Friday, March 26, 2010

ချုံထဲက ငါး

မကြာခင်မှာ မော်တော် ဆိုက်တော့မှာကြောင့် ပါလာသော ကျောပိုးအိတ်ကို လွယ်လိုက်သည်။ လက်နှစ်ဘက်မှ အထုပ်အပိုးများကို အဆင်သင့်ဆွဲကာ မော်တော်အရှေ့ပိုင်းကို ထွက်လာခဲ့သည်။

"အကို ဘယ် ဆိပ်ဆင်းမလဲ" မော်တော်ဦးတွင် ထိုင်နေသော ကောင်လေးမှ မေးသဖြင့်
" ဖွားစိမ်း ဆိပ်မှာ ဆင်းမယ်ညီ ဟိုရှေ့က အုန်းပင် နှစ်ပင်ရှိတဲ့ဆိပ် "
" သိတယ်အကို"

ပြောပြောဆိုဆိုဖြင့် ထရပ်ကာ မော်တော် စက်လှေခန်းကို လက်ထောင်ပြ၍ အချက်ပြလိုက်သည်။ တွံတေးမြို့နှင့် အဖွားတို့ရွာရှိသော ကရင်ချောင်းထဲကို ပြေးဆွဲနေသော မော်တော်သည် အရှည်ပေ ၃၀ ကျော်ခန့် ရှိပြီး အကျယ်မှာတော့ ၉ ပေခန့်ရှိမည် ထင်ရသည်။ မော်တော်ပေါ်တက်သည့် မော်တော်ဦး မှ လှေကားဖြင့် ၄ ထစ်ခန့်ဆင်းမှ မော်တော်ဝန်းထဲကို ရောက်သည်။ အထဲတွင်တော့ ဘယ်ညာ နှစ်ဖက် ခုံတန်းရှည်များ ရှိနေသည်။ အလယ်ကွက်လပ်တွင်တော့ ကုန်ပစ္စည်းများ ထားရန်ဖြစ်သည်။ ခရီးသည် တစ်ချို့ကတော့ မော်တော် ခေါင်မိုးပေါ်တွင် ထိုင်လျက် လိုက်ပါလာကြသည်။ မော်တော်အင်ဂျင်ကိုတော့ နောက်ဖက်တွင် ထားသည်။ မော်တော်မောင်းသူသည် တွံတေးတူးမြောင်းကို ကျော်ကာ ကရင်ချောင်းထဲ ရောက်လာချိန်တွင် မတ်တပ်ရပ်ကာ မောင်းရသဖြင့် မော်တော်ဦးမှ အကူကောင်လေးရဲ့ အချက်ပြမှုကို ခေါင်မိုးပေါ်မှ ကျော်ကာ မြင်ရခြင်းဖြစ်သည်။

မော်တော်သည် စက်အရှိန်သတ်ပြီး ဖွားစိမ်း ဆိပ်တို့ ဦးတည်နေသည်။ ဖွားစိမ်း ဆိုသည်က ကျွန်တော့် အဖွားဖြစ်သည်။ အဖွားအိမ်ရှေ့က ရေချိုးဆိပ်ကို ဖွားစိမ်းဆိပ်ဟု ခေါ်ကြသည်။ ကောင်လေးကတော့ ထိုးဝါးကို အဆင်သင့်ကိုင်ထားသည်။ မော်တော်ဆိုက်ကပ်ဟန်မြင်သဖြင့် ကမ်းနဖူးတွင် တည်ရှိသော ဒေါ်လေးတို့ အိမ်မှ အကိုလေး ထွက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ အရှိန်သတ်ထား သော မော်တော်သည် ထိုးဝါးရဲ့ အကူအညီဖြင့် ကမ်းနဖူးကို ဖြေးညင်းစွာ ဦးတိုက်သည်။

" မင်းတစ်ယောက်ထဲလား ဒေါ်ကြီးတို့မပါဘူးလား " လက်ထဲမှ အထုပ်ကို လှမ်းယူရင်း အကိုလေးမေးလိုက်သည်။
" သူတို့တွေ မအားပါဘူးကွာ ငါသာ မနေနိင်လို့ ထွက်လာတာ " ပြန်ဖြေရင်း ဖိနပ်ကို လက်ကကိုင်ကာ မော်တော်ပေါ်မှ ခုန်ဆင်းလိုက်သည်။

" အိမ်လိုက်ခဲ့မလား "
" အဖွားကို အရင်သွားကန်တော့လိုက်အုံးမယ်လေ"

ကျွန်တော့်ရဲ့ အဖြေစကားကြောင့် အထုပ်ဆွဲရင်း အကိုလေးပါ အဖွားအိမ်သို့လိုက်လာသည်။ ကျွန်တော့်မေမေတွင် မွေးချင်းမောင်နှမ ၄ ယောက် ရှိသည့်အနက် မေမေတစ်ယောက်သာ မြို့တွင် အခြေချနေထိုင်ခြင်းဖြစ်သည်။ ဦးလေး နှစ်ယောက် နှင့် အဒေါ်တစ်ယောက်ကတော့ ရွာတွင်သာ
နေထိုင်သည်။ အဖွားကတော့ ဦးလေး အငယ်ဆုံးနှင့်သာ အတူနေသည်။ အိမ် ၃ လုံးသည် ဖိုခနောက်ဆိုင်တည်ရှိနေသည်။ မော်တော်ဆိုက်ကပ်သံကြောင့် ဦးလေးရဲ့ သားသမီးများ ထွက်လာကြသည်။ အားရဝမ်းသာကြိုဆိုကြသည်။
ကျွန်တော်သည် ရွာတွင်သာ ပျော်သဖြင့် နွေရာသီ ကျောင်းပိတ်သည်နှင့် နောက်တစ်နေ့တွင် ရွာကို ရောက်လာမြဲဖြစ်သည်။ ဝမ်းကွဲ ညီအကို မောင်နှမ များသဖြင့် ကျောင်းတွေပြန်ဖွင့်ချိန်အထိ ရွာတွင်သာ ပျော်နေတတ်သည်။ မောင်နှမများနှင့် ချောင်းထဲတွင် ရေချိုးဆင်းချိန်သည် ကျွန်တော်အမက်မောဆုံး အချိန်လည်းဖြစ်သည်။ မနက်ဝေလီဝေလင်းတွင် ချောင်းထဲမှ ဖြတ်သွားသော ပဲ့ထောင်(စက်လှေ) များရဲ့ အင်ဂျင်သံ တဘုတ်ဘုတ်ကို အိပ်ယာထဲတွင် မှိန်းရင်း နားထောင်ရသည်မှာ မမေ့နိင်သော အရသာ တစ်မျိုးလည်း ဖြစ်သည်။ တစ်ခါတစ်လေ မြို့ပေါ်တွင် ထိုကဲ့သို့ ခပ်ဆင်ဆင်တူသော အင်ဂျင်သံများကို ကြားရချိန်တွင် ရွာရဲ့ မနက်ခင်းများကို ချက်ချင်း သတိရသွားတတ်သည်။

အထုပ်အပိုးများချကာ ပါလာသော ပစ္စည်းများကိုခွဲတမ်းချရသည်။ အဖွားအတွက် ဦးလေးတွေနှင့် အဒေါ်အတွက် ခွဲကာ အသီးသီးကို
ကန်တော့လိုက်သည်။ ထို့နောက် မေမေလှူလိုက်သော လှူဖွယ်များကိုယူကာ ရွာဦးကျောင်းသို့ သွားရောက်လှူဒါန်းလိုက်သည်။
အပြန်လမ်းတွင် ဘကြီးအေး အိမ်ရှေ့အရောက် ခြံထဲမှ ထွက်လာသော ဘကြီးအေး နှင့်ဆုံတွေ့ရသည်။

" တူရီး ဘယ်တုန်းကရောက်လဲကွ "
" ဒီနေ့ပဲ ရောက်တာ ဘကြီး .... ဘကြီးနေကောင်းတယ်နော် "
" အေးကောင်းတယ်ကွ ... ဘယ်သူတွေပါသေးတုန်း "
" ကျွန်တော် တစ်ယောက်ထဲ အရင်လာတာ မေမေတို့က နောက်မှ လိုက်လာမယ်နဲ့တူတယ် "
" မကြည်ဝင်းတို့ရော နေကောင်းတယ်နော် "
" ဟုတ် ကောင်းတယ် ဘကြီး မေမေရော ဖေဖေရောပဲ "
" အေးအေး ကောင်းတယ် .. အတော်ပဲကွ ညနေ ငါ ချုံဖော်မယ် လာခဲ့လေ " ဘကြီးရဲ့ စကားကြောင့် ကျွန်တော် ဝမ်းသာ သွားသည်။
" လာမယ် ဘကြီး ... ဒါမျိုး ကြုံချင်နေတာနဲ့ အတော်ပဲ "
" အေးအေး လာခဲ့ မင်းဦးလေးတွေပါ ပြောလိုက်အုံး "
" ဟုတ်...ဘကြီး ဒါဆို သွားလိုက်အုံးမယ် "
" အေး အေး"

ဘကြီးကိုနှုတ်ဆက်ပြီး အဖွားအိမ်သို့ ပြန်လျှောက်လာခဲ့သည်။ ..........

ညနေပိုင်းရောက်တော့ အကိုလေးနှင့်အတူ ဘကြီး အိမ်ဘက်ထွက်လာခဲ့သည်။ ချုံဖော်မည့် ဘကြီးအိမ်ရှေ့ ရေချိုးဆိပ်တွင်တော့ ဘကြီးအပါအဝင် ရွာထဲမှ ကာလသားများနှင့် ဦးလေးတို့ကို တွေ့လိုက်ရသည်။ တစ်ချို့က ငါးဖမ်းပိုက်ကို ဖြန့်ခင်းနေကြသလို တစ်ချို့ကတော့ မျှင်ဝါးများကို ဆွဲယူနေကြသည်။ ဘကြီးဖြစ်သူကတော့ ဂါလံပုံးကြီးထဲသို့ အရက်ဆီနှင့် ရေရောကာ အရက်စပ်နေသည်။ ကျွန်တော့်ကို မြင်၍ ဝိုင်းနှုတ်ဆက်ကြသည်။ သူတို့ကို ပြန်နှုတ်ဆက်ရင်း ချုံဖော်ရာတွင် လိုအပ်သော ပြုဖွယ်ကိစ္စများကို ဝိုင်းဝန်း လုပ်ဆောင်ပေးလိုက်သည်။

ဘကြီးဖြစ်သူမှ ခွက်တစ်ခွက်ထဲ အရက်ထည့်ကာ ကမ်းစပ်က အပင်ခြေရင်းတွင် သွားထားလိုက်သည်။ မကြာမှီ ချုံဖော်တော့မည် ဖြစ်သဖြင့် ငါး၊ ပုဇွန်များပိုမိုရရန် ဆိုင်ရာပိုင်ရာကို ဦးတိုက်ခြင်းလည်းဖြစ်သည်။ ချောင်းကမ်းနံဘေး ရွာဖြစ်သောကြောင့် မိမိတို့အိမ်ရှေ့မှ ရေဆိပ်ကို မိမိတို့ အပိုင်ဟု သတ်မှတ်ထားကြသည်။ အဖွားစိမ်း ဆိပ် ၊ ဘကြီးအေး ဆိပ် စသည်ဖြင့် အလွယ်ခေါ်ဖြစ်ကြသည်။ အတွင်းပိုင်းတွင် ရှိသော အိမ်ခြေများရှိသည့်
အရပ်ကိုတော့ ကုန်းဘက် ဟု ခေါ်ကြသည်။ ကုန်းဘက် ခဏသွားလိုက်အုံးမယ် ၊ ကုန်းဘက်က ပြန်လာရင် မုန့်ဖတ် ဝယ်ခဲ့၊ သောက်ရေခပ်ဖို့ ကုန်းဘက်သွားလိုက်အုံးမယ် စသဖြင့် ရွာရဲ့ တည်ရှိပုံကို ကမ်းနားဆိပ် နှင့် ကုန်းဘက် ဟူ၍ ခွဲခြားထားသည်။

နေ့လည်ရေချိုးဆင်းချိန်တွင်တော့ ကုန်းဘက် တွင်နေသူများလည်း ကမ်းနားဆိပ်သို့ ဆင်းလာပြီး ရေချိုးရသည်။ ကုန်းဘက်နေသူများ အဖို့တော့ ချုံချထားပြီး ငါးဖမ်းဖို့ အခွင့်သိပ်မရကြပေ။ လူနေအိမ်မရှိသော ရေချိုးဆိပ်တွင်သာ တစ်ခါတစ်လေ ချုံချခြင်းကို ပြုလုပ်ကြသည်။ ချုံချသည် ဆိုသည်မှာ သစ်ကိုင်းခြောက်များကို ရေထဲ သို့ ပစ်ချထားခြင်းဖြစ်သည်။ အခက်အလက် ရှုပ်ထွေးသော သစ်ကိုင်းခြောက်များကို ရေထဲသို့ စုပြုံ ပစ်ချထား သဖြင့် ရေအောက်ထဲတွင် ချုံ ကဲ့သို့ အကိုင်းအခက်များ ရှုပ်နေတော့သည်။ ငါး၊ ပုဇွန် တို့သည် အောက်ခြေရှုပ်နေသော အကိုင်းအခက်များ ကြားတွင် ခိုအောင်း နေတတ်သဖြင့် ထိုကဲ့သို့ ချုံအတုကို ဖန်တီးပေးထားခြင်း ဖြစ်သည်။ ချုံ ပိုင်ရှင်မှ မနက် နှင့် ညနေတွင် ဖွဲနုများကို ကြဲပက်ကာ အစာကျွေးသဖြင့် ထိုနေရာတွင် ရှိသော ငါး ၊ ပုဇွန်များ ထိုချုံမှ မခွာတော့ပေ။ ထိုနေရာသို့ ထပ်ရောက်လာသော ငါး ၊ ပုဇွန်များကြောင့် တဖြည်းဖြည်းနှင့် ငါး အစု အဝေးကြီး နေထိုင်သော နေရာ ဖြစ်လာတော့သည်။ ၁၀ ရက် ၁၅ရက်ခန့် ထိုကဲ့သို့ အစာများ ကြဲပက်ပြီးလျင်တော့ ချထားသော ချုံကို ဖော်လို့ရပြီဖြစ်သည်။

ထိုအချိန်ကို ချုံဖော် သည်ဟုရပ်ရွာစကားဖြင့်ခေါ်ကြသည်။ ယခုလည်း ဘကြီးအေး ဖြစ်သူ သူချထားသော ချုံကို ဖော်ပြီဖြစ်သည်။ ချုံထဲတွင် ငါး ဘယ်လောက်ရမည်ကိုတော့ အတိအကျ မခန့်မှန်းနိင်ပေ။ ချုံဖော်မည့်နေ့တွင် ချုံပိုင်ရှင်မှ မျှင်ဝါး ၁၀ လုံးခန့်ကို ရှာထားရသည်။ ထို့နောက် ချုံဖော်ရာတွင် သုံးသော ငါးဖမ်းပိုက်ကို အခကြေးငွေဖြင့် ငှားရမ်းရသည်။ အရက်ဆီ ပုလင်းများကိုဝယ်ကာ ဂါလံပုံးဖြင့် အရက်စပ်ထားပေးရသည်။ ရေထဲတွင် အချိန် ကြာမြင့်စွာ နေကြရသဖြင့် ဝိုင်းကူသူများ ချမ်းအေးကြသောကြောင့် တစ်ခွက်တစ်ဖလား သောက်ဖို့အတွက်ဖြစ်သည်။ ဝိုင်းကူသူများကို အခကြေးငွေ ပေးရန်မလိုပေ။ ကိုယ့်အလှည့် သူ့အလှည့် ကူကြသူများဖြစ်သည်။ ထိုက်သင့်သလို ဟင်းတစ်ခွက်စာ ဟင်းတစ်အိုးစာ ပေးလိုက်လျင် ကျေနပ် ကြသူများလည်းဖြစ်သည်။ ချုံဖော်တဲ့အခါ တစ်ခါတစ်လေ ငါးအရနည်းသည့် အခါမျိုးနှင့် ကြုံလျင် ဟင်းစားပေးလျင်ပင် မယူတတ်ကြပေ။

" ငါ့ကောင်တွေ လာကြဟေ့ အချမ်းပြေ ချလိုက်ရအောင် "

ဘကြီးအေး ခေါ်သံကြောင့် ဝိုင်းကူသူများ အရက်ပုံးဘေး ဝိုင်းလာကာ တစ်ခွက်တစ်ဖလားသောက်ကြသည်။ ထို့နောက် ကိုကြီးသာအောင်နှင့် ဖိုးသာထူးတို့ တင်ပါးနှစ်လုံး ပေါ်သည်အထိ ခါးတောင်းကို မြှောင်ကျိုက်ပြီး ရေထဲ ဆင်းကြတော့သည်။ ချုံဖော်ရာ တွင် ပထမဆုံး အနေဖြင့် မျှင်ဝါး များကို ချုံချထားသော နေရာကို ဝိုင်းပတ်ကာ ကမ်းစပ်ကို မျက်နာမူပြီး ဂ ငယ် ပုံစံ ခပ်ကျဲကျဲ လိုက်စိုက်ကြရသည်။ ထို့နောက် ငှားထားသော ငါးဖမ်းပိုက်ကို စိုက်ထားသည့်ဝါးများတွင် နှီးများဖြင့် လိုက်ချည်ကြတော့သည်။ ပိုက်ချည်ရာတွင်လည်း ဝါးတိုင်စိုက်ထားသော ရေအနက်ကို ကြည့်ကာ ရေအောက်ကြမ်းပြင်ထိသည် အထိပိုက်ချထားရသည်။ ခဲဆွဲထားသော ပိုက်သည် ကြမ်းပြင်တွင် ကျနေသဖြင့် ချုံထဲမှ ငါးတို့ အောက်ခြေမှ တိုးထွက်၍ မရနိင်တော့ပေ။

ဝါးတိုင်တို့တွင် ပိုက်ချည်ပြီးသဖြင့် ဖိုးသာထူး တို့ ပြန်တက်လာကြသည်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ဆင်းလို့ရပြီဖြစ်သည်။ ကျွန်တော်က ငါးဖမ်းရသည်ထက် ရေထဲဆင်းချင်သူ ဖြစ်သည်။ ရေထဲဆင်းရင်း ငါးဖမ်းရသည်မှာတော့ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ လှစ်ခနဲ လှစ်ခနဲ ငါးများ တိုးဝှေ့သော ခံစားချက်သည် ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှု တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် ရွာထဲမှ အရီးတင်မြနှင့် အမလှလေးစိန် တို့ မိန်းကလေး တစ်သိုက် စင်းနှီတုံး တစ်ဖက် ဓါးမ တစ်ဖက်ကိုင်ကာ ရောက်လာကြသည်။ ချုံဖော်ရာတွင် ယောကျာ်းလေးများနည်းတူ မိန်းခလေးများရဲ့ အကူအညီလည်း လိုအပ်သည်။ ဖမ်းမိသော ငါးတို့ကို ငါးခြောက်ငါးခြမ်း လုပ်လို့ရသည်အထိ တစ်ခါတည်း လုပ်ပေးကြသည်။ မိထားသော ငါးတို့ကို နောက်တစ်နေ့ ရန်ကုန်ပို့ဖို့ ရေခဲရိုက်ထားရန် အဆင်မပြေသဖြင့် ငါးခြောက်လှန်းလို့ ရသည်အထိ ခုတ်ထစ်ပေးကြခြင်းဖြစ်သည်။ ထိုက်သင့်သလို ဟင်းစားများ ပေးသည်။ ငါးခေါင်းနှင့် ငါးအဆီအိတ် ကိုတော့ သူတို့ကို ပေးသည်။ ရွာတွေမှာတော့ ငါးမှ ရသည့်အဆီများကို ချက်ပြုတ်ကြော်လှော်ရာတွင် အသုံးပြုသဖြင့် ငါးဆီသည်လည်း တန်ဖိုးရှိနေသည်။ အသီးအရွက်ကြော်များတွင် ငါးဆီနံ့သင်းနေခြင်းသည် ရွာမှာတော့ ပုံမှန်အဖြစ်အပျက်သာဖြစ်သည်။

ထို့နောက် ရေထဲဆင်းကြကာ ချထားသော အကိုင်းအခက်တွေကို ကမ်းပေါ် လက်ဆင့်ကမ်း တင်ကြသည်။ ခြေထောက်မှလည်း ရေထဲကို လိုက်စမ်းရင်း
သစ်ကိုင်း အစအနတွေ ရှိမရှိ စမ်းသပ်ရသေးသည်။ ရေထဲတွင် သစ်ကိုင်းတို့ မရှိတော့မှ ပိုက်ဆွဲရာတွင် အဆင်ပြေသည်။ ကျန်နေသေးသော သစ်ကိုင်းတို့ကြောင့် ပိုက် စုတ်ပြဲတတ်သည်။

" မကြည်ဝင်းသား သတိထားနော် ကိုင်းစူး နေမယ် " အရီးတင်မြရဲ့ စကားကြောင့်
" ဟုတ်ကဲ့ အရီးမြ " ဟုစိတ်မပူစေရန် ပြန်ဖြေလိုက်ရသည်။ ရွာတွေမှာတော့ နာမည်အစဖော်မရလျင် မိဘနာမည်တပ်ပြီး ဘယ်သူ့သား ဘယ်ဝါ့သမီး ဆိုပြီး ခေါ်ညွှန်းလေ့ရှိသည်။

" အဘနှယ် တစ်ခြံလုံးများ ခုတ်ပြီး ပစ်ချထားသလား နည်းတဲ့အကိုင်းတွေ မဟုတ်ဘူး " ကိုကြီးသာအောင် စကားကြောင့်
" မိုးဦးကျတုန်းက ကျိုးကျတဲ့ အကိုင်းတွေ ခြံရှုပ်တာနဲ့ ပစ်ချထားတာကွ " ဘကြီးအေးမှ ပြန်ဖြေလိုက်သည်။

" အဘ ပစ်ချတာက အကြောင်းမဟုတ်ဘူး အထဲက ငါးတွေတော့ မူးကုန်တော့မှာပဲ "
" ဘာဖြစ်လို့တုန်းကွ "
" အကိုင်းတွေ ဒီလောက် ရှုပ်နေမှတော့ ငါးတွေလည်း ရွာဘုရားပွဲက ဝင်္ကဘာ ထဲ ရောက်နေသလို ဖြစ်တော့မှာပေါ့ "
" အေးကွ မသောက်ဘဲနဲ့ မူးရောပေါ့ "

ဖိုးသာထူးစကားကို ဘကြီးဖြစ်သူမှ အလိုက်သင့် အရွှန်းဖောက်သဖြင့် အားလုံးရယ်ကုန်ကြသည်။
ရေထဲမှ သစ်ကိုင်းများ အကုန်ဖော်ပြီးသဖြင့် ကုန်းပေါ် ပြန်တက်လာကြသည်။ ရေထဲတွင် နေလိုက်ရသဖြင့် ချမ်းအေးသောကြောင့် တစ်ခွက်တစ်ဖလား သောက်ကြပြန်သည်။

" ကိုကြီးအေး ခင်များချုံ အရများမယ်ဗျ ကိုင်းဖော်နေရင်း ငါးတိုးတာ မနည်းဘူး "

ဦးလေးဖြစ်သူမှ ပြောလိုက်သောစကားကြောင့် ဘကြီးအေး မျက်နာ ရွှင်ပြသွားသည်။ ချုံချသည်ဆိုသည်မှာ မမြင်ရသောကံကြမ္မာနှင့် အလောင်းအစား လုပ်ထားရသလိုဖြစ်သည်။ ချုံဖော်ချိန်တွင် ဘယ်လောက်အထိ အရများမည် နဲမည်ဆိုသည်ကို ဘယ်လိုမှ ခန့်မှန်းလို့မရပေ။ သဘာဝက ပေးထားသော မြစ်ချောင်းထဲတွင် လုပ်ကိုင်ရသောကြောင့် အရင်းအနှီးတော့ နဲသည်။ မနက် ည ကျွေးသော အစာဖိုး၊ ပိုက်ငှားခ ၊ ဧည့်ခံစရိတ် လောက်သာ ကုန်ကျခံရပေမယ့် တခါတစ်လေ ငါးအရနဲသည်နှင့် ကြုံလျင်တော့ ချုံရှင်ဖြစ်သူလည်း စိတ်ပျက်ရသည်။

" ကဲ ပိုက်ဆွဲ လိုက်ကြရအောင် "

ဦးလေးဖြစ်သူရဲ့ လောဆော် မှုကြောင့် အားလုံးရေထဲဆင်းဖို့ ပြင်ကြသည်။ ဒီအချိန်သည် ချုံဖော်ခြင်းရဲ့ အရှိန်အမြင့်ဆုံး ဖြစ်သလို အဓိက အခန်းကဏ္ဍ လည်းဖြစ်သည်။ ကျွန်တော်စောင့်မျှော်နေသည်မှာလည်း ဒီအချိန်သာ ဖြစ်သည်။ သစ်ကိုင်းတို့ရှင်းလင်းသွားသော ရေထဲတွင် ငါးမျိုးစုံ နှင့် ပုဇွန်တို့သာ ကျန်ရှိကြတော့သည်။ ငါးကျည်း ။ ငါးခူ ၊ ငါးဇဉ်ရိုင်း တို့လို စူးမိလျင် အဆိပ်တက်သလို ခံစားရသော ငါများလည်း သေသေချာချာ ရှိနိင်သဖြင့် ရေထဲတွင် ခြေတစ်လှမ်း လှမ်းခါနီးတိုင်း သတိထားနေရသည်။ ချုံချထားသော နေရာသည် ရေအနက် လူကြီးရင်ဘတ်ခန့် သာရှိသဖြင့် ရေထဲတွင် လမ်းလျှောက် သွားလို့ရသည်။ ချထားသော သစ်ကိုင်း များသဖြင့် ဧရိယာ အဝန်းအဝိုင်းတော့ အနည်ငယ် ကျယ်သည်။

ဘကြီးအေးနှင့် ဖိုးသာထူး တို့ ဝါးတိုင်တွင် ချည်ထားသော ငါးဖမ်းပိုက်မှ နှီးချက်များ လိုက်ဖြုတ်ချိန်တွင် ကျန်တဲ့သူများမှ ဂ ငယ် ပုံစံ ဝိုင်းထားသော ပိုက်အပြင်ဘက်ထွက်ကာ ပိုက်ရဲ့ အပေါ်အနားများကို ကိုင်ပေးထားသည်။ ချည်ထားသည်များ ဖြုတ်လိုက်လျင် ပိုက်များ ရေထဲသို့ ကျသွားနိင်သဖြင့် ထိုကဲ့သို့ မ ပေးထားရခြင်းဖြစ်သည်။ ကျွန်တော်ကတော့ ဂ ငယ် ပုံစံ ဝိုင်းထားသောပိုက်ရဲ့ ညာဘက် အစွန်ဆုံးကို ကိုင်ထားပေးသည်။ ဘယ်ဘက်အခြမ်းကို တော့ ဦးလေးမှ ကိုင်ထားပေးသည်။ ဝါးတိုင်တွင် ချည်ထားသော နှီးချက်များ အားလုံး ဖြုတ်ပြီးသဖြင့် ပိုက်ကို ဆွဲကြတော့သည်။ ဂ ငယ်ပုံစံ အဝန်းအဝိုင်း ကျဉ်းသထက်ကျဉ်းအောင် ကမ်းစပ်စီသို့ ပိုက်ကိုဆွဲယူကြသည်။ ပိုက်ဧရိယာ ကျဉ်းလာသဖြင့် ရေများ တစ်ပွက်ပွက် ထလာသည်။ သူတို့နေရသော ဧရိယာ ကျဉ်းလာသောကြောင့် ငါးများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။

ငါးရံ့ကြီး ၂ ကောင် ကုန်းပေါ်ပြေးတက်လာသဖြင့် ကမ်းစပ်တွင် စောင့်ကြည့်နေသူများမှ ဆတ်ခနဲ ဖမ်းကာ တောင်းထဲ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်တော့ ငါးများ ထခုန်သည်ကိုပါ မြင်လာရသည်။ တစ်ချို့ငါးများကတော့ အခုန်မှန်သွား သဖြင့် ပိုက်အပြင်ဘက်ရောက်ကာ လွတ်မြောက်သွားသည်။ ပြေးပေါက် မရှိသဖြင့် ကမ်းစပ်ဆီကို တက်လာကြသည်။

ကမ်းစပ်နားရောက်လာသဖြင့် ပိုက်ကိုင်ထားသူများမှ ပိုက်ကို မြင့်မြင့်မြှောက်ထားလိုက်သဖြင့် ငါးများ ခုန်ပျံကြပေမယ့် မြှောက်ထားသော ပိုက်တွင်ငြိ ကုန်ကြသည်။ ရေအောက်ဘက်တွင် ရောက်နေသော ပိုက်တွင်လည်း ငါးများ ငြိနေတော့သည်။ ထွက်ပေါက် မရှိတော့သဖြင့် ကမ်းစပ်က ရွံ့ညွှံတွေထဲကို စုပြုံကာ တိုးဝင်နေသော ငါးတို့ကို လက်ဖြင့် ဖမ်းကာ ကမ်းပေါ်ပစ်တင်ပေးကြသည်။ ကမ်းပေါ်မှ စောင့်ကြည့်နေသူတို့က ကောက်ယူကာ တောင်းတွေထဲ ထည့်ကြသည်။

လူအင်အားဖြင့် ဆွဲယူသောပိုက်သည် တစ်ဖြည်းဖြည်းနှင့် ကမ်းစပ်နား ရောက်လာသည်။ ပိုက်ထဲမှ ကမ္ဘာပျက်သော ငါးတို့နှင့် ဆန့်ကျင်စွာ ဘကြီးအေး မျက်နာ ပြုံးရွှင်နေသည်။ ဘကြီးအေးရဲ့ ချုံ ငါးအရများသည်ဟု ဆိုရမည်။ တောင်းထဲရောက်သွားသော ငါးတို့ပင် အတော်များများ ရှိနေပြီ။ ပိုက်ထဲတွင် ရှိနေသော ငါးတို့သည်လည်း ခုန်ပျံနေကြသည်။ ရွံ့ညွှန်ထဲ တိုးဝင်နေသော ငါးရံ့တို့ကို ကျွန်တော် လိုက်ဖမ်းပေးသည်။ ငါးရံ့တွင် ဆူးတောင်တို့ မရှိသဖြင့် ရဲရဲဝံ့ဝံ့ ဖမ်းရဲခြင်းဖြစ်သည်။ ဖမ်းလေ့ ဖမ်းထ မရှိသဖြင့် မိပြီးမှ ချော် ထွက်ကာ လွတ်သွားပြန်သည်။ ခြေထောက်ကြားမှ တိုးထွက်သွားသော ငါးရံ့ကြီးကြောင့် ထခုန် လိုက်မိသည်။ ကမ်းပေါ်မှ အပျိုတစ်အုပ် ရယ်ကြသဖြင့် ရှက်သွားမိသည်။ ခုနက လွတ်သွားသော ငါးကို မရှာတော့ဘဲ ရွံ့နွံထဲ တိုးနေသော နောက်ထပ် ငါးရံ့ကြီးတစ်ကောင်ကို ဖမ်းဖို့ ပြင်လိုက်သည်။ ရွံ့နွံထဲ ရောက်သထက် ရောက်ရန် ကြိုးစား တိုးဝင်နေသော ငါးရံ့ အနောက်တွင် ဒူးထောက်ထိုင်ချလိုက်ကာ ခါးလယ်နေရာကို လက်နှစ်ဖက်ဖြင့် အားရပါးရ ဖမ်းညစ်လိုက်သည်။ ရွံ့နွံတို့ရဲ့ ချော်ထွက်မှု ငါးရံ့ရဲ့ ရုန်းအား ကြောင့် လက်ထဲတွင် ကြာကြာအောင်ပွဲခံပြီး မလှလေးစိန် တို့ကို ကြွားမည့်စိတ်ကူးကို ဖျက်ကာ ကမ်းပေါ်သို့ မြန်မြန် ပစ်တင်ပေးလိုက်ရသည်။

ကမ်းစပ်နား အထိ ပိုက်က ရောက်လာသဖြင့် ပိုက်ဆွဲတဲ့သူ အများကြီး မလိုတော့ပေ။ ကမ်းစပ်စီတိုးကပ်လာသော ငါများကို ဝိုင်းဖမ်းကြသည်။ ပိုက်ထဲမှ ခုန်ပျံနေသော ငါးတို့ကိုလည်း လိုက်ဖမ်းကြသည်။ အလေ့အထ ရှိသူများ ဖြစ်သောကြောင့် ဆူးတောင်ပါသော ငါးတို့ကို ဖမ်းရာတွင်လည်း သက်သောင့် သက်သာ ရှိကြသည်။ ငါးကျည်း ဆူးတောင်ဖြင့် ထိမိလျင် အဆိပ်တက်ကာ ကိုက်ခဲသောကြောင့် ကျွန်တော်တော့ မဖမ်းဝံ့ပေ။ ထို့နောက် ပိုက်ကို ကမ်းပေါ်အထိ ရောက်အောင် ဆွဲတင်လိုက်ကြသည်။ ပိုက်ထဲတွင် ငါး ပုဇွန်တို့ ရွံ့နွံ နှင့် အတူ ရောထွေးနေသည်။ မြေပြင်ပေါ်ရောက်လာသဖြင့် ငါးများ သိပ်မခုန်နိင်တော့ပေ။ အနီးဆုံး တောင်းတွေထဲ ပစ်ထည့်ကြသည်။ ငါး အမျိုး စုံလင်လှသည်။ ပုဇွန်ထုပ်တွေ ငါးသလောက် တွေအပြင် ငါးပူတင်း တွေပါ ပါသဖြင့် ငါးမျိုးစုံသည်ဟု ပြောရမည်။ ဘကြီးအေး မျက်နာတော့ ပျော်မဆုံး ဖြစ်နေသည်။

ပိုက်ကို ဆွဲတင်ပြီးသဖြင့် ရွာထဲမှ ကလေးတို့ ရေစပ်ကို ဆင်းကာ ငါးနှိုက်ကြသည်။ ရွံ့နွံထဲတိုးဝင်ကာ ပျောက်နေသော ငါးများကို လိုက်နှိုက်ကြခြင်းဖြစ်သည်။ ထိုငါးများကိုတော့ ဖမ်းမိတဲ့သူ ယူခွင့်ရှိသဖြင့် ကလေးတွေ နှင့်အတူ ရွာထဲမှ အမျိုးသမီး တစ်ချို့ပါ ဝင်ဖမ်းကြသည်။ တွင်းပေါက်သေးသေးထဲ တိုးဝင်နေသော ငါးရှဥ့် အမြီးကို ဖမ်းမိသဖြင့် ဝဏ္ဏ တို့ ညီအကို နှစ်ယောက် အားကြိုးမာန်တက် ဆွဲထုတ်နေကြသည်။ သူတို့ရသွားသော ငါးရှဥ့် အတော်လေး ကြီးသဖြင့် ညီအကို နှစ်ယောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ အကိုလေး ကတော့ ငါးခူ ဆူးသွားသဖြင့် လက်ညိုးကို စုပ်ကိုင်ကာ ဘကြီးအေး အိမ်နောက် ဖက်သို့ ပြေးဝင်သွားသည်။
ငါးကျည်း ငါးခူ ဆူးလျင် အလွယ်ဆုံး နည်းမှာ ကိုယ့်ကျင်ငယ်ရေ ဖြင့် ပြန်စွတ်ရသဖြင့် အိမ်နောက်ဖက်ကို ပြေးဝင်သွား ခြင်းဖြစ်သည်။ သူ့ဓလေ့နှင့်သူ အသားကျနေသည် ပြောရမည်။

တောင်းထဲတွင် ထည့်ထားသော ငါးတို့ သေကုန်သဖြင့် မလှလေးစိန် တို့ ခုတ်ထစ်ကြသည်။ ငါးရံ့ခြောက် လုပ်ဖို့ ခွဲစိတ် ကြသည်။ ကာလသား တစ်သိုက်မှာတော့ ချမ်းအေးသည့်ဒဏ်ကို ဖြေဖျောက်ကာ အရက်ဝိုင်းဖွဲ့နေကြသည်။ ဘကြီးအေးကတော့ ကြာကြာထိုင်မသောက်နိင်ပေ သူရထားသော
ငါးတောင်းကြီးများကို ထထကြည့်နေပေတော့သည်။ ဘကြီးအေးရဲ့ ဇနီးဖြစ်သူမှ မိထားသေား ငါးဖျင်းသလပ် လေးများကို ကြော်ပြီး အရက်ဝိုင်းကို လာပို့ပေးသည်။ လတ်လတ်ဆတ်ဆတ် ဖြစ်သောကြောင့် အရသာ ချိုမြိန်လှသည်။

ရေထဲတွင်ကြာကြာနေလိုက်ရသဖြင့် ချမ်းလာသောကြောင့် ကျွန်တော်လည်း အဖွားတို့ အိမ်ပြန်လာခဲ့တော့သည်။ မနက်ဖြန် ကိုကြီးသာအေး အိမ်တွင် ရိုးရာနတ်စားပွဲ လုပ်မည်ဆိုသဖြင့် နောက်ထပ်ဆင်နွဲစရာ ပွဲတစ်ပွဲ ရှိနေသေးသည်။ ရပ်ရွာဓလေ့များဖြင့် ကျွန်တော် ပျော်ရွှင်နေလေပြီ။

Friday, March 12, 2010

ဘလောဂ်ဂါ နှင့် အဏ္ဏဝါ (ဇာတ်သိမ်း)

" လောလောဆယ်ကြိုးတုပ်ထားလိုက် ဘာဆက်လုပ်မလဲ တိုင်ပင်မယ်"

ပင်လယ်ဓားပြ ခေါင်းဆောင်ရဲ့ အမိန့်ပေးသံဆုံးလျင် ငါးယောက်တစ်စု နှုန်းဖြင့် ကြိုးတုပ် ကြတော့သည်။
ခရီးသွားများ ဖြစ်သော ဘလောဂ်ဂါ အမျိုးသားများမှ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ကာ ပြန်ချ ကြမလား အသံတိတ်တိုင်ပင်ကြသည်။ အမျိုးသမီးများကတော့ ကြိတ်ကာ ငိုရှိုက်နေကြတော့သည်။ ကိုဒူကဘာနှင့် ဆောင်းယွန်းလတို့ အသံတိတ် အချက်ပြကာ တိုင်ပင်နေကြသည်။ ထို့နောက် ကျန်တဲ့သူများကို ခေါင်းခါ ပြလိုက်သည်။ လောလောဆယ် အခြေအနေစောင့်ကြည့်ကြမည် နောက်မှမီးစင်ကြည့်ကမည်ဆိုသည့်သဘောပင်။

"အိုးးး ဖြေးဖြေးချည်ပါဟဲ့ ထွက်မပြေးပါဘူး "(..) တို့ဘက်အခြမ်းမှ အသံထွက်လာသဖြင့် ကျန်တဲ့သူများကပါ ဝိုင်းတောင်းဆိုကြသည်။
" ပြေးပါဆိုလည်း ဒီတောထဲမှာ မပြေးတတ်ပါဘူးဟာ "
" ဟုတ်တယ် ဟုတ်တယ် တအားကြီး မချည်ပါနဲ့ "
" ငါတို့ အသားလေးတွေက နုနုလေးတွေ " တစ်ယောက်တစ်ပေါက် ဆူညံသံများကြောင့် လှိုဏ်ဂူ အပြင်ဘက် ရောက်နေသော ခေါင်းဆောင်များ ဝင်လာကြသည်။

" တိတ်ကြစမ်း အသားနုတယ် ရင့်တယ်တွေ မလုပ်နဲ့ ဒါပြဇာတ်ကနေတာ မဟုတ်ဘူး အသက်တောင် ဘယ်အချိန်ထွက်မှန်း မသိဘူးဆိုတာ သဘောပေါက်ကြရဲ့လား ဆူဆူညံညံ မလုပ်ကြနဲ့ အာရုံတွေ ဆူဝေလာရင်တော့ အကုန် ပင်လယ်ထဲ ပစ်ချလိုက်မယ် ဘာမှတ်လဲ "

ခြေနှစ်ချောင်းကို ခပ်ကျဲကျဲရပ်ကာ လက်တစ်ဖက်ကို ခါးထောက်ပြီး နောက်လက်တစ်ဖက်တွင် ဓါးမြှောင်ကို မြှောက်ကစားရင်း ပြောလိုက်သော မခင်ဦးမေ စကားကြောင့် အသံတွေ တိတ်ဆိတ်သွားကြသည်။ မည်သူမျှ တုပ်တုပ်မလှုပ်ရဲတော့ပေ။ စိတ်မထင်လို့ လက်ထဲက ဓါးဖြင့် ပစ်လိုက်ရင် စောစောစီးစီး ကြွသွားနိင်သည် မဟုတ်လား။

" ကြိုးတုပ်စရာရှိတာ ဆက်တုပ်ထားလိုက် အသံထွက်လာတဲ့သူကို လှိုဏ်ဂူ အပြင် ခေါ်ထုတ်ခဲ့ ကြားလား "

ပြောပြီးနောက် ဂူ အပြင်ဘက်ကို ထွက်သွားတော့သည်။ ထို့နောက်တွင်တော့ ပင်လယ်ဓားပြများ ပြုသမျှ နုကြရတော့သည်။(.......) ဖြည့်ရန်

စကာင်္ပူကျွန်းက ဆော်ကြည်ဘုရင် ဆိုပြီး ကြွေးကြော်ထားသော မိုးမောင်ကတော့ လွတ်လမ်းကို တစ်မျိုးကြံနေသည်။ သူတို့ကို ကြိုးတုပ်ရန်လာသော မာမီညို ဆိုသူကိုကြာမူပါပါဖြင့်ကြည့်ကာ

" ဒီဂူထဲမှာလေ ပူလို့သိလား အဲဒါ ကြိုးမတုပ်ခင် အပေါ်အင်္ကျီလေး ချွတ်ချင်လို့ ရမလားဟင် "
လေသံတိုးတိုးဖြင့် ပြောလိုက်သဖြင့် မာမီညိုက မိုးမောင်ကို တစ်ချက် စိုက်ကြည့်ကာ

" ဟွန်း တော်တော်ရှုပ်တယ် နေနေ အညိုပဲ ချွတ်ပေးမယ် "

ပြောပြောဆိုဆိုဖြင့် အပေါ်အင်္ကျီကို ချွတ်ပေးလိုက် သည်။ စွပ်ကျယ်လက်ပြတ်ဝတ်ထားသဖြင့် ပြည့်မောက်နေသော ရင်အုပ်ကျယ်ကျယ်နှင့် လက်မောင်းကြွက်သား များ ပေါ်လာသည်ကို ကြည့်ကာ အညို့ရဲ့ မျက်လုံးများ ဝိုင်းသွားတော့သည်။

" အိုးးး အကိတ်ကြီးပါလား ရင်အုပ်ကြီးက ထု ချင်စရာကြီး ဟင်း ဟင်း " နှစ်ကိုယ်ကြား ကြားအောင် ရေရွတ်လိုက် သဖြင့် မိုးမောင် တစ်ချက် ပြုံးလိုက်သည်။ သူဆင်ထားသော ဂွင်အတိုင်း ဝင်လာပြီ မဟုတ်လား။

" အညို ကြိုးချည်ရင်လေ အရမ်းကြီး မချည်နဲ့နော် အကိုမခံနိင်ဘူး " မိုးမောင်မှ သွေးတိုးစမ်းစကားတစ်လုံး ပစ်သွင်းလိုက်သည်။ အညို တစ်ချက် တွေဝေသွားသည်။ ထို့နောက် မျက်လုံးလေး တစ်ချက်ဝင့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

" ဟုတ် "

အားလုံးကိုယ့်အာရုံနှင့် ကိုယ်ရှုပ်ကာ မသိလိုက်ကြပေမယ့် မိုးမောင်နှင့်အတူ ကြိုးတုပ်ခံထားရသော ရမ်းဂန်းမှ အသံမထွက်အောင် ကြိတ်ရယ်နေတော့သည်။ ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ ကြိုးလျော့လျော့ အချည်ခံ ထားရသဖြင့် သက်သောင့်သက်သာ နေနေရသည်။ အခြေအနေကြည့်ပြီး ဒီကြိုးကနေ ရုန်းထွက်လို့ပင် ရနိင်မည်မဟုတ်လား။

လှိုဏ်ဂူထဲတွင် ကြိတ်၍ငိုရှိုက်သူ ဂွင်ဆင် သူများဖြင့် ရှုပ်နေသလို လှိုဏ်ဂူ အပြင်ဘက်တွင်လည်း ဒီလူအုပ်ကြီးကို မည်သို့စီရင် မလဲ တိုင်ပင်နေကြသည်။

" ဒီလူအုပ်ကြီးကို ဘယ်လိုလုပ်မလဲ " စိတ်စမ်းရေက မေးလိုက်သဖြင့် little brook မှ
" သတ်ပစ်လို့တော့ မဖြစ်ဘူးဗျ" ဟု ပြန်ဖြေသည်။

" ဘာလို့ သတ်ရမလဲ ငါတို့ရဲ့ စည်းကမ်းမှာ မလိုအပ်ဘဲ လူမသတ်ရဘူးလေ " ရွှက်လွှင့်ခြင်းမှ ဝင်ပြောသည်။

" ဒီလူအုပ်ကြီးက အများကြီးပဲ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် စိတ်ပူရတယ် " ကိုကိုမောင်မှ တွေးတွေးဆဆ ပြောသည်။
" ဟုတ်တယ် ဒါဂရုစိုက်ရမယ့် အချက်ပဲ အမ ခင်ဦးမေ ဘယ်လို ဖြစ်စေချင်လဲ " ကိုရင်နော်ရဲ့ အမေးအဆုံးတွင်
" ဂါးးးးးးးးး " ခြင်မှ ထအော်သည်။ ခြင်သည်ကား စကားတစ်ခွန်းပြောခါနီးတိုင်း ထိုသို့ အော်ပြီးမှ ပြောတတ်လေ သည်။

" အားလုံးကို အိပ်ဆေး တိုက်ပြီးထားခဲ့လေ လွယ်လွယ်လေးကို " ခြင်ရဲ့စကားဆုံးလျင် ဒဿမှ
" အိပ်ဆေးက ဘယ်မှာလဲဟ" ဝင်မေးလိုက်သည်။
" ဂါးးးးးးးးးးးးး မသိဘူးလေ " ပြောပြီး ရတနာ သေတ္တာကို စစ်ဆေး နေလေသည်။

" သူတို့လူအုပ်ကများတယ်ကွ ပြန်ခုခံရင် မလွယ်ဘူး "
" အေးကွာ ငါလည်း အဲဒါကိုပဲ တွေးပူနေတာ "

ခြေလှမ်းသစ်ရဲ့ စကားကို ဒီကိုလာ မှ ထောက်ခံလိုက်သည်။ သူတို့နှစ်ယောက် တိုးတိုးလေး ပြောနေသည်ကို မခင်ဦးမေ ကြားသွားသဖြင့် အနားခေါ်လိုက်သည်။ ဗိုလ်အောင်ဒင် ဇာတ်ကားထဲမှ (..) ရဲ့ ဟန်အမူအရာအတိုင်း လက်ပိုက်ကာ ပြောလိုက်သည်။

" ဟေ့ ဒီမှာ ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဘာလုပ်ရလဲ သိလား ပြောစမ်း " ခပ်ပြတ်ပြတ်လေသံကြောင့် ဒီကိုလာနှင့် ခြေလှမ်းသစ်တို့ တုန်တက်ကာ ခေါင်းငုံ့သွားကြသည်။ ထို့နောက် ဒီကိုလာမှာ တုန်ယင်သော အသံဖြင့်

" သိ..သိပါတယ် "

" သိရင်ပြောစမ်း "

" ဟို..လေ... ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဗိုလ်သင်တန်းကျောင်း တက်ရပါတယ်"

" ဟား ဟား ဟား"

ဒီကိုလာ အဖြေကြောင့် ပင်လယ်ဓားမြများ အားလုံးဝိုင်းရယ်ကြသည်။ သူတို့ကို ထောက်ခံသည်ထင်ပြီး ဒီကိုလာနှင့် ခြေလှမ်းသစ်တို့ပါ ရောယောင်ကာ ရယ်နေကြတော့သည်။

" တိတ် စမ်း ပေါက်ကရ မပြောနဲ့ ဗိုလ်လုပ်ချင်တဲ့သူက ဆုံးဖြတ်ချက် ပြတ်သားရတယ် မှတ်ထား ကြားလား "

" ဟုတ် ဟုတ် " ခေါင်းငုံ့ကာ ပြန်ဖြေလိုက်ကြသည်။ မခင်ဦးမေမှ ဆက်ပြောသည်။

" အခုအရေးကြီးဆုံးက ဖမ်းထားတဲ့ အုပ်စုကြီးကို စီရင်ဖို့ပဲ " မခင်ဦးမေ စကားဆုံးလျင် ကိုရင်နော်မှ

" အမတော် ဘယ်လို စီစဉ်ထားလဲ ပြောပါ "

" သတ်လို့မဖြစ်မှတော့ ပြန်လွှတ်ပေးရမှာပေါ့ ဘယ်လို ပုံစံနဲ့လွှတ်ရင် ငါတို့အတွက်ပါ အန္တရာယ်ကင်းမလဲ ဆိုတာ အရေးကြီးတယ် "

ထိုအခါ ကိုကိုမောင်က ဝင်ပြောလိုက်သည်။

" အမျိုးသမီးတွေကို အရင်လွှတ်ပေးလိုက်ရင်ရော " ထိုစကားကိုတော့ စိတ်စမ်းရေက ထောက်ခံသည်။

" ဟုတ်တယ် အမျိုးသမီးတွေ စက်လှေပေါ်ရောက်သွားမှ ကျန်တဲ့ယောကျာ်းတွေကို ကြိုးချည်ပြီး စက်လှေစီ ပြန်လွှတ်လိုက်မယ် သူတို့စက်လှေပေါ်တက်သွားတဲ့အထိ လက်နက်နဲ့ ချိန်ထားရင် အန္တရာယ်ကင်းပါတယ် "

" အဲဒီ အကြံကောင်းတယ် " lttile brook နှင့်ရွှက်လွှင့်ခြင်းမှ သဘောတူကြသဖြင့် ထိုအစီအစဉ်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

" အိုကေ အဲဒီလိုပဲ လုပ်ကြတာပေါ့ "

ထို့နောက် ပင်လယ်ဓားပြများ လှိုဏ်ဂူထဲကို ပြန်ဝင်သွားသည်။ ခြေလှမ်းသစ် ၊ ဒဿ နှင့် ခြင် တို့မှလုံခြုံရေး အတွက် လှိုဏ်ဂူ ပါတ်လည်တွင် စောင့်နေကြသည်။ လှိုဏ်ဂူထဲ ပြန်ဝင်လာသော ပင်လယ်ဓားပြ အုပ်စုကို ကြည့်ပြီး ခရီးသွား ဘလောဂ်ဂါများ တုန်လှုပ်သွားကြသည်။ သူတို့အတွက် မည်သို့စီရင်မလဲဆိုတာ ထိတ်လန့် နေကြသည်။ လူသူအရောက်အပေါက်နည်းသော ဒီလိုကျွန်းပေါ်တွင် အသတ်ခံလိုက်ရရင်လည်း အချိန်တော်တော် ကြာသည်အထိ မည်သူမျှ သိနိင်မည် မဟုတ်ဟု တွေးမိသဖြင့် ကြောက်ရွံ့ နေကြသည်။

" မထင်မှတ်ဘဲ ရတနာတွေ ရလိုက်လို့ အားလုံးရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ် ဒီတော့ ကိုယ့်စက်လှေစီကို အေးအေးဆေးဆေး ပြန်ကြပါ ကလန်ကဆန် လုပ်ရင်တော့ သတ်ပစ်ဖို့ ဝန်မလေးဘူး ကြားလား "

ကိုရင်နော်ရဲ့ စကားကြောင့် ခရီးသွားများ ပျော်ရွှင်စွာ ဟေးးးး ခနဲ့ အော်လိုက်ကြသည်။ အသက်နဲ့ကိုယ် အိုးစားမကွဲဘဲ ပြန်ကြရပြီဖြစ်သည်။ မိမိအသက်ထက် ဘယ်အရာမှ အရေးမကြီးသဖြင့် ရတနာတွေကို စွန့်လွှတ် လိုက်ရပေမယ့် ကျေနပ်ကြသည်။ မိမိတို့ရဲ့ ချစ်သူ ခင်သူများဖြင့် ပြန်ဆုံတွေ့ခွင့်ရပြီ တွေးမိသောကြောင့် အားလုံး ပြုံးပျော်နေကြသည်။

" စက်လှေပေါ်ရောက်မှ ချည်ထားတဲ့ ကြိုးတွေကို ဖြည်ခွင့်ရမယ် အခုတော့ ချည်ထားတဲ့ အစုအဖွဲ့ အတိုင်း သွားကြရမယ် " မခင်ဦးမေ စကားကို ခရီးသွားများမှ ခေါင်းငြိတ်ကာ သဘောတူလိုက်ကြသည်။

" အသက်ကို ချမ်းသာပေးတာ ကျေးဇူးကြီးလှပါပြီ "
" ဟုတ်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် "

ဤသို့ လှိုဏ်ဂူထဲတွင် အပေးအယူ မျှနေချိန် လှိုဏ်ဂူ အပြင်ဘက်တွင်လည်း အဖြစ်အပျက် တစ်ချို့ တိတ်တဆိတ် ဖြစ်ပွားသွားခဲ့လေသည်။ လှိုဏ်ဂူရဲ့ ဘေးနှစ်ဖက်နှင့် အရှေ့ဘက်တွင် လုံခြုံရေး အတွက် ကင်းစောင့်နေကြသော ခြေလှမ်းသစ် ၊ ဒဿ နှင့် ခြင် တို့မှာ လက်နက်ကိုင်ထားသော မိမိတို့ရဲ့ လက်များတွင် အကောင်တစ်ကောင်ကောင် ကိုက်ခံလိုက်ရသကဲ့သို့ စူး ခနဲ ဖြစ်ကာ လက်များထုံကျင် သွားသဖြင့် ကိုင်ထားသော လက်နက်များ ကိုယ်စီ ကိုယ်စီ လွတ်ကြသွားတော့သည်။ မိမိတို့ရဲ့ လက်ကို ငုံ့ကြည့်လိုက်သည့် အခါမှာတော့ ၃ လက်မခန့်ရှိသော ဆူး တစ်ချောင်း စိုက်ဝင်နေသည်။ ဆူး စူးခံထားရသော လက်သည်ကား ထုံကျင်ကာ မည်သို့မှ အသုံးပြု ၍ မရကြတော့ပေ။

ခြင်လည်း လွတ်ကျသွားသော လက်နက်ကို ကျန်လက် တစ်ဖက်ဖြင့် ကောက်ယူရန် ငုံ့လိုက်ချိန်တွင် သူ့ရဲ့ မြင်ကွင်းရှေ့တွင် ညစ်ပေနေသော ဖိနပ်မပါသည့် ခြေထောက် တစ်စုံကို တွေ့လိုက်ရပြီး လည်ပင်းကို ချွန်ထက်သော အရာဖြင့် ချိန်ထားခြင်း ခံလိုက်ရတော့သည်။ ကြောက်လန့်တကြား မော့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့်

" ဂါးးးးးး "

ဟု အော်ကာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူမြင်လိုက်ရသည်မှာ .....................။

ထိုအချိန် လှိုဏ်ဂူထဲတွင် ခရီးသွားဘလောဂ်ဂါများကို ကြိုးချည်ထားလျက်ဖြင့် တစ်ဖွဲ့ချင်းစီကို စက်လှေစီသို့ ပြန်လွှတ်ပေးရန် ပြင်ဆင်နေချိန်ဖြစ်သည်။ လှိုဏ်ဂူ အပြင်ဘက်မှ အော်သံ သဲ့သဲ့ ထွက်လာသဖြင့် ပင်လယ်ဓားပြ များ လှိုဏ်ဂူ အပြင်ဘက် ပြေးထွက်သွားကြသည်။

ခရီးသွား ဘလောဂ်ဂါများမှာ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ဘာဖြစ်ပြန်ပြီလဲ တွေးနေကြတော့သည်။ မည်သည့်အသံမျှတော့ မထွက်ရဲကြပေ။ ဆူဆူညံညံ လုပ်မိလျင် ပင်လယ်ဓားပြများ စိတ်ကူးပြောင်းသွားမှာ စိုးကြောက်နေကြသည်။ ထိုအချိန်တွင် လှိုဏ်ဂူ အပြင်ဘက်မှ အော်သံများ ထွက်လာသည်။

" အာ့ "
" အီးးး "

ထို့နောက် အရာရာသည် တဒင်္ဂတိတ်ဆိတ်သွားတော့သည်။ လှိုဏ်ဂူထဲတွင်တော့ လူတိုင်းရဲ့ ရင်ခုန်သံများ ကျယ်လောင်ပြင်းထန်နေတော့သည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ တွေးမရကြပေ။ လွတ်မြောက်တော့မည့် အချိန် ရောက်မှ အခြေအနေတွေ ပြောင်းလဲသွားမလား တွေးပူနေကြသည်။ ထိုအချိန်တွင် လှိုဏ်ဂူထဲသို့ ဝင်လာသော သူများကို ကြည့်ကာ အော်သံတွေ ဆူညံသွားတော့သည်။

" အားးးးးးး "
" အောင်မလေး ဘာကြီးတွေလဲ "
" ဘုရားဘုရား "
" အမေရေ ကယ်ပါ "

အော်သံများ ဆူညံသွားသလို ငယ်ရွယ်သူ မိန်းခလေးများမှာလည်း မေ့လဲသွားကြတော့သည်။ သူတို့ တွေ့လိုက်ရသည့်သူများကား ဤပုံစံအတိုင်း ဖြစ်သဖြင့် မေ့လဲသွားကြခြင်းကိုလည်း အဆိုးမဆိုသာပေ။




ပုံကိုဒီကယူသည်
ခန္ဓာကိုယ် အပေါ်ပိုင်းတွင် အဝါရောင် အနီရောင်များ ခြယ်ထားသလို လည်ပင်းတွင်လည်း အစွယ်များကို ကြိုးနှင့်သီကာ ဆွဲထားကြသည်။ အောက်ပိုင်းတွင်တော့ သစ်ရွက်များကို နံငယ်ပိုင်း လုပ်ကာ ဝတ်ဆင်ထားသည်။ ခါးကြားထဲတွင် ဝါးဆစ်ပိုင်းများကို တွေ့ရသဖြင့် မှုတ်ပြောင်းကို အသုံးပြုကြောင်းပါ ခန့်မှန်းလို့ ရနိင်သည်။ ထိုသူများသည်ကား ဤကျွန်းပေါ်တွင် ရှေးယခင်ထဲက နေထိုင်ကျက်စားကြသော တောတွင်းလူရိုင်း မျိုးနွယ်စုသာ ဖြစ်တော့သည်။ လူသားစား လူရိုင်းများ ဟုတ်မဟုတ်တော့ မသိရသေးပေ။ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသလို ဤလှိုဏ်ဂူထဲတွင် လူအစု လိုက်ကြီး မြင်လိုက်ရသဖြင့် လူရိုင်းများထံမှလည်း အံ့သြရေရွတ်သံများ ထွက်လာသည်။

" အူးးးး အူးးး ရဟူးးးးး "
" အူးးး အူးးးး ဂျော့တီ "

ထို့နောက် ကြိုးချည်ခံထားရသော လူအုပ်ကြီးကို လေးမြှားများ ၊ လှံများဖြင့် ချိန်ထားလိုက်ကြသည်။ အချင်းချင်း သူတို့ဘာသာစကားဖြင့် ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်။ မေ့လဲသူများလည်း သတိရလာကြကာ လူရိုင်းများကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားကြသည်။ ထို့နောက်တွင်တော့ လှိုဏ်ဂူထဲမှ ဘလောဂ်ဂါ များကို လက်နက်များဖြင့်ချိန်ကာ လှိုဏ်ဂူ အပြင်ဘက်ကို ခေါ်ထုတ်သွားကြတော့သည်။ လှိုဏ်ဂူ အပြင်ဘက် ကွက်လပ်တွင်တော့ ပင်လယ်ဓားပြ များအားလုံးကို ဝါးလုံးတန်း တခုတွင် လက်များကို နွယ်ကြိုးများ ဖြင့်ချည်ထားသဖြင့် အတန်းလိုက်ကြီး ဖြစ်နေတော့သည်။ ပင်လယ်ဓားပြများရဲ့ သေနတ်နှင့် ဓါးများကိုတော့ လူရိုင်းတွေမှ သိမ်းထားကြသည်။ ပင်လယ်ဓားပြ များနှင့် အတူ နောက်ထပ် လူတစ်စုကိုပါ နွယ်ကြိုးများနှင့် ချည်လျက်သား တွေ့လိုက်ရသည်။ ထိုသူများသည်ကား အပြင်ဘက်တွင် လွတ်ကျန်နေသော မဆုမွန် ၊ မချစ်ကြည်အေး ၊ အဖြူရောင်နတ်သမီး နှင့် လင်းကြယ်ဖြူ ၊ ရီနိုမာန်နှင့် ကျိဂျစ်တူး တို့ လူအုပ်စုဖြစ်သည်။

သူတို့ကို တွေ့လိုက်ရသဖြင့် ခရီးသွားများ စိတ်ဓါတ်ကျသွားတော့သည်။ လူရိုင်းများ လက်မှ လာကယ်ရန် မည်သူမှ မရှိနိင်တော့ပေ။ အားငယ်မှုများကြောင့် ငိုရှိုက်သံများ နေရာအနှံ့မှ ခပ်တိုးတိုးစီ ထွက်လာတော့သည်။ ကျန်တဲ့သူများမှာလည်း ငိုရှိုက်နေသူများကို အားပေးဖို့ရန်ပင် မစွမ်းသာတော့ပေ။ သူတို့ကိုယ်တိုင်ပင် ထိတ်လန့် နေကြပြီဖြစ်သည်။ ကြည့်ဖူးသော ဇာတ်လမ်းတွေထဲကလို တံစို့ထိုးပြီး မီးကင်မလား ရေပွက်ပွက်ဆူနေသော အိုးထဲထည့်ပြီး အပြုတ်ခံရမလား တွေးမိကြသဖြင့် ခြေလှမ်းတို့ပင် ယိမ်းယိုင်နေတော့သည်။ အဆိုးဆုံး အခြေအနေဖြင့်သာ တွေ့ကြုံကြရတော့မည်ဟု ယုံကြည်ထားကြသည်။ ထို့ပြင် ချည်ထားသော ကြိုးတွေအပြင် နွယ်ကြိုးတွေဖြင့် ထပ်မံ ချည်နှောင်ထားသဖြင့် ဂွင်ဆင်ပြီး ကြိုးလျော့ချည်ခံထားရသော မိုးမောင်တို့လည်း ယခုတော့ စိတ်လျော့ထားလိုက်ရတော့သည်။ ဘေးတွင်လည်း လူရိုင်းများမှ ဝိုင်းရံကာ လိုက်ပါနေသဖြင့် ထွက်ပြေးဖို့ရန် အခွင့်မသာသေးပေ။

တောတွင်းလမ်းခရီးမှာ ကြမ်းတမ်းလှသည်။ မြေပြင်တွင် လဲကျနေသော သစ်ပင်များကို ကျော်လွားရသလို ဆူးခြုံနွယ်များ အောက်မှလည်း ခက်ခက်ခဲခဲ ငုံ့ကာသွားနေရသည်။ လူအုပ်စုအလိုက် ကြိုးချည်ခံထားရသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်မပြေလှပေ။ ထို့ပြင် ခရီးသွားများမှာလည် မကြာခင် ကြုံတွေ့ရတော့မည့် အဖြစ်ဆိုးကြောင့် ဆက်မလျှောက်ချင်လောက်အောင် အားအင် ကုန်ခမ်းနေကြသည်။ ခြေလှမ်းတုန့်သွားသူများ ခွေယိုင်နေသည့် သူများ အနားသို့ လူရိုင်းများ ရောက်လာပြီး လှံများဖြင့်ရွယ်သဖြင့် အားတင်းပြီး ဆက်လျှောက်နေရသည်။ သစ်ပင်ခြုံနွယ်များ ပိတ်ဖုံးနေသော တောလမ်းခရီးကြောင့် ခရီးသွားများ အင်မတန် ပင်ပန်းကြတော့သည်။ တစ်လမ်းလုံး တိတ်တဆိတ်ပဲ လျှောက်လှမ်းနေကြသည်။ တစ်ယောက်ကို တစ်ယောက် စကားပြောရန်ပင် အားမရှိသကဲ့သို့ ဖြစ်နေတော့သည်။

ပင်လယ်ဓားမြ အုပ်စုကလည်း တိုးတိုး တိုးတိုးဖြင့် ကြိတ်ပြီး တိုင်ပင်နေကြသည်။ သူတို့ကိုတော့ လူရိုင်းများစွာမှ အထူးဂရုစိုက်နေကြသည်။ တောလမ်းခရီးကို တစ်နာရီခန့် ဖြတ်သန်းပြီးသည့်နောက် လူရိုင်းတို့ နေထိုင်ရာ နေရာသို့ ရောက်ရှိသွားကြတော့သည်။ လူရိုင်းတို့နေထိုင်ရာသည် အပြင်ဘက်တွင် ဆူးခြုံများကို လူတစ်ရပ်ခန့် အထိ ခြံစည်းရိုး ပုံစံကာရံထားသည်။ ပိတ်ဖုံးနေသော ဆူးခြုံများကြောင့် လူရိုင်းရွာထဲကို မမြင်ရပေမယ့် ထွက်ပေါ်နေသော မီးခိုးတစ်လူလူကိုတော့ တွေ့မြင်နေကြရပြီးဖြစ်သည်။ အချိန်သည်ကား ညနေစောင်း အချိန် ဖြစ်နေသည်။ ထို့နောက် လူရိုင်းတို့ဌာနေအဝင်ဟု ခေါ်ဆိုရမည်ဖြစ်သော အပေါက်မှ အဖမ်းခံထားရသော လူအုပ်စုကြီး ဝင်သွားကြတော့သည်။ ရွာအဝင်တွင်တော့ ကြိုတင်သတင်းပို့ထားသောကြောင့် လူရိုင်းရွာသူ ရွာသားများ စောင့်ကြိုနေကြသည်။

ထို့နောက် ဖမ်းခေါ်လာသောလူစုကို လူရိုင်းများနှင့် စောင့်ကြိုနေသော ရွာသားများပါ ဝန်းရံ၍ ရွာလယ်ခေါင်ရှိ ကွက်လပ် တစ်နေရာသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာရှိ စင်မြင့်တစ်ခုပေါ်တွင် ကျားသစ်သားရေ ကျက်ထားသော ထိုင်ခုံတစ်လုံးပေါ် ထိုင်နေသော လူရိုင်းခေါင်းဆောင်ကြီးကို တွေ့လိုက်ရတော့သည်။
ထိုသူ၏ သွင်ပြင်သဏ္ဍန်သည် ဦးခေါင်းတွင် အမွှေးအတောင် ရောင်စုံထိုးထားပြီး လည်ပင်းတွင် အခြားသူ များထက် အစွယ်များ လက်ဖျံရိုးများကို ကြိုးနှင့်သီ ဆွဲထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆေးရောင်စုံများဖြင့်
ခြယ်သထားသည်။ အောက်ပိုင်းတွင်တော့ သားကောင်တစ်ကောင်ကောင်ရဲ့ အရေခွံကို နံငယ်ပိုင်း အဖြစ် ပါတ်ထားသည်။

ထိုခေါင်းဆောင်ရဲ့ ညာဘက်တွင်တော့ မျောက်ခေါင်းအရိုးခွံကို ထိပ်တွင် စွပ်ထားသော တောင်ဝှေ့ကို ကိုင်ထားသော လူရိုင်း တစ်ယောက် ရှိနေလေသည်။ သူသည်လည်း ခေါင်းတွင် ရောင်စုံအမွှေးများ ထိုးစိုက်ထားသလို အစွယ်အများအပြားလည်း ကြိုးဖြင့်သီကာ ဆွဲထားလေသည်။ လက်သည်းရှည်ကြီးများရှိသလို ဘေးကိုချထားသော ဆံပင် နှစ်ဖက်တွင်လည်း မည်သည့်သတ္တဝါရဲ့ လက်ဖျံရိုးဟု မခန့်မှန်းနိင်သော အရိုး နှစ်ခုကို ချည်နှောင်ထားသည်။ သူဤပုံစံမှာ ပို၍ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ သူသည်ကား လူရိုင်းမျိုးနွယ်စုရဲ့  ဘာသာရေး အကြီးအကဲ တစ်နည်းအားဖြင့် နတ်ဆရာ ကြီးဖြစ်မည်ဟု ခန့်မှန်းရသည်။

ထို့နောက် ပင်လယ်ဓားပြများ လက်မှ ပြန်သိမ်းယူထားသော ရတနာသေတ္တာထဲမှ ကျောက်နက်ရုပ်တုကို လူရိုင်းတစ်ယောက်မှ မြှောက်ပြလိုက်သောအခါ လူရိုင်းတစ်ရွာလုံး တစ်ခဲနက် အော်ဟစ်ကြကာ မြေပြင်တွင် ပြားပြားဝပ်ကုန်ကြသည်။

" အူးးး အူးးး ရဟူးးး "
" အူးးးး အူးး ဂျော့တီ "