Monday, June 7, 2010

စပါးခင်းနှင့်လေညင်း


ကြားနေကျမဟုတ်သော မြည်သံကြောင့် ကျနော်နိုးလာခဲ့သည်။ မျက်လုံးများကို မှေးစင်းထားရင်း အနည်းငယ် ဖွင့်ကြည့်လိုက်၏။ မည်သည့်အရာကိုမှ သဲကွဲစွာ မမြင်နိင်အောင် မှောင်ပိတ်နေပေမယ့် သေချာသည်ကတော့ ကျနော် အိပ်ယာတခုပေါ် ရောက်နေခြင်းဖြစ်သည်။ မအိပ်ခင်ကလို ပရုပ်လုံးနံ့ ခပ်သင်းသင်းလေး ထွက်ပေါ်လာသဖြင့် ပြန်စဉ်းစားလိုက်မိမှ အုံးထားသော ခေါင်းအုံးနှင့် ခြင်ထောင် မှ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း သတိရသွား၏။ 

ဧည့်သည် စောင်သည်တို့အတွက် ခြင်ထောင် ခေါင်းအုံးတို့ကို သီးသန့်ဖယ်ထားဟန်တူသည်။ ကျနော် နှစ်ခြိုက်စွာ ခေါင်းအုံး ပေါ်ကို မျက်နာမှောက်၍ အားပါးတရ တချက် ရှိုက်လိုက်သည်။ ဒီလို သန့်ရှင်း သပ်ရပ်သော ခေါင်းအုံးဖြင့် ကျနော် မအိပ်ခဲ့ ရသည်မှာ မမှတ်မိနိင် လောက်အောင် ကြာနေပြီ။

တုံ.... တုံ.... တုံ.... တုံ... တုံ... တုံ.. တုံ. တုံ တုံ တုံတုံတုံ...

အသံကျယ်ရာမှ တဖြည်းဖြည်းတိုးသွားသလို ဖြေးဖြေးမှန်မှန်ရိုက်နေရာမှ ခပ်စိပ်စိပ် ရိုက်ခတ်သော အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။ ကြည်လင်လာသော စိတ်ဖြင့် ဒီတကြိမ်တွင်တော့ မည်သည့်အသံ ဖြစ်မှန်းခန့်မှန်း လို့ ရပြီ။ ရွာဦးကျောင်းရဲ့ တုန်းမောင်းခေါက်သံ ဖြစ်သည်။ နောက်ဖေးမီးဖိုခန်းဆီမှ ချိုးချိုးချွတ်ချွတ် အသံများ ထွက်ပေါ်လာသဖြင့် အဒေါ်မြတင် ဆွမ်း ထချက်နေဟန်တူ၏။ လင်းကြက်တွန် သံများ ဟိုမှ ဒီမှ ထွက်ပေါ်လာ သည်။ ထိုအသံများအားလုံးသည် ကျနော် ကြားလေ့ မရှိသော အသံများ ဖြစ်သည်။

အရင်က ကျနော့်ရဲ့ မနက်ခင်း တေးသံသည် လမ်းမပေါ်မှာ ဖြတ်သွားသော လိုင်းကားသံများ၊ မှတ်တိုင်တွင် လူခေါ်သော စပါယ်ယာ တို့ရဲ့ အသံများသာ ဖြစ်နေခဲ့သည်။ ဆဲဆိုနေသော အသံများကိုလည်း ရံဖန်ရံခါ ကြားရတတ်သေးသည်။ မနှစ်မြို့ဆုံး အသံကတော့ မနက်ခင်းစောစောစီးစီး ဆေးရုံကားရဲ့ ဥသြဆွဲသံ ဖြစ်သည်။ ထိုအသံများကို အိပ်ယာပေါ်က ကြားတိုင်း စိတ်ညစ်ညူးရလေ့ ရှိသည်။

လူတစ်ယောက်ရဲ့ ကျန်းမာရေးက အချိန်မရွေး ဖောက်ပြန်နိင်တာ လက်ခံပေမယ့် မနက်ခင်းတွင် ထွက်ပေါ်တတ်သော ဆေးရုံကားများရဲ့ အသံသည် နိုက်ကလပ်တွင် လူငယ်ချင်း ချကြနှက်ကြ ရာမှ ဖြစ်ပေါ်ခြင်း ဒါမှမဟုတ်ရင်တော့ ကားပြိုင်မောင်းရာမှ ဖြစ်ပေါ်လာသော မတော်တဆ မှုတို့ကြောင့် ဖြစ်သည်က များသည်။ ထို့ကြောင့် ယခုကြားလိုက်ရသော တုံးမောင်းခေါက်သံနှင့် ကြက်တွန်သံတို့သည် ကျနော့် အတွက် ဆန်းကျယ်နေသလို သာယာသော တေးသံလည်း ဖြစ်နေခဲ့သည်။ ပေါ့ပါးသောစိတ်ဖြင့် ခြင်ထောင်မျက်နာကျက်ကို မော့ကြည့်ကာ မနေ့က အကြောင်းများကို ပြန်တွေးနေမိသည်။

ဘဝရဲ့ စိတ်ဓါတ်အကျဆုံး နေ့များအကြောင်းကို ပြောလျင် ကုန်လွန်ခဲ့သည့် မနေ့ တနေ့က အကြောင်းများလည်း ပါဝင်နေမည်။ တောင်းဆိုမှုတွေ များသော ၊ ဝန်ထမ်းချင်း အလစ်အငိုက်မှာ ခြေထိုးခံလေ့ရှိသော ၊ နောက်ကွယ်တွင် အတင်းအဖျင်း ပြောတတ်သော၊ ရုံးတစ်ရုံးတွင် ကံဆိုးစွာ အလုပ်ရလာခဲ့သည်။ အလုပ်ရခါစ အချိန်တွေကတော့ ကျနော် တော်တော်ကံကောင်းသည်ဟု ထင်မြင်ခဲ့သေးသည်။

အပြုံးချိုချို စကားချိုချို တို့ကို ယုံစားတတ်သော ကျနော်သည် မိမိရဲ့ ခံစားချက် တစ်ချို့ကို မိတ်ဆွေဟု မိမိသတ်မှတ်ထားသူများထံ အရင်းခံတိုင်း ထုတ်ပြောမိခဲ့သည်။ လုပ်ငန်းခွင်ရဲ့ လိုအပ်နေသော အနေအထားများ၊ အဆင်မပြေမှုများကို ခင်မင်ရင်းနှီးစွာ ရင်ဖွင့်ပြောပြခဲ့ပေမယ့် ကျနော့်ရဲ့စကားတို့သည် လိုအပ်သည်ထက် ပိုသာစွာ ၊ အဆိုးမြင်အနေအထားသို့ ရာခိုင်နှုန်း များစွာဖြင့် အထက်လူကြီးထံ ပုံစံပြောင်း၍ ရောက်သွားခဲ့သည်ကိုတော့ အချိန်ကြာမြင့်မှ သိခဲ့ရသည်။

အမြင်မကြည်လင်သော အထက်လူကြီးရဲ့ လုပ်ငန်းခွင်ဘောင်အတွင်းမှ တရစ်ပြီးတရစ် ထပ်တင်းလာသော အနေအထားများကို ခေါင်းမဖော်တမ်း တစ်နေ့လုံး ဖြည့်ဆည်းပေးနေခဲ့သည်။ မနက်အစောဆုံး ရုံးသို့ ရောက်လာသော ကျနော့်ရဲ့ ရုံးဆင်းချိန်သည် တခြားသူများထက် ပို၍ပို၍ နောက်ကျလာနေခဲ့သည်။ ကျနော့်ရဲ့သီးခံ နိင်မှု အတိုင်းအတာသည် အင်္ဂါနေ့ရဲ့ မနက်ခင်း တစ်ခုတွင် ကုန်ဆုံးသွားခဲ့တော့သည်။ အထက်လူကြီးရဲ့ ရုံးခန်းထဲတွင် မိမိဘက်က အနေအထားများကို ပြောပြနေခဲ့ပေမယ့် တင်စီးသော စကားလုံးများရဲ့ ဒဏ်ကိုတော့ ကြာကြာမခံနိင်တော့ပေ။ လုပ်နိင်စရာ နည်းလမ်းတစ်ခုသာ ရှိတော့သည်။ အလုပ်ထွက်စာ တင်လိုက် ရသည်။

ထို့နောက် နောက်တစ်နေ့မနက်တွင် ပိုင်ဆိုင်သော အဝတ်အစားတစ်ချို့ကို အိတ်ထဲ ထည့်လွယ်ရင်း ကျနော်နေ နေသော အိမ်ခန်းရှင် သူငယ်ချင်းကို အကျိုးအကြောင်း အနည်းငယ် ပြောပြကာ စစ်ကိုင်းဘက်တွင် ရှိသော ဦးလေး ဖြစ်သူထံ ထွက်လာခဲ့သည်။ အဆင်ပြေလျင် ဦးလေးနှင့် အတူနေထိုင်ဖို့ တွေးထားသလို အနည်းဆုံးတော့ စိတ်ပြေလက်ပျောက် ခရီး ဖြစ်မည် လို့ ယုံကြည်ထားခဲ့သည်။ ထိုအစီအစဉ်သည် သာရဝေါ ဘူတာကို ကျော်လာပြီးသည့်နောက် ပြောင်းလဲသွားရတော့၏။

ရထားပေါ်တွင် အမှတ်မထင် ခင်မင်ခွင့်ရခဲ့သော ကျောင်းဆရာလေး ကိုကြည်လင်နှင့် ခင်မင်ရင်းနှီးစွာ သူ့အကြောင်း ကိုယ့်အကြောင်း အနည်းငယ် ပြောပြဖြစ်ပြီးနောက် ကိုကြည်လင် ဖိတ်ခေါ်ရာ သူတို့ရဲ့ ရွာလေးဆီကို လမ်းကြောင်း ပြောင်းကာ လိုက်လာခဲ့မိတော့သည်။

“ လိုက်ခဲ့စမ်းပါ ကိုမြင့်မောင်ရာ ကျုပ်တို့ရွာက တအားသာယာတာဗျ ခင်ဗျား မပျော်တော့တဲ့နေ့အထိ စိတ်ပြေလက်ပျောက် လိုက်နေစမ်းပါဗျာ ”

ကိုကြည်လင်၏ လှိုက်လှဲသော ဖိတ်ခေါ်မှုနှင့် အပြုံးများ ကြောင့်ကျနော့် ခရီးစဉ် ပြောင်းလဲသွားရခြင်း ဖြစ်သည်။ လတ်တလော စိတ်မကြည်မသာ ဖြစ်ခြင်းနှင့် ဒေသန္တရ ဗဟုသုတ နည်းသည့်ကျနော့် အတွက် အဆင်ပြေစေသော ဖိတ်ခေါ်မှုလည်း ဖြစ်၏။ “ဘာမှ အားမနာနဲ့သားရေ လွတ်လွတ်လပ်လပ် ပျော်သလိုသာနေ” နွေးထွေးသော အပြုံးဖြင့် ကိုကြည်လင့် အမေ အဒေါ်မြတင်ရဲ့ စကားများကို ကြားလိုက်ရပြီးနောက် ဒီရွာသို့ လိုက်လာဖြစ်သော ကျနော့် ဆုံးဖြတ်ချက် မှန်သွားပြီဆိုတာလည်း သိလိုက်ရသည်။ ကွယ်လွန်သွားသည်မှာ နှစ် နှစ်ခန့်ရှိသော အမေ့ကို ချက်ခြင်း သတိရမိသလို စိတ်ဓါတ်ကျနေသော ကျနော့်အတွက် ခွန်အားတစ်ချို့လည်း ဖြစ်စေခဲ့သည်။

ရွာလယ်လမ်းမမှ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။ မနက်ခင်းသည် ခွန်အားပြည့်စွာဖြင့် လင်းထင်းလာလေပြီ။

“အမေ.. ကိုမြင့်မောင်ကို နိုးလိုက်ရမလား”
“အိပ်ပါစေသားရယ် ခမျာ ခရီးပန်းလာရှာမှာ”

ကိုကြည်လင်တို့ သားအမိရဲ့ အချီအချ စကားပြောသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။ ကျနော် ခြင်ထောင် အပြင်သို့ ထွက်ရင်း

“ ကျနော် နိုးနေပြီဗျ ရွာရဲ့ မနက်ခင်းအသံလေးတွေကို နားထောင်နေတာ ကြက်တွန်သံတွေ ကောက်စိုက်ထွက်သံတွေလေ ”
“ ဟော နိုးပြီလား.. အေးဗျ ဒါတွေက ရွာရဲ့ နိုးစက်တွေ ဆိုပါတော့ဗျာ”
“ ကျနော်တော့ ကြားရတာ စိတ်ချမ်းမြေ့လိုက်တာဗျာ”

ကျနော့်စကားကြောင့် ကိုကြည်လင်တို့ သားအမိ ကျေနပ်စွာ ပြုံးပျော်သွားဟန်တူသည်။ ခြင်ထောင်ကို ဖြုတ်သိမ်း၊ စောင်ခေါက်ကာ ခင်းထားသော ဖျာကိုလိပ်၍ အခန်းထောင့်တွင် ထောင်ထားလိုက်သည်။ ရေကပြင်ကို ထွက်ပြီး မျက်နာသစ် သွားတိုက်ပြီးချိန်တွင် အဒေါ်မြတင်ရဲ့ အသံထွက်လာ၏။

“ကဲလာ... ကောက်ညင်းပေါင်းလာစားကြ ”

အိမ်ရှေ့ကွပ်ပစ်တွင် ထိုင်ရင်း ကောက်ညင်းပေါင်း ပူပူလေးကို နှမ်းထောင်းဖြင့် တို့ကာ စားရသည်မှာ မနက်ခင်း တစ်ခုလုံး ပြီးပြည့်စုံသွားသလို ခံစားချက်ဖြစ်ပေါ်လာသည်။ ရေနွေးကြမ်း တစ်ခွက်ကို အေးအေးလူလူ တဖြည်းဖြည်းသောက်ရင်း အရင်က မနက်ခင်းများတွင် စမူဆာ နှစ်ခုနှင့် ရေနွေးကြမ်း ဆင့်ကာသောက်ခဲ့ရပုံများ၊ လခထုတ်ရက် တွင်တော့ မုန့်ဟင်းခါးကို ပဲကြော်လေးဖြင့် စားခဲ့ရပုံများကို သတိရမိ သည်။

ထို့နောက် လိုင်းကားကို အလုအယက် တိုးစီးဖို့ မှတ်တိုင်တွင် စောင့်မျှော် ရပုံများ မြင်ယောင်လာလေသည်။ စားထားသော မနက်စာကိုပင် အရသာ ခံခွင့်မရပေ။ စားသုတ်သုတ် သွားသုတ်သုတ် ဖြင့် အလုအယက် ကမန်းကတန်းဆိုသော စကားလုံးများကိုသာ လူတိုင်း ကိုယ်စားပြုနေခဲ့ရသည်။ ကားမမှီမှာ စိုးသည့်ဒုက္ခ၊ လိုင်းကားပေါ်မှ နေ့စဉ်မရိုးရသော ပြဿနာများဖြင့် မနက်ခင်းတိုင်း ပူလောင်နေခဲ့ရကြောင်း ပြန်သတိရမိသည်။

“နေရတာ ကျနော် စိတ်ချမ်းသာ လိုက်တာဗျာ အဒေါ်တို့ ကိုကြည်လင်တို့နဲ့ ဆုံရတာ ကံကောင်းလိုက်တာ”

အဆက်အစပ်မရှိ ထပြောသော ကျနော့်စကားကြောင့် သားအမိ နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့် သွားကြ၏။

“ကိုမြင့်မောင် ပျော်တယ်ဆိုလို့ ကျုပ်ကပိုတောင် ပျော်သေးတယ် ကျုပ်တို့က ဧည့်ဝတ်မကျေမှာပဲ ပူနေတာဗျ”

“ သား ပျော်သလောက်သာနေပါ အားမနာနဲ့ ”

အဒေါ်မြတင်သည် တွေ့စထဲက ဒီစကားမျိုးသာ တွင်တွင် သုံးခဲ့သည်မှာ ဖြူစင်သော စိတ်နှလုံးသားကြောင့် ဖြစ်ကြောင်း ကျနော် သံသယ မဝင်ပေ။

“ နေတာက ရပါတယ် အဒေါ်ရယ် လူတစ်ယောက် စားစရိတ်က မနည်းဘူးဗျ ကျနော် တကယ်အားနာတယ်”

“ဟာဗျာ ခင်ဗျား ကျုပ်တို့ကို ခင်ရင် ဒါမျိုး မပြောစမ်းပါနဲ့ ကျုပ်တို့ ကျေးလက်မှာက သာတယ် နာတယ် မတွေးတတ်ကြဘူးဗျ ရှိအတူ မရှိအတူပဲ အဲ ဟင်းကောင်းတာ မကောင်းတာကိုတော့ အာမ မခံနိင်ကြတာပဲ ရှိတယ်”

“ ကျနော့်အတွက်ရယ် အထွေ အထူး မလုပ်ကြပါနဲ့နော် ကျနော်ကိုလည်း ရှိအတူ မရှိအတူ စာရင်းထဲမှာ ထားစေချင်ပါတယ် ”

ကျနော်စကားကြောင့် သူတို့ ပြုံးသွားလေသည်။ ဒီရွာတွင် လတ်လတ်ဆတ်ဆတ်ရနိင်သည်မှာ စေတနာကို အခြေခံထားသည့် လှိုက်လှဲသော အပြုံးများနှင့် တိုက်ခတ်လာသော လေနုအေး များဖြစ်မည်။

“ကျနော် ရွာထဲ ပတ်ကြည့်လိုက်အုံးမယ်”
“ ကျုပ်လိုက်ပို့ပေးမယ်လေ”
“ရတယ်ကိုကြည်လင် အေးအေးလူလူ အတွေးလေးနဲ့ လျှောက်မလားလို့ဗျ”

“ဒါဆိုလည်း သဘောအတိုင်း သွားပါဗျာ ရွာမှာတော့ လမ်းမှားစရာ မရှိဘူးဗျ ကျုပ်လည်း စာသင်ကျောင်း သွားရအုံးမယ် ရွာအစွန်ဘက် ရောက်လာရင် ကျုပ်တို့ရွာ မူလတန်း ကျောင်းလေးကို ဝင်ခဲ့နော်”

“ ဝင်ခဲ့မယ် ဒါဆို လမ်းလျှောက်လိုက်အုံးမယ်ဗျာ ”
“ သားရေ ထမင်းစားချိန်ထိအောင်တော့ မနေနဲ့နော် ”
“ဟုတ်ကဲ့ အဒေါ် သိပ်ဝေးဝေးတော့ မသွားပါဘူး”
“အေးအေး ဒါဆိုလည်း သွားလေ”

ရွာရဲ့ လမ်းမတစ်လျောက် အနောက်ဘက်ကို ဦးတည်၍ လျှောက်လာခဲ့သည်။ လမ်းတွင် ဆုံလာ သူများသည် လူစိမ်းတစ်ယောက် ဖြစ်သော ကျနော့်ကို မသိမသာ စူးစမ်းသလို ကြည့်ပြီး ခပ်ပြုံးပြုံး အမူအရာမျိုး ဖော်ပြကာ နှုတ်ဆက်ကြဟန်တူသည်။ ကျနော်လည်း ပြန်လည်ပြုံးပြရင် ဆက်လျှောက် လာခဲ့သည်။

“မိတ်ဆွေက ဆရာလေး ကိုကြည်လင်ရဲ့ သူငယ်ချင်းလားဗျ”
မျက်နာချင်းဆိုင်မှ လျှောက်လာသည့် အသက် ၄၀ ခန့် လူတစ်ဦးမှ နှုတ်ဆက်လာသဖြင့်

“ဟုတ်ပါတယ်ခင်မျာ ဒီရွာကိုအလည် လိုက်လာတာပါ”
“ ကောင်းပါတယ်ဗျာ ရွာက ကြိုဆိုပါတယ် ကျုပ်အိမ်ကို လိုက်ပြီး အဖန်ရည် သောက်ပါအုံးလား မိတ်ဆွေ”
“ ကျနော့်နာမည်က မြင့်မောင် ပါခင်မျာ ရွာပြင်ဘက် လမ်းလျှောက်ထွက်လိုက်ပါအုံးမယ် နောက်များမှ အဖန်ရည် ဝင်သောက်ပါ့မယ်”

“ကျုပ်နာမည်က အေးဆောင် ပါ ရွာလယ်မှာ နေတယ်ဗျ ကြုံရင် အိမ်ဝင်ခဲ့အုံး”
“စိတ်ချပါခင်မျာ ကျနော် လာလည်ပါ့မယ်”
“ ကိုရင် မြင့်မောင်က မနေ့ကမှ ရောက်တာဆိုတော့ သွားတတ်ပါ့မလား ကျုပ်လိုက်ပို့ပေးရမလား”
“ ရတယ်ဗျ ဟိုတွေးဒီတွေးနဲ့ လျှောက်မလားလို့ ကိုအေးဆောင် ရေ”

“ဟုတ်ပြီဗျာ ဒါဆိုလည်း အေးအေးဆေးဆေးသာ လျှောက်ဗျ တရက်တော့ ထမင်းစား ဖိတ်လိုက်မယ်ဗျာ”
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ဆက်လျှောက်လိုက်အုံးမယ်နော်”
“ ကောင်းပါပြီဗျာ ”

တွေးရင်းငေးရင်းဖြင့် ဆက်လျှောက်လာခဲ့သည်မှာ ရွာစွန်ဘက်သို့ ရောက်လာသည်။ ထိုဘက်တွင်တော့ လယ်ကွင်းများသာ ရှိနေသည်။ စိမ်းစိုနေသော စပါးခင်းများ ၊ မှည့်ဝင်းစပြုနေသော ရွှေဝါရောင် စပါးခင်းများ သည် အမြင်အာရုံကို တမျိုး ဆန်းသစ်သွားစေသည်။ သတိမပြုမိဘဲ မနေနိင်သည်မှာ လတ်ဆတ်သော လေများဖြစ်သည်။ တခါတရံ နွားချေးနံ့ ရွံ့နံ့ အနည်းငယ် ပါဝင်လာသည်။ စိမ်းစိုနေသော စပါးခင်းများသည် လေယူရာသို့ တိမ်းနေလေသည်။ မတ်မတ်ရပ်ကာ လေကို တဝကြီး ရှူသွင်းလိုက်သည်။

နွေနေပူထဲမှ ဖြတ်သန်းလာသူသည် ရေအေးအေး တစ်ခွက်ကို အားပါးတရ မော့သောက်လိုက်ရသလို ကျနော် စိတ်ကျေနပ်မှု ဖြစ်သွားသည်။ မြို့ပြ ဆိုသည်မှာ လေ ရှားပါးတဲ့ ကန္တာရ တစ်မျိုးဟု တွေးလိုက်မိ၏။ ဟုတ်သည်။ ထိုအရပ်တွင် လတ်ဆတ်သော လေထုမှာ ရှားပါးလွန်းလှသည်။ ကားတွေထံမှ ထွက်လာသည့် အိတ်ဇောနံ့ ၊ လူတွေထံမှ ထွက်လာသည့် လောဘဇောနံ့ ၊ ဒေါသဇောနံ့ ၊ မောဟဇောနံ့များ ပြည့်နှက်နေရာ နေရာဖြစ်သည်။ နှစ်ပေါင်းများစွာ ရှူရှိုက်ခဲ့ရသည့် လေထု အကြောင်းကို ကျနော် ယခုမှ သိမြင်ခဲ့ရတော့သည်။

ဖြတ်သန်းသွားလာဖူးသည့် နေရာ တစ်ခုကိုပါ ယခုမှ ပြန်သတိရလာခဲ့ပြီ။ ငါး ဈေး ရှိသော နေရာကို ကျနော် အခါပေါင်း များစွာ ဖြတ်သန်းဖူးသည်။ ငါးညှီနံ့တွေကြောင့် ဖြတ်သန်းတိုင်းကျနော် အသက်အောင့်ကာ နေနေခဲ့ရသည်။ အသက်အောင့်ပြီးတိုင်းလည်း အတွေးတစ်ခု အမြဲ ဝင်နေကြဖြစ်သည်။ ဒီနားမှာ နေတဲ့သူတွေများ မနံတဲ့အတိုင်းပဲ ဟု တွေးခဲ့မြဲ ဖြစ်သည်။ 

တကယ်တော့ ကိုယ့်ပါတ်ဝန်းကျင်နှင့် ကိုယ် ယဉ်ပါးနေကြခြင်းသာ ဖြစ်မည်။ ကျေးလက်ကသူတွေ မြို့ပေါ်ရောက်ရင်ရော လူတွေရဲ့ ဇော ညှီနံ့များကြောင့် အသက်အောင့်ကာ နေနေခဲ့ကြမလား။ အသက်ရှူ မဝတာကို သူတို့ နေနိင်တာပဲလို့များ တွေးမလား။ မြို့ပြ တစ်ခုလုံးကို ကျနော် ကိုယ်စားပြုလိုက်ရသလို ရှက်ရွံ့သွားမိသည်။

ယခုတော့ မြို့ပြမှ ခဏတာ ထွက်ပြေးလာသော ကျနော်သည် စပါးခင်းများကို ဖြတ်သန်းလာသော လေထုကို အငမ်းမရ ရှူရှိုက်နေမိသည်။ ဒီ ဒေသ နှင့် တသားထဲ ဖြစ်သွားသည် အထိ ရှူရှိုက်နေမိသည်။ လယ်ကွင်းရဲ့ အလယ်တွင် စိုက်ထူထားသော စာခြောက်ရုပ်ကို မြင်လိုက်ရသဖြင့် ကျနော် ပြုံးလိုက်မိပြန်သည်။ မနက်ခင်းတိုင်း မြင်နေကြ ဖြစ်သော ယာဉ်ထိန်းရဲ များကို အလိုလို မြင်ယောင်သွား၍ ဖြစ်သည်။

လက်နှစ်ဖက် ဆန့်တန်းထားသော စာခြောက်ရုပ်သည် ရွှေဝါရောင် စပါးခင်းများကို ကိုက်ဖြတ်မည့် ကျေးငှက်များကို ကာကွယ်ပေးသလို ယာဉ်ထိန်းရဲ များသည်လည်း မြို့ပြရဲ့ မနက်ခင်းများကို ကိုက်ဖြတ်ကာ အကျည်းတန်စေမည့် သူများကို ကာကွယ်ပေးနေခဲ့သည်။ တစ်စီးကို တစ်စီး ကျော်တက်သူများ ၊ လူကူမျဉ်းကျားကို အရှိန်မလျော့ဘဲ ဖြတ်မောင်းချင်သူများ၊ ယာဉ်ကြော နှစ်ထပ် သုံးထပ် ဖြစ်သည်အထိ လမ်းဘေးချ မရပ်ဘဲ မိမိအဆင်ပြေ သလိုရပ်ကာ လမ်းပိတ်ဆို့စေသူများဖြင့် မနက်ခင်းသည် နေရောင်ခြည် မရောက်ခင်ကပင် လောဘ ဒေါသ မောဟ များဖြင့် ပြည့်နေခဲ့သည်။ 

လေညင်းများ ပွေ့ဖက်ခြင်းခံရသောကြောင့် တလှုပ်လှုပ် ဖြစ်နေသော စာခြောက်ရုပ်လေးကို ကြည့်ကာ အတွေးတွေ အမျှင်တန်းနေမိသည်။ တစိမ့်စိမ့် သေသေချာချာ တွေးလေ အံ့သြဖို့ ကောင်းလွန်းလှသလို စက်ဆုပ်ဖို့လည်း ကောင်းသည်။ ကျနော် သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည်။ ထိုအရပ်ကို ကျနော် ပြန်တိုးဝင်ရအုံးမည်။ လောဘညှီနံ့များကို အသားကျသည်အထိ ပြန်ရှူရှိုက် ရအုံးမည်။ အလုအယက် နှင့် ကမန်းကတန်း ဆိုသော စကားလုံးများကို အသွေးအသားထဲက ဆူပွက်သည် အထိ ရေရွတ်ရအုံးမည်။ 

ကြိုတင်စိတ်ကူးထားသလို ဒီရွာတွင် တစ်ပါတ်ခန့် နေပြီးလျင်တော့ စိတ်သစ်လူသစ်များ ဖြင့် မြို့ပြကို ပြန်တိုးဝင်ရအုံးမည်။ သစ်လွင်နေသော ခေါက်ရိုးတကျ အင်္ကျီများ လိုင်းကားပေါ်တွင် ခဏကလေးနှင့် ကြေမွသွားသလို ကျနော် တည်ဆောက်ယူသွားမည့် စိတ်သစ်လူသစ်သည်လည်း မောဟ လှိုင်းလုံးများကြား တွင် မကြာခင်ဘဲ ကြေမွရအုံးမည်။ မြို့ပြဆိုသည်မှာ အနာဂါတ် အကြောင်းပင် တွေး၍ စိတ်ကျေနပ်ဖွယ်ရာ မရှိပါလား။

ဟိုးခပ်ဝေးဝေးလယ်ကွင်းမှ ရယ်မောသံများ ထွက်လာသဖြင့် ကြည့်လိုက်မိ၏။ မှည့်ဝင်းနေသော စပါးများကို ရိတ်သိမ်းနေကြခြင်း ဖြစ်သည်။ မိမိတို့ကိုယ်တိုင် စိုက်ပျိုးခဲ့သည်များကို ရိတ်သိမ်းရင်း သူတို့ ပီတိဖြစ်နေမှာ သေချာပါသည်။ ကျနော့်ဘဝတွင် စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရသည်မှာ သီးနှံအနုံ အဖျင်းများသာ ဖြစ်သည်။ 

လက်ထဲကို ရောက်ရှိလာသော တစ်လစာလခ နှင့်အတူ ပေးရန်ရှိသော တစ်လစာ တောင်းခံလွှာများ ၊ ရေဖိုး ၊ မီးဖိုး ၊ ထမင်းလပေးခများ ၊ အိမ်လခများ၊ ဖိနပ်အသစ်ဝယ်ရန် ၊ သူငယ်ချင်းမင်္ဂလာဆောင် လက်ဖွဲ့ရန် ၊ သာရေးနာရေး စရိတ်များဖြင့် ကျနော်ရရှိလာသော သီးနှံအဖျင်းများသည် ပီတိဖြစ်ခွင့်ပင် မရလိုက်ပေ။ ထိုကဲ့သို့ လုံးလည်ချာလည် လိုက်နေရင်း နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် ကိုယ့်ကိုကိုယ် အံ့သြစရာ ကောင်းမှန်း ယခုမှပင် သိမြင်လာတော့သည်။

ရင်းနှီးသည့် မိတ်ဆွေများဖြင့် မျက်နာချင်းဆိုင် ဆုံရမည် စိုး၍ လ္ဘက်ရည်ဆိုင် ထိုင်တိုင်း လမ်းမဘက်ကို ကျောပေးကာ ထိုင်နေခဲ့ရသည်။ ယခုမှ သိမြင်ရသော ကျနော့်ကို ကိုအေးဆောင် အိမ်လည် ထမင်းစား ဖိတ်တော့ ကျနော့် စိတ်ထဲ တမျိုးလေး ဖြစ်သွားရသည်မှာ ထိုခံစားချက်ကြောင့် ဖြစ်မည်။ ကျေးလက်တောရွာတွင် လူတစ်ယောက်ကို ထမင်းတစ်နှပ် ခေါ်ကျွေးရန် လွယ်ကူလွန်းသည်။ ကျနော် မြို့ပြန်ရောက်၍ ကိုအေးဆောင်ကို ကြုံကြိုက်ခဲ့လျင် ကျနော်ကပဲ ဦးဆုံး မြင်ခွင့်ရချင်ပါသည်။ ထိုအချိန်တွင် ရှိနေနိင်မည့် ကျနော့် အိတ်ကပ်ထဲက ငွေကြေးအင်အားအရ ဆိုင်အတွင်းဘက်ကို ကျောပေး၍ ထိုင်သင့် မထိုင်သင့် ဆုံးဖြတ်၍ ရချင်သည်။ ဖြူစင်မှုနှင့် ခင်မင်ရင်းနှီးမှုသည် အသပြာငွေကြေးရဲ့ တိုက်စားမှုကြောင့် ပို၍ဝေးကွာ သွားလေပြီ။

လယ်ကန်သင်းရိုး တစ်လျှောက် အေးအေးလူလူ လမ်းလျှောက်လာသည်။ လေယူရာ ယိမ်းနွဲ့နေသော စပါးပင်များကို လက်နှင့်ထိတွေ့ရသည်မှာ အိမ်မက်ဆန်လှသည်။ ထိုသီးနှံသည် လူထုအားလုံးအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်။ အမေမသေခင်က အမြဲလိုလို ပြောလေ့ရှိသော စကားမှာ အိမ်မှာ ဆန်လေး တစ်အိတ် လောက် ထောင်ထား နိင်ရင် အိပ်ယာထတိုင်း အပူအပင် မရှိသလို ခံစားရသည်တဲ့လေ။ အမေ အပူအပင်မရှိ အိပ်ယာထ ရသည့် မနက်ခင်း များများစားစား မရှိခဲ့သည်ကိုတော့ ကျနော် မှတ်မိနေသည်။

ကျနော် လျှောက်လာရင်းဖြင့် ကလေးများရဲ့ စာအံသံများကို ကြားစပြုလာသည်။ ရှေ့ခပ်လှမ်းလှမ်းမှ သစ်ပင်များ အုပ်ဆိုင်းနေသော နေရာသည် ကိုကြည်လင် စာသင်နေသော မူလတန်း ကျောင်းဖြစ်မည်။ ထိုကျောင်းသို့ ကျနော် ခပ်သွက်သွက် လျှောက်လှမ်းလိုက်၏။ ကျောင်းဝင်းကို ဝါးတိုင်များ ခပ်ကျဲကျဲ စိုက်ကာ ဝါးတန်းများ ပစ်၍ ကာရံထားသည်။ ကျောင်းဝင်းသည် အလေ့ကျ ပန်းပင်များဖြင့် ရိုးရိုးရှင်းရှင်း ရှိ၏။ သွပ်မိုးပြီး ထရံကာထားသော စာသင်ကျောင်းသည် မြေပြင်မှ ၃ ပေခန့် အမြင့်တွင် တည်ဆောက်ထားသော တထပ်စာသင်ဆောင်ဖြစ်၏။ အလင်းရောင် ရစေရန် ပြတင်းပေါက်များ ဖောက်ထားသည်ကိုလည်း တွေ့ရသည်။

ကလေးများကို စာသင်နေသော ကိုကြည်လင် ကို ပြတင်းပေါက် တစ်ခုမှမြင်လိုက်ရသည်။ စာသင်ရင်း ကျနော့်ကို ခဏနော်ဟု လက်လှမ်းပြနေသဖြင့် အေးအေးဆေးဆေး ဆက်သင်ပါဟု လက်လှမ်းပြကာ ကျောင်းဝင်းထဲ လှည့်ပါတ် ကြည့်နေလိုက်၏။ စာသင်ကျောင်းရဲ့ အနောက်ဘက်တွင် ခြံစည်းရိုးနှင့် ကပ်လျက် သီးပင်များကို တွေ့ရသည်။ 

ဒန့်ဒလွန် ပင်နှင့် ငှက်ပျောပင်မှာ အများဆုံး ဖြစ်သည်။ ထို့နောက် ကုက္ကိုလ် ပင်များ မကျည်းပင်များနှင့် အမျိုးအမည် မသိသော အရိပ်ရပင်များဖြင့် ကျောင်းဝင်းသည် အေးမြနေ၏။ ခေါင်းရင်းဘက် ခပ်လှမ်းလှမ်းတွင်တော့ သစ်ပင်များ အုပ်ဆိုင်းနေသော ရေကန် တကန်ကို မြင်လိုက်ရသဖြင့် သွားရန် စိတ်ကူးနေဆဲမှာပင် ကိုကြည်လင် ကျောင်းပေါ်မှ ဆင်းလာသည်။

“ ကိုမြင့်မောင် ပျင်းနေပြီလားဗျ”
“ မပျင်းပါဘူး လမ်းလျှောက်လို့ အင်မတန်ကောင်းတာပဲ ရွာလေးကလည်း အေးချမ်းလိုက်တာဗျာ တိတ်တိတ်ဆိတ်ဆိတ်ပဲနော် ”
“ ခင်များတို့ မြို့နဲ့ ယှဉ်ရင်တော့ တိတ်ဆိတ်တယ်လို့ပဲ ဆိုရမှာပါ တသက်လုံးနေလာတဲ့ ကျုပ်တို့ အတွက်တော့ ပုံမှန်ပဲလို့ ပြောရမယ် ”
“စာသင်နေတာ မဟုတ်လားဗျ ကျနော့်အားမနာနဲ့ သွားသင်လေ”

စောစောက တွေ့ထားသော ရေကန်ဘက်ဆီသို့ ကျနော် ဦးတည်ထားသဖြင့် ကိုကြည်လင်ပါ ဘေးနားက စကား တပြောပြောဖြင့် လိုက်ပါလာသည်။

“ ဒီလပိုင်းက အဆင်ပြေတယ်လေ မြို့က ကျောင်းပိတ်ထားလို့ လာကူပေးတဲ့ ဆရာမလေး နှစ်ယောက် ရှိနေတယ်”
“ တော်သေးတာပေါ့ ... ဒါနဲ့ကျောင်းမှာက ဆရာ ဘယ်နှစ်ယောက်ရှိတာလဲ”
“ ပုံမှန်အတိုင်းတော့ ၃ ယောက်ဆိုပါတော့ အခုလို လာကူတဲ့ အခါတွေမှာတော့ ပိုအဆင်ပြေပါတယ် ”
“ ကိုကြည်လင်တို့ ဘက်က အဆင်ပြေရင် နောက်နေ့တွေ ကျနော်လည်း ဝိုင်းကူသင်ပေးမယ်လေ မပြန်ခင် အထိတော့ ကလေးတွေကို စာဝိုင်းသင်ပေးမယ်”
“ အဆင်ပြေတာပေါ့ဗျာ ကျုပ်တို့ကျောင်းအတွက် ခင်များတို့လို ဘွဲ့ရပညာတတ်တွေ လိုအပ်ပါတယ်”

ကိုကြည်လင် ပြောလိုက်သော ဘွဲ့ရပညာတတ် ဆိုသော စကားကို ကျနော် စိတ်ထဲက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ မြို့ပြမှာ ကျနော်တို့အတွက် ရပ်တည်ဖို့ ခက်ခဲပါတယ် ဆိုသည့်စကားကိုတော့ ပြန်မပြောဖြစ်ပေ။ လမ်းလျှောက်လျင် ပုခုံးချင်း တိုက်မိနေကြသော ဘွဲ့ရပညာတတ်ဆိုသူများသည် အောက်တန်း စာရေး တနေရာ အတွက်ပင် တိုးဝှေ့နေကြကြောင်း ကိုကြည်လင် မသိတာ ပိုကောင်းပါမည်။

“ဒါက တစ်ရွာလုံးရဲ့ သောက်ရေကန်လေ”
သစ်ပင်များအောက်မှ ဖြတ်လျှောက်လိုက်ရင်း သောက်ရေကန်ကြီးကို မြင်လိုက်ရသည်။ ကြာပန်း ကြာရွက် များဖြင့် ကန်ရေပြင်သည် တည်ငြိမ်နေလေသည်။

“ ရွာကသူတွေကတော့ ရွာဦးဆရာတော်ရယ် ကျုပ်တို့ကျောင်းဆရာတွေရယ် ဒီရေကန်ရယ်ကို တစ်တန်းစားထဲ သတ်မှတ်ထားကြတယ်ဗျ ”
“ အဆန်းပါလားဗျ ရှင်းပြပါအုံး ”
“ ဒီလိုလေဗျာ ဒီ သုံးခုလုံးက ရွာရဲ့ အားထားရာ ဖြစ်လို့တဲ့လေ ”
“ ဟုတ်တယ်ဗျ ဒါတော့ အမှန်ပဲ ”
“ မနက်ဖြန်ဆို ခင်များလည်း ဒီ တစ်တန်းစားထဲမှာ ပါဝင်ပြီပေါ့ ”
“ ဘာကြောင့်လဲဗျ ”
“ ခင်များပဲ ကလေးတွေကို စာသင်ပေးမယ်ဆိုဗျ ယာယီဆိုပေမယ့် ခင်များလည်း ကျောင်းဆရာပဲလေ တရွာလုံးရဲ့ အားထားရာ ဖြစ်တာပေါ့”

ကိုကြည်လင် စကားကြောင့် ကျနော် ကြက်သီးမွှေးညှင်းများပင် ထသွားရသည်။ ဘဝတသက်တာလုံး ထူးထူးခြားခြား အသိအမှတ်ပြု မခံခဲ့ရသော ကျနော့်အတွက် ကြားလိုက်ရသော ဂုဏ်ပုဒ်မှာ အံ့မခန်း ဖြစ်နေသည်။ မနက်ဖြန်ကို အမြန်ဆုံး ရောက်ချင်သွားမိပြီ။

“ကဲ လာဗျာ အမေချက်ထားတဲ့ နေ့လည်စာလေး ပြန်စားကြစို့”

.....................................................................။

နောက်ရက်များတွင်တော့ ကျနော့်ရဲ့ ဘဝဖြတ်သန်းမှု ပုံစံသည် ပြောင်းလဲ သွားရတော့သည်။ ကိုကြည်လင်နှင့် အတူ လိုက်ပါကာ ကလေးများကို စာသင်ပေးရင် ဒီရွာရဲ့ လူနေမှု ဘဝတွင် ပျော်ဝင် လာခဲ့သည်။ ကလေးတွေကို ပညာသင်ပေးခြင်း ဖြစ်တာကြောင့် တရွာလုံးနှင့် လျင်မြန်စွာ ခင်မင်ရင်းနှီး သွားသလို ညနေတိုင်း ထမင်းဖိတ်ကျွေးသူများ လေးလေးစားစား ဆက်ဆံသူများ ၊ လူကြီးစကားဝိုင်းများတွင် ကိုကြည်လင် နှင့်အတူ လိုက်ပါကာ ရပ်ရွာအရေး ကလေးတွေရဲ့ ပညာရေး ဆွေးနွေးကြခြင်းများဖြင့် လူရာဝင် ခံရသော အရသာသည် နွေးထွေးလှသည်။

တပါတ်ခန့်နေပြီး ပြန်မည်ဆိုသော ကျနော်သည်လည်း ၁၀ ရက်ကျော်ကာ နှစ်ပါတ်ခန့် ဖြစ်လာသည်။ ဒါပေမယ့် မေ့ထားလို့ မရသည်မှာ ကျနော့်ဘဝရဲ့ ရှေ့ရေးဖြစ်သည်။ ထို့ကြောင့် မနက်ဖြန်တွင်တော့ မြို့ပြရှိရာ အရပ်သို့ ပြန်တိုးဝင်ရတော့မည်။ ကျနော်ပြန်တော့မည် ဆိုသဖြင့် အဒေါ်မြတင်လည်း မျက်နာမကောင်းပေ။ ညစာ ထမင်းဝိုင်းသည် တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြစ်သည်။

နောက်တနေ့ မနက်စောစောတွင် ကိုအေးဆောင် ကိုယ်တိုင် လှည်းဖြင့် လိုက်ပို့ပေးသည်။ သားတစ်ယောက်လို သံယောဇဉ် တွယ်နေသော ဒေါ်မြတင်သည် မျက်နာကို တဘက်ဖြင့် တို့ကာ လှည်းနားကို တိုးကပ်လာသည်။ စာအိတ်တအိတ်ကို လှမ်းပေးရင်း

“ဒါလေးယူသွားသား မြို့မှာ နည်းနည်း ဖြစ်ဖြစ်တော့ အဆင်ပြေမှာပါ”

စာအိတ်ကို ဖိကိုင်လိုက်ချိန် အထဲတွင် စက္ကူချပ်များ ရှိနေသည်ကို သိလိုက်ရသည်။ ငွေစက္ကူများ ဖြစ်ဟန်တူသည်။

“ မယူပါဘူး အမေရယ် ကျနော်ကိုယ့်ဝမ်း ကိုယ်ကျောင်းနိင်ပါတယ် အမေသာ အသက်ကြီးပြီ လိုလိုမယ်မယ် သိမ်းထားပါ ”

“အမေတို့မှာ လယ်ငှားချထားတဲ့ ဝင်ငွေနဲ့ ရပ်တည်နိင်ပါတယ် စိတ်မပူနဲ့သား ၊ အမေတစ်ယောက်လို ချစ်ရင် အမေတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှု ကို သားနားလည်မှာပါ အမေတို့ရွာမှာက ငွေမရှိရင်တောင်မှ အချိန်ကြာကြာ ရပ်တည်လို့ရတယ် သားတို့မြို့မှာသာ..”

“ဟုတ်ပါတယ် ကိုမြင့်မောင် ယူသွားပါဗျာ ခဏလေး နေခဲ့ရပေမယ့် ကျုပ်တို့က ညီအကိုတွေလို စိတ်ထဲ ဖြစ်မိပါတယ်။ မြို့မှာ မပျော်တာနဲ့ ပြန်လာခဲ့ပါဗျာ ခင်များ တဝမ်းတခါး အတွက်က ထွေထွေထူးထူး ပြဿနာ မဟုတ်ပါဘူး”

စာအိတ်လေးကို ဆုပ်ကိုင်ရင်း အဒေါ်မြတင်ကို ထိုင်ကန်တော့လိုက်သည်။
“ ကျနော့်အတွက်လည်း အမေ တစ်ယောက်နဲ့ ညီအကို တစ်ယောက် ရလိုက်သလိုပါပဲ ”

“ကဲ ..ကဲ သွားကြစို့ နေမြင့်နေလိမ့်မယ် ”

ကိုအေးဆောင်ရဲ့ ဆော်သြသံကြောင့် ကျနော် လှည်းပေါ်ကို တက်လိုက်သည်။ ကိုကြည်လင်ကတော့ စာသင်ဖို့ တာဝန်ရှိနေသေး၍ လိုက်မပို့နိင်ပေ။ ရွာလမ်းမ တစ်လျှောက် လှည်းဖြတ်မောင်းသွားချိန် ရွာခံများက မိမိတို့ရဲ့ အိမ်ရှေ့မှ ထွက်ရပ်ကာ ကျနော့်ကို နှုတ်ဆက်ကြသည်။

“ ဆရာလေး မကြာ မကြာ လာလည်နော် ”
“ကျမတို့ ရွာကိုလည်း မမေ့သွားနဲ့အုံးနော် ”

တစ်ယောက်တစ်မျိုး နှုတ်ဆက်ကြခြင်းကို လက်ပြ၍ ပြန်လည် နှုတ်ဆက်လိုက်သည်။ တစ်ချို့ အိမ်တွေမှလည်း မြေပဲဆီများ ပျားရည်ပုလင်းများ ဒေသထွက် သီးနှံများကို လှည်းပေါ်လာတင်ကာ နှုတ်ဆက်ကြပြန်သည်။ မယူပါဘူးဟု ငြင်းဆန်သော်လည်း မရပေ။ သူတို့ရဲ့ ဖြူစင်သော လှိုက်လှဲသော စေတနာများကြောင့် ကျနော့်ရင်ထဲတွင် တလှပ်လှပ် ဖြစ်ရသည်အထိ စိတ်မကောင်း ဝမ်းနည်းရသည်။

ကျနော် စာသင်ပေးခဲ့သော ကလေးများကတော့ လှည်းနောက်တွင် တန်းစီ၍ ရွာထိပ်ထိ လိုက်ပါလာကြသည်။ ဆက်မလိုက်တော့ရန် တားချိန်တွင် ကလေးများ မျက်နာ မကောင်းသလို လက်အုပ်လေးတွေ ချီရင်း နှုတ်ဆက်ကြချိန်တွင်တော့ ကျနော့် ရင်ထဲတွင်တော်တော် စိတ်မကောင်း ဖြစ်မိသည်။

ကိုအေးဆောင်ရဲ့ နွားတို့ကို ငေါက်သံများ ချိုင့်ခွက်ထဲ လှည်းဘီးကျသွားသဖြင့် တကျွီကျွီ မြည်သံများ တချက်တချက် ထွက်ပေါ်လာသည်မှ လွဲ၍ တလမ်းလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြစ်သည်။ လှည်းလမ်းရဲ့ ဘေးဘယ်ညာရှိ စပါးခင်းများထံမှ ဖြတ်သန်းတိုက်ခတ်လာသော လေညင်းများ တိုးဝှေ့ခြင်း ခံလိုက်ရသဖြင့် ကျနော့် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားသည်။ စပါးပင်နံ့ နွားချေးနံ့များ အနည်းငယ် စွက်ဖက် ထားသော ထိုလေထုသည် ကျေးလက်ရဲ့ အနံ့အသက် စစ်စစ် ဖြစ်သည်။ ကျနော် အားပါးတရ ရှူရှိုက်လိုက်သည်။

ထိုလေထုကို မကြာခင် ကျနော် ဆုံးရှုံးရတော့မည်။ အမှန်တကယ် တိုးဝင်ရတော့မည် ဆိုမှ အသိတရား တချို့ ဝင်လာသည်။ မကြာခင် လောဘ ရနံ့များဆီ တိုးဝင်ရတော့မည်။ ထိုအသိ ဝင်လာချိန်တွင် ကျနော့်ရင်ထဲ တုန်လှုပ်သွားသည်။ မြို့ပြပင်လယ်ထဲကို စီးဆင်းရင်း အများသူငါလို အသက်ကယ် ပျဉ်တချပ်လောက် ရအောင် ရုန်းကန်ရအုံးမည်။ ရုန်းကန်ရင်းနစ်သွားတာမျိုးလည်း ဖြစ်နိင်သည်။ ထိုပူလောင်မှုတို့ရဲ့ အဓိက အကြောင်းရင်းကို ရှာဖွေကြည့်ချိန်တွင် အခြေခံ အကျဆုံး လိုအပ်ချက်မှာ ထမင်း နှစ် နှပ်သာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

တီဗီ ရေခဲသေတ္တာ စသော ဇိမ်ခံ ပစ္စည်းများကို ဖယ်ထုတ်ကာ တွေးလိုက်လျင် မည်သည့်နေရာတွင် ရှိနေသည် ဖြစ်စေ လူသားအားလုံး၏ လိုအပ်ချက်မှာ ထမင်း နှစ် နှပ်သာ ဖြစ်သည်။ ထိုအသုံးအဆောင် ပစ္စည်းများနှင့် ဖယ်ခွာကာ နေတတ်မည်ဆိုလျင် ထမင်း နှစ် နှပ်ကို အပူအပန် မရှိဘဲ စားသောက်နိင်သော နေရာတွေ ရှိနေသေးကြောင်း ကျွန်တော် မြင်တတ်ခဲ့ပြီ။ ထိုအရာတွေ မရှိသဖြင့် ဘာမှ မဖြစ်သော လူတန်းစားများသည် ကျနော် ချန်ထားခဲ့သော နေရာတွင် ရှိနေသည်။

ကျနော့် အတွက်လည်း ထိုအရာတွေ ရှိမှ ဖြစ် မဖြစ် သေသေချာချာ တွေးလိုက်မိသည်။ ကျနော်စိတ်နှလုံး အတွင်းမှ အဖြေတစ်ခု ပြန်ထွက်လာသည်။ ထိုအရာတွေ မရှိဘဲ ကျနော် နေနိင်သည်။ စိတ်နှလုံး အေးချမ်းစွာ ရှာဖွေ စားသောက်ခြင်း နှင့် စပါးခင်းများကို ဖြတ်သန်း တိုက်ခတ်လာသော လတ်ဆတ်သည့် လေညင်းများကိုတော့ ဒီအရပ်မှာပဲ ကျနော် ရှာဖွေတွေ့ရှိနိင်မည်။ ထို လတ်ဆတ်သော လေထုကို ကျနော် ချစ်မြတ်နိုးသည်။

“ ဗျို့ ကိုအေးဆောင် ရွာဘက် ပြန်လှည့်ဗျာ ”
“ ဗျာ ”
“ ရွာဘက် ပြန်လှည့်ကြစို့ဗျာ ကျနော် ဒီရွာမှာပဲ နေတော့မယ် ”

လှည်းရပ်သွား၏။ ကျနော့်ကို သူ စူးစူးစိုက်စိုက်ကြည့်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ သူလှိုက်လှိုက်လှဲလှဲ အားပါးတရ ပြောချလိုက်သည်။

“ ကျုပ်တို့ရွာက ဆရာလေးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ ”

ရွာပြန်လာရ၍ထင်သည် နွားတို့ပင် ပို၍ မြူးကြွနေသလိုလို။ ကျနော့်ရင်ထဲတွင်လည်း အမေဖြစ်သူနှင့် ညီဖြစ်သူထံ ပြန်လာရသလို မြူးကြွနေမိသည်။ စပါးခင်း နှင့် လေးညင်းများကတော့ ကျနော့်ကို ကြိုဆို နေကြသည် ထင်၏။ ငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်း ဖြင့် တိုက်ခတ်နေလေတော့သည်။

Wednesday, June 2, 2010

ဒီလိုနေ့မျိုးရောက်မှာကို ကြိုတင်ပြီးစိုးရိမ်ခဲ့ဖူးသည်။ အမှတ်တရ ဆိုတာတွေရဲ့ အဝေးကို ရောက်ချင် နေမိတာ ကြာနေခဲ့ပြီလေ။ ဒါပေမယ့် နာရီလက်တံတွေရဲ့ တိကျသေချာမှုတွေကို ရှောင်ဖယ်ပြေးလို့ မရနိင်ခဲ့သော ကျွန်တော့်အတွက် အမှတ်တရ နေ့များစွာထဲက တစ်နေ့ကို ပြန်ရောက် လာခဲ့ပြန်ပြီ။ မနက်ဖြန် ကျွန်တော့်မွေးနေ့ရောက်ပြီ။ ဒီလိုမှတ်မှတ်ရရနေ့တွေ ရောက်တိုင်း ရင်ခွင်ရဲ့ ဘယ်ဘက် အခြမ်းက စစ်ခနဲ နာနေတတ်တာ ဝဋ်ကြွေးနာ လို့ပဲ သတ်မှတ်ထားမိသည်။

တစ်စုံတစ်ယောက် အပေါ် အပြစ်တင်ချင်ငှာ တစိုးတစေ့မျှ မရှိတာကိုလည်း ဘယ်သူ့ကိုမှ မပြောပြချင်ခဲ့ပေ။ မေ့လိုက်ပါတော့ကွာ ဆိုတဲ့ နှစ်သိမ့်တဲ့စကားသံတွေကို မကြားချင်တာလည်း ပါမည်။ မေ့နေပါပြီလို့ ပြန်မပြောနိင်တာ သေချာသိနေခဲ့သည်ပဲ။ မွေးနေ့မရောက်ခင် တပါတ်လောက် အလိုထဲက မွေးနေ့ရဲ့ တစ်နေ့လုံးစာ အစီအစဉ်တွေကို မမောပန်းနိင်အောင် ပြောနေတတ်ခဲ့သူသည် ဒီတကြိမ်တွင်တော့ အနားမှာ မရှိခဲ့တော့ပေ။ ပြန်မဆုံနိင်လောက်အောင် အဝေးဆုံးကို ထွက်သွားခဲ့သည်မှာ ကြာနေခဲ့လေပြီ။ စိတ်အာရုံထဲဝင်လာတတ်သည့် သတိရခြင်းတွေကို တွန်းဖယ်ရင်းဘာသာ ရှေ့ဆက်နေခဲ့ရသည်။

ဒီလိုနှင့် အချိန်တွေနဲ့ ခံစားချက်တစ်ချို့ လဲလှယ်ပြီး ချိန်တွင်တော့ ချစ်သူဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသမီးလေး တစ်ယောက် ကျွန်တော်ဘဝထဲ ထပ်မံ တိုးဝင်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးလေး ကြောင့် ကျွန်တော်ရဲ့ ဝဋ်ကြွေးနာ တစ်ချို့ ပြေပျောက်ခဲ့ရသလို တိုက်ဆိုင်သော အပြုအမူများအတွက် သတိရခြင်း အသစ်တွေလည်း ထပ်ရခဲ့ဖူးသည်။ အရင်အကြိမ်ရဲ့ ကျွန်တော်ဘက်က လိုအပ်ချက်တွေ ကိုလည်း ဒီအမျိုးသမီးလေး အလှည့်မှာတော့ ဂရုတစိုက်ဖြင့် ဖြည့်ဆည်းနိင်အောင် ကြိုးစားခဲ့မိသည်။

သူမလည်း ပျော်ရွှင်ခဲ့ရမည်ဟု ထင်ပါသည်။ သာယာကြည်လင်စွာ အတူတကွ စီးဆင်းနိင်အောင် ကြိုးစားခဲ့ပေမယ့် အမှန်တရား တစ်ခုကတော့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးသူကို မေ့မရခြင်းပါပဲ။ သဘောထားပြည့်ဝ လွန်းသော လက်ရှိအမျိုးသမီးလေးသည် ကျွန်တော့်ရဲ့ ရင်ဖွင့်မှုတွေကို နားထောင်ပေးနေချိန် သူမရင်ထဲတွင် မည်သို့သော ဝမ်းနည်းမှုမျိုး ရှိနိင်မှန်း ကျွန်တော် မတွေးမိခဲ့ပေ။ ကျွန်တော့်နံဘေးက လိုနေတဲ့ ကွက်လပ်ကို သူမဖြည့်စွမ်းခဲ့သလို ကျွန်တော့်ရင်ထဲက ပိုနေသော လွမ်းဆွတ် ဒဏ်ရာတွေကိုလည်း ဖယ်ရှားပေးခဲ့သည်။ ကျွန်တော်သည် ချစ်သူအသစ်လေးကို အနားတွင် ထားကာ ချစ်သူဟောင်းကို သတိရနေသော ခပ်လွဲလွဲ လူတစ်ယောက် ဖြစ်နေမှန်း သတိမပြုနိင်ခဲ့ပါ။

စနေနေ့မှာ ကျရောက်မယ့် ကျွန်တော့်မွေးနေ့အတွက် အမျိုးသမီးလေး စိတ်လှုပ်ရှား တက်ကြွနေတာ မြင်နေခဲ့ပေမယ့် ကျွန်တော့်ရဲ့ စိတ်အာရုံကို အမှတ်တရ နေ့ဟောင်းက စီးမိုးထားခဲ့သည်။ ဒီတစ်နှစ်ရဲ့ မွေးနေ့ပွဲကို ကျွန်တော် အေးစက်စက် ဖြတ်သန်းရတော့မည်ထင်သည်။ အမျိုးသမီးလေးကတော့ ထိုနေ့ကို မည်သို့ ဖြတ်သန်းမည်ကို ကျွန်တော့်ကို ပြောပြနေခဲ့သည်။ သူမ အတွက် ပထမဆုံးကြုံတွေ့ရသည့် နေ့ဖြစ်တာ ကြောင့်ထင်သည်။ စိတ်လှုပ်ရှား တက်ကြွနေ၏။

သူမရဲ့ တက်ကြွမှုတွေကို ကျွန်တော် အလိုက်သင့်ပဲ စီးမျော နေဖြစ်ခဲ့သည်။ ပထမဆုံး အစီအစဉ်အဖြစ် မြို့ထဲက ရုပ်ရှင်ရုံတွင် ည ၁၀ နာရီခွဲ ပွဲသွားကြည့်ဖြစ်သည်။ ကျွန်တော်က ဇာတ်လမ်းထဲ တွင် စိတ်ဝင်စားနေချိန် အမျိုးသမီးလေး ကတော့ နာရီ တကြည့်ကြည့် ဖြစ်နေခဲ့သည်။ ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံ ခန့် အရောက်တွင်တော့ ကျွန်တော့်လက်လေးကို တစ်ချက် ဆုပ်ကိုင်ကာ ညာဘက်ပါးပြင်လေးကို ဖွဖွ နမ်းရင်း

“happy birthday ပါ ချစ်သောမောင်”

စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသော သူမရဲ့ အသံကြောင့် ကျွန်တော့်ရင်ထဲ လှပ် ခနဲ တစ်ချက် ဖြစ်ပေါ် သွားရသည်။ ည ၁၂ နာရီတောင် ထိုးသွားပြီပေါ့။ အမျိုးသမီးလေးရဲ့ ခေါင်းကို ပွေ့ဖက်လိုက်ရင်း တိုးတိုးလေး ပြန်ပြော ဖြစ်ခဲ့သည်။

“ ကျေးဇူးပါ အချစ်ရယ် ”

တဒင်္ဂလှပ်ခနဲ ဖြစ်သွားသောစိတ်ကို အတိတ်ဟောင်းက စီးမိုးသွားပြန်သည်။ အရင်နှစ်က ဒီလိုအချိန်ဆိုရင်..
ကျွန်တော် ဆက်မတွေးချင်သဖြင့် ဇာတ်ကားထဲ အာရုံပြန်စိုက်နေလိုက်သည်။ အေးစက်စက် ဖြတ်သန်း ရမည် ထင်ထားသည့် နေ့အတွက် ယခုလို တဒင်္ဂလေး ဖြစ်ဖြစ် ခံစားချက် တစ်ခု ရရှိစေခဲ့ခြင်းအတွက် အမျိုးသမီးလေးကို ရင်ထဲက တိတ်တိတ်လေး ကျေးဇူးတင်ကြောင်း ပြောဖြစ်ခဲ့၏။

အိမ်ပြန်လမ်းတွင် လမ်းမတစ်လျှောက် ရှင်းလင်းနေ၏။ ညလေအေးသည် ကျွန်တော်တို့ နှစ်ယောက်ကို ပွေ့ဖက်ကျီစယ် နေလေသည်။ နောက်ကျောကို ပါးအပ်ထားကာ ငြိမ်သက်နေသော အမျိုးသမီးလေး အတွက် ကျွန်တော် ဆိုင်ကယ်ကို ဖြေးဖြေးပဲ မောင်းနေပေးလိုက်သည်။ လမ်းရဲ့ တစ်နေရာ အရောက်တွင်တော့

“ မောင် ခဏလေး ရပ်အုံး ”

လမ်းဘေး တစ်နေရာတွင် ရပ်ပေးလိုက်သည်။ သူမရဲ့ အိတ်ထဲကို ငုံ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေသည်။ လက်ပြန်ထုတ်လိုက်ချိန်တွင် ဆင်စွယ်ရောင် စာအိတ်လေး တစ်ခု ပါလာ၏။

“ရော့ မောင့် အတွက်”

ကျွန်တော် စာအိတ်လေးကို ဖွင့်ကာ အထဲက အရာကို ထုတ်ကြည့်လိုက်သည်။ ပို့စ်ကတ်လေး တစ်ခု ဖြစ်နေသည်။ သူမကတော့ ကျွန်တော့် မျက်နာကိုသာ မော့ကြည့်နေ၏။ ပို့စ်စကတ်လေးကို ဖွင့်လိုက်ချိန် အထဲတွင် ခေါက်ထားသော ကြောင်ရုပ်လေးသည် စပရိန် အရှိန်ဖြင့် မျက်နာကို ပြေးဆောင့်လေသည်။ လန့်ဖြန့်ကာ နောက်သို့ တလှမ်း ဆုတ်လိုက်သော ကျွန်တော့်ကို ကြည့်ပြီး အမျိုးသမီးလေး လွတ်လပ်စွာ ရယ်မောလေတော့သည်။ ကျွန်တော်ပါ စိတ်လွတ်ကိုယ်လွတ် ရယ်မောမိတော့၏။ ညသန်းခေါင်ရဲ့ လမ်းမ တစ်နေရာတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ မွေးနေ့ကို ကြိုဆိုရမည်လို့ ကျွန်တော် တခါမျှ မတွေးခဲ့ဖူးပေ။

အမျိုးသမီးလေးရဲ့ ပါးနှစ်ဘက်ကို လိမ်ဆွဲလိုက်ချိန်တွင် သူမရဲ့ အိတ်ထဲသို့ နောက် တစ်ကြိမ် ထပ်နှိုက် ပြန်လေသည်။လက်ပြန် အထုတ်တွင်တော့ အပြာရောင်ဖဲကြိုးလေး ပါတ်ထားသော အနက်ရောင်ဘူးလေး ပါလာသည်။

“အာ... ဘာလုပ်တာလဲ မယူဘူး ”

ကျွန်တော့်ရဲ့ တုန့်ပြန်ပုံကြောင့် သူမ မျက်နာ တချက် ညိုးသွားသည်။

“ ဘာလဲ ဆိုတာ အရင် ဖွင့်ကြည့်ပါအုံး မောင်ရယ်”

ဒီနှစ်အတွက် ကျွန်တော့် စိတ်အာရုံထဲတွင် ဘာမျှ မတွေးထားသဖြင့် လက်ဆောင် ဆိုသော အရာသည် ကျွန်တော့်အတွက် ထူးဆန်းနေသည်။ သူမရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် ဥပေက္ခာ မပြုချင်တော့သဖြင့် ဖဲကြိုးလေးကို ဖြည်လိုက်သည်။ အတွင်းမှ နောက်ထပ် ဘူးလေးတစ်ခု ထပ်ထွက်လာသည်။ အနည်းငယ် လေး သောကြောင့် အရာဝတ္ထု တစ်ခုခု ဖြစ်မှန်း ခန့်မှန်းမိသည်။ ဘူးလေးကို ဖြည်ဖြည်းချင်း ဖွင့်လိုက်၏။ လင်းမီးရောင်များဖြင့် လက်ခနဲ ဖြစ်သွားသော အရာဝတ္ထုလေးသည် အကောင်းစား နာရီ တစ်လုံးဖြစ်နေလေသည်။

“ဟာ မယူဘူး ဒါတွေ မလိုဘူး မောင့်မှာ ရှိတယ်လေ”

ကျွန်တော် ခပ်သွက်သွက် ငြင်းဆန်လိုက်တော့ သူမ အိတ်ထဲက နောက်ထပ် ဘူးတစ်ခု ထုတ်ပြန်သည်။

“ ဘာ လုပ်အုံးမလို့ လဲ ”
ကျွန်တော့်အမေးကို မဖြေဘဲ ဘူးအဖုံးကို ဖွင့်လိုက်သည်။

“ဒီမှာကြည့်လေ ”

ဘူးထဲက ဆွဲထုတ်လိုက်သော အရာသည် မိန်းမပါတ် နာရီ တစ်လုံး ဖြစ်နေသည်။

“ မောင်နဲ့ ဆင်တူ ဝတ်ချင်လို့လေ မောင်မယူရင် ဆင်တူ မပါတ်ရတော့ဘူးပေါ့ ”

အမျိုးသမီးလေးရဲ့ စကားဆုံးတော့ ကျွန်တော် သက်ပြင်းကို ကျိတ်ချလိုက်သည်။ ကျွန်တော့်အတွက် ရည်ရွယ်ထားသော နာရီလေးကို ဆွဲထုတ်လိုက်သည်။ အိုးးး ကျွန်တော် မှတ်မိသွားပြီ။ လွန်ခဲ့သည့် ၃ လခန့်က ကျွန်တော်တို့ ဈေးပါတ်ရင်း ဒီနာရီ ဆင်တူလေးကို လာဝယ်မည်ဟု ပြောထားခဲ့ဖူးသည်။ နောက်တော့ ကျွန်တော် ပြန်မေ့သွားတာ ကြာပြီ။ ခုထိ သူမ မမေ့သေးပါလား။ ကျွန်တော့်အပေါ် သူမ သိပ်ကောင်းလွန်းနေသည်။

ထိုအတွေးသည် ပစ္စည်ဥစ္စာကြောင့် မဟုတ်ပေ။ ကျွန်တော့်အပေါ် ထားသည့် သူမရဲ့ လှိုက်လှဲ မှုတွေကြောင့် ဖြစ်သည်။ ကျွန်တော် နှင့် အတူ ရှိနေစဉ် နေ့ရက်ပေါင်းများစွာ ကျွန်တော့်မျက်နာကို တကြည့်ကြည့်ဖြင့် လိုအပ်ချက် အားလုံး ဖြည့်ပေးခဲ့သည်။ ရင်ခွင်ဗလာတွင် ကျန်ရစ်ခဲ့သော ကွက်လပ်များကို ဖြည့်စွမ်းပေးခဲ့သည်။ အတိတ်ရဲ့ အရိပ်တွေ ဝင်လာတိုင်း ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော်သည်လည်း ဒီအမျိုးသမီးလေးသာ ဖြစ်၏။ ကျွန်တော် ငြိမ်နေတာ ရက်ကြာလာလျင်လည်း “ စိတ်ထဲမှာ တင်းကျပ်လာတာ ရှိရင် ရင်ဖွင့်နော် အားမနာနဲ့ ” ဟု အလိုက်တသိဖြင့် လိုလိုလားလား တောင်းခံသူလည်း ဖြစ်သည်။

“ ကျေးဇူးပါ အချစ်ရယ် ”

လမ်းမအလယ်မှာပဲ သူမရဲ့ ပါးလေးကို ဖွဖွလေး နမ်းလိုက်သည်။ လှိုက်လှဲသော အနမ်းကြောင့်ထင်သည်။ အမျိုးသမီးလေး မျက်ရည် ဝဲသွားရ၏။ ထိုည အိမ်ပြန်ရောက်တော့ ကျွန်တော် တော်တော်နှင့် အိပ်မပျော်ပေ။ မေ့ထားချင်ပေမယ့် အတိတ်ရဲ့ အရိပ်တွေကလည်း ဝင်ရောက်လာနေသေးသည်။ မနက်ဖြန် မိုးသောက်လျင် ကျွန်တော့် မွေးနေ့ ရောက်လေပြီ။ သူ သတိရ နိင်မည်လို့ ထင်ပါသည်။ ဤကဲ့သို့သော နှစ်ပါတ်လည် ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ပြီးမှ ဒီနေ့ကို မေ့လျော့နေသည် ဆိုလျင် မေ့လွယ်လွန်းလှသူလို့ ကျွန်တော် သတ်မှတ်ရတော့မည်။

ညက အတွေးများဖြင့် ညဥ့်နက် သွားသောကြောင့် နေ့လည် ရောက်မှ ကျွန်တော် အိပ်ယာ နိုးလာသည်။ မျက်နာသစ်ပြီးနောက် မိသားစုထံ ဖုန်းဆက်ဖြစ်သည်။ ထို့နောက် ကျွန်တော့်ရဲ့ အမျိုးသမီးလေး ထံကို ဖုန်းဆက်လိုက်သည်။

“ မောင်က အအိပ်ကြီးတယ်ကွာ ဘယ်အချိန် ဖုန်းဆက်လာမလဲ စောင့်နေတာ မနက်ထဲက ”

ကျွန်တော် အိပ်ပျော်နေချိန် ဖုန်းလာလျင် စိတ်တိုတတ်မှန်း သိထားသော သူမသည် မွေးနေ့ ဆိုသည့် အကာအကွယ် ဖြင့်ပင် ဖုန်းမဆက်လာခဲ့ပေ။

“ တစ်ခုခု သွားစားမယ်လေ အခုထွက်လာခဲ့ ”
“ အင်း အခု လာခဲ့မယ် ”

ကျွန်တော်တို့ နှစ်ယောက် အတူတကွ နေ့လည် စာ စားပြီးချိန်တွင် ကျွန်တော့်ရဲ့ အခန်းသို့ ပြန်လာခဲ့သည်။ နာရီ အသစ်လေး ပါတ်သွားဖို့တော့ ကျွန်တော် မမေ့ပေ။ ကျွန်တော့်လက်ကို ဆွဲယူကြည့်ကာ အမျိုးသမီးလေး ပျော်ရွှင်နေ၏။ ဒီနှစ် အတွက် မွေးနေ့ပွဲလေးကို ကျွန်တော့်ထက် သူမ ပိုတက်ကြွ ပိုပျော်ရွှင်နေကြောင်း သေချာပေါက် ပြောရဲပါသည်။ ကျွန်တော့် အတွက် ဒီလောက် စိတ်လှုပ်ရှား ခဲ့ရမှုသည်ပင် မျှော်လင့်မထားသော ဆုလာဘ် လည်းဖြစ်၏။

ထိုနေ့ကိုတော့ ဧည့်ခန်းတွင် ဂစ်တာတီးရင်း အခွေကြည့်ရင်း ကုန်ဆုံး စေလိုက်သည်။ သူမ အိမ်အောက်ထပ်တွင် အအေးဆင်းဝယ်သည်မှ တပါး ကျွန်တော်နှင့် အတူတကွ ရှိနေပေးသည်။ ည ၇ နာရီခန့် အရောက်တွင်တော့ ကျွန်တော်လည်း ကိစ္စ တစ်ခုဖြင့် အိမ်အောက်သို့ တစ်ယောက်ထဲ ဆင်းသွားလိုက်၏။ ကျွန်တော့် အတွက် ဒီနေ့သည် သာမန်နေ့တစ်နေ သာ ဖြစ်သည်ဟူသော အတွေးသည် ခဏအကြာ အိမ်ပေါ် ပြန်ရောက်လာ ချိန်တွင်တော့ ပျောက်ကွယ်သွားရတော့သည်။

ကျွန်တော် အိမ်ပေါ် ပြန်တက်လာချိန်တွင်တော့ ဖွင့်ထားခဲ့သော အိမ်မကြီး တံခါးသည် ပိတ်လျက်သား ရှိနေလေသည်။ တံခါးမကြီးကို ဆွဲအဖွင့်မှာပဲ လက်ခုပ်သံပြိုင်တူဖြင့် Happy Birthday ဆုတောင်းသီချင်းသံကို ကြားလိုက်ရသည်။ အမှောင်ချထားသော အခန်းထဲတွင် မွေးနေ့ကိတ်မုန့် ပေါ်မှ ဖယောင်းတိုင် အလင်းရောင်သာ ရှိနေလေသည်။ မွေးနေ့ ကိတ်မုန့် ..။ ထိုအရာသည် ကျွန်တော် မေ့နေသော အရာဖြစ်၏။ ကာယကံရှင်ထက် ပြီးပြည့်စုံစွာ ဖန်းတီးချင်စိတ်သည် သူမရဲ့ ကျွန်တော့်အပေါ် ထားသည့် အချစ် သက်သက်သာ ဖြစ်မည်။

မွေးနေ့ကိတ်မုန့်ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက် တစ်ခုဖြင့် လှိုက်လှိုက် တက်လာသည်။ ကျွန်တော့်ရဲ့ စိတ်အာရုံကို လက်ရှိဘဝတွင် ပျော်ဝင်နေအောင် အမျိုးသမီးလေး တတ်စွမ်းသရွေ့ ကြိုးစားနေကြောင်း သံသယ မရှိပါ။ မည်သည့်အချိန်က စီစဉ်လိုက်မှန်း မသိရအောင် ကျွန်တော် ဘာတွေကို တွေးနေခဲ့သည်လဲ။ ဘယ်အရာတွေမှာ နစ်မျော ပျော်ဝင်နေခဲ့သည်လဲ။ ကျွန်တော် အမှားတွေ များနေလေပြီ။

မွေးနေ့သီချင်းကို ဝင်ရောက် သီဆိုပေးသော ကျွန်တော့် အသံတို့ တုန်ယင်နေ၏။ လက်ခုပ် နှစ်ဖက်တီးသံသည် နှလုံးသားဖြင့် တီးခတ်နေရသလို နာကျင်လှိုက်မော နေမိသည်။ ကျွန်တော် ပျောက်ဆုံးနေသော အရာထက် ပိုပြီး ရရှိလိုက်သလို ပီတိဖြင့်လည်း လွင့်မျောနေမိသည်။

“ မောင် မီး မှုတ် လိုက် လေ”

သတိပေးသံကြားမှ အသိပြန်ဝင်လာသည်။ ကမန်းကတန်း ခေါင်းငုံ့ကာ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ တတိယမြောက် ဖယောင်းတိုင်မီးမှုတ်လိုက်ချိန်တွင် ထိန်းထားလျက်နှင့် မျက်ရည်တစ်စက် ကျသွား လေသည်။ တလှိုက်လှိုက်တက်လာသော ပီတိကြောင့် သာဖြစ်မည်။ လျော့နည်းသွားသော အလင်းရောင်ကြောင့် မည်သူမျှ သိလိုက်မည် မထင်ပေ။ ထို့နောက် တစ်တိုင်ပြီး တစ်တိုင် မီး ဆက်မှုတ်နေလိုက်၏။။

ထိုအရာများကို ဖယောင်းတိုင်ဟု မမြင်တော့ပေ။ ကျွန်တော်မြင်နေသည်မှာ အတိတ်က အလွမ်းမီးတောက် များကို တခန်းပြီး တခန်း မှုတ်ငြိမ်းနေရသည်ဟုသာ ထင်နေလေသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းသွားတိုင်း အတိတ်ရဲ့ အရိပ်တွေ တခန်းပြီး တခန်း ကွယ်ပျောက်သွားရသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းပြီးတိုင်း ကျွန်တော်ရင်ခွင်သည် ပို၍ ပို၍ လတ်ဆတ်ပေါ့ပါးလာ၏။ တစ်တိုင်ပြီးတစ်တိုင် ငြိမ်းပြီးတိုင်း ဝဋ်ကြွေးနာ တို့သည် အမာရွတ်မျှပင် မကျန်ချင်တော့ပေ။ နောက်ဆုံး ဖယောင်းတိုင်ကို မှုတ်ပြီးချိန်တွင်တော့ အလုပ်သင့်ဆုံး အလုပ်ကို ကျွန်တော် လုပ်လိုက်တော့သည်။

ကျွန်တော့် နံဘေးက ထိတွေ့ကိုင်တွယ်၍ရသော၊ ပစ္စုပ္ပန်တွင် တည်ရှိနေသော ၊ ကျွန်တော့်ရဲ့ အဖော်မွန်ကောင်း အမျိုးသမီးလေးကို တင်းကျပ်စွာ ဖက်ထားလိုက်မိတော့၏။ ထို့နောက် နားရွက်နားလေး ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ ကိုယ့်ရဲ့ မနက်ဖြန်တိုင်းဟာ မင်းပါပဲ အချစ်ရယ် ”

ကွယ်ပျောက်သွားသော လရောင်ကို တမ်းတနေဖို့ ကျွန်တော့်ရဲ့ မနက်ခင်းကို မကုန်ဆုံးစေတော့ပေ။ နေရောင်ခြည်အောက်တွင် ကျွန်တော်တို့ အတူတကွ သာယာကြည်လင်စွာ စီးဆင်းကြပါမည်။

.........................................................................................။