Saturday, January 29, 2011

ဥာဏ်များတဲ့ ဘကြီးမြစ်

ကိုယ့်လူတို့ကို ကျနော့်ဘကြီး အကြောင်း ပြောပြချင်သေးတယ်။ ကျနော်ဖြင့် ဘကြီးအကြောင်းတွေးမိတိုင်း ပြုံးစေ့စေ့ဖြစ်ရတယ်ဗျာ။ ကျနော်တင်မဟုတ်ပါဘူး ဘကြီးအကြောင်း ကြားရတဲ့သူတိုင်း သဘောတွေကျပြီး လေးစားသွားကြတာချည်းပဲ။ ဒါပေမယ့် ဘကြီးရဲ့ အကြောင်းပြန်ပြောတိုင်း မခံချိမခံသာ ဖြစ်ကြတဲ့ လူတစ်စုတော့ ရှိတယ်ဗျ။ ကိုယ့်လူတို့ကတော့ အဲဒီလူတစ်စုက ဘကြီးရဲ့ ရန်သူတွေလို့ထင်ကြမှာပဲ။ အဲဒီလိုထင်ရင်တော့ တက်တက်စင်အောင် လွဲပြီခင်ဗျ။ အဲဒီလူတစ်စုဆိုတာ ကျနော့်ရဲ့ အကိုတွေ အစ်မတွေပါပဲ။ ကျနော့် အကိုတွေ အစ်မတွေဆိုမှတော့ ဘကြီးရဲ့ တူ ၊ တူမ အရင်းကြီးတွေပေါ့ဗျာ။ ဖြစ်ပုံကဒီလိုခင်ဗျ။ 

ကျနော်တို့မှာ အဖေ့ရဲ့အစ်ကိုတစ်ယောက်ရှိတယ်။ သူနာမည်က ကိုမြစ်တဲ့ အသက်ကြီးလာတော့ ဦးမြစ်၊ ဘကြီးမြစ် လို့ ပါတ်ဝန်းကျင်က ခေါ်ကြပေမယ့် ကျနော်တို့ မောင်နှမတွေကတော့ ဘကြီးလို့ပဲ ခေါ်ကြတာပါပဲ။ ဘကြီးက တစ်ကိုယ်တည်း လူပျိုကြီးခင်ဗျ။ ကျနော်တို့ မိဘနှစ်ပါးလုံး ဆုံးပါးသွားတော့ ဘကြီးက ကျနော်တို့နဲ့လာနေတယ်။ အဲဒီအချိန် သူ့အသက်က ၆၀ ကျော်ပြီ။ ဘကြီး ကျနော်တို့အိမ် ရောက်တော့ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော့်အသက်က ၁၃နှစ်ကျော်ကျော်ပဲ ရှိအုံးမယ်။ 

ဘကြီးက လူပေလူတေကြီးဗျ။ ကျနော်တို့နဲ့နေမှသာ အတည်တကျ အိမ်နဲ့ယာနဲ့ နေဖြစ်ပေမယ့် သူငယ်စဉ်က နိင်ငံအနှံ့လျှောက်သွားနေတာတဲ့၊ ၁၂ပွဲဈေးသည်တွေနဲ့ ကူဖော်လောင်ဖက် လိုက်သွားရင်းကနေ ဇာတ်အဖွဲ့နဲ့ခင်ပြီး ဇာတ်အဖွဲ့ထဲ ရောက်ရင်ရောက်သွားပြန်ရော။ ဇာတ်ထဲမှာ နေရင်းကနေ အဖော်အပေါင်းကောင်းရင် ရွှေတူးတဲ့နေရာ ရောက်ချင်ရောက်သွားပြန်တာတဲ့။ လွယ်လွယ်ပြောရရင် ပျော်သလိုနေတဲ့ ဘကြီးပေါ့ဗျာ။ အသက်အရွယ်ရလာတာရယ် ကျနော်တို့ မိဘတွေ မရှိတော့တာ ရယ်ကြောင့် ကျနော်တို့နဲ့ လာနေတာနဲ့တူပါရဲ့။


ကျနော်တို့အိမ်ကို ဘကြီးရောက်ပြီး တစ်ပါတ်လောက် ကြာတော့ ကျနော်နဲ့ ကိုငယ်ကို မြို့ထဲခေါ်သွားတယ်။ မြို့ထဲရောက်တော့ သူ့ဘေးလွယ်အိတ်ထဲက ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲထုတ်လိုက်တယ်။ အဲဒီ အိတ်ရှုံ့လေးထဲကနေ လက်စွပ်တစ်ကွင်းကို ထုတ်ပြီး ရွှေဆိုင်မှာရောင်းလိုက်တယ်။ အဲဒီလက်စွပ် မရောင်းခင် အိတ်ရှုံ့ထဲက တခြားလက်စွပ်တွေ ဆွဲကြိုးတွေ ထုတ်ကြည့်ပြီးမှ စိတ်ကြိုက်တစ်ကွင်းကိုပဲ ရောင်းလိုက်တဲ့ ပုံစံခင်ဗျ။ လက်စွပ်ရောင်းပြီးတော့ ဘဲကင် တစ်ကောင်ဝယ်တယ်။ ပြီးတော့ အိမ်ကို ပြန်လာကြတယ်။ 

အိမ်ရောက်တော့ ကျနော်တို့ မောင်နှမ ၆ ယောက်လုံးကို ဧည့်ခန်းကို လာခိုင်းတယ်။ ပြီးတော့ ခုနက လက်စွပ်ရောင်းလို့ ရလာတဲ့ ငွေတွေကို မောင်နှမ ၆ ယောက်ကို ခွဲဝေပေးတယ်။ မင်းတို့ကို ဘကြီးမုန့်ဖိုးပေးတာလို့ပဲ ပြောတယ်ဗျ။ ဒီငွေတွေ ဘယ်ကရလာတာကိုတော့ ထုတ်မပြောဘူး။ အဲဒီတော့ ဘကြီးအခန်းထဲလည်း ဝင်ရော အကိုအမတွေက ကျနော်နဲ့ ကိုငယ်ကို ဝိုင်းမေးကြတော့တာပဲ။ ဒီနေ့ဘကြီးနဲ့ ဘယ်သွားတာလဲ၊ ဘာဝယ်ပေးလဲနဲ့ စုံနေအောင်ကို မေးကြတာပဲ။ ဒီတော့ ကျနော်တို့ကလည်း ဘကြီး လက်စွပ်ရောင်းတာတွေ အိတ်ရှုံ့ထဲက တခုပြီးတခုထုတ်ကြည့်ပြီးမှ လက်စွပ်ကို ရွေးပြီး ရောင်းလိုက်တာတွေကို အားပါးတရ ဖောက်သည်ချတော့တာပဲ။ 

အခုလို အသက်ကြီးမှ တွေးမိတာက အဲဒီလို ပြန်ပြောစေချင်လို့ ကျနော်တို့လို နှုတ်မလုံတဲ့ ကလေးတွေကို အဖော် ခေါ်သွားမှန်း သဘောပေါက်တော့တယ်။ အဲဒီတုန်းကတော့ ဘယ်သိပါ့မလဲ။ ကျနော်မသိသလို ကျနော့်အကိုတွေနဲ့ အမတွေလည်း သိပုံမပေါ်ပါဘူး။ အဲဒီနောက်ပိုင်းရက်တွေမှာတော့ ကျနော်တို့ အိမ်မှာ တီးတိုး တီးတိုးနဲ့ ကျိတ်ပြောတာတွေ ရှိလာတယ်။ အဲဒီအချိန်မှာ ကျနော်က ကလေးဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်နားထောင်ရင်းနဲ့ သူတို့ပြောတာတွေ တစွန်းတစ ကြားရတာပေါ့။ 

ပစ္စည်းတွေက မနဲဘူးဟဲ့ ဆိုပြီး အမအကြီးဆုံးက ပြောတော့ အစ်မလတ်က အေးလေ ငါချောင်းကြည့်တာ တွေ့သွားလို့ အထုတ်ထဲ ချက်ချင်းပြန်ထည့်လိုက်တာဟ ဆိုပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြသလို ကျနော့် အကိုတွေကလည်း ဘကြီးအခန်းဝနားမှာ ဝေ့လည်လည်လုပ်ပြီး အခန်းထဲ ချောင်းချောင်းကြည့်ကြတယ်ဗျ။ 

အဲဒီနောက်ပိုင်းကစပြီး ကျနော်တို့အိမ်မှာ ကတ္တီပါအိတ်ရှုံ့လေးက ဟော့အဖြစ်ဆုံး သတင်းဖြစ်သွား တော့တာပဲ။ ဘကြီးကိုလည်း တစ်အိမ်လုံး ဂရုစိုက်လိုက်တာများ ပြောမနေနဲ့တော့  ကော်ဖီဖျော်တိုက်တဲ့အစ်မနဲ့ နွားနို့ကျိုပေးတဲ့ အစ်ကိုလည်း သူ့ကော်ဖီ နဲ့ ငါ့နွားနို့ ဘယ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး ငြင်းကြခုန်ကြ၊ မိုးလေးနဲနဲအေးတာနဲ့ ဘကြီးရေချိုးဖို့ ရေနွေးအိုး တည်ပေးတဲ့သူနဲ့ ဘကြီးဘာစားချင်လဲဆိုပြီး အမြဲမေးတဲ့သူနဲ့ အပြင်က ပြန်လာရင် ဘကြီးအတွက် မုန့်ဝယ်လာပေးတဲ့သူနဲ့ ဝိုင်းဂရုစိုက်လိုက်ကြတာများ ပြောမဆုံးပေါင်ပဲ။ အုန်းနို့ခေါက်ဆွဲ ဝယ်လာပေးတဲ့ အမလတ်တောင် ဘကြီးကိုသွေးတိုးအောင် လုပ်တာလားဆိုပြီး ဝိုင်းဆူတာ ခံလိုက်ရသေးတယ်။  

ဘကြီးနဲ့ အမြဲအတူတူရှိတဲ့ ကျနော့်ကိုလည်း အိတ်ရှုံ့ထဲမှာ ပစ္စည်းတော်တော်များလား၊ အထဲမှာ ဘာတွေတွေ့လဲ ဆိုပြီး တစ်ယောက်တစ်လှည့် အပြင်ခေါ်ထုတ်ပြီး မေးကြတာ။ ဘကြီးကလည်း ဘကြီးပဲဗျ ကျနော်ကို သူငယ်ငယ်က အကြောင်းတွေ ပြောရင်းကနေ နေအုံးငါ့ပစ္စည်းတွေ ရှိသေးရဲ့လားဆိုပြီး သူ့ဘီဒိုကို သော့ဖွင့်ပြီး အိတ်ရှုံ့လေးကို ဖွင့်ကြည့်လားကြည့်ရဲ့နဲ့၊ မလုံတလုံ လုပ်မှ လူပိုစိတ်ဝင်စားမှာကို သဘောပေါက်တဲ့ ဘကြီးက သူ့အိတ်ရှုံ့လေးထဲမှာ ရတနာတွေ ရှိတာကို ပါးပါးလေးနဲ့ အားလုံးသိအောင် လုပ်သွားမှန်း အသက်ကြီးမှ သိတာပဲ။ အဲဒီတုန်းကတော့ သူအိတ်ရှုံ့လေးကို မသိမသာဖွင့်ပြတာတွေကို  ကျနော် ဖောက်သည်ချတာနဲ့ အိမ်ကလူတွေ အကုန်သိတာပါပဲ။ ဒီတော့ အိတ်ရှုံ့လေး တန်ခိုးနဲ့ ဘကြီးလည်း အနေအစား ဇိမ်ကိုကျလို့။ 

ကျနော်တို့အိမ် ဘကြီးရောက်ပြီး တစ်နှစ်လောက်နေတော့ အိတ်ရှုံ့ထဲက ဆွဲကြိုးခပ်သေးသေး တစ်ကုံးထုတ်လာပြီး အစ်မအကြီးဆုံးကို သွားရောင်းခိုင်းတယ်။ ရလာတဲ့ငွေလည်း ကျနော်တို့မောင်နှမ ၆ ယောက်လုံးကို ခွဲပေးတာပါပဲ။ ခက်တာက ဘကြီးက သူ့အိတ်ရှုံ့လေး အကြောင်းကို စကားအစကိုမခံတာဗျ။ အစ်မတွေကလည်း သွေးတိုးစမ်းတယ်လေ။ ထမင်းစားရင်းနဲ့ ဘကြီးအရှေ့မှာ အချင်းချင်း အတိုင်အဖောက် ညီညီနဲ့ ပြောကြတယ်။ မနက်ဖြန်အလှူက မသွားလို့ကလည်း မကောင်း သွားဖို့ကလည်း လက်ဝတ်လက်စားက မရှိနဲ့ ငါတော့ စိတ်ညစ်တာပါပဲဟယ် ဆိုပြီး ညည်းပြလည်း ဘကြီးက မသိချင်ယောင်ဆောင်ပြီး ထမင်းသာ ငုံ့စားနေတာပဲ။ 

ဘကြီးစိတ်ကွက်မှာစိုးလို့ ဇွတ်လည်းမပြောရဲဘူး။ သူတို့ကိုယ်တိုင်လည်း ကတ္တီပါအိတ်ရှုံ့လေးကို မသိချင်ယောင် ဆောင်ပေးကြတယ်။ သဘောကတော့ ဘကြီးမှာ ဘာရတနာပဲ ရှိရှိမရှိရှိ တူ၊တူမတွေက တကယ်ချစ်တာပါဆိုတဲ့ စတိုင်ဖမ်းထားကြတာဗျ။ ဒါတွေကလည်း အခုလို အသက်ကြီးလာမှ လူတွေရဲ့ သဘောမနောကို သိလာပြီး အဲဒီတုန်းက အထာတွေကို သဘောပေါက်မိတာပါ။ ဒီလိုနဲ့ တစ်သက်လုံး ပေပေတေတေနေတုန်းက မဖျားမနာတဲ့ ဘကြီးခင်ဗျာ  ကျနော်တို့အိမ်မှာ ဇိမ်နဲ့နေမှပဲ ၃နှစ်မြောက်မှာ သေသွားတယ်။ 

ဘကြီးသေတော့ ကျနော့်အသက်က ၁၆နှစ် ပြည့်တော့မယ်။ သေတာကတော့ ဥဏှောက်သွေးကြော ပြတ်တယ်လို့တော့ ပြောတာပဲ။ မနက်စာ ထွက်မစားလို့ ဝင်ကြည့်တော့ အိပ်ယာထဲမှာ ဘကြီးက သေနေပြီ။ ဘကြီးသေပြီလည်း ကြားရော ဘကြီးအလောင်းကို ဘေးနားထားပြီး သူ့ဘီဒိုသော့ကို အသဲအသန် ရှာကြတော့တာပဲ။ ကျန်တဲ့သူတွေကလည်း ဘေးကနေ ညီညီမျှမျှနော် မတရားမလုပ်ကြနဲ့ ဆိုပြီး ဝင်ဝင်ပြောတယ်။ 

သော့လည်းတွေ့ရော အစ်မအကြီးဆုံးက ဖြတ်ခနဲ ဆွဲယူပြီး အခုမကြည့်နဲ့အုံး ဘကြီးအလောင်း မြေကျပြီးမှ ခွဲဝေမယ်တဲ့။ ဒီတော့ အကိုလတ်က ဒါဆိုသော့သူသိမ်းထားမယ်တဲ့ ဝင်ပြောတယ်။ ငါအကြီးဆုံး ငါပဲသိမ်းမယ်ဆိုပြီး အစ်မက ထပ်ပြောတော့ ဒါဆို အခန်းတံခါးကို သော့ခတ်ပြီး သူသိမ်းထားမယ်တဲ့ အကိုလတ်က ပြန်ပြောတယ်။ ကျန်တဲ့သူတွေကလည်း အဲဒါကောင်းတယ်ဆိုပြီး  ဝိုင်းထောက်ခံကြတာနဲ့ အစ်မကြီးက ဘီဒိုသော့သိမ်းပြီး အကိုလတ်က အခန်းသော့ သိမ်းထားတယ်။ ကျနော့်ကိုတော့ အကိုငယ်က ခပ်တိုးတိုး တိုင်ပင်တယ်။ သူတို့နှစ်ယောက်ကို သတိထားကြည့်ထားတဲ့။ ဒါနဲ့ ကျနော်လည်း ဘကြီးနာရေး ဝေယျာဝစ္စတွေလုပ်ရင်း သူတို့ကိုလည်း အကဲခတ်ရတာပေါ့။ 

ဒီလိုနဲ့ ဘကြီးအလောင်းမြေကျပြီး ညနေမှာပဲ မောင်နှမ ၆ ယောက်လုံး ဘကြီးအခန်းထဲမှာ စုမိကြတယ်။ အခန်းတံခါးကို ပိတ်လိုက်ပြီး ဘီဒိုဖွင့်ဖို့ပြင်ကြတယ်။ ဒီလောက်ရေးပြထားရင် ဒီကတ္တီပါအိတ်ရှုံ့မှာ လှည့်ကွက်တစ်ခုခုရှိနေမယ်ဆိုတာ ကိုယ့်လူတို့ သဘောပေါက်နေပါပြီ။ အမှန်ပဲဗျ။ အဲဒီအိတ်ရှုံ့မှာ လှည့်ကွက်ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ပြီးအောင်တော့ဖတ်ဗျာ။ ကိုယ့်လူတို့ထဲမှာ လူပျို အပျို ကြီးဘဝနဲ့ တူ၊ တူမတွေနဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းရမယ့်သူ ပါလာခဲ့ရင် ဘကြီးရဲ့ အကွက်လေး အသုံးဝင်လို ဝင်ငြားပေါ့။ 

ဆက်ရရင် အမကြီးက ဦးဆောင်ပြီး ဘီဒိုဖွင့်လိုက်တယ်။ ပြီးတော့ ဘီဒိုအပေါ်ဆုံးအထပ်က သေတ္တာ အသေးလေးကို ဆွဲထုတ်တယ်ခင်ဗျ။ အဲဒီသေတ္တာထဲမှာ ကတ္တီပါအိတ်ရှုံ့ကို ထည့်သိမ်းထားတာလေ။ အဲဒါနဲ့ သေတ္တာကို မောင်နှမ ၆ ယောက်အလယ်မှာ ချပြီး အမကြီးက ဖွင့်လိုက်တယ်။ အဲဒီသေတ္တာထဲမှာ အားလုံးမျှော်လင့်ထားတဲ့ ကတ္တီပါ အိတ်ရှုံ့လေးရှိနေတယ်။ ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲယူလိုက်တဲ့ အစ်မရဲ့ လက်က တုန်နေတာ ကျနော်အခုထိ မျက်စိထဲက မထွက်သေးဘူး။ သူက လက်တုန်နေသလို ကျနော်တို့အားလုံးလည်း ကိုယ်စီကိုယ်စီ ရင်တုန်နေကြတာပါပဲလေ။ အိတ်လေးကို ဟပြီး သွန်ချလိုက်တော့ အထဲကနေ ဆွဲကြိုးတွေ လက်စွပ်တွေ အစိမ်းရောင် အနီရောင်ကျောက်အသေးလေးတွေ ထွက်လာတယ်။ 

အဓိကပစ္စည်းတစ်ခုလည်း ထွက်ကျလာတယ်။ အဲဒါက စာရွက်ခေါက်လေးပါပဲ။ ဒါပေမယ့် ကျနော်အပါအဝင် ဘယ်သူမှ စာရွက်ခေါက်ကို ဂရုမစိုက်နိင်ပါဘူး။ ရတနာတွေကိုပဲ မျက်တောင်မခတ် ငေးနေမိကြတယ်။ တခုစီကိုင်ကြည့်ကြတယ်။ ကျနော်လည်း ကိုင်ကြည့်တာပါပဲ။ နောက်တော့ အကိုငယ်က စာရွက်ကို ဆွဲယူပြီး ဖွင့်လိုက်တယ်။ ပြီးတော့ အားလုံးကြားအောင် ဖတ်ပြတယ်။ အဲဒီစာလည်း ဆုံးရော အကိုတွေ အမတွေဆိုတာ ဒေါသတွေ ထွက်လိုက်ကြတာများ အံတကြိတ်ကြိတ်နဲ့ ဖြစ်ကုန်ပြီး အခန်းထဲက ထွက်သွားကြတော့တာပဲ။ ပစ်ချထားခဲ့တဲ့ အဲဒီစာကို ကျနော် သိမ်းထားလို့ အခုထိရှိသေးတယ်။ အထဲမှာ ရေးထားတာက ဒီလိုခင်ဗျ။

ဘကြီးကို သိပ်ချစ်ကြတဲ့ တူ၊တူမကြီးတို့ရေ...
ဒီစာဖတ်နေချိန်မှာ ဘကြီးလူ့လောကမှာ မရှိနိင်တော့ပါဘူး။ ဘကြီးမသေခင်မှာ ဂရုတစိုက်နဲ့ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာအတွက် ဘကြီးသိပ်ကျေးဇူးတင်ပါတယ်။ တူ၊တူမကြီးတို့လည်း ကုသိုလ်တွေ အများကြီး ရမှာသေချာပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်တဲ့ ဘကြီးအတွက် အိုကံကောင်းဖို့ဆိုတာ ဥာဏ်ကူမှ ရမှာကို သိလို့ ဘကြီးပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး အပေါင်ဆုံး လက်စွပ်တကွင်းနဲ့ ဆွဲကြိုးတကုံး ဝယ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေလည်း ဘကြီး ပြန်ရောင်းချပြီး တူ တူမကြီးတို့ကို ခွဲဝေပေးခဲ့တာ အားလုံးအသိပါ။ ဒီထဲမှာ ကျန်နေသေးတဲ့ ပစ္စည်းတွေက အစစ်တွေမဟုတ်ပါဘူးကွယ်။ ဒါကြောင့် ကိုယ့်မိဘအမှတ်နဲ့ ကျွေးမွေးပြုစုခဲ့တယ်မှတ်ပြီး သာဓုခေါ်ရစ်ကြပါ။ တူ တူမကြီးတို့လည်း အိုကံကောင်းပါစေကွယ်။

မင်းတို့တတွေသိပ်ချစ်တဲ့ ဘကြီးမြစ်


တဲ့လေ။ ကဲ.. ဘယ်လောက်ပိုင်လိုက်တဲ့ ဘကြီးလဲဗျာ။ အစစ် နှစ်ခုကို ရင်းပြီး ဇိမ်ကျကျနေသွားတာများ ကြားရသူတိုင်း သဘောတွေကျလို့ အဲ..ကျနော့် အမတွေ အကိုတွေတော့ မပါဘူးပေါ့ဗျာ။ ကျနော်လည်း သဘောကျတာပါပဲ။ ဘကြီးကို ကျနော်က ဘာမှ ဝယ်မကျွေးလိုက်ရဘူးလေ၊ ကပ်ပြီးတော့တောင် စားလိုက်ရသေးလို့ ဘကြီးကို သဘောကျတဲ့သူတွေထဲမှာ ကျနော်လည်း ပါတာပေါ့။ အကိုလတ်ကတော့ သူ့သူငယ်ချင်း ပန်းထိမ်ဆရာဆီမှာ အဲဒီရတနာအတုတွေကို တကယ့်အတုဟုတ်မဟုတ် သွားစစ် လိုက်သေးတယ်။ သိပ်သစ္စာရှိတဲ့ ဘကြီးပါဗျာ။ အတုဆိုမှ အကုန်အတုတွေချည်းပဲ။

ကဲ...ဘကြီးအကြောင်းကြားပြီးတော့ ကိုယ့်လူရော သဘောမကျသွားဘူးလား။

Tuesday, January 25, 2011

အကျော်အခွဇယား (၂)


တစ်နေ့သော ညနေခင်းတွင် သူငယ်ချင်းလေးယောက် ကျွန်တော့်အိမ်တွင်စုမိကြလေသည်။ ထိုသူလေးယောက်မှာ ငယ်စဉ်ကတည်းက ပေါင်းလာခဲ့ကြသော ငယ်သူငယ်ချင်းများဖြစ်သည့် ဆူးလေဖိုးသူ၊ ဗေထိရဲကြီး၊ လက်ခုပ်မင်းသူနှင့် ကျွန်တော်ဖြစ်သည်။ ယခင်ကတော့ တုတ်ကြီးငဖြိုးအပါအဝင် သူငယ်ချင်း ငါးယောက်ရှိခဲ့သော်လည်း တုတ်ကြီးငဖြိုးမှာ ကျွန်တော်တို့အဖွဲ့ကို တစ်ပတ်ရိုက်ကာ လူလည်ကျပြီး ရှောင်ပြေးနေသဖြင့် ယခုအခါ ကျွန်တော်တို့လေးယောက်တည်းသာ ကျန်တော့သည်။

ငယ်သူငယ်ချင်းများ ဖြစ်တာကြောင့် တုတ်ကြီးငဖြိုးအနေဖြင့် ကျွန်တော်တို့အဖွဲ့ထဲကို  တစ်ချိန်ချိန်မှာ ပြန်ဝင်လာ နိုင်သော်လည်း ယခုလောလောဆယ် တွင်တော့ မဖြစ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ယခုလောလောဆယ် တုတ်ကြီးလက်ထဲတွင် ငွေစကြေးစများ ရွှင်နေသေးသောကြောင့် ကျွန်တော်တို့ထံ လာဖို့ စိတ်ကူးမည် မဟုတ်သလို ကျွန်တော်တို့မှလည်း လောလောလတ်လတ် အကျော်အခွခံထားရသဖြင့် နာကျည်းချက်ကြောင့် တုတ်ကြီးအပေါ် မကျေနိုင်သေးပေ။ ကျွန်တော်တို့လေးယောက် ရောက်တတ်ရာရာ စကားပြောရင်း တုတ်ကြီးအကြောင်းကို စကား စမိသွားသည်။ လက်ခုပ်မင်းသူမှ

“တုတ်ကြီးအကြောင်း မင်းတို့ကြားပြီးပြီလား”

ဟုမေးလိုက်သဖြင့် ဗေထိရဲကြီးမှ

“ တုတ်ကြီးဘာဖြစ်လို့လဲ.. ”

ကျွန်တော်မှ စိတ်နာထားသောအခံဖြင့်
“ဘာလဲ ကားတိုက်ခံရပြန်ပြီလား” ဟု ရွဲ့ပြီးမေးလိုက်သည်။ မင်းသူမှရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။

“ မင်းတို့ ပို့တဲ့ မေတ္တာကြောင့်နဲ့တူတယ် တုတ်ကြီး ငွေရွှင်နေတယ်လေ ”
“ ဟုတ်လား..ဒီကောင် ဘာဂွင်တွေ မိထားလို့လဲ”

“ ဖဲနိုင်တာတဲ့ဗျာ..  တစ်ဝိုင်းလုံးကို သိမ်းသွားတယ်ဆိုပဲ ”

“ ဘယ်သူတွေနဲ့ ရိုက်တာလဲ ”

“ ဘိုတိုးတို့၊ ပြားကြီးတို့၊ စမ်းယုတို့နဲ့ ရှမ်းကိုးမီး ရိုက်တာတဲ့လေ.. ဒီကောင် ဝိုင်းလုံးကျွတ် သိမ်းသွားတယ်လို့ကြားတယ်”

“ ငါတို့ အစ်မသားတုတ်ကြီး ... တော်တော်ကံကောင်းနေတယ် .. ငါတို့မှာတော့ ငတ်လို့ပြတ်လို့”
“ အေးလေ.. ဒီကောင် ငါတို့ငွေတွေနဲ့ ပွားနေတာ”

လက်ခုပ်မင်းသူမှ..
“ တုတ်ကြီး ဒီရက်ပိုင်း လျှံနေတယ်ကွ.. ဒီကောင့်ဆီက ငွေတွေ ပြန်ရအောင် အကြံထုတ်ကြစမ်းပါကွာ”

ထိုအခါ ကျွန်တော်မှ 
“ အကြံကတော့ ထုတ်တာပဲကွ.. ခက်တာက ငါတို့အကွက်တွေကို ဒီကောင်က ကြိုသိနေတော့ လှည့်စားလို့ မရဘူးဖြစ်နေတယ်.. ” ဟုပြောလိုက်သည်။ထိုအခါ ဆူးလေဖိုးသူမှ 

“ အေးလေ.. ငါ့ညီမဝမ်းကွဲ သူငယ်ချင်းနဲ့ မျှားတာတောင်မှ ဒီကောင်ရအောင်ရှောင်ထွက်သွားတယ်..”
“အေးကွာ.. အဲဒီတုန်းက ငါတော့ခွင်မိပြီထင်ထားတာ”
“သူခံရမှာကျတော့ တော်တော်ကြောက်တဲ့ကောင် ”

ဟုတ်သည်။.. ဒီကောင်က သူပြန်ခံရမှာတော့ ကြောက်သည်။ ကျွန်တော်တို့ဝေစုများကို သူတစ်ပတ်ရိုက်ပြီး ၁၀ရက်ခန့်အကြာတွင် ဖိုးသူညီမဝမ်းကွဲ၏ သူငယ်ချင်းကောင်မလေးကို အကူအညီတောင်းကာ တုတ်ကြီးကို မျှားရန် ကြံစည်ခဲ့ဖူး၏။ ရုပ်ရှင်တွေထဲကလို တုတ်ကြီးက ထိုကောင်မလေးကို တစ်နေရာရာ ခေါ်သွားချိန် ကြိုတင် စီစဉ်ထားသည့် အစ်ကိုတစ်ယောက်က ဒါသူ့ဇနီးဟုဆိုပြီး တုတ်ကြီးထံမှ ငွေညှစ်ရန်စီစဉ်ထားသော်လည်း တုတ်ကြီးမှ ထိုကောင်မလေးကို ပြုံးပြပြီးရှောင်ထွက်သွားတာကြောင့် ထိုအစီအစဉ် ပျက်သွားခဲ့ဖူးသည်။ထိုမျှအထိ တုတ်ကြီးက သတိကောင်းလွန်းသည်။

ထို့နောက်ကျွန်တော်တို့ ရောက်တတ်ရာရာများပြောပြီး လူစုခွဲလိုက်ကြ၏။  ထိုညတွင်တော့ တုတ်ကြီးကို အပီနှက်ရန် ကျွန်တော်စဉ်းစားခန်း ဝင်နေသည်။ လူတစ်ယောက်၏ အားနည်းချက်ကို အရအမိချုပ်ကိုင်ရန်မှာ ထိုသူ၏စရိုက် ဝါသနာတို့မှ ထိုးဖောက်ရတာ အလွယ်ဆုံး မဟုတ်လား။ ထို့ကြောင့် တုတ်ကြီး၏ ဝါသနာနှင့် စရိုက်ကို အပြင်းအထန်တွေးနေမိသည်။ မိန်းခလေးများနှင့် မျှားလျှင်လည်း မိမည်မထင်။ ရိုက်လုလို့ကလည်း မဖြစ်။ 

ထိုသို့ စဉ်းစားရင်းဖြင့် တုတ်ကြီး၏ ဝါသနာတစ်ခုကို သတိရသွားသည်။ ထိုဝါသနာမှာ ဖဲရိုက်ခြင်းဖြစ်သည်။ တုတ်ကြီးသည်ဖဲရိုက်ရတာ အလွန်ဝါသနာပါသည်။ထို့ကြောင့် တုတ်ကြီး၏ ဝါသနာဖြစ်သော ဖဲရိုက်ခြင်းနှင့် မျှားမှဖြစ်မှာကို တွေးမိသည်။ ထိုသို့တွေးမိသဖြင့်  ဒီကောင့်ကိုဖဲဝိုင်းကနေ မည်သို့တစ်ပတ်ရိုက်ရမလဲဆိုသည်ကို ဥာဏ်နီဥာဏ်နက်များ ထုတ်နေမိသည်။ ဖဲရိုက်ရာတွင် ကျွန်တော်တို့ထက် ပိုသွေးအေးသော ပိုတွက်တတ်သော ပိုကျွမ်းကျင်သော တုတ်ကြီးကို တော်ရုံဖြင့် လှည့်စား၍ ရနိုင်ဖို့ရန် မလွယ်ကူသောကြောင့် သေချာပေါက် အနိုင်ရမည့်နည်းကိုသာ စဉ်းစားနေမိသည်။ 

ကျွန်တော်တို့ ရှုံးသွား၍မဖြစ်၊ ထိုသို့တွေးရင်းဖြင့် တုတ်ကြီးကို လှည့်စားနိုင်မည့်နည်းတစ်ခုကို စဉ်းစားမိသွားသည်။ ထိုအကြံအစည်ကို တွေးမိသဖြင့် ကျွန်တော် အသံထွက်အောင် ရယ်လိုက်မိ၏။ ရိုးရှင်းလွန်းသော ထိုအကွက်တွင် တုတ်ကြီးအငိုက်မိသွားနိင်သည်။ ထို့ကြောင့် ဒီကောင့်လက်ထဲ ငွေရွှင်နေချိန် ခပ်သွက်သွက် လှုပ်ရှားရမှာ ဖြစ်သည့်အတွက် မနက်ဖြန်တွင် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ နောက်နေ့မနက်တွင်  သူငယ်ချင်းများကို စုစည်းလိုက်သည်။ 

“ တုတ်ကြီးကို တစ်ပတ်ရိုက်ဖို့ ငါအကြံတခုရထားတယ်ကွ။ ငါတို့ငွေတွေ သေချာပေါက် ပြန်ရစေရမယ်”

ကျွန်တော့် စကားကြောင့် ကျန်သည့်သူများ စိတ်ဝင်တစားရှေ့သို့ တိုးလာကြ၏။ တုတ်ကြီးကို အကျော်အခွ လုပ်ရမည် ဆိုတာကြောင့် ပို၍ တက်ကြွကြခြင်းဖြစ်သည်။ ရဲကြီးမှ 

“မင်းအစီအစဉ်က ဘယ်လိုလဲပြောပါဦး”

“ငါ့အကြံအစည်က တုတ်ကြီးကို ချိန်းပြီးဖဲရိုက်မယ်”
“ အမ် ”
“အာ.. တုတ်ကြီးက ဖဲရိုက်တာ ငါတို့ထက် ပိုကျွမ်းတယ်ကွ  မရှိမဲ့ရှိမဲ့လေးတွေ ကုန်သွားဦးမယ်ကွာ။”

“ မရှုံးစေရဘူးစိတ်ချ။ ငါသေသေချာချာ အကွက်ချထားပြီးပြီ”

“ဒါဆို အစီအစဉ်ပြောပြကွာ”

“ ငါစီစဉ်ထားတာက ဒီလိုကွ.. မင်းသူနဲ့ ရဲကြီးက တုတ်ကြီးအိမ်သွားပြီး ဖဲရိုက်ဖို့စိမ်ခေါ်ကွာ။ မခံချင်အောင်ပြောနော် သူနဲ့ချိန်းပြီးတာနဲ့ ငါတို့အားလုံးဖဲဝိုင်းမှာ ငွေပြနိုင်ဖို့ ပိုက်ဆံရှာရမယ်”

“ အစီအစဉ် အသေးစိတ်ပြောလေကွာ၊ ဖဲဝိုင်းမှာ ငါတို့က ဘယ်လိုရုပ်ရှင်ရိုက်ရမှာလဲ”

“ပုံမှန်ပဲလေကွာ ဖဲကိုသာအာရုံစိုက်ပြီး နိုင်အောင်ရိုက်၊ ရှုံးမှာ စိတ်မပူနဲ့.. အရေးကြီးတာက ငါတစ်ခုခု လှုပ်ရှားပြီဆိုတာနဲ့ မင်းတို့အနောက်ကနေ သံယောင်လိုက်ရမယ်..အဲဒါအဓိကပဲ ”

“အေး ဒါဆိုလဲ ငါတို့ အခုတုတ်ကြီးအိမ်သွားမယ် ” ပြောပြောဆိုဆိုဖြင့် မင်းသူမှ မတ်တပ်ထရပ်လိုက်သည်။

ကျွန်တော်မှ
“ သွားတာက ငါတို့အားလုံး အတူတူသွားမယ်.. လမ်းထိပ်မှာ ငါနဲ့ဖိုးသူစောင့်နေခဲ့မယ် .. မင်းနဲ့ရဲကြီးက ဒီကောင့်ကို ဖဲရိုက်ဖို့ သွားချိန်း.. ဖဲဝိုင်းဖြစ်မှ ငါတို့ပိုက်ဆံပြန်ရမှာနော်.. ဒါကြောင့် မရရအောင် ချိန်း.. အရေးကြီးဆုံးပြောရမှာက သူ့အခန်းမှာပဲ ဖဲရိုက်မယ်ဆိုတာကိုပြော”

ထို့နောက် ကျွန်တော်နှင့်ဖိုးသူ တုတ်ကြီးအိမ် လမ်းထိပ်က လ္ဘက်ရည်ဆိုင်တွင် ထိုင်စောင့်နေကြသည်။ ၁၀မိနစ်ခန့်ကြာပြီးနောက် မင်းသူနှင့် ရဲကြီး ပြန်ထွက်လာကြ၏။ လှမ်းမြင်နိုင်သော နေရာလောက်ကတည်းက လက်မထောင်ပြတာကြောင့် ချိန်းပွဲဖြစ်ပြီဆိုတာ သိလိုက်ရသည်။

“နေ့လည် ၂နာရီ ရိုက်ဖို့ ချိန်းထားခဲ့တယ်.. ဒီကောင်က အင်တင်တင်နဲ့ကွ.. သူ့အိမ်မှာ ရိုက်မယ်ဆိုလို့သာ လက်ခံလိုက်တာ .. တစ်ခြားနေရာမှာဆို ငါတို့လိမ်မှာကို ကြောက်လို့နဲ့တူတယ်။” 

ကျွန်တော်ထင်သလို ဖြစ်လာသဖြင့် ပြုံးလိုက်မိသည်။ရဲကြီးမှ.. 
“ဒီကောင်က သောက်ကြီးသောက်ကျယ်နဲ့ကွ.. ငွေပြနိုင်မှ ရိုက်မှာနော်တဲ့ ပြောလိုက်သေးတယ်။”

“အေးပါကွာ.. ငါတို့တွေ အခုလူစုခွဲပြီး ငွေများများရအောင် ချေးငှားပေါင်နှံပြီး ရှာခဲ့ကြ။ နေ့လည်တစ်နာရီခွဲ ဒီဆိုင်မှာ ပြန်ဆုံမယ်” ဟု ပြောပြီး ကျွန်တော်တို့ လူစုခွဲလိုက်ကြသည်။

ထို့နောက် ကိုယ်စီကိုယ်စီ ချေးငှားပေါင်နှံကာ ငွေရှာဖွေပြီးနောက် နေ့လည်တစ်နာရီခွဲတွင် ထိုလ္ဘက်ရည်ဆိုင်၌ ပြန်ဆုံကြသည်။  မိမိတို့ ရှာဖွေလာကြသော ငွေများကို ထုတ်ပြရင်း ဖိုးသူမှ..

“ မင်းဟာ နိုင်မှာသေချာရဲ့လားကွာ.. ရှုံးရင် ငါတို့ဒီမြို့က ထွက်ပြေးရမှာ”
“အေး ဟုတ်တယ် .. ငါလဲ မနည်းတောင်းပန်ပြီး ချေးလာတာ ပြန်မပေးလို့ မဖြစ်ဘူး” 
“အေးကွာ ငွေက ရှာရတာ လွယ်တာ မဟုတ်ဘူး မင်းသေချာရင်ပြီးတာဘဲ” 

ဟု တစ်ယောက်တစ်ပေါက် စိုးရိမ်တကြီးပြောကြသည်။ ထိုအခါ ကျွန်တော်မှ...
“ မောင်ပိုင်ပါကွာ စိတ်ချစမ်းပါ မရှုံးစေရဘူး ။ အရေးကြီးတာက  ငါတစ်ခုခု လှုပ်ရှားတာနဲ့ အနောက်က မင်းတို့သံယောင်လိုက်ပြီး ဝိုင်းပြောဖို့ မမေ့နဲ့နော် အဲဒါ အဓိကပဲ။ ” 

စည်းဝါးကိုက်ပြီးနောက် ကျွန်တော်တို့ လေးယောက် တုတ်ကြီးအိမ် ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ကို မြင်သဖြင့် တုတ်ကြီးမှ မချိုမချဉ်ပြုံးကာ 

“ ငါ့သူငယ်ချင်းကြီးတွေ ပျောက်လှချည်လား မတွေ့တာကြာပေါ့... နေကောင်းကြရဲ့လား”

“ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲကွာ”

“အေးအေး..ကောင်းတယ် ဒါထက်ငါအခုတလော ကံတက်နေတာနော်. တော်ကြာ မင်းတို့ ရှုံးသွားဦးမယ်”

“ မင်းဘာမှ အပိုတွေ မပြောနဲ့ ရိုက်စရာရှိတာရိုက်မယ်.. ”

“ကဲ ဒါဆို.. ဘာရိုက်ကြမလဲ ”

“ယောက်ျားပဲကွာ.. ရှမ်းကိုးမီး ရိုက်တာပေါ့”

“ဒါဆိုလဲ လာကွာ အားလုံးပြင်ထားပြီးပြီ”

တုတ်ကြီး၏ဧည့်ခန်းတွင် ပုဆိုးတစ်ထည်ခင်းကာ ဖဲထုတ်အသစ်တစ်ထုပ် အဆင်သင့်ချထား၏။ ကျွန်တော်တို့ ၅ယောက် ၀ိုင်းထိုင်လိုက်ကြပြီး ပါလာသော ငွေများကိုအရှေ့တွင် ပုံကာ ချထားလိုက်သည်။  တုတ်ကြီးအရှေ့ တွင်တော့ ငွေပုံကြီးမှာ အထပ်လိုက်နှင့် အများကြီးဖြစ်သည်။ ထိုသည်မှာ တုတ်ကြီး၏ အကျင့်တစ်ခုဖြစ်သည်။ ဖဲရိုက်တိုင်း ရှိသမျှ ငွေများကို အရှေ့တွင် ပုံထားလေ့ရှိသည်။ သူ့အဆိုအရတော့ ကစားဖော်များမှာ ထိုငွေတွေကိုကြည့်ပြီး လောဘဇော တက်နေနိုင်တာကြောင့် ဖဲရိုက်ရာတွင် တည်ငြိမ်ဖို့မလွယ်ဟု ယူဆထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတွင်လည်း ရှိသမျှငွေများကို ရှေ့တွင်ချကာ ဟိုကောင်သုံးကောင်၏ မျက်လုံးများကို လောဘဇောဖြင့် အရောင် တစ်လက်လက် ထွက်နေစေ၏။ ထို့နောက်တွင်တော့ ရှမ်းကိုးမီးပွဲကြီး စတင်လေပြီ။

ပထမ နာရီဝက်အတွင်းတွင် လောင်းကြေးကို စွတ်အရမ်းမထိုးဘဲ မှန်မှန်သာ ထိုးကြသဖြင့်  ပွဲမှာ ခက်အေးအေးသာ ဖြစ်နေသည်။ ထို့နောက်တဖြည်းဖြည်း အရှိန်ရလာကြ၏။ တစ်နာရီခန့်ကြာပြီးခန့်တွင် မင်းသူနှင့် ရဲကြီးမှာ ဖဲနိုင်နေသဖြင့် ပျော်တပြုံးပြုံးဖြစ်နေသည်။ အနည်းငယ် ရှုံးနေသော်လည်း တုတ်ကြီးမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ဖဲအတက်အကျကို အလှည့်စောင့်ပြီး ကြေးအတိုးအလျှော့ဖြင့် ကစားသောကြောင့် ကျွန်တော်တို့ ငွေများ သူ့ရှေ့က ငွေပုံထဲသို့ တဖြေးဖြေးရောက်စပြုလာ၏။

နှစ်နာရီခန့်ကြာပြီးနောက် ဖဲဝိုင်းမှ ပထမဆုံး ငွေကုန်သဖြင့် ဖိုးသူထွက်လိုက်ရသည်။ ပါလာသောငွေလေး ကုန်သွားတာကြောင့် သူ့ခမျာ ဇီးရွက်ခန့်မျက်နှာငယ်လေးဖြင့် ကျွန်တော်မည်သို့လှုပ်ရှားမည်ဆိုသည်ကို မကြာမကြာ  ကြည့်နေရှာသည်။ ထို့နောက် ဝိုင်းထဲမှ ဒုတိယမြောက်ထွက်ရသူမှာ မင်းသူဖြစ်သည်။ ကျွန်တော်နှင့် ရဲကြီးထံတွင်လည်း ငွေသိပ်မကျန်တော့။ ဟိုကောင် သုံးကောင်စလုံး မျက်စိမျက်နှာပျက်ကာ ၁၀စက္ကန့်တွင် တစ်ကြိမ်ခန့် ကျွန်တော့်ကို လှမ်းလှမ်းကြည့်ကာ လှုပ်ရှားမည့်အချိန်ကို စောင့်နေကြသည်။ ကံဖြင့် မနိုင်နိုင်တာကြောင့် ကျွန်တော်လည်း Plan B ကို ထုတ်သုံးလိုက်သည်။

ဖဲဝေဟန်ပြင်နေသော တုတ်ကြီးလက်ကိုဆွဲကိုင်ကာ

“မဝေနဲ့ဦး ငါဖဲထုတ် စစ်မယ်.. ”
“ဖဲထုတ်စစ်မယ်.. ဘာဖြစ်လို့လဲ”
“မင်းဖဲခိုးထားလား စစ်မှာပေါ့ကွ”

“ငါက ဘာလို့ဖဲခိုးရမှာလဲ စစ်ချင်စစ်..ရော့” ဟုဆိုကာ ဖဲထုတ်လှမ်းပေးသည်။

ဖဲတုတ်ကိုယူကာ တစ်ချပ်ချင်းစီ အောက်ပစ်ချပြီး အားလုံးမြင်အောင် ရေတွက်ပြသည်။ မျက်လုံးတွေအားလုံး ဖဲချပ်များထံတွင် စူးစိုက်ကြည့်နေကြသည်။ ဖဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်ကာ ဖဲရွက်ရေတွက်သံ တစ်ခုသာ ထွက်ပေါ်နေ၏။ အချပ်ရေ ၄၀ ကျော်ပြီးနောက် အားလုံး သံပြိုင် ဝိုင်းရွတ်ကြသည်။

“၄၅.. ၄၆..၄၇.. ၄၈..၄၉.. ၅၀… ကဲ ၅၁ တွေ့လား တစ်ချပ်လိုနေတယ်.. ”

သေချာအောင် တုတ်ကြီး နောက်တစ်ကြိမ် ပြန်လည်ရေတွက်သော်လည်း ဖဲထုတ်မှာ ၅၁ ချပ်ထဲ ရှိကာ တစ်ချပ်လိုနေသည်။ ကျွန်တော်တို့အားလုံး စူးစူးဝါးဝါး စိုက်ကြည့်နေတာကြောင့် တုတ်ကြီး ပြာပြာသလဲငြင်းသည်။

“ ငါမယူထားဘူးနော်.. ငါမသိဘူး.”

“မင်း မယူလို့ ဘယ်သူယူမလဲကွ..”

“ အဲဒါကြောင့် မင်းဖဲကောင်းလှချည်လားလို့ ထင်နေတာ ”
“ဒါမျိုးတော့ မလုပ်သင့်ပါဘူးကွာ”
“ခိုးထားတဲ့ဖဲချပ်ထုတ်ပေး”

အချိန်ကျပြီဆိုတာကို နပ်သည့် ဟိုသုံးကောင် တုတ်ကြီးကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့သည်။

“ငါ မယူပါဘူးဆို ဘယ်လိုထုတ်ပေးရမှာလဲ”
ထိုအခါ ကျွန်တော်မှ 

“အေး .. မင်းမယူထားတာ သေချာရင် အင်္ကျီ ချွတ်ပြ” 

တုတ်ကြီးက သူ့အင်္ကျီကို ခပ်သွက်သွက်ချွတ်ပြသည်။ အိပ်ကပ်များထဲတွင်ပါ နှိုက်ပြသည်။ ဖဲချပ်က ထွက်မလာ။ 

“ မင်းပုဆိုးပါချွတ်” 

တုတ်ကြီး ဝတ်ထားသော ပုဆိုးကို ကွင်းလုံးချွတ်ပြကာ လေထဲတွင် ခါရမ်းပြသည်။ ဖဲတစ်ချပ်က ရှောင်ပုန်းကောင်းနေဆဲ။ တုတ်ကြီးထံတွင်တော့ အောက်ခံဘောင်းဘီတိုလေးသာ ကျန်တော့သည်။

“ကဲ ယုံပြီလား.. ငါမခိုးပါဘူးဆို”

“မယုံသေးဘူး.. မင်း အဲဒီဘောင်းဘီပါချွတ်.. ”

“ အဲ.. အဲဒါ ချွတ်ရင် အကုန်ပြောင်ပြီပေါ့ကွ။ တကယ်မယူထားပါဘူးကွာ”

ဟိုကောင်သုံးကောင်ကတော့ ဝေခွဲမရသည့် အကြည့်ဖြင့် လှမ်းကြည့်နေကြ၏။

“မင်းမချွတ်ရင်တော့ မင်းခိုးတာပဲလို့ သတ်မှတ်ရမှာပေါ့.. အဲဒါဆို ငါတို့ပိုက်ဆံတွေ ပြန်ယူရလိမ့်မယ်”

သူနိုင်ထားသည့်ပိုက်ဆံတွေ ပြန်ပေးရမှာ စိုးရိမ်သည့်လောဘစိတ်ကြောင့် နောက်ဆုံးလက်ကျန် အောက်ခံ ဘောင်းဘီတိုလေးကို ဆွဲချွတ်လိုက်ရတော့သည်။ တုတ်ကြီး အောက်ခံဘောင်းဘီတိုလေး ဆွဲချွတ်နေချိန် လက်မအားသည်ကို အခွင့်ကောင်းယူပြီး ကျွန်တော်မှ ခင်းထားသောပုဆိုး၏ အနားလေးဘက်ကို စုကိုင်ကာ ထပြေးတော့သည်။ ထိုပုဆိုးထဲတွင် အားလုံး၏ ငွေများ ရှိနေသည်။

“ ဟေ့ကောင်တွေ ပြေးကြဟ..”

ပြောပြောဆိုဆိုဖြင့် ရှေ့ကဦးဆောင်ပြီး  ထွက်ပြေးတာကြောင့် ဟိုသုံးကောင်မှာ ဖိနပ်များကို လက်က ဆွဲပြီး ကမန်းကတန်း ထပြေးကြတော့၏။ သူ့ပိုက်ဆံတွေ ပါသွားသဖြင့် တုတ်ကြီး အနောက်က အော်ဟစ်ကာ ပြေးလိုက်လာသည်။ အိမ်ဝရောက်ပြီးမှ သူကိုယ်တုံးလုံးကြီး ဖြစ်နေတာ သတိရတာကြောင့် အိမ်ထဲပြန်ဝင်ပြေးကာ အ၀တ်အစားဝတ်ပြီး ကျွန်တော်တို့နောက် လိုက်လာသေးသည်။ သို့သော် ထိုအချိန်တွင် ကျွန်တော်တို့မှာ လမ်းထိပ်တွင် ကြိုတင်စောင့်ခိုင်းထားသော ကားဖြင့် တုတ်ကြီးလိုက်မမှီနိင်သည့်နေရာသို့ ရောက်ရှိ လွတ်မြောက်သွားပြီဖြစ်သည်။ 
~~~~~~~~~~~~~~~။

“ချီးယားစ်”

မီးပုံမှ ဖြာထွက်နေသော အလင်းရောင်အောက်တွင် ဘီယာဖန်ခွက်ခြင်း ထိခတ်သံချိုလွင်စွာ ထွက်ပေါ်လာသည်။ ကျွန်တော်တို့ ရောက်ရှိနေသည်က ကမ်းခြေတစ်ခုတွင်ဖြစ်၏။ ညနေကတည်းက ကြိုတင်စီစဉ်ထားသောကားဖြင့် ကမ်းခြေအထိရောက်အောင် မောင်းလာခဲ့ကြခြင်းဖြစ်သည်။ ကားပေါ်မှာထဲက စတင်ခဲ့သော အပျော်တို့သည် မီးပုံပွဲနှင့်ဘီယာဝိုင်းတွင် အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေပြီ။

ငွေရလာသည်ထက် တုတ်ကြီးကို ပြန်လည် လှည့်စားနိင်ခဲ့တာကို အားလုံးပျော်ရွှင်ကြခြင်းဖြစ်သည်။ တုတ်ကြီးကျွန်တော်တို့ကို အကျော်အခွဇယားခင်းပြီး တစ်ပတ်ရိုက်သွားတုန်းက ကျွန်တော်တို့ အကြွေးပါတ်လည်ဝိုင်းကာ ဒုက္ခရောက်ခဲ့ဖူးသည်။ ခုတော့ဒီကောင်ခံရသည့်အလှည့် ပြန်ရောက်ခဲ့ပြီ။ 
နှုတ်ခမ်းတွင်ပေနေသော ဘီယာအမြုပ်များကို လျှာဖြင့်သပ်ရင်း မင်းသူမှ..

“ငါက ဖဲဝိုင်းမှာ မင်း ပညာစွမ်းတွေပြပြီး အနိင်ယူမယ်ထင်ထားတာကွ မင်းက ကလေးလို လုပြေးတာကိုး ဟားဟား”

ပြောပြီးရယ်တာကြောင့် ကျွန်တော်တို့ အားလုံး လိုက်ရယ်ကြသည်။


“ ငါက အဲဒါတွေမှ မလုပ်တတ်တာ ဒါကြောင့် ဒီကောင်လိုက်မလာနိင်အောင် ကိုယ်တုံးလုံးချွတ်ခိုင်းပြီးမှ ငွေလုပြေးရတာပေါ့ ဖဲရိုက်ရင်းနဲ့ နိင်ရင်တော့ မလုဘူးလို့ တွေးထားတာပဲ ဖဲကလည်း ညံ့ချက်ကွာ”


“အစီအစဉ်ကို ကြိုပြောထားရင် အဝတ်အစားအပိုလေးပါ ထည့်ခဲ့လို့ရမှာ”

“ ကြိုပြောထားရင် မင်းတို့မျက်နာပြုံးစိစိဖြစ်နေတာနဲ့ တုတ်ကြီးကနပ်သွားမှာ စိုးလို့ကွ”

“ လောဘဇောတက်ပြီး ကိုယ်တုံးလုံးချွတ်တာကို ငါတော့ ရယ်ချင်လိုက်တာ ဟား ဟား”

အပျော်များဖြင့် ထုံမွှန်းထားတာကြောင့် ရယ်သံများက လွယ်ကူစွာ ထွက်ပေါ်နေသည်။ ရဲကြီးမှ အရယ်ရပ်ကာ မေးခွန်းထုတ်သည်။


“ ငါသိချင်တာက ပျောက်သွားတဲ့ ဖဲတစ်ချပ်က ဘယ်ရောက်သွားတာလဲ ”

“ အေး... ဟုတ်တယ် ငါတို့လည်း အဲဒါသိချင်နေတာ ဖဲချပ်က ဘယ်မှာလဲ”

ခွက်ထဲမှ လက်ကျန်ဘီယာကို အပြတ်ရှင်းပြီး အဖြေပြန်ပေးလိုက်သည်။

“ ရှင်းရှင်းလေးပါကွာ.. ငါအပေါ့ထသွားရင်း အိမ်သာခွက်ထဲ ပစ်ချလိုက်တာ ”

“ ဟား ဟား ဟား ”

ကမ်းခြေတစ်လျှောက်တွင်တော့ လတ်ဆတ်ပေါ့ပါးသော ရယ်သံများ လွင့်ပျံသွားလေသည်။

။.........................................................................။
အကျော်အခွဇယား(၁)