာ ချိန်သာရှိသည်။ နာရီကို ကြည့်မိတော့ ၁၀ နာရီခွဲ။ လျှပ်စစ်မီးကို အသုံးချပြီး တခုခု လုပ်ဖို့ရန်တော့ အချိန်နှောင်းနေပြီ။ မနက် ၆ နာရီတိုင်း ထ ရသော ကျွန်တော့် အတွက် အိပ်သင့်ချိန်ကို ကျော်လွန်နေခဲ့ပြီ။ ထို့ကြောင့် အခန်းမီးကို ထပိတ်ကာ ပန်ကာဖွင့်လိုက်ခြင်းဖြင့် အိပ်ဖို့ရန် ပြင်ဆင်ပြီး ဖြစ်သွားတော့သည်။

ထိုအချိန်မှာပဲ  ကျယ်လောင်သော အသံ တစ်ခုထွက်ပေါ်လာသည်။ နိင်ငံရေးဦးတည်ချက် လေးရပ် ဆိုသော ကြားနေကျ အသံ ဘေးကပ်ရပ်အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မီးပြန်လာခိုက် အချိန်ရတုန်းလေး ငှားထားသည့် အခွေ ဖွင့်ကြည့်ကြခြင်း ဖြစ်မည်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်တွင် အချိန်ကိုလည်း စနစ်တကျ စီမံခန့်ခွဲ ကြရတာပဲ မဟုတ်လား။ နောက်တနေ့ မီးလာဖို့ ဆိုသည်မှာ မသေချာသဖြင့် အချိန်အနည်းငယ် နောက်ကျနေသော်လည်း ယခုလို မီးလာချိန်တွင် ဖွင့်ကြည့်ကြခြင်းကို အပြစ်လို့တော့ ဆိုလို့မရနိင်ပါ။

သို့သော် အခွေဖွင့်စက်ကို စပီကာနှင့် တွဲထားသည့်အတွက် လိုအပ်သည်ထက် ပိုကျယ်နေသော အသံ ကြောင့် ကျွန်တော် အနည်းငယ် စိတ်ညစ်သွားသည်။ အသံလျော့ဖို့ လက်မအားကြတာများလား ဆိုပြီး စောင့်နေပေးသော်လည်း လူမှုရေး ဦးတည်ချက် လေးရပ် ရောက်သည်အထိ အသံက ကျယ်လောင်စွာ ထွက်ပေါ်နေတုန်းပဲ ဖြစ်သည်။

ထို့နောက်... ထို့နောက် မြန်မာ ဇာတ်လမ်းခွေတို့တွင် ပါဝင်သော အင်္ဂါရပ်များအတိုင်း ဦးတည်ချက် ၃ ခုပြီးသည့်နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ... ထို့နောက် ဇာတ်လမ်းအသစ် ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာသည်။ အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲပဲ ဖြစ်သည်။ တခုခုတော့ လွဲနေပြီ။ ကျွန်တော် တစ်ခု သတိရလိုက်သဖြင့် ခေါင်းနပန်း ထူပူသွားရသည်။ ဟာ...သွားပြီ။ ညနေက ကျွန်တော် အလုပ်မှ ပြန်လာချိန် ဘေးခန်းတွင်နေသော ကျော်သူရ ပြောတာ သတိရလိုက်သည်။

“ အကိုရေ.. ဦးလေး မနေ့ထဲက ဆေးရုံတင်ထားရတာ အဲဒါ ဒီည ကျွန်တော် လူနာစောင့် သွားအိပ်ပေးရမှာ ဆိုတော့ အိမ်ကို စောင့်ရှောက်ပေးထားပါနော် ” တဲ့။ တူဝရီး နှစ်ယောက်ထဲ နေသော အိမ်တွင် ယခုတော့ တစ်ယောက်မှ မရှိတော့။ ဗီဒီယိုကြည့်နေရင်း မီးပျက်ချိန်တွင် ပိတ်ဖို့ မေ့လျော့ခဲ့သော ဖွင့်လျက်သား စက်များသာ ချန်ထားခဲ့သည်။ သွားပြီ။ ဒီနေ့ညတော့ ကျွန်တော် ဒုက္ခရောက်ရပြီ။ မနက် ၆ နာရီထရမည့် ကျွန်တော်နဲ့ ဒီဇာတ်လမ်းခွေ နပန်းလုံးရတော့မည်။

စိတ်ညစ်ညူးမှုကြောင့် အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လိုက်သည်။ မိတ်ဆွေတို့လည်း တခါတလေ ပြောင်းလဲလို့ မရနိင်တဲ့ စိတ်ညစ်ဖွယ်ရာ အခြေအနေတွေကို ကြုံဖူးကြမှာပါ။ လည်စင်းခံ ပေးရသလို ထိုင်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးပေါ့။ အခုလည်း အဲဒီလိုပဲ။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားပေမယ့် ဘာမှ လုပ်လို့ မရနိင်တာ သိနေခဲ့ပြီ။ အဓိကက ဇာတ်လမ်းအခွေ မဟုတ်ဘူး။ စပီကာကနေ ကျယ်လောင်စွာ ထွက်နေတဲ့ အသံပါ။

ကျော်သူရ ဖွင့်ကြည့်ချိန်မှာ Remote ဖြင့်အသံတိုးထားနိင်ပေမယ့် မီးပြန်လာချိန် စက်ကို နောက်တကြိမ် ပြန်အပွင့်မှာ တင်ထားသလောက် ပမာဏ အတိုင်း အသံထွက်လာနေမှန်း လွယ်ကူစွာ တွက်လို့ရပါသည်။ ဘာလုပ်ရမှန်း မသိတော့သည့်အတွက် အိပ်ယာထက်က ဆင်းပြီး အခန်းထဲမှာ လမ်းလျှောက်နေမိသည်။ ကျွန်တော် တခုခုသာ မလုပ်နိင်ခဲ့ရင် မနက် ၆ နာရီကို ငုတ်တုတ် ထိုင်စောင့်နေရမည့် ကိန်း ဆိုက်နေပြီ။ ဒါပေမယ့် ကျွန်တော် ဘာမှ မလုပ်နိင်ခဲ့ပါ။ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ် ပြန်လှဲလိုက်သည်။

“ မင်းနဲ့ငါကြားမှာ ပါတ်သတ်စရာ ရှိသေးလို့လား ”
“ အဲဒီလို ရင့်ရင့်သီးသီးတော့ မပြောပါနဲ့ အကိုရယ် ”
“ ဒါ မင်းကို အညှာတာဆုံး ပြောတာ မင်းလုပ် ခဲ့သမျှတွေအတွက် ခွင့်လွှတ်ဖို့ရာ ဘာအကြောင်းမှမရှိဘူးကွ” “ မြ ပြောတာကို ဆုံးအောင် နားထောင်ပေးပါ အကိုရယ် ”

ဇာတ်လမ်းက အဖွင့်မှာထဲက အော်ကြီးဟစ်ကျယ် ဒေါသခန်းဖြင့်စသည်။ စိတ်က သတိထားမိတဲ့ အရာတွေဆို ပိုပြီး အနုစိတ်ကျကျ မြင်ယောင် ကြားယောင် တတ်သည့် သဘာဝအတိုင်းပဲ ဇာတ်လမ်းထဲမှ အော်သံတွေက ကျွန်တော့်နားထဲကို ဆူညံစွာ တိုးဝင်လာသည်။ ကျွန်တော် တော်တော်လေး စိတ်ဓါတ်ကျသွားရသည်။ သွားပြီ။ ဒီနေ့ညကတော့ ကြက်ခြေခတ်ထားရမည့် ည ပါပဲ။

နားထဲဝင်လာသော အသံတွေကို ဒေါသထွက်နေရင်းနဲ့ မင်းသမီးက ခိုင်သင်းကြည် အသံမှန်း မှတ်မိလိုက်သည်။ မင်းသားက ဘယ်သူပါလိမ့်..။ အို.. ဘာမင်းသားပဲ ဖြစ်ဖြစ်ကွာ။ လွတ်ထွက်သွားသော စိတ်ကို သတိထားမိလို့ စိတ်တိုသွားရသည်။ ဘရတ်ပစ် ပဲဖြစ်ဖြစ်....။ ဒီဇာတ်ကား မြန်မြန်ပြီးရင် ကျေနပ်ပြီ။ ယခုမှ စတင်တဲ့ ဇာတ်ကားကတော့ ပြီးဖို့ရန် အများကြီး လိုနေအုံးမည်။

မဟုတ်သေးဘူး။ လက်တွေ့ကျကျ တွက်မယ်ကွာ။ အခု ၁၁ နာရီရှိပြီ မြန်မာ ဇာတ်ကားတွေရဲ့ အစအဆုံး အချိန်က ဘယ်လောက်ပါလိမ့်။ လိုလိုမယ်မယ် ၂ နာရီ ခွဲလောက် ကြာနိင်တယ် ထား။ ဒါဆို ည ၁ နာရီ ခွဲလောက်ဆို ပြီးမှာပဲ။ ည ၂ နာရီလောက်မှာ အိပ်ပျော်နိင်ရင် အိပ်ချိန် ၄ နာရီ လောက်ရမယ်။ သေသေချာချာ တွေးမိမှ ထင်သလောက် အခြေအနေ မဆိုးသေးမှန်း သတိထားမိသွားသဖြင့် ကျေနပ်သွားသည်။

ဘာပဲ ဖြစ်ဖြစ် တခုခုကြုံတိုင်း မထူပူ ဖို့ လက်တွေ့ကျကျ တွေးတတ်ဖို့ သတိထားသင့်ကြောင်း ကိုယ့်ကိုကိုယ် သင်ခန်းစာ ပေးထားလိုက်သည်။ သင်ခန်းစာ ဆိုမှ အဆိုးဆုံး အခြေအနေထဲက အကောင်းဆုံးတွေကို နှုတ်ယူရမယ့် သင်ခန်းစာကို သတိရလိုက်သည်။ ဟုတ်ပြီ ။ ဝင်သက်ထွက်သက် မှတ်ရမှာပေါ့။ အိပ်ပျော်သွားရင် အမြတ်ပဲ မဟုတ်လား။

အိပ်ယာပေါ် ပက်လက်လှဲကာ ခြင်မကိုက်အောင် စောင်ပါးလေးကို လွှမ်းခြုံထားလိုက်သည်။ လက် နှစ်ဖက်ကို ဘေးကို ချထား ။ သက်သောင့်သက်သာ ဖြစ်ပစေ။ အကြောတွေ အားလုံးကို လျှော့။ အိုကေပြီ။ နှာသီးဝက ဝင်လေ ထွက်လေကို သတိလေးကပ်ပြီး မှတ်။ အသက်ကို မျှင်း ရှူ ။ ဝင်တယ် ။ ထွက်တယ်။ ဝင် ။ ထွက် ။ ဝင်..


“ ကျွန်မကို ကယ်ပါအုံး အကို သူတို့ အတင်းအဓမ္မ ..”
“ ဟေ့ကောင် ဒီနေရာ မင်း သူရဲကောင်း လုပ်ရမယ့် နေရာ မဟုတ်ဘူး မြန်မြန် ထွက်သွားစမ်း ”
“ ထွက်သွားရမှာ ငါမဟုတ်ဘူး မင်းတို့ကွ ”
“ ဒီလောက်တောင် ပြောမရ ရင်လည်း ဆုံးမလိုက်ကြစမ်းကွာ ”
“ ဝှစ် ”
“ ဘုန်း ”
“ အီး ”

ချကုန်ကြပြီ။ ကန်ကြ ကျောက်ကြ ထိုးကြ ကြိတ်ကြသော အသံတွေ အောက်မှာ ကျွန်တော်မှတ်နေသော ဝင်သက် ထွက်သက် လွင့်ထွက်သွားရသည်။ မြန်မာ့ လက်သီးတွေ အဲဒီလောက် အသံကျယ်ကျယ် ထွက်စေနိင်တာကိုလည်း ကျွန်တော် အခုတော့ သေသေချာချာ သိရပြီ။ ဒီလို ဆူညံနေပုံ မျိုးနဲ့ဆို ကိုယ့်ကိုကိုယ် ခြေဖျားမှ စပြီး အိပ်မွေ့ချနည်းလည်း အသုံးဝင်မည် မထင်ပေ။ ဝင်သက်ထွက်သက်ကို နံပါတ်စဉ် မှတ်တဲ့ နည်း ဆိုရင်ရော..။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။

အာရုံကို မလွင့်စေနဲ့ နှာသီးဝမှာ ထား။ ဝင်တယ် ထွက်တယ် .. တစ် ။ ဝင်တယ် ထွက်တယ် .. နှစ် ။ ... သုံး...။ ...လေး...။.... ။ .....၊၊ .... ဆယ့်တစ်.. ။

“ ကျေးဇူးတင်လိုက်တာ အကိုရယ် ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင် ”
“ ဒီလို အချိန်ထိ လမ်းမ ပေါ်မှာ ရှိနေရင် ဒီအဖြစ်မျိုးက ကြုံနေအုံးမှာပဲ”
“ မြ က မိကောင်းဖခင် သားသမီးပါ ဒီနေ့ကလည်း ပန်းတွေက တော်တော်နဲ့ မကုန်လို့ စောင့်ရောင်းလို့ပါ”

အော်..ခိုင်သင်းကြည်က ပန်း ရောင်းတာကိုး။ ပြန်လာတာနောက်ကျလို့ လူရမ်းကားတွေနဲ့ တွေ့သွားတာပဲ။ အင်းး ထိုးနှက် ခန်းနဲ့ လူရမ်းကား မပါရင် မြန်မာ ဇာတ်လမ်းတွေ မပြည့်စုံဘူးနဲ့ တူတယ်။ လူတွေ လူတွေ ဘာကြောင့် ရမ်းကားချင်ကြတာပါလိမ့်။ ဘဝကို အစွန်းအထင်း မရှိ ဖြတ်သန်းဖို့ လိပ်ပြာလုံစွာ ရှင်သန်နေထိုင်ဖို့ ဘာလို့ တန်ဖိုးမထားကြတာလဲ .....။ အသံတွေ နောက်ကို အာရုံက လိုက်ပါသွားမိသဖြင့် နံပါတ်စဉ် ဘယ်လောက် ရောက်ကုန်မှန်းတောင် မသိတော့။ ကိုယ့်ကိုကိုယ် သတိထားမိမှ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်မိသည်။ ကဲ..ဘာမှလည်း မှတ်မနေနဲ့တော့ ဒုက္ခနဲ့ အလိုက်သင့်သာ နေလိုက်တော့။

နားထဲဝင်လာသော အသံတွေကို ပုံဖော်ရင်း ဇာတ်လမ်းထဲ လိုက်ပါနေမိသည်။ ငယ်ငယ်က ရေဒီယိုကလာသည့် ဇာတ်လမ်းပမာနားဆင်စရာ ကဏ္ဍကို မှတ်မိသည်။ ညစာစားပြီး ထမင်းလုံး စီရင်း နားထောင်ခဲ့ကြဖူးသည်။ နောက်တော့ ခေတ်က တဖြည်းဖြည်း တိုးတက်လာသည်။ ကက်ဆက် ၊ တီဗီ ကနေ ဗီဒီယိုတွေ ကာရာအိုကေ တွေအထိ ဖြစ်လာသည်။ ခုဆို 3D စနစ်အထိ တိုးတက်လာပြီ။ ဇာတ်လမ်းထဲ အာရုံ ဝင်စားလိုက်သဖြင့် ယောက်ယက်ခတ်နေသော စိတ် အနည်းငယ် ငြိမ်သက်သွားသည်။

ဇာတ်လမ်းကို ကြားရသလောက်ဆိုရင် ခိုင်သင်းကြည်ကို ကယ်တင်ပေးရင်း နောက်တော့ ချစ်သူတွေ ဖြစ်သွားကြသည်။ ခိုင်းသင်းကြည် အိမ်အထိ သွားလည်ရင်း မိဘတွေနဲ့ပါ အဆင်ပြေ သွားသည်။ ဘဝက အဲဒီလို ရုပ်ရှင်ဆန်ရင် သိပ်ကောင်းမှာပဲ။ ငါ့ တုန်းကလည်း အဲဒီလို သူ့မိဘတွေနဲ့ အဆင်ပြေခဲ့ရင် တော်တော် ကောင်းမယ်။ အချစ်ဟောင်း အကြောင်း တွေးမိသဖြင့် စိတ်က ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသည်။ အင်း.. သူ့ အကြောင်း မတွေးဖြစ်သည်မှာ ကြာပြီ။ သူဘာတွေကို လုပ်နေမလဲ။ ငါ့ကို သတိမှ ရ ပါအုံးမလား။ အင်းလေ...အချစ်ဆိုတာကလည်း...

အမလေး လက်မဲကြီး လက်မဲကြီး
ဒီနေ့မင်းကို ငါသတ်ရလိမ့်မယ်
ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ

စူးစူးဝါးဝါး ထွက်ပေါ်လာသော ကလေးတစ်ယောက် အော်သံကြောင့် ကျွန်တော် လန့်သွားရသည်။ အတွေးထဲ နစ်မျော နေသဖြင့် ရုတ်တရက် ဘာဖြစ်မှန်း မသိလိုက်။ နောက်မှ ဗီဒီယို ထဲက ပညာပေး ကြော်ငြာမှန်း သိလိုက်သည်။ ဖျတ်ခနဲ လန့်သွားသော စိတ်ကြောင့် ရင်တွေ တုန်နေမိသည်။ အချစ်ဟောင်း လည်း ဘယ်ရောက်သွားမှန်း မသိတော့။ စိတ်တိုတိုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အိပ်ယာပေါ် ထုချလိုက်သည်။ လန့်သွားသော စိတ်ကြောင့် တုန်ယင်နေသော နှလုံးခုန်သံကို မနည်းပြန်ထိန်းလိုက်ရသည်။  ကျွန်တော့်မှာရော ဘာအပြစ်ရှိလို့လဲ ဆိုပြီး ဗီဒီယိုထဲကလိုသာ အော်လိုက်ချင်သည်။ နာရီကို ကြည့်မိတော့ ည ၁ နာရီ ၄၀ ရှိပြီ။ နောက် တစ်နာရီလောက် ဒုက္ခဆက်ခံရအုံးမည်။

အဘရေ
ဟေ
အလှူအတွက် ကုန်ကျစရိတ် စာရင်းရပြီ

ဤသို့ဖြင့် အသံများ အတွေးများဖြင့် ကျွန်တော် လုံးလည် ချာလည် လိုက်နေခဲ့သည်။ စပီကာမှ ထွက်ပေါ်နေသော အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲ ဖြစ်၏။ တဖြည်းဖြည်း ညဥ့်နက်လာပြီ်။ မကြာခင် ဇာတ်ကား ပြီးတော့မယ် ဆိုတဲ့ အသိကြောင့် ဝမ်းသာနေမိသည်။ ထို့နောက် ချကြ နှက်ကြ သံ ထွက်လာပြန်သည်။ ဇာတ်ရည်ဝနေသော အသိကြောင့် ဒီတခါ ချကြ နှက်ကြ ခြင်းသည် နောက်ဆုံးခန်း ရောက်ပြီ ဆိုသည့် သဘောဖြစ်မည်။ ထို့ကြောင့် ချနှက်သံများကို နားထောင်ရင်း ကျွန်တော် ဝမ်းသာနေမိသည်။ ချ.. ချ... မြန်မြန်သာ ချကြ။

“ အကို အနောက်မှာ အနောက်မှာ သတိထား ”
“ အင့်ဟာ ”
“ အား...”

ခိုင်သံကြည်ရဲ့ အားခနဲ အော်သံ ထွက်လာသဖြင့် ကျွန်တော် ဝေခွဲမရ ဖြစ်သွားရသည်။ သူက သတိပေးတာ မဟုတ်လား။ ဘယ်လို ဖြစ်တာပါလိမ့်။

“ အိုးးး မြရယ် ဘာလို့ ဝင်ခံလိုက်ရတာလဲကွာ ”

အော်။ သတိပေးရင်းနဲ့ ဓါးချက်ကို ဝင်ခံပေးလိုက်တာကိုး။ သေတော့မယ် ဆိုတော့ ဒါ ပြီးပြီ ဆိုတဲ့သဘောပဲ။ စိတ်ထဲမှာ ပျော်ရွှင်သွားသည်။ ကိုယ့်ဆရာရေ... သူများ ဓါးထိုးခံရတာကို ပျော်ရွှင်မိတာ ဘဝမှာ ဒီတကြိမ်ပဲ ရှိသေးတယ်ဆိုတာ ယုံကြည်စေချင်ပါသည်။

“ တစ်ယောက်မှ မပြေးကြနဲ့ သူတို့ကို ဖမ်းချုပ်လိုက်ကြ ”

ပြည်သူ့ရဲတွေလည်း ရောက်လာပြီ။ ဒီ့ထက်သေချာသော ဇာတ်ကားပြီးခန်း မရှိနိင်တော့။ ဟိုဘက်အခန်းက ပြည်သူ့ရဲတွေကို စိတ်ထဲမှ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်မိသည်။ ကျွန်တော့်နေရာမှာ မိတ်ဆွေဆိုလည်း ဒီလိုပဲ ကြိုဆိုမယ်ဆိုတာ သေချာပေါက် လောင်းရဲပါသည်။ ထို့နောက် ငိုရှိုက်ခန်းများ အလွမ်းတီးလုံးသံများ ထွက်ပေါ်လာသည်။ ကဲ.. ဝဋ်ကျွတ်ပြီ။ အိပ်ပေတော့ပဲ။ ထို့နောက် အသံတွေ တိတ် ..ဆိတ်... သွားတော့သည်။

သို့သော် တဒင်္ဂ တိတ်သွားခြင်းသာ ဖြစ်သည်။ နိင်ငံရေး ဦးတည်ချက် လေးရပ် ဆိုပြီး အသံကျယ်လောင်စွာ ထွက်ပေါ်လာပြန်သဖြင့် ကျွန်တော် အိပ်ယာပေါ်မှ ခုန်ထမိသည်အထိ စိတ်ညစ်သွားရသည်။ ဟာ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ပြီးပြီမဟုတ်လား။ သို့သော် ဦးတည်ချက်လေးရပ် က အစီအစဉ်တကျ ဆက်ထွက်လာနေ၏။

အဖြစ်နိင်ဆုံးကို တွေးကြည့်မိတော့  အခွေဖွင့်စက်ကို အစအဆုံး ပြန်လည်အောင် လုပ်ထားတာမှန်း တွေးမိသည်။ သီချင်းခွေတွေ နားထောင်ရင်း တပါတ်ပြီးတပါတ် မနားတမ်း ဖွင့်သည့်အခါမှာ ဒီလိုပဲ လုပ်ထားတတ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။  ဒီပုံစံဆို ဒီတစ်ညလုံး နောက်တစ်နေ့လုံး မပိတ်မချင်း ဆက်တိုက် လည်နေတော့မည်။ အိပ်ခွင့်မရတဲ့  ညသန်းခေါင်မှာ သွားစရာ နေရာမရှိဘဲ ကျွန်တော် ထွက်ပေါက်မဲ့နေရသည်။ ဘာကိုအပြစ်တင်ရမှန်း မသိသည့် စိတ်ကြောင့် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။

ဘဝမှာ ကိုယ်မုန်းတီးသော အရာတွေ မလိုချင်ဆုံးသော အခြေအနေတွေကို တခါတလေ လိုလိုချင်ချင် တောင့်တ ရတယ်ဆိုတဲ့ သဘောတရားကို ကိုယ့်ဆရာတို့ ကြားဖူးမလား။ မကြားဖူးရင်တော့ မှတ်ထားဗျာ။ မလိုချင်တာတွေကို တကယ်ကို တောင့်တရတဲ့ အချိန်တွေ ရှိတယ်။ အခုလည်း ကျွန်တော် မလိုချင်တာ မဖြစ်ချင်တာ တခုကို ဆုတောင်းနေရပြီ။

တစ်ဘက်ခန်းတွင်တော့ ဇာတ်လမ်းခွေ တစ်ခွေတွင် ပါဝင်သော အစီအစဉ်အတိုင်း ကျယ်လောင်စွာ ထွက်ပေါ်နေဆဲပဲ ဖြစ်သည်။ ထို့နောက် သိပြီးသား ဇာတ်လမ်းကြီးကို နောက်တစ်ကြိမ် ပူလောင်စွာ နားဆင်ရင်း ဒီညကို ဖြတ်သန်းရအုံးမည်။

ရှေးလူကြီးတွေ ထားခဲ့တဲ့ စကားတွေ သိပ်မှန်တယ်ဗျာ။ ဘာတဲ့..။ ကျောပူပဲ ခံနိင်တယ် နားပူမခံနိင်ဘူး ဆိုတာလေ။ အခုလည်း ကျောပူချင် ပူပါစေတော့ဗျာ။

“မီး မြန်မြန်သာ ပြတ်လိုက်ပါတော့”

Wednesday, November 10, 2010

သူခိုးနဲ့လူလိမ်



ဒီနေ့တော့ နေ့တွက်စီပြီထင်သည်။ သူ့အတွက် ဒီလိုနေ့မျိုးသည် ရှားရှားပါးပါး ကြုံရခဲသော အခွင့်အရေးဖြစ်သည်။ မနက်ထဲက ချောက်တီးချောက်ချက် ခရီးတိုလေးများကို ပို့ပေးနေရသောသူ့အတွက် နေ့လည် ၂ နာရီ ခန့်တွင်တော့ အော်ဒါ ကောင်းကောင်းရခဲ့သည်။ သူ့ကားငှားစီးသူသည် အဖြူရောင် အကျီ င်္ ဝတ်ထားပြီး ရွှေကိုင်းမျက်မှန်တပ်ထားသော အသက် ၅၀ ခန့် ရှိသော လူရည်သန့်တစ်ဦးဖြစ်သည်။

ထို့ထက် ကျေနပ်ဖွယ်ရာ ကောင်းသည်မှာ ရန်ကုန်မြို့ထဲမှ မှော်ဘီအထိ သွားမည့်ခရီးအတွက် တန်ရာတန်ကြေးထက် ပိုပြီး သူတောင်းလိုက်သော ဈေးကို တချက်မျှမဆစ်ဘဲ ထိုသူငှားစီးခဲ့သည်။ ထို့ပြင် အပြန်ခရီးအတွက်ပါ ပြန်တင်ဆောင်လာရမည် ဖြစ်သဖြင့် အသွားအပြန် အတွက် သူမြိုးမြိုးမြက်မြက် ရမည့်ခရီးဖြစ်သည်။ တောင်းသည့်ဈေးကို မဆစ်သော ထိုသူသည် သူ့အတွက် ငွေပုံကြီး ဖြစ်ကြောင်း မကြာခင် သိလာရခြင်းဖြစ်၏။

ကားမောင်းလာရင်း အပြန်အလှန် ပြောစကားများအရ သူသိလာသည်မှာ ထိုသူသည် နယ်မှာနေသူဖြစ်ပြီး ရန်ကုန်ရှိ ဆွေမျိုးများထံလာရင်း အပြန်တွင် အိမ်စီးကားတစ်စီးဝယ်ရန်အတွက် ယခု သွားကြည့်ခြင်း ဖြစ်ကြောင်း ပြောပြသည်။ သူတို့မြို့တွင်လည်း လက်ညိုးထိုးမလွဲအောင် စိုက်ပျိုးရေးခြံနှင့် မွေးမြူရေးခြံများ ပိုင်ဆိုင်ကြောင်း သိခဲ့ရသည်။ ရယ်ရွှန်းပတ်စ စကားများပြောရင်း သူနှင့်ထိုသူ ပို၍ရင်းနှီးသွားသည်။

“ကြုံရင်ဝင်ခဲ့ပေါ့ကွာ  ဦးတင့်ဝေလို့သာ မေးလိုက် မသိသူမရှိဘူး”

“ ဟုတ်ကဲ့ခင်ဗျ တနေ့နေ့တော့ ကြုံလာမှာပါ ဒါနဲ့ အခုဝယ်မယ့်ကားကို မြင်ပြီးသွားပြီလား ”

“ မမြင်ရသေးဘူး အဲဒါကြောင့် သွားကြည့်မှာ ကြိုက်ရင်တော့ တခါတည်း ငွေချေခဲ့လိုက်မှာပေါ့ ”

ထိုလူကြီး၏ ပေါင်ပေါ်တွင် တင်ထားသော သာရေအိတ်အနက်ကို သူမျက်လုံးထောင့်ကပ် ကြည့်လိုက် မိသည်။  ထို့ပြင် သူနှင့် ထိုသူရဲ့ ကြားတွင်လည်း မြန်မာပြည်ရဲ့ နာမည်ကြီး ဘဏ်နာမည် ရေးထားသော ပလပ်စတစ်အိတ် တစ်လုံး ချထားသေးသည်။  အထူစားအိတ်ဖြစ်သည့်အပြင် ထပ်ပိုင်းကိုစုချည်ထားသဖြင့် အထဲကိုတော့ မမြင်ရပေ။ သို့သော် လောလောလတ်လတ် ဘဏ်မှ ထုတ်လာသော ငွေများဖြစ်မည် ဆိုတာတော့ သေချာသလောက် ရှိသည်။ သူ စိတ်ထဲတွင် အမျိုးအမည် မဖော်ပြနိင်သော ခံစားချက် တစ်ခု ဖြစ်သွားမိသည်။ 

ဒီလောက်များသော ငွေများကို သူတခါမှ မပိုင်ဆိုင်သေးဖူးပါ။ ယခုမောင်းနေသော ကား ကလည်း ယခင်မောင်းနေသူ နေမကောင်းသဖြင့် အုံနာကြေး တစ်နေ့ တစ်သောင်းခွဲဖြင့် ယာယီ ယူမောင်းရခြင်း ဖြစ်သည်။ အုံနာကြေးနှင့် ဆီဖိုး ဖယ်ပြီးလျင် သူတစ်နေ့တာ ခါးချိအောင် မောင်းရသော ဝင်ငွေမှာ များများစားစား မကျန်တော့ပေ။ သို့သော်လည်း ဒီဝင်ငွေလေးရဖို့ပင် သူအတွက် အမြဲမသေချာ။ ယခင်မောင်းသူ ကျန်းမာရေး ပြန်ကောင်းလာလျင် သူတစ်ခြား ကား မောင်းဖို့ ရှာဖွေရအုံးမည်။ ဒါမှမဟုတ်ရင်တော့ တခြားအလုပ်တစ်ခုခုကို ရှာဖွေရမည်။ 

သူ့မျက်လုံးများက ဘေးက အိတ်ကို မသိမသာ ကြည့်လိုက်မိပြန်သည်။ ထိုလူကြီးကတော့ အပြင်ဘက်ကို ငေးနေ၏။  ဒီအိတ်၂ လုံးထဲက ငွေတွေဆိုလျင် တော်တော်များမည်။ ကားတစ်စီးလုံးတောင် ဝယ်ဖို့ဆိုမှတော့ သိန်းရာဂဏန်း ရှိမှာ သေချာသည်။ သိန်း နှစ်ရာ ဖြစ်မလား။ ထို့ထက် ပိုနိင်မည် ထင်သည်။ ကိန်းဂဏန်းများကို တွက်ရင်း သူ့ရင်ထဲတွင် မောလာသည်။ ဒီငွေတွေကို သူသာပိုင်ဆိုင်လိုက်ရရင် သူ့ဘဝ တော်တော်လေး အဆင်ပြေသွားနိင်မည်။ ဟုတ်တယ် ပိုင်ဆိုင်ရလျင် သိပ်ကောင်းမှာပါပဲ။ 

လောဘစိတ်ကြောင့် သူ့စိတ်တွေ ဂဏာမငြိမ်ဖြစ်လာသည်။ ရုပ်ရှင်တွေထဲကလို လူအသွားအလာ ရှင်းသည့်လမ်းကို ရွေးမောင်းရင် ကောင်းမလား တွေးလိုက် မိတော့ ရင်ထဲတွင် ကတုန်ကယင် ဖြစ်လာသည်။ လူတစ်ယောက်ကို မေ့မျောသွားအောင် ဒါမှမဟုတ် ဝိညာဉ်နှင့် ကင်းကွာသွားအောင် လုပ်နိင်သော ပစ္စည်းများ သူ့နံဘေးတွေ အဆင်သင့်ရှိနေသည်။ ၈ လက်မရှည်သော ဝက်အူလှည့် တစ်ချောင်းကို သူကောင်းကောင်း အသုံးချနိင်သည်။ ထိုသူ ဟိုဘက်ငေးနေတုန်း လည်ပင်းကိုဖြစ်ဖြစ်...။

သူ့မျက်လုံးကို တစ်ချက် စုံမှိတ်လိုက်သည်။ လေအေးပေးစက် ဖွင့်ထားသော ကားထဲတွင် သူဇောချွေးများ ပျံလာသည်။ သူ့လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။ အိတ်ထဲမှ လက်ကိုင်ပုဝါကို စုကိုင်ကာ နားထင်ဘေးသို့ စီးကျနေသော ချွေးများကို သုတ်လိုက်၏။ စတီယာတိုင် ကို ပြန်ကိုင်တော့ ချွေးစေးများကြောင့် စေးကပ်ကပ် ဖြစ်နေသည်။

“ မောင်ရင့် အသိတွေထဲမှာရော စိတ်ချရတဲ့ ကားပွဲစား ရှိလား ”

လောဘဇော အတွေးများနောက်ကို လိုက်နေမိသဖြင့် ထိုသူ့ထံမှ ရုတ်တရက် အသံထွက်လာတော့ သူ တုန်သွားသည်။

“ ဗျာ.. ဟုတ်..ဟုတ်ကဲ့ ရှိပါတယ် ”
“အခုသွားကြည့်တဲ့ကားကို မကြိုက်ခဲ့ရင် တခြားတစ်စီးစီး ရှာဝယ်ရမှာပဲ အဲဒီလိုဆို မောင်ရင့်ကိုပဲ အားကိုးရမှာပဲ မောင်ရင်လည်း ပွဲခ ရမှာပေါ့”

“ဟုတ်ကဲ့ အသိတွေထဲမှာ ကားပွဲစားတွေ ရှိပါတယ် ဦးက ဘယ်လောက်လောက် မှန်းထားလို့လဲ”

“ ၃ / ၄ ရာလောက်ပေါ့ သိပ်ကြိုက်ရင်တော့ ၅ ရာလောက် အထိ မှန်းထားပါတယ် ”

“အခုသွားကြည့်မယ့် ကားကရော”

“ဒါက ဦးမိတ်ဆွေ ကားဆိုတော့ ဈေး မှန်မယ်ထင်ပါတယ် သူကတော့ ၃၂၀ ခေါ်ထားတာပဲ ကြည့်ပြီးကြိုက်မှ ၃၀၀ လောက်ရအောင် ညှိရမှာပဲ”

ထိုလူ၏ အဖြေစကားကြောင့် သူ့ရင်ထဲတွင် မောဟိုက်သွားသည်။ ဒါဆို ဒီ အိတ် ၂လုံးထဲမှာ သိန်း ၃၀၀ ကျော် ပါတာပေါ့။ သူ နေ့စဉ်ဝင်နေသော ဝင်ငွေ ငါးထောင်ခန့်ကို မသုံးမစွဲဘဲ စုဆောင်းထားရမည် ဆိုလျင်ပင် ထိုသိန်းသုံးရာကျော် ရဖို့ အနှစ် နှစ်ဆယ်ခန့် စောင့်ရမည်။ အနှစ် နှစ်ဆယ်လုံးလုံး တပြားတချပ်မျှ သုံးစွဲ၍ မရသည့်အပြင် နေ့စဉ် မပြတ်ဝင်ငွေလည်း ရှိနေရအုံးမည်။

တကယ်တော့သူသည် ယာယီ အလုပ်အနေဖြင့် ကားမောင်း သူသာဖြစ်သည်။ လတ်တလော အလုပ်တစ်ခု အနေနှင့် ဝင်လုပ်နေခြင်းဖြစ်သည်။ တနေကုန်ထိုင်ကာ ဖင်ပူအောင် ကားမောင်းရသော ဒီအလုပ်ကို သူမလုပ်ချင်။ သူဖြစ်ချင်တာက တချက်ကောင်းကြံပြီး ချမ်းသာချင်သည်။ အကွက်ကောင်းကောင်းကို သူအမြဲလိုက်ရှာ စောင့်ကြည့်ခဲ့သည်။ ယခုတော့ အခွင့်ကောင်း ကြုံလေပြီ။

ဘေးတွင်ချထားသော ကြွပ်ကြွပ်အိတ်ကို ဂီယာချိန်းရင်း လက်က ထိမိသွားသည်။ ဂီယာတံကို ဆုပ်ကိုင်ရင်း အိတ်ကို လက်ဖြင့် မခွာဘဲ ဆက်ပြီးထိထားလိုက်၏။ ဖော်ပြခြင်းငှာ မစွမ်းသာသော ငွေ ရနံ့များသည် သူ့လက်ချောင်း သွေးကြောများမှ တဆင့် နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ခန္ဓာအနှံ့သွေးကြော များသို့ ပြန်လည် ဖြာထွက် စီးဆင်းသွားတော့သည်။ ထိုသွေးများမှ တောင်းဆိုမှုသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ များပြားလှသော ငွေပမာဏတွေထိုအိတ်ထဲတွင် ရှိနေသည်။ သိန်း ၃၀၀ထက်ပိုများတာလည်း ဖြစ်နိင်သည်။

သူတစ်ခုခု လုပ်ရမည်။ အသေလား အရှင်လား ရွေးချယ်ရမည်။ ဘယ်လိုလုပ်မလဲ စဉ်းစားစမ်း။ ယခုရောက်နေသည့်နေရာကို ကြည့်မိတော့ ထောက်ကြန့်လမ်းဆုံ ကိုရောက်တော့မည်။ လူများစည်ကား နေသဖြင့် သူစိတ်ကို ခဏလျှော့ချကာ အစီအစဉ်ကို အကွက်ချနေလိုက်သည်။ ထောက်ကြန့်အလွန် ရောက်မှ လုပ်ဖို့ သူတွေးလိုက်သည်။ ဆုံးဖြတ်ပြီးသွားသဖြင့် သူ့လက်ဖဝါးတွင် ချွေးစေးများ ပိုထွက်လာသည်။ ဘေးကို အသာ စောင်းငဲ့ကြည့်တော့ ထိုသူက အပြင်ဘက်ကို ငေးမောနေ၏။

လမ်းမတွင် လူများ ဆိုင်ကယ်နှင့် ဆိုက်ကားများ ရှုပ်ထွေးနေသဖြင့် သူ ဂရုတစိုက် မောင်းနှင်နေသည်။ ယောက်ယက်ခတ်နေသော စိတ်ကြောင့် သူ တည်ငြိမ်ရန် အားထုတ်ကြိုးပမ်းနေရ၏။ သူအကြောက်ဆုံးမှာ ဦးတင့်ဝေဆိုသူက သူ့ကို အကဲခတ်မိသွားမှာ သိပ်ကြောက်နေသည်။ တုန်ယင်နေသော လက်များ ငြိမ်သက်သွားစေရန် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့နားထင်မှ စီးကျနေသော ချွေးစေးများကို မသိမသာ သုတ်ရင်း ထိုသူ့ကို ကြည့်လိုက်သည်။ ဘေးဘက်သို့ ငေးမောနေဆဲ။ သူ့အဖြစ်ကို သတိထားမိဟန်မတူ။ ထိုသို့ဖြင့် ထောက်ကြန့် ဈေးအနားကို ရောက်လာသည်။

“ အတော်ပဲ မောင်ရင် ဦးကို ဈေးဝမှာ ခဏရပ်ပေး.. ဦးမိတ်ဆွေ အိမ်အတွက် လက်ဆောင် မုန့်လေးဘာလေး ဝယ်သွားချင်လို့ ”

သူလမ်းဘေးချရပ်ပေးလိုက်သည်။

“ မကြာဘူးမောင်ရင် ခဏလေး စောင့်ပေးနော်.. ဒါမှမဟုတ် လ္ဘက်ရည် ဆင်းသောက်အုံးမလား”
“ ရတယ် ဦးလေး မသောက်တော့ဘူး ကျနော် စောင့်နေပါ့မယ် ”

ထိုသူထွက်သွားသဖြင့် သူစိတ်သက်သာရာ ရသွားသည်။ သူ ခဏလောက် စိတ်တည်ငြိမ်မှု ရချင်သည်။ မကြာခင် သူဖန်တီးရတော့မည့် အလုပ်အတွက် စိတ်အေးအေးဖြင့် အကွက်ချချင်သည်။ နောက်မဆုတ် တော့ဟု ဆုံးဖြတ်ထားပြီးသဖြင့် သူ့အတွက် အလုံခြုံဆုံးနှင့် အသေချာဆုံး နည်းလမ်းကို ရွေးချယ်ရမည်။ မေ့မျောရုံ လုပ်ခဲ့ရင် နောက်ပိုင်း ပြဿနာတွေ ဆက်ဖြစ်မလား။ အပျောက်ရှင်းလိုက်လို့ သူ မလွတ်မြောက်နိင်ခဲ့ရင် ရင်ဆိုင်ရမှာက ပိုအပြစ်ကြီးမည်။ မေ့မျောရုံ ရိုက်ပြီး သူထွက်ပြေးရင်ရော လွတ်မြောက်နိင်မလား။

ကြုံလာနိင်သည့် အနေအထားကို သေသေချာချာ ချင့်ချိန်နေမိသည်။ စိတ်အေးအေးဖြစ်အောင် သက်ပြင်းချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစအနမထွက်အောင် သေသေသပ်သပ် ပိပိရိရိ ဖြစ်အောင် သေသေချာချာ တွေးရမည်။ ဂီယာတံကို ဖွဖွပုတ်ရင်း သူအကွက်ချ စဉ်းစားနေရင်း လက်က အမှတ်မထင် ဘေးတွင် ချထားသော ကျွတ်ကျွတ်အိတ်ကို ထိမိသွားသည်။ သူငုံ့ကြည့်လိုက်ပြီး အံ့သြသွားသည်။ သူ့ဘေးတွင် ထိုသူရဲ့ ငွေ အိတ်တစ်အိတ် ကျန်ခဲ့သည်။ သူ့ကိုယုံကြည်လို့ ထားခဲ့တာတော့ မဖြစ်နိင်။ လောလောနဲ့ ဆင်းသွားပြီး မေ့ကျန်ခဲ့တာ ဖြစ်နိင်သည်။

ငွေ နှစ်အိတ်ပေါင်း သိန်း ၃၀၀ ကျော်ဆိုလျင် ဒီအိတ်ထဲတွင် အနည်းဆုံး သိန်း ၁၀၀ တော့ ပြေးမလွတ်။ သူ ရင်ထဲတွင် လှိုက်ခနဲလှိုက်ခနဲ ရင်ဖိုနေမိသည်။ သူကားကို အမြန်ဆုံး မောင်းထွက်လိုက်သည်။ လူတစ်ယောက်ကို မဖျောက်ဖျက်ရဘဲ သိန်း ၁၀၀ ရလျင်ရော နဲလား။ ပြန်မိသွားလို့ အမှုဖြစ်ရင်တောင် အပြစ်အများကြီး မရနိင်။ ထိုသူကို နတ်စောင့်သည်ပဲ ပြောရမည်။ ဈေးထဲသို့သာ မဝင်ခဲ့လျင် သူရော ထိုသူပါ အနာဂတ် ကောင်းနိင်မည်မဟုတ်။ သူ ကားကို ရန်ကုန်ဘက်ကို ပြန်ဦးတည်ကာ မောင်းထွက်ခဲ့တော့သည်။ ဈေးအရှေ့ကိုဖြတ်ရင်း ကြည့်လိုက်မိသည်။ ထိုသူပြန်မထွက်လာသေး။ 

ဒီကားကို အုံနာထံ သွားပြန်အပ်ရမည်။ ပြီးလျင်တော့ သူ ငွေထုပ်ပိုက်ပြီး ခြေရာဖျောက်ရတော့မည်။ ကားပြန်အပ်ရင်းနှင့် အုံနာကို အပ်ထားရသော မှတ်ပုံတင် ပြန်တောင်းဖို့ သူသတိမေ့၍ မဖြစ်။ အဲဒါ သတိထားရမည်။ သူ့နောက်ကို လိုက်လာသည့် ကားများ ရှိနိင်မလားဟု နောက်ကြည့်မှန်မှ တဆင့် မကြာမကြာ ကြည့်နေရသည်။ ခပ်ပြင်းပြင်း မောင်းလာသည့် ကားများတော့ မတွေ့ရသေး။ သို့သော် သတိထားရမည်။ 

လမ်းရှင်းသော နေရာရောက်တော့ သူ အရှိန်မြှင့် လိုက်သည်။ အချိန်ကြာလို့ မဖြစ်။ သူစီစဉ်ရမှာ အများကြီး ကျန်နေသေးသည်။ သူ့လက်ကို ငွေအိတ်ပေါ် တင်ထားလိုက်၏။ ဒီတခါတော့ ပီတိ များက သွေးကြောအနှံ့ ပျံ့နှံ့ သွားသည်။ ဘဝတွင် တခါမှ မကိုင်တွယ်ဖူးသော ငွေကို သူပိုင်ဆိုင်ရပြီ။ ထောင်ကျနိင်သည်ကိုပင် သူ သတိမရတော့။ ဒီငွေတွေနှင့် သူ ဘာလုပ်ရမလဲ။ အရာရာကို မလောဖို့ အကွက်ချ စီစဉ်ဖို့ သူ့ကိုယ်သူ သတိပေး နေလိုက်သည်။

ပျော်ရွှင်ဖွယ်ရာ အတွေးများနှင့် အမြန်မောင်းလာရင်း မင်္ဂလာဒုံကို ကျော်လာပြီးနောက် မြို့ထဲဝင်ချိန်တွင် သူ့အတွက် ကံဆိုးမိုးမှောင် ကျမည့် အဖြစ်သည် ရှေ့တွင်စောင့်ကြိုနေတော့သည်။ ရှေ့ကမြင်ကွင်းကို မြင်မိချိန်တွင် သူ့ရင်ဝသို့ တစ်စုံတစ်ခု လာဆောင့်သလို ဒိုင်းခနဲ ဖြစ်သွားသည်။ ကြောက်လန့်မှုကြောင့် အာခေါင်ထဲတွင် ခြောက်ကပ် သွားသလို ဖြစ်ကာ သူ့ခေါင်းတွေ ထူပူသွားရတော့၏။

“ဟာ... သွားပြီ ”

ရန်ကုန်ဘက်သို့ ဝင်လာသမျှ ကားများကို တားပြီးစစ်နေသော ရဲများကို မြင်လိုက်ရခြင်းဖြစ်သည်။ ရဲများနှင့်အတူ အရပ်ဝတ် လူကြီးတစ်ချို့ကိုပါ တွေ့လိုက်ရချိန်တွင် သူ့ အမှားကို သူသိသွားခဲ့ရပြီ။ သူ ရန်ကုန်ဘက်ကို ပြန်မောင်းလာသည်ကိုက အကြီးဆုံးအမှား ကျူးလွန်လိုက်ခြင်းပဲ မဟုတ်လား။ ဦးတင့်ဝေအနေနဲ့ ရဲစခန်းကို ဖုန်းဆက်ထားနိင်သည်ကို တွေးထားပေမယ့် သူရန်ကုန်ရောက်ချင်ဇော များနေခဲ့သည်။ သူလွတ်မြောက် နိင်မည်ဟု ယုံကြည်ပြီး အမြန်ပြန်လာခဲ့ခြင်းဖြစ်၏။ ခုတော့ သူ့ထက် မိုက်မဲတဲ့သူ ရှိနိင်မည် မဟုတ်တော့။

ရလာသော ငွေထုပ်ကို အရသာ ခံခွင့်မရသေးခင်မှာပဲ သူ ထောင်ကျရတော့မည်။ ဘာလုပ်ရမလဲ အထပ်ထပ်တွေးနေသော်လည်း ထူပူနေသော ဦးခေါင်းထဲမှ မည်သည့်အကြံဥာဏ်များ ထွက်မလာတော့။ ကားပြန်လှည့်ကာ မောင်းပြေးဖို့ တွေးလိုက်သော်လည်း အဆင်သင့်ရပ်ထားသော ရဲကားများကို တွေ့သဖြင့် ထွက်ပြေးဖို့ရာ မဖြစ်နိင်မှန်း သိနေသည်။ ရုတ်တရက် အရှိန်လျှော့လိုက်တာကြောင့် ထင်သည် ရဲတချို့ သူ့ကားကို လှမ်းကြည့်နေကြ၏။ ရှောင်ပြေး လွတ်မြောက်ဖို့ မဖြစ်နိင်တော့။

သူ့ရင်တစ်ခုလုံး တစ်ဒိုင်းဒိုင်း ခုန်ကာ သူ့ရဲ့လက်တွေ တစ်ဆတ်ဆတ်တုန် ယင်နေ၏။  စီးဆင်းနေသော သွေးများအားလုံး   သူ့နားထင်သို့ လာဆောင့်နေပြီ ထင်ရသည်။ သွားပြီ။ သူထောင်ကျရတော့မည်။ စည်းစိမ်ရှိရှိနေချင်သော သူ့စိတ်ကူးများ အားလုံး ပျက်ဆီးသွားရပြီ။ သူ့ကားကို ရဲများနှင့် အရပ်ဝတ်လူကြီးတစ်ချို့ လက်ပြကာ တားနေကြသည်။ မောင်းပြေးမလား တွေးနေချိန်မှာပဲ ရဲသား နှစ်ယောက် လမ်းမပေါ် ပိတ်ရပ်လိုက်ကြသည်။ မတတ်နိင်တော့...။ သူကားကို ရပ်ပေးလိုက်ရတော့သည်။

ဘေးဘက်မှန်ကို ချပေးလိုက်သည်။ ပုခုံးတွင် အပွင့်တပ်ထားသော ရဲအရာရှိ ဘေးတံခါးကို လက်ထောက်ကာ ကားထဲကို ငုံ့ပြီး သူ့ကိုကြည့်၏။ သူ့လက်တုန်ယင်နေသည်ကို သတိမပြုနိင်အောင် စတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရသည်။ ရဲ အရာရှိမှ ကားထဲကို ဝေ့ကြည့်နေသည်။

“နောက်ဖုံးဖွင့်ပေးပါ”

ကားထဲမှခလုတ်နှိပ်ပြီး သူနောက်ဖုံးဖွင့်ပေးလိုက်သည်။ ရဲတစ်ချို့နှင့် အရပ်ဝတ်လူကြီးများ နောက်ဖုံးကို ဖွင့်ရှာ ကြသည်။ ထိုနောက်ဖုံးထဲတွင် ကားဘီးအပိုနှင့် တိုလီမိုလီ ပစ္စည်းများသာ ရှိသည်။

“ မတွေ့ဘူးဆရာ”
“ အေး...အေး ”

ရဲသား၏ သတင်းပို့ချက်ကို အရာရှိဖြစ်သူမှ အတည်ပြုပြီးနောက် သူ့ကားထဲကို နောက်တကြိမ် ထပ်ပြီး ဝေ့ကြည့်သည်။ ထို့နောက် သူ့ဘေးက အိတ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ သူ ထိန်းချုပ်ထား၍ မရနိင်တော့။ မျက်လုံးများ ပြာဝေနေသည်။ အံကိုတင်းတင်းကြိတ်ကာ မျက်လုံးကို မှိတ်ပစ်လိုက်၏။ တစ်ဒိုင်းဒိုင်း ဆောင့်ခုန်နေသော ရင်ခုန်သံကိုပင် သူပြန်ကြားနေရပြီ။ ခြေဖျားလက်ဖျား များ အေးစက်နေသည်ကိုပင် မသိနိင်တော့။

“ဒါ ဘာအထုပ်လဲ”
ထိုမေးခွန်းသည် သူအကြောက်ဆုံး မေးခွန်းဖြစ်သလို သူ့ကို လက်ထိပ်ခတ်မည့် မေးခွန်းလည်းဖြစ်သည်။

“ဟို...ဟို ငွေ.. ငွေတွေပါ ဆရာ”

သူ့အသံ တုန်ယင်နေတာကြောင့်ထင်သည်။ ရဲအရာရှိ သူ့ကို လှမ်းကြည့်သည်။

“ ငွေတွေ... ဟုတ်လား”
“ ဟုတ်..ဟုတ် ပါတယ် ဆ..ဆရာ”
“ ဖွင့်လိုက် ”
“ ဗျာ ”
“ အထုပ်ကို ဖွင့်လို့ ပြောနေတာ”
“ ဟုတ်..ဟုတ်ကဲ့ ”

အထုပ်ကို ဖြေဖို့ရန် အိတ်ကို လှမ်းကိုင်လိုက်သည်။ တဆတ်ဆတ် တုန်ယင်နေသော လက်ဖြင့် ထိမိသဖြင့် ကျွတ်ကျွတ်အိတ်သံ တဗြန်းဗြန်း ထွက်လာသောကြောင့် ရဲအရာရှိ သူ့ကို စူးစိုက်ကြည့်နေ၏။ လက်များတုန်ယင်နေသဖြင့် ကျွတ်ကျွတ်အိတ်၏ ထိပ်နှစ်ဘက်ကို စုချည်ထားသော အထုံးကို သူမည်သို့မှ ဖြည်၍မရပေ။

“ ဘာဖြစ်လို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”
“ မ..မဟုတ်ပါဘူး.. ဆရာ ”
“ကဲ တစ်ယောက်လာပြီး ဒီအထုပ်ကို ဖွင့်စမ်းဟေ့”

အနားတွင် ဝိုင်းနေသော ရဲများထဲမှ တစ်ယောက် ကားတံခါးဖွင့်ကာ အထုပ်ကို ဆွဲယူလိုက်သည်။

“လေးလှချည်လား.. ဘာတွေပါလိမ့်”

ရဲသားရဲ့ ပြောစကား ကြားလိုက်သဖြင့် သူစိတ်ဓါတ်ကျသွားသည်။ လေးမှာပေါ့ အဲဒါ ငါမပိုင်လိုက်ရတဲ့ ငွေတွေ လို့ စိတ်ထဲက နာနာကျည်းကျည်း ပြန်ပြောလိုက်၏။ ရဲသား အထုပ်ဖြည်နေချိန်မှာပဲ သူ တစ်ခု တွေးလိုက်မိသည်။ ဦးတင့်ဝေ ဖုန်းဆက်ထားတာ ဆိုလျင် ဒီလို မေးမြန်းနေမည် မထင်။ အခုက တိုက်တိုက်ဆိုင်ဆိုင် စစ်ဆေးရေးနှင့် တိုးခြင်းဖြစ်မည်။ ထိုအတွေးကြောင့် သူ စိတ်အနည်းငယ် အေးသွားသည်။

နဂိုရှိပြီးသား ဥာဏ်နီဥာဏ်နက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။ ကားရောင်းလာတဲ့ငွေလို့ ပြောရမည်။ သို့သော် ဘယ်လောက်လဲ မေးရင် သူဘယ်လိုဖြေမလဲ။ အထဲက ငွေကို သူအတိအကျ မသိပါ။ ငွေအရေအတွက် ကိုသာ မေးခဲ့လျင်တော့ သူ့လုပ်ရပ် ပေါ်သွားနိင်သည်။ ထို့ကြောင့် သူကားပေါ်က ဆင်းကာ ရဲများရှိရာ တစ်ဘက်သို့ လျှောက်သွားလိုက်၏။ အခြေအနေကြည့်ပြီး သူ လုပ်ဇာတ်ခင်းဖို့ အတွက် အာရုံကို စူးစိုက်ထားသည်။ သူရောက်သွားချိန်တွင် အထုပ်ကို ဖြည်ပြီး ဖြစ်နေပြီ။ အထုပ်ထဲကို ငုံ့ကြည့်လိုက်သည်။

အိတ်ထဲတွင် ငွေထုပ်များကို သတင်းစာ စက္ကူဖြင့် ပါတ်ထားသည်။ စုစုပေါင်း လေးထုပ် ရှိနေသည်။ တစ်ထုပ်ထဲတွင် ငွေ ဘယ်လောက်တောင် ဖြစ်နိင်မလဲ။ သူစိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ ရဲသားမှ အထုပ်တစ်ထုပ် ဆွဲထုတ်ကာ သတင်းစာ စက္ကူ အထပ်ထပ်ကို ဖြည်လိုက်သည်။ ပါတ်ထားသော သတင်းစာစက္ကူ ဖယ်ပြီးနောက် ထွက်လာသည်မှာ အုတ်နီခဲပွ တစ်လုံးသာ ဖြစ်နေသည်။

“ဟာ..အုတ်ခဲကြီးပါလား ”
“ ဟေ့လူ ဘာတွေလဲ ”
“ ဟို.. ဟို.. ဆရာ ငွေ.. အဲ... အုတ်ခဲပါ ဆရာ”

“ ကျန်တဲ့ အထုပ်တွေပါ ဖြည်လိုက် ”

သတင်းစာ စက္ကူပါတ်ထားသော ကျန်သည့်  အထုပ်များကိုပါ ဆွဲထုတ်ကာ ဖြည်လိုက်သည်။ သူစိတ်ကူးယဉ်ထားသလို သိန်း တစ်ရာ တော့မဟုတ်။ ထွက်လာသည်မှာ အုတ်ခဲပွ ၃ လုံးသာ ဖြစ်သည်။

“ ခင်များ ပြောတော့ ငွေတွေဆို ”
“ ဟုတ်ပါတယ်.. အဲ.. မဟုတ်ပါဘူး ကျနော်က ဆရာတို့ကို စတာ အဲဒါ အုတ်ခဲတွေ”

ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး သူ့မျက်နာကို ပြုံးဖြီးဖြီးထားကာ ပြောလိုက်သည်။ သို့သော် ရဲအရာရှိကတော့ ဒေါသထွက်နေဟန်ရှိသည်။

“ ဘာဗျ စတာ ဟုတ်လား။ ဒီမှာ တာဝန်အရ လုပ်နေရတာဗျ ဒါသက်သက် နှောင့်ယှက်တာပဲ ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ရမယ်”

“ မလုပ်ပါနဲ့ ဆရာရယ် ကျနော်က ပျော်တတ်လို့ စတာပါ ”

“ မရဘူး ခင်ဗျားကို ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်မယ် ခင်ဗျားလိုင်စင်ပေး”

ခုတော့ သူတကယ် ဂျောက်ကျလေပြီ။ သူ့ကို လိုင်သွားသော ဟိုလူကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

“ မလုပ်ပါနဲ့ ဆရာရယ် ဒီနေ့က ကျနော့်မွေးနေမို့လို့ အပျော်အနေနဲ့ စတာပါ။ စိတ်မရှိပါနဲ့ဆရာ။   ဆရာတို့အဖွဲ့ကို လ္ဘက်ရည် တိုက်ပါတယ်ဗျာ ဒါလေးကို လက်ခံပေးပါ။ ကျနော့်မွေးနေ့မို့ တိုက်တာပါဆရာ”

မတတ်နိင်တော့။ သူ့အိတ်ထဲတွင် မနက်ပိုင်း မောင်း၍ရသမျှ ငွေကိုထုတ်ပေးကာ မွေးနေ့အတု ဖန်တီးလိုက်ရတော့သည်။ သူ့မွေးနေ့ကို ယုံကြည်သွား၍ ထင်သည်။ လ္ဘက်ရည်တိုက်ခြင်းကို အသိအမှတ် ပြုဟန်ဖြင့် သူပေးသော ငွေကိုဆွဲယူကာ ရဲသားတစ်ယောက်ကို ပေးလိုက်သည်။

“ဒါဆိုလည်း ကိုယ့်အုတ်ခဲတွေ ကိုယ်သယ်ပြီး လိုရာခရီးဆက်ပါတော့ မွေးနေ့ရှင်ရေ ကျုပ်တို့ အလုပ် ဆက်လုပ်ရအုံးမယ်”

“ ဟုတ်ကဲ့ပါ ဆရာ”

အုတ်ခဲလေးလုံးကို ကားပေါ်တင်ကာ သူ ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ခပ်ဝေးဝေး ရောက်သည့်အခါ လမ်းဘေးတစ်နေရာတွင် ကားကို ရပ်လိုက်၏။ အုတ်ခဲများကို ဒေါသတကြီးဖြင့် ဝေးနိင်သမျှ ဝေးဝေးရောက်ရန် အားကုန် လွှင့်ပစ်လိုက်သည်။ ခံပြင်းစိတ် အနည်းငယ်မျှပင် လျော့မသွား။ စိတ်ထဲတွင် ခံပြင်းလွန်းလှသည်။ သူ လှလှပပ အလိမ်ခံခဲ့ရသည်။ အကွက်ကျကျ အရူးလုပ်ခံခဲ့ရသည်။ တကယ်ဆို ကားသမားလောကတွင် ဒီလိုပုံပြင်မျိုးကို သူခဏခဏ ကြားခဲ့ဖူးသည်။

ပစ္စည်းတစ်ခုခုကို အရောင်ပြ ထားခဲ့ကာ ကားပေါ်မှ လစ်သွားသော ခရီးသည်များအကြောင်း  သူကြားဖူးခဲ့သည်။ ခုတော့ သူကိုယ်တိုင် ကြုံရပြီ။ အမှောင်ဖုံးစေသော လောဘကြောင့် သူဘာကိုမှ မမြင်နိင်ခဲ့။ မချင့်ချိန်နိင်ခဲ့။ ခုတော့ သူ အကျော်အခွ အလုပ်ခံလိုက်ပြီ။ မွေးနေ့အတု ဖန်တီးလိုက်ရသဖြင့် ညစာစားဖို့ပင် သူ့အိတ်ထဲမှာ ငွေမကျန်တော့။ 

ထိုသူကတော့ အခုလောက်ဆို သူ့အိမ်တွင် ထိုင်ကာ သူ့ကို ရယ်နေတော့မည်။ ကားခ ၃သောင်းလည်း ဆုံးပြီ။  အရင်ထဲက ထိုသူပေးဖို့ မရည်ရွယ်ထားသော ထိုငွေကို သတိရပြီး နှမျောလိုက်မိသဖြင့် ကိုယ့်ကိုကိုယ် ဆဲရေးလိုက်မိ၏။ ခံရခက်သော ဒေါသစိတ်ဖြင့် သူ့ကားကို ထိုနေရာမှ ခပ်ပြင်းပြင်း မောင်းထွက်ခဲ့သည်။

လမ်းမပေါ်တွေ သစ်ရွက်ခြောက်များ ထခုန်ကာ ကျန်ရစ်ခဲ့တော့သည်။

Tuesday, November 2, 2010

ဂြိုလ်သား ၊ ကြံ့ နှင့် ရွေးကောက်ပွဲ



လွင်ပြင်ကျယ်ကြီးထဲတွင်  မရေတွက်နိင်အောင် လူများ ရှိနေကြသည်။ ဒီနေ့သည် ထူးခြားသော နေ့တစ်နေ့ဖြစ်သည်။ ထို့ပြင် မယုံကြည်နိင်ဖွယ်ရာ နေ့လည်း ဖြစ်သည်။ စူးရှသော အသံတစ်ခု ထွက်လာသဖြင့် လူတွေ အားလုံး တိတ်ဆိတ်သွားကြသည်။ အသံထွက်လာရာဆီသို့ အကြည့်များကို ပို့လိုက်၏။ လွင်ပြင်ရဲ့ တစ်ဖက်စွန်းတွင် ရပ်နေသော ဂြိုလ်သားများထဲမှ အကြီးအကဲ ဖြစ်ဟန်တူသူက အော်သံပေးလိုက်ခြင်းဖြစ်သည်။ သူ့အနောက်နှင့် ဘေးဘက်တွင်တော့ ဂြိုလ်သားများ ရပ်နေကြသည်။

ထူးဆန်းအံ့သြဖွယ်ရာပင်။ လူသားများမှာ မကြောက်သည့်အပြင် လက်များကို ဆန့်တန်းကာ အားပေးသည့် သဏ္ဍာန်ကို ပြကြသည်။ လူသားတို့ မကြောက်သည်မှာလည်း တကယ်တော့ ထူးဆန်းသည်မဟုတ်။ ထိုဂြိုလ်သားများမှာ လူသားတို့အတွက် ကောင်းကျိုးဆောင်ရန် ရောက်လာမှန်း အားလုံးသိထား ကြခြင်းကြောင့် ဖြစ်သည်။ သူတို့ ဘယ်အချိန်က ကမ္ဘာမြေပေါ်ရောက်လာကြသနည်း။ ဘာရည်ရွယ်ချက်နဲ့ သူတို့လာခဲ့ကြတာလဲ...။

။.....................................................................................................။

လွန်ခဲ့သည့် ၄ ရက်ခန့်က လူသူကင်းဝေးသော လယ်ကွင်းတစ်ခုထဲသို့ ဂြိုလ်သားများ စီးနင်းလိုက်ပါလာသော ယာဉ်ပျံကြီး တိတ်တဆိတ် ဆိုက်ရောက်လာခဲ့သည်။ ထို့နောက် ယာဉ်ပျံပေါ်မှ ဂြိုလ်သားများ ဆင်းသက် လာကြသည်။ သို့သော် သူတို့ကို အပင်အောက်တွင် အိပ်နေသူ တစ်ဦးမှ တွေ့မြင်သွားခဲ့သည်။ ဆန်းကြယ်သော အဖြစ်ကြောင့် ထိုလယ်သမားမှာ အံ့သြဘနန်းဖြစ်ကာ တော်တော်နှင့် မလှုပ်မရှားနိင်ဖြစ်ကာ ကြောင်အ သွားခဲ့ရသည်။ ထို့နောက် သတိပြန်ဝင်လာပြီးနောက် ထွက်ပြေးတော့သည်။ 

သို့သော် ထိုလယ်သမားကြီးကို ဂြိုလ်သားများမှ တွေ့မြင်သွားသဖြင့် ထွက်မပြေးနိင်ရန် ဖမ်းချုပ်လိုက်၏။ လယ်သမားခင်မျာ တခါမှ မမြင်ဖူးသော ဂြိုလ်သားပုံသဏ္ဍာန်ဆန်းကြောင့် ကြောက်သေး များပင် ထွက်ကျကုန်သည်။ ဂြိုလ်သားများထဲမှ တစ်ဦးက ရှေ့တိုးလာသည်။ သူ့ခေါင်းပေါ်မှ သံမဏိအတံ အသေးလေး တလှုပ်လှုပ် ဖြစ်သွားသည်။ လယ်သမားကြီး၏ စိတ်ထဲတွင် အသံတစ်ခု ကြားလိုက်ရသည်။

“ မကြောက်ပါနဲ့ ဒုက္ခမပေးပါဘူး ”

လယ်သမား ပို၍ကြောက်လန့်ကာ ဒူးများပင် ခွေယိုင်သွားသည်။ ထိုဂြိုလ်သားခေါင်းပေါ်မှ သံမဏိ အတံငယ်လေးကို ထပ်လှုပ်ပြန်သည်။မည်သည့်အသံမှ မထွက်လာပေမယ့် လယ်သမားကြီး စိတ်ထဲတွင် စကားပြောသံကို ပီပီပြင်ပြင်ကြားရပြန်သည်။

“ တကယ်မကြောက်ပါနဲ့ ကျုပ်တို့က ကူညီဖို့လာတာပါ ”

သူ့လက်ကို ငြင်ငြင်သာသာ ကိုင်စွဲထားသည့်အပြင် ကြားရသော စကားသံမှာလည်း သူ့စိတ်နှလုံးကို အေးချမ်းစေသော အသံမျိုး ဖြစ်သဖြင့် လယ်သမားကြီး အကြောက်လျော့သွားသည်။ သူမဝံ့မရဲဖြင့် ဂြိုလ်သားများကို မေးလိုက်သည်။

“ ခင်ဗျားတို့က ဘယ်သူတွေက ဘာလာလုပ်တာလဲ ”

လယ်သမားမှ ပြောရိုးပြောစဉ်အတိုင်း အသံထွက်ကာ ပြောလိုက်သော်လည်း ဂြိုလ်သားများမှာ သူတို့ခေါင်းပေါ်မှ သံမဏိအတံလေးကို လှုပ်ရုံဖြင့် သူတို့ပြောစေချင်သော စကားများကို တဖက်သား ရင်ထဲထိ ရောက်ရှိစေနိင်စွမ်းရှိသည်။

“ ကျုပ်တို့လာတာက ခပ်လွယ်လွယ်ပြောရရင် အဖြူရောင်ဂြိုလ်ကပဲ လာရတဲ့ရည်ရွယ်ချက်ကတော့ ဒီနိင်ငံမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိရလို့ လာတာ ”

ဂြိုလ်သားများကို စေ့စေ့ကြည့်ကာ ငါတို့နိင်ငံက ပါတီတွေက ခြေသွက်လှချည်လား ဂြိုလ်သားတွေကိုတောင် လာဘ်ထိုးပြီး မဲလာပေးခိုင်းနိင်ပါလားဟု တွေးလိုက်သည်။ သူတို့ကိုတော့ ငါ့ကို ပေးသလို တစ်သောင်းနဲ့ မရလောက်ဘူးထင်တယ်ဟု လယ်သမားကြီး ဆက်တွေးမိသည်။

“ မဲလာပေးတာ မဟုတ်ဘူး အဲဒီလို လာဘ်ပေးလာဘ်ယူပြီး မသမာမှုနဲ့ မဲလိမ်တာကို အရေးယူဖို့လာတာပါ ”

လယ်သမားကြီး လန့်သွားသည်။ “ဟိုက်..ငါတွေးတာတောင် သိနေပါလား” ဟုတွေးမိသည်။

“ကျုပ်တို့က ဒီဂြိုလ်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားကို တတ်ကျွမ်းတယ် အဓိက ဆက်သွယ်တာက စိတ်ချင်းဆက်သွယ်တာပဲ ခင်ဗျားအနေနဲ့ အသံထွက်ပြီး မပြောဘဲ စိတ်နဲ့ ပြောရင်လည်း ကျုပ်တို့ နားလည်ပါတယ်”

“စိတ်နဲ့တော့ မပြောတတ်ဘူးဗျာ အကျင့်မရှိဘူး ”

“ထားပါ ကျုပ်တို့လာတာကို ခင်ဗျား လျှို့ဝှက်ထားပေးပါ။ မဲလိမ်တာတွေကို တိတ်တဆိတ် စောင့်ကြည့်မလို့ပါ”

“လိမ်တာတွေ့ရင်ရော”

“လိမ်တာတွေ့ရင်တော့ ကျုပ်တို့ ဂြိုလ်ကို ခေါ်သွားပြီး သူတို့ကို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပေးပြီးမှ ပြန်လွှတ်ပေးမှာ”

“ ပြန်လွှတ်ပေးမှာ သေချာလား ”

ပြည်သူအချင်းချင်းဆိုသည့် အသိဖြင့် လယ်သမားကြီး စိုးရိမ်စွာ မေးလိုက်သည်။

“ ပြန်လာပို့ပေးမှာပေါ့ ကျုပ်တို့ဂြိုလ်မှာလည်း မထားပါဘူး။ စိတ်ဓါတ်ကောင်းအောင် လုပ်ပြီးရင် ပြန်လာပို့မှာပါ”

“ဒါဆိုရင်တော့ ခင်ဗျားတို့ လာတာကို လျှို့ဝှက်ထားပေးပါ့မယ်”

လယ်သမားကြီးနှင့် ညှိနှိုင်း၍ရသဖြင့် ဂြိုလ်သားများ ကျေနပ်ကာ အရပ်အသီးသီးသို့ ထွက်ခွာသွားကြသည်။ လယ်သမားကြီးမှာတော့ ကတုန်ကယင်ဖြစ်စိတ်ဖြင့် အိမ်သို့ပြန်လာသည်။ ထူးခြားဆန်းကြယ်သော အဖြစ်ကို သူတစ်ယောက်ထဲ တွေ့မြင်ခဲ့သဖြင့် တစ်ယောက်ယောက်ကို ပြောပြချင်စိတ် အင်မတန်ဖြစ်နေမိသည်။ နောက်ဆုံးတော့ ဘယ်လိုမှ မနေနိင်တော့သည့် အတွက် သူ့မိန်းမ ဖြစ်သူကို ပြောပြလိုက်သည်။

“ .................... အဲဒီတော့ မင်းလည်း ဘယ်သူမှ မပြောနဲ့နော်”
လယ်သမားကြီး၏ စကားဆုံးတော့ သူ့ဇနီးဖြစ်သူမှ သေသေချာချာ ကြည့်ကာ
“ ရှင် အပင်အောက်မှာ အိပ်နေတုန်း အပမှီလာပြီထင်တယ်”

သူ့ဇနီးဖြစ်သူမှ မယုံကြည်သဖြင့် လက်ဆွဲကာ ယာဉ်ပျံရပ်ထားရာစီသို့ ခေါ်ဆောင်သွားသည်။ ယာဉ်ပျံမရှိတော့ပေမယ့် လယ်ကွင်းထဲတွင် ထင်ရှားသော အရာများ ကျန်ရစ်ခဲ့သည်။ ထို့ပြင် ဂြိုလ်သားများ၏ ခြေရာဆန်းများကိုပါ တွေ့လိုက်ရသဖြင့် ယုံကြည်လက်ခံသွားရတော့သည်။

“ ဒုက္ခပါပဲတော် ကျုပ်တို့ မဲပေးပါ့မယ်ဆိုပြီး တစ်ယောက် တစ်သောင်း ယူထားတာ ဘယ်လိုလုပ်မလဲ ”
“အေးကွာ... မဲသွားပေးရင်လည်း ဂြိုလ်သားတွေ သိပြီး ငါတို့ပါ ဖမ်းခေါ်သွားအုံးမယ်”
“ ဂြိုလ်သားတွေနဲ့ တွေ့တုန်းက တစ်သောင်းယူထားမိလို့ မဲသွားပေးရင် အပြစ်ရှိလားဆိုတာ မမေးထားလိုက်ဘူးလား”
“ ငါလည်း ကြောက်နေတာနဲ့ မေးဖို့ သတိမရလိုက်ဘူး ”

လယ်သမား ဇနီးမောင်နှံလည်း ကြံရာမရဖြစ်ကာ တခြားသူများကို ပြောပြ အကူအညီတောင်း လိုက်တော့သည်။ ထိုသို့ဖြင့် ဂြိုလ်သားများ ရောက်နေသည့် သတင်းမှာ ရွာငယ်ဇနပုဒ်မှ တဆင့် တဖြည်းဖြည်း မြို့ပြအထိ ပျံ့နှံ့လာတော့သည်။ သို့သော် ရွေးကောက်ပွဲ ပျက်စေရန် ကောလဟာလ လွှင့်သည်ဟု သတ်မှတ်ကာ ဂြိုလ်သားအကြောင်း ပြောသူများကို ဖမ်းဆီးချုပ်နှောင်လေတော့သည်။

လယ်သမားကြီးနေသော တစ်ရွာလုံးကတော့ ယောကျာ်းများ အကုန်ဘုန်းကြီးဝတ်ကြကာ မိန်းမများကတော့ သီလရှင် ဝတ်ကုန်ကြတော့သည်။ ရွေးကောက်ပွဲ မဲပေးပုံ ဥပဒေထဲတွင် သာသနာ့ဝန်ထမ်းများ မဲပေးခွင့်မရှိ ဟု ပါဝင်နေသည် မဟုတ်လား။ အကျဉ်းသားများ မဲပေးခွင့်မရှိဟု ပါသော်လည်း မည်သူမှ ထောင်ကျမခံနိင်သည့် အတွက် ဘုန်းကြီးဝတ်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အခါ မဟုတ်ဘဲ သင်္ကန်းတိုက် များလည်း လက်မလည်အောင် ရောင်းချရလေသည်။

ထိုသို့ဖြင့် စီမံထားသည့် အတိုင်း မဲပေးပွဲကြီးကို တနိင်ငံလုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတော့သည်။ နောက်တစ်နေ့တွင်တော့ မဲလိမ်သည့် လူများကို ဂြိုလ်သားများမှ အမှန်တကယ် ဖမ်းဆီးလိုက်ပြီးနောက် လွင်ပြင်ကျယ်ကြီးထဲတွင် စုရုံးထားလိုက်သည်။ ပြည်သူများမှ တခဲနက် လာရောက် ကြည့်ရှုကြခြင်းကြောင့်
လွင်ပြင်ကျယ်ကြီးထဲတွင် လူများ စည်ကားနေခြင်းဖြစ်သည်။

ထိုသတင်းကို ကမ္ဘာအနှံ့ တိုက်ရိုက် ထုတ်လွှင့်ရန် သတင်းဌာနများလည်း ရောက်နေကြသည်။ ကမ္ဘာ့နိင်ငံခေါင်းဆောင် တော်တော်များများ လည်း ရောက်လာကြသည်။ ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ အစိုးမဟုတ်သည့် အဖွဲ့များလည်း ရောက်နေ ကြသည်။ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ပြည်သူအားလုံး ငြိမ်သက်သွားသည်။ ဂြိုလ်သားများ၏ အကြီးအကဲ ဖြစ်သူက စကားစပြောသည်။ သူ့ပြောစကားများအားလုံး လူသားတို့၏ စိတ်နှလုံးသားထဲသို့ အသီးသီးဝင်ရောက်သွားသည်။

“ဒီမှာ စုရုံးထားတဲ့ မသမာတဲ့နည်းနဲ့ မဲလိမ်ခဲ့တဲ့ သူတွေကို ကျုပ်တို့ အခု ဖမ်းခေါ်သွားရပါမယ် ရည်ရွယ်ထားသလို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပြီး ပြန်လွှတ်ဖို့တော့ မသေချာပါဘူး ဘာကြောင့်ဆိုတော့ ဟိုမှာကြည့်လိုက်ပါ ”

ဂြိုလ်သားအကြီးအကဲရဲ့ လက်ညွှန်ရာကို ကြည့်လိုက်သည့်အခါ မဲလိမ်သည့်သူများကို ယာဉ်ပျံကြီးဆီသို့ ခေါ်ဆောင်သွားမည့် ကားများကို တွေ့လိုက်ရသည်။ သို့သော် သာမန် ကားများမဟုတ်။ ထိုင်ခုံမပါဘဲ လေးဘက်လေးတန် သံဇကာများဖြင့် ပိတ်ထားသော တိရိစ္ဆာန်တင်ကားများ ဖြစ်နေသည်။

“ ဟာာာ ”

လူထုထံမှ အော်သံများ ထွက်ပေါ်လာသည်။ ထိုကားများကို တွေ့မြင်ပြီးနောက် လူ့အခွင့်အရေးအဖွဲ့ အကြီးကဲ ဖြစ်သူမှ ရှေ့ထွက်လာကာ ဂြိုလ်သား အကြီးအကဲကို လှမ်းပြောလိုက်သည်။

“ ဒါဟာ ဖိနှိပ်မှုရဲ့ ပြယုဂ်ပါ။ သူတို့ဟာ အပြစ်ရှိကောင်းရှိမယ်။ သို့သော် လူသားတစ်ယောက်ရဲ့ အခွင့်အရေး အတိုင်း သူတို့ကို ကောင်းမွန်စွာ ခေါ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ ကားတွေဟာ တိရိစ္ဆာန်တွေကို တင်ဆောင်တဲ့ကားပါ။ ဒီကားနဲ့ ခေါ်ဆောင်သွားဖို့ကို ကျနော်တို့ ကန့်ကွက်ပါတယ်”

ဂြိုလ်သားအကြီးအကဲ ဖြစ်သူမှ လက်ကာ ပြလိုက်သည်။ ထို့နောက် အားလုံးကြားရန် ပြောလိုက်၏။

“ တကယ်တော့ သူတို့ဟာ လူသားတွေ မဟုတ်ပါဘူး။ ဘာတွေလည်း သေချာကြည့်ကြပါ။ ”

ဖမ်းဆီးထားသော လူအုပ်ပေါ်သို့ ရောင်ခြည်တန်းများ ဖြာအုပ်သွားသည်။ စူးရှသော အလင်းရောင်ကြောင့် ကြည့်နေသူများ မျက်လုံးမှိတ်လိုက်ကြသည်။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် အံ့သြဖွယ်ရာ အဖြစ်ကို ကြုံကြရသည်။ ဖမ်းဆီးခံထားသူများ အားလုံးမှာ လူပုံသဏ္ဍာန်ပျောက်ကာ မူလပုံသဏ္ဍာန်ဖြစ်သည့် ကောင်းကင်ကို ကျောပေးထားသော ခြေလေးချောင်း သတ္တဝါများ ဖြစ်ကုန်တော့သည်။ နဖူးတွင်တော့ ချိုတစ်ချောင်းစီ ထောင်ကာ နေသည်။

“အားး”
“ အောင်မလေး ဘာတွေလဲ”

လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။

 ဂြိုလ်သား အကြီးအကဲ ဖြစ်သူမှ

“ မကြောက်ကြပါနဲ့ ဘာမှ အန္တရာယ် မပေးနိင်ပါဘူး ”

ဟု ပြောသဖြင့် လူများ အားလုံး တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ကာ အချင်းချင်းအားပေးကြသည်။
သို့သော် တစ်ချို့ကတော့ လူအုပ်၏ နောက်ကွယ်တွင် ရပ်ကာ သူတို့ကို မမြင်အောင် ကွယ်ထားကြသည်။ ဘေးနားမှ လူမှ 

“ ဘာဖြစ်တာလဲ ကြောက်လို့လား”
“မဟုတ်ပါဘူး တစ်သောင်းယူထားမိလို့ အားနာလို့”

ဖမ်းဆီးခံထားရသော အဖွဲ့ကို ကြည့်ကာ တချို့ကတော့ တရှုံ့ရှုံ့နှင့် ငိုနေကြသည်။

“ နင့်အမျိုးတွေပါသွားလို့ ဝမ်းနည်းနေတာလား ”
“ မဟုတ်ပါဘူး သေသွားတဲ့ အဖေနဲ့ မောင်လေး ဒီမြင်ကွင်းတွေ မမြင်လိုက်ရတာ သနားလို့ပါ”

ထိုအချိန်တွင် ထိတ်လန့်ဖွယ်အဖြစ် တစ်ခု ဖြစ်ပွားသွားခဲ့သည်။ ထိုအဖြစ်မှာ လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ကြောက်လန့်ပြီး လွှတ်ချထားမိသော ဆေးလိပ်များကြောင့် ဖြစ်သည်။ မြေပေါ်တွင် အငွေ့တလူလူ နဲ့ မီးရဲ နေသော ဆေးလိပ်များကို မြင်သဖြင့် မူလသွင်ပြင် ပြန်ပေါ်နေပြီဖြစ်သော တိရိစ္ဆာန် များမှ ပြေးလာကာ ထိုဆေးလိပ်မီးများကို ခြေထောက်ဖြင့် နင်းချေကာ မီးသတ်ပစ်ကြသည်။ ထိုအနားရှိ လူအုပ်ကတော့ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

ဗဟုသုတ ရှိသောလူကြီး တစ်ယောက်မှ အော်ပြောလိုက်၏။

“ ဒါသဘာဝပဲ ကြံ့ဆိုတာ တောတွင်း မီးသတ်ကားလို့ ခေါ်တယ်ကွဲ့ သူတို့က မီးရောင်မြင်ရင် လိုက်ငြိမ်းပစ်တာလေ ”

ဖမ်းဆီးထားသူများကို တင်ဆောင်သွားမည့် ယာဉ်ပျံကြီးကတော့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက် ယာဉ်ပျံရှိရာသို့ ပြေးထွက်လာသည်။

“ခဏနေပါအုံး ဒါလေးယူသွားပေးပါ”

ဂြိုလ်သားတစ်ယောက်၏ လက်ထဲကို အဝတ်လိပ်လေး တစ်ခု လှမ်းပေးလိုက်သည်။ ဂြိုလ်သားက ဖြည်ကြည့်လိုက်သည်။ အရောင် သုံးရောင်ခြယ်ထားသော အဝတ်စ တစ်ခုဖြစ်နေသည်။ ဂြိုလ်သားထံမှ စကားသံ ထွက်ပေါ်လာသည်။

“ ဒီအဝတ်စကို ဘာလုပ်ပေးရမှာလဲ ”
“ အာကာသထဲ ရောက်ရင် လွှင့်ပစ်ခဲ့ပေးပါ ကမ္ဘာနဲ့ ဝေးသထက်ဝေးလေ ကောင်းလေပဲ”

ဂြိုလ်သားမှ ခေါင်းတစ်ချက်ငြိမ့်ကာ အဝတ်စကို ပြန်လိပ်ပြီးနောက် ယာဉ်ပျံပေါ်တက်သွားသည်။ ယာဉ်ပျံလည်း ကောင်းကင်ပေါ် ပျံတက်ရန် အရှိန်ယူနေလေပြီ။ ထို့နောက် တရွေ့ရွေ့ မြင့်တက် ထွက်ခွာသွားတော့သည်။

လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည်။

“ အော် ဒါကြောင့်  ဒင်းတို့က အရေခွံထူတာကို”

ထိုအခါ အားကျမခံ ဝင်ပြောလိုက်သော စကားသံသည်လည်း ထပ်ထွက်လာသေးသည်။

“ ဒါတင်ဘယ်ကမလဲဗျာ မီးရောင်မြင်ရင် မနေနိင်လို့ တစ်နိင်ငံလုံး အမှောင်ချထားတာလည်း ထည့်ပြောအုံးလေ”

တစ်ယောက်တစ်ပေါက် မှတ်ချက်ချသံများကို ချန်ရစ်ကာ ယာဉ်ပျံကြီး ထွက်ခွာသွားလေပြီ။ သူတို့ကို စိတ်ဓါတ်သန့်ရှင်းပြီးလျင် ပြန်လာပို့မလားဆိုသည်ကိုတော့ ယခုလောလောဆယ် မည်သူမျှ စိတ်မဝင်စား ကြသော ကိစ္စတစ်ခုသာ ဖြစ်သည်။

ယာဉ်ပျံကြီးကတော့ အစက်အမှုန်လေး အဖြစ် ဂြိုလ်ပါတ်လမ်းထဲဝင်ရောက်ကာ တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

။.....................................................................။


(စိတ်အာသာ ပြေချင်လို့ ဂြိုလ်သားများကို ဖန်တီးလိုက်ရပါကြောင်း)