Thursday, December 31, 2009

အငြိမ့်(၃)

ဘလော့ဂ် မဟာ ရုံတော်မင်္ဂလာကြီးအတွင်းတွင် ပွဲကြည့်ပရိတ်သတ်တို့ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာကာ မိမိတို့ရဲ့ ဖျာနေရာများကို လက်မှတ်များကိုင်ဆောင်လျက် ရှာနေကြသည်။ တဖြည်းဖြည်းနှင့် မိမိတို့ရဲ့နေရာများတွေ ဝင်ထိုင်ကြနေသဖြင့် ဇာတ်ပွဲရုံထဲတွင် လှုပ်ရှားမှုတို့ အနည်းငယ် ငြိမ်သက်သွားပေမယ့် ဆူညံသံတို့ကတော့ ကျန်နေသေးသည်။

အငြိမ့်စင်ကို ကြက်သွေးရောင် ဖဲကတ္တီပါ လိုက်ကာကြီးဖြင့် ကာထားသည်။ အငြိမ့်စင်ရဲ့ ဘယ်ဘက် အခြမ်းတွင်တော့ မှန်စီရွှေချ ဆိုင်းဝိုင်းကြီး ခန့်ညားစွာ တည်ရှိနေသည်။ ဇာတ်ရုံ ဘယ်ညာနှစ်ဖက်ရဲ့ အပေါ်တွင် မီးဆလိုက်သမားတို့ အတွက် စင်နှစ်ခု ရှိနေသလို ထိုစင်နှစ်ဘက်ရဲ့ အောက်တွင်တော့ ဆောင်းဘောက်စ်တွေကို ချိတ်ဆွဲထားသည်။ အငြိမ့်စင်ရဲ့ နဖူးစည်းတွင်တော့ ရွှေရောင်ဖောင်းကြွ စာလုံးများဖြင့် "ဘလော့ဂါအငြိမ့်" ဟုစာတန်းထိုးထားသော ဆိုင်းဘုတ် တခုရှိနေသည်။

ထို့နောက် မြန်မာ့ဆိုင်းဝိုင်းကြီးမှ လက်ကွက်စမ်းသံ ထွက်ပေါ်လာချိန်တွင် ပွဲခင်းထဲမှ အသံတို့ မီးကိုရေဖြင့် ဖျန်းလိုက်သလို ငြိမ်သက်သွားတော့သည်။ မကြာခင် အများမျှော်လင့်နေကြသော ဘလော့ဂါ အငြိမ့် စတင်တော့ မည်မဟုတ်ပါလား။ ဆိုင်းပညာရှင် ဘလော့ဂါ(သေရွာပြန်)အိမ် ရဲ့ အပျိုးတီးဟန်ကို နားစွင့်ရင်း ကြက်သွေးရောင် ကန့်လန့်ကာ အဖွင့်ကို စိတ်စောစွာ မျှော်နေကြသည်။ မကြာခင် ဇာတ်ရုံအတွင်း ဘေးနှစ်ဘက်မှ မီးရောင်တို့ မှိတ်ကာ ပွဲခင်းတခုလုံး အမှောင်အတိ ကျသွားသည်။ စူးရှအားပြင်းသော ဆလိုက်မီးနှစ်ခုတို့သည် ကြက်သွေးရောင် ကန့်လန့်ကာ ပေါ်တွင် ရစ်ဝဲနေသည်။

မြန်မာ့ဆိုင်းဝိုင်းမှ အချီအချ တီးဟန်နှင့်အတူ ကြက်သွေးရောင် ကန့်လန်ကာကြီးမှာ ဘေးတဖက်စီသို့ ခွဲထွက် သွားသည်။ ဇာတ်စင်ပေါ်တွင် အဆင်သင့်ရှိနေသော အဖြူရောင် အင်္ကျီကိုယ်စီဝတ်ထားသော လူရွှင်တော် သုံးယောက်တို့ လက်အုပ်ချီလျက် ပရိတ်သတ်ကို အလေးအမြတ် ဂါရဝ ပြုလိုက်ကြသည်။ လူရွှင်တော်များမှ သံပြိုင်ညီညာစွာဖြင့် ....
" ပရိတ်သတ်ကြီး အားလုံးအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ " ဟုဆုတောင်းပေးလိုက်ကြသည်။

ထို့နောက် လူရွှင်တော် မိုးကုတ်သားမှ "နွမ်း....တာတွေလန်းကြစေဖို့ ....၊နွမ်းတာတွေ...လန်းကြစေဖို့ ၊ ပန်းမာလာလို နမ်းမဝစေဖို့ ( ကျနော်တို့ ပရိတ်သတ်ကြီးကို) စမ်းသီတာရေ ဖျန်းပေးပါစို့"

ကိုလူထွေး။.......။ "မင်္ဂလာရှိပါပေတယ်ဗျာ"
မိုးမောင် ။.........။ "ကောင်းလိုက်တဲ့ ခွန်းထောက်ကလေးပါပဲ"
မိုးကုတ်သား။....။ "ကိုမိုးမောင်ရေ ကျန်းမာချမ်းသာပါရဲ့လားဗျာ"
မိုးမောင်။..........။ "ကျန်းမာပကတိ ချမ်းသာစွာ ရှိပါတယ်ဗျာ"
မိုးကုတ်သား။.....။ "ကိုလူထွေးကြီးရော ကျန်းခန့်သာလို့ မာပါစ"
ကိုလူထွေး။........။ "ရွှင်လန်းပီတိ ဂွမ်းဆီထိနှယ်ပါပဲဗျာ"

မိုးမောင် ။........။ "၂၀၁၀ ရဲ့ ပထမဆုံး အချိန်မှာ ပရိတ်သတ်ကြီးကို ဖျော်ဖြေခွင့်ရတာ မင်္ဂလာတပါးပဲ မဟုတ်လားခင်မျာ"

မိုးကုတ်သား ။....။ "မှန်ပါပေတယ်ဗျာ အင်မတန်မှ မင်္ဂလာရှိပါတယ်"

ကိုလူထွေး ။.......။ "နှစ်သစ်ကို ရယ်မောခြင်းနဲ့ ဖွင့်လှစ်စေချင်တဲ့ ဇာတ်ဆရာရဲ့ စေတနာပါပဲ"

မိုးမောင်။......။ ၂၀၁၀ ရောက်ပြီဆိုတော့ ကိုလူထွေးက ဘာတွေလုပ်မယ် စိတ်ကူးထားလဲ

ကိုလူထွေး။.....။ "ငါကတော့ ၂၀၁၀ မှာ အလုပ်ကြီးတခုလုပ်ရမယ်"
မိုးကုတ်သား။....။ "ဘာအလုပ်များပါလိမ့်"

ကိုလူထွေး။.......။ "မဲသွားထည့်ရမယ်လေ"

"ဂွမ်း" ဈေးဦးဖောက် လင်ဗန်းဖြင့် အတီးခံလိုက်ရသည်။

မိုးမောင် ။......။ "ကိုလူထွေးရယ် နှစ်သစ်လေးကို စိတ်ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါရစေဗျာ လောလောဆယ် မေ့ထားပါရစေအုံး "

မိုးကုတ်သား ။.....။ " ကဲပါလေ မထည့်မပြီး အဲ မပြောမပြီး မတီးမမြည် ဆိုသလို အများမျှော်နေကြတဲ့ မင်းသမီး လေးကို ခေါ်ထုတ်ကြရအောင်လားဗျာ"

ကိုလူထွေး။.....။ " ရှေ့ထွက်မင်းသမီးလေးက ဘယ်သူများပါလိမ့် "
မိုးကုတ်သား ။....။ " ဇာတ်ဆရာရဲ့ ညီမ မင်းသမီးလေး နှင်းဟေမာ ပါတဲ့ ကိုမိုးမောင်ကပဲ ခေါ်ထုတ်ပေးဗျာ"
မိုးမောင်။.....။ " အဟမ်း အဟမ်း ညချမ်းချိန်ခါ လသာသာ ...... အင်း..... (ခေါင်းကုတ်ကာ)
ကစားမလားနားမလား "


ကိုလူထွေး ။.....။ " မင်းသမီး ခေါ်ပါဆိုမှ သင်ပုန်းကြီးဖတ်စာ လာရွတ်ပြနေတယ်"
မိုးမောင် ။.......။ " ဆက်ဆိုရမှာ မေ့သွားလို့ဗျ ဟဲဟဲ ဒါဆို ကိုလူထွေးပဲ ခေါ်ပေးဗျာ "

ကိုလူထွေး ။........။ " လူတကာငေး မူယာလေးနဲ့ အပြော အဆို အငို အနွဲ့ စာဖွဲ့ရလောက်ပါတဲ့ တေးသံချိုသာ နှင်းဟေမာ လေးရေ ပရိတ်သတ်ကြီးကို ဖျော်ဖြေလိုက်ကြပါစို့ "

ဇာတ်စင်ရဲ့ ဘယ်ဘက်အခြမ်းမှ အဖြူရောင်ဝတ်စုံဖြင့် မင်းသမီး နှင်းဟေမာ ထွက်ပေါ်လာသည်။ထို့နောက် ပရိတ်သတ်ကြီးကို လက်အုပ်ချီ၍ " နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင် " ဟု ဂါရဝပြု နှုတ်ဆက် လိုက်ပြီးနောက် လူရွှင်တော်များ ဘက်လှည့်ကာ
"မင်္ဂလာည ချမ်းပါ အကိုတို့ရေ" ဟု အပြုံးလေး ဖြင့် နှုတ်ဆက်လိုက်သည်။

လူရွှင်တော်များမှ " မင်္ဂလာ ညချမ်းပါ ညီမလေးရေ " ဟု ပြန်လည်နှုတ်ဆက်ကြသည်။

"ဟိုဘက်က အကို လူထွေးကြီးလားရှင်"
"ဟုတ်ပါတယ် ညီမလေးရေ "

"ဟိုတယောက်က ကိုမိုးမှောင် ကြီး မဟုတ်လားရှင် "

ကိုလူထွေး ။.....။ " အဲဒါ မိုးမှောင် မဟုတ်ဘူး ငတက်ပြား "

" ဂွမ်း " အငြိမ်မနေနိင်ဘဲ ဝင်ပြောသဖြင့် အတီးခံလိုက်ရသည်။

မိုးမောင် မှ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း လေသံဖြင့်
" မိုး...မှောင် မဟုတ်ပါဘူးမင်းသမီး ၊ကျုပ်နာမည် မိုးမောင်ပါ။ ဒီမယ်....မင်းသမီး မင်းက အခြေသတင်းကြီးတဲ့ ရွှေမင်းသမီး ဖြစ်သွားပြီဆိုတော့ ကျုပ်လို အညတရ ကိုမေ့သွားတာ မဆန်းပါဘူး မင်းအတွက်နဲ့ မိုးမောင် ဟိုးချောင်မှာ ပုဆိုးပြောင်ပြီး ...... အဲ ...အဲ .."

မိုးကုတ်သား မှ မိုးမောင်အနား ကပ်လာကာ " ရအောင်စပ် နော် မရရင် နာပြီသာမှတ် " ဟုကြိမ်းဝါးလိုက်သည်။
ကိုလူထွေးမှ ဆွမ်းကြီးလောင်းရန် အဆင်သင့် စောင့်နေသည်။

မိုးမောင်မှ ခေါင်းကုတ်ပြီး " ဟိုဟာလေဗျာ အဲ ... သူခိုး ရှောင်ခဲ့တာကို ပြောတာဗျ ...ဟင်းးးး "

ကိုလူထွေး ။......။ "သူခိုးကယ်သွားလို့ သက်သာ သွားတာနော် "

နှင်းဟေမာ ။....။ " ကိုမိုးမောင် ကြီးနော် ပေါက်ကရ မပြောနဲ့ ဟိုးဘက်က ကိုမိုးကုတ်သား လားရှင်"

မိုးကုတ်သား။.....။" အော် နှင်းဟေမာ မင်းကတော့ အပျင်းပြေစရာဆိုပြီး နှလုံးသားကို နင်းခြေကာ ထွက်သွားခဲ့တာပဲ ခုတော့ ကိုယ့်နှလုံးသားမှာ ကင်းခြေရာတွေနဲ့ပါ နှင်းဟေမာ ရယ် "

မိုးမောင်။.....။ " အလဲ့ ပိုင်တယ်ကွာ... လိပ်ခေါင်း "
" ဂွမ်း " မိုးကုတ်သားမှ မိုးမောင်ကို လင်ဗန်းဖြင့်တီးက " နင့်ဂျီတော့ လိပ်ခေါင်းပါလား "

ကိုလူထွေး ။......။ " ဂျီတော့ မဟုတ်ပါဘူး ကြီးတော် ပါကွ "

နှင်းဟေမာ ။......။ " တော်ကြပါတော့ရှင် မင်းသမီး ကချင်လှပါပြီ "
မိုးကုတ်သား ။.....။ " ကဲ အပြောင်အပျက်လေးတွေ လျော့ပြီး အလုပ်လေးနဲ့ သက်သေပြကြရအောင်လားဗျာ "

လူရွှင်တော် သုံးယောက် အနောက်ဆုတ်သွားကြသည်။ ဇာတ်စင်ပေါ်ရှိ ပြာလဲ့သော မီးရောင်တို့သည် မင်းသမီးရဲ့ အဖြူရောင်အင်္ကျီကို လင်းလက်နေစေသည်။ ဇာတ်ရုံရဲ့ ဘယ်ဘက်အခြမ်းမှ ရွာစားကြီး သေရွာပြန် အိမ် ရဲ့ ငြိမ့်ညောင်းသာယာသော ဆိုင်းသံထွက်ပေါ်လာပြီးနောက် မင်းသမီးရဲ့ သာယာသောအသံဖြင့် တေးသီချင်း သီဆိုသံထွက်ပေါ်လာ သည်။

"သွယ်လျှပျော့ပြောင်း ဖော့ဖယောင်းသဏ္ဍာန် .. ကကြိုး... ကဟန် ..မူဟန် ..သွဲ့သွဲ့ လှပတင့်တယ် ချစ်စဖွယ် မြန်မာ့ရိုးရာ .... တစ်မျိုး တစ်ဘာသာ မရိုး နိုင်ပါ ဒို့မြန်မာ ဒို့ဓလေ့ ရင်ဝယ် တသိမ့်သိမ့် "
လူရွှင်တော်များ ။.....၊ " အငြိမ့် ... "
မင်းသမီး ။ "အငြိမ့်သဘင်မဟာ ပန်းချီ ပန်းပု ထုဆစ် အလင်္ကာ ဘလော့ဂ် များရဲ့ အငြိမ့်တော် မင်္ဂလာ
သာယာ ထူးဆင့် ကမ်းလင့်...လို့ကြို ထာဝရ အစဉ်သာ မညှိုး ..... ပြည်သူ့ရင်မှာ ပိုတိုး... ချစ်မဲ့
သမီးလှလှလေး ... နှင်းဟေမာ သမီး ပျို ...... မြန်မာရိုးရာ........... အစဉ်လာ..မပြတ် မုဒြာအကနဲ့
ကန်တော့ပန်း ဆင်နေ ....မှာ.... "

ပျော့ပြောင်းသောဟန်ပန်ဖြင့် လက်အချိုးအဆစ်တို့ လှုပ်ရှားမှုသည် ဆိုင်းချက်အညီ တိခနဲ ရပ်ဆိုင်းပြီးနောက် ပွဲကြည့်ပရိတ်သတ်တို့ရဲ့ လက်ခုပ်သြဘာသံ ထွက်ပေါ်လာသည်။ ပရိတ်သတ်ကို လက်အုပ်ချီ ဂါရဝ ပြုကာ မင်းသမီးလေး နှင်းဟေမာ ဇာတ်စင်နောက်သို့ ဝင်သွားသည်။ ဇာတ်စင်ထောင့်တွင် ရှိနေသော လူရွှင်တော် တို့အသီးသီး ထလာကာ ဇာတ်ခုံအလယ်တွင် စုရုံးလိုက်ကြသည်။

မိုးကုတ်သား ။......။ " မင်းသမီးလေး ကသွားတာ တယ်လည်း အချိုးကျ လှပါ ပါတယ်ဗျာ"
ကိုလူထွေး။..........။ " ဆိုသွားတဲ့ သီချင်းလေးကလည်း မကောင်းဘူးလားဗျ "
မိုးမောင် ။...........။ " အဆိုလေးရော အကလေးရော အတီးလေးရော အားလုံး သေသေသပ်သပ်ပါပဲဗျာ "

မိုးကုတ်သား။........။ "မင်းသမီးလေးရဲ့ အလှည့်ပြီးသွားပြန်တော့ ကျနော်တို့ လူရွှင်တော်တွေ အလှည့်ရောက် လာပြန်ပြီပေါ့"
မိုးမောင်။......။ " မှန်ပါပေတယ်ဗျာ ပရိတ်သတ်ကြီးကို ရယ်မောပျော်ရွှင်အောင် လုပ်ရမှာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား"

ကိုလူထွေး။......။“ဒါဆို ဒီတခါ ဘာပျက်ရင်ကောင်းမလဲ ကမိုးမောင် ”
မိုးမောင်။.........။ “ဒီတခါ ငယ်မူပြန် ကြည့်ကြရအောင်လားဗျာ”
မိုးကုတ်သား။........။“ဘာတုန်းဗျ သူငယ်ပြန်ပြရမှာလား”

မိုးမောင်။........။ “ အာ....မဟုတ်ဘူးလေကွာ ငါပြောတာ ငယ်ငယ်က အချစ်ဇာတ်လမ်းလေးတွေ အကြောင်း ပြောကြမလားလို့”
ကိုလူထွေး။.....။“ ကောင်းတယ်ကွ အဲဒါ မိုက်တယ် ရှယ်ပဲ ”
မိုးကုတ်သား။.......။“ဒီလူကြီးနော် အချစ်အကြောင်းဆို မြူးနေတာပဲ”

ကိုလူထွေး။.....။“ငါက အသဲနုနုလေးကွ နုဆို ငယ်ငယ်က အသဲဟတ်တတ်ကွဲခဲ့တဲ့ အရာလေးတောင် ရှိသေးတယ် ဒီမှာကြည့်”

မိုးမောင်။......။ “ဟေ့လူ မညစ်ပါတ်နဲ့နော်”

ကိုလူထွေး။....။“မီးခြစ်ကျသွားလို့ ကုန်းကောက်တာပါကွ”

မိုးကုတ်သား။.......။ “ကဲကဲ ပျက်လုံးကနေ ဈေးစကားပြောတဲ့အဆင့် ရောက်ကုန်တော့မယ် မိုးမောင် ခင်များပဲ စပြောဗျာ”

မိုးမောင်မှ ခပ်ဝေးဝေးကို ဆွေးဆွေးမြည့်မြည့် ကြည်ကာ
“ငါတို့ လူရွှင်တော် ဆိုတာလည်း အသဲနဲ့ပဲကွ ..။ဒီတော့ အချစ်ဆိုတာရှိခဲ့ကြတယ်။ ကံအကြောင်းမလှတော့ လွဲခဲ့ဖူးတာပေါ့ကွာ”

မိုးကုတ်သား ။.....။ “အမ်မယ် ဒါဆို ဂျိုရာလေးနဲ့ပေါ့ မှန်း ဟိုဘက်လှည့်စမ်း”
မိုးမောင် ။.......။ “ဘာကွ ငါ ဖီး အပြည့်နဲ့ပြောနေတာနော် ဖီးအပြည့်နဲ့”
ကိုလူထွေး ။......။ “မင်းဖီးကြီးကလည်း တံတွေးစင်တယ်ကွ ကဲပါ ဆက်ပြောပါအုံး”

မိုးမောင် ။........။ “ ငါလေ အွန်လိုင်းပေါ်မှာ ချစ်သူ တယောက်ရခဲ့တယ်ကွ ငါသိပ်ချစ်တာကို သူကအဓိပ္ပါယ် ကောက်လွဲပြီး နောက်ဆုံးတော့ ဝေး သွားကြတာပဲကွာ”
ကိုလူထွေး ။......။ "ဘယ်လိုဖြစ်ရတာလဲကွာ စိတ်မကောင်းစရာပဲ "

မိုးမောင် ။.......။ “တနေ့တော့ဗျာ သူနဲ့ ကျနော် စကားတွေ ပြောနေရင်းနဲ့ ကျနော်သူ့ကို တွေ့ချင်တဲ့ အကြောင်းပြောတာပေါ့ ကိုယ်တို့ဘယ်တော့တွေ့ရမလဲ ကိုယ် အချစ်ကို အရမ်းတွေ့ချင်နေပြီ လို့ ပြောလိုက်တော့လေ သူက ဘာပြန်ပြောတယ်ထင်လဲ မကြာခင်တွေ့ရမှာပေါ့ ဆိုပြီး တိုးတိုးလေး ရယ်တယ်ဗျ အဲဒီရယ်သံကြားတော့ ကျနော် သူ့ကို ချစ်စိတ်တွေ အရမ်းဖြစ်သွားရတယ်ဗျာ အဲဒါနဲ့ ကျနော် က အရှိန်နဲ့ ဆက်ပြောဖြစ်တယ် ကိုယ်လေအချစ်ကိုတွေ့ရင် အရမ်း ဖက်ထားမိမယ်ထင်တယ် အခုတောင် ဖက်ထားချင်နေပြီ အချစ်ရယ်လို့ ပြောတော့ သူက ဒါဆိုလည်း အခုလောလောဆယ် အချစ်ကိုယ်စား ခေါင်းအုံးလေးပဲ ဖက်ထားပါတဲ့ ပြန်ပြောတယ်ဗျ”

မိုးကုတ်သား ။........။ “ အလဲ့ အလဲ့ ရှယ်ပဲဟေ့ ”
ကိုလူထွေး ။.......။ “ ဒါဆို အခြေအနေကောင်းတာပဲကွ ဘာကြောင့် ကွဲသွားရသတုန်း ”

မိုးမောင် ။.........။ “ဆက်ပြောပြမယ်လေ ဒါနဲ့ ကျနော်လည်း ခေါင်းအုံးလေးကို သူ့ အမှတ်နဲ့ ဖက်ထားတာပေါ့ဗျာ ရင်ထဲမှာလည်း အချစ်စိတ်တွေ တားမနိင် ဆီးမရပေါ့ နောက်ဆုံး မနေနိင်တာနဲ့ သူ့ကို ပြောလိုက်မိတယ် "

ကိုလူထွေး ။......။ “ ဘာ ..ဘာ ပြောလိုက်တာလဲ ဟင် .... ဂလု”
မိုးမောင် ။.........။“ အချစ်ရေ ကိုယ်လေ အချစ် အမှတ်နဲ့ ခေါင်းအုံးလေးကို ဖက်ထားတာ အခု ကိုယ် စိတ်မထိန်းနိင်လို့ ခေါင်းအုံးစွပ်လေး ချွတ် လိုက်မိပြီလို့ ပြောလိုက်တာ တခါတည်း block ပါ လုပ်သွားရော”

“ဂွမ်းးးးး”

မိုးကုတ်သားမှ မိုးမောင် ခေါင်းကို လင်ဗန်းဖြင့်ရိုက်ကာ
" အဲဒါ ဖျာယောင်းမှု အဲလေ ဖျားယောင်းသွေးဆောင်မှုကွ ဘာမှတ်လဲ "

မိုးမောင် ။.......။ “ မဟုတ်ဘူးလေကွာ ငါက ခေါင်းအုံးလေး ..... ”
ကိုလူထွေး ။......။ “ တော်တော် ..ဘာခေါင်းအုံးလေးလည်း မင့်အကြံ ငါသိတယ် ”

မိုးကုတ်သား ။......။ “ ဘာပဲဖြစ်ဖြစ် မိန်းမတွေ မကောင်းဘူးဗျ ကျွန်တော့် ကိုယ်တွေ့ပဲ ”

ကိုလူထွေး ။.......။ “ မကောင်းတဲ့သူ မကောင်းပေမယ့် တကယ်ချစ်တဲ့ သူတွေလည်းရှိပါတယ်ကွ ငါ့မိဘတွေဆို တယောက်နဲ့ တယောက် သိပ်ချစ်ကြတာ ဘယ်လောက်ချစ်သလဲဆို ငါ့ငယ်နာမည်က သူတို့ရဲ့ ချစ်သက်သေပဲ”

မိုးမောင် ။.......။ “ အဆန်းပါလားဗျ ရှင်းပြပါအုံး ”

ကိုလူထွေး ။.......။ “တကယ်တော့ ငါငယ်နာမည်က ခင်မောင်အုံး ကွ ကိုကိုခင်မောင်ထွေး မဟုတ်ဘူး ခင်မောင်အုံး ဆိုတဲ့ နာမည်မှာ ရာဇဝင်ရှိတယ်။ အဖေနဲ့အမေက မိဘတွေ သဘောမတူတော့ ခိုးပြေးကြတာပေါ့ အဲဒါ သူတို့ တည်းရတဲ့ အိမ်မှာ သူတို့ အတွက် ခေါင်းအုံးက တလုံးပဲ ရှိတာတဲ့ ။တယောက်နဲ့တယောက် သိပ်ချစ်ကြတော့ ညအိပ်ပြီဆို အဲဒီ ခေါင်းအုံးလေးကို ခင်အုံးပါ မောင်အုံးပါနဲ့ တယောက်ကိုတယောက် ငဲ့ညှာကြတာ ငါ့ကိုမွေးတဲ့ အထိပဲ ဒါနဲ့ ငါ့ကိုမွေးတော့ အမှတ်တရ အဖြစ် ခင်မောင်အုံး လို့မှည့်တာကွ ကဲကြည့်ဘယ်လောက်ထိ ချစ်ကြလဲ”

မိုးကုတ်သား ။.......။ “ တကယ်များလားလို့ ပေါက်ကရ ပြောတာကိုးဗျ ကျွန်တော်အသဲကွဲတဲ့ အကြောင်း ပြောပြ မယ်ဗျ တကယ်တော့ မိန်းမတွေ သစ္စာမရှိကြဘူး ကျွန်တော်လည်း သစ္စာအဖောက် ခံရတာပါပဲ ကျွန်တော်က ကျွန်တော့်ကောင်မလေးကို သိပ်ချစ်တာဗျ သူနဲ့ပါတ်သတ်ရင် သဝန်လည်း အရမ်းတိုတတ်တယ် သူ့ကို အတန်တန်မှာတယ် ငါ့အပေါ် သစ္စာရှိပါလို့ အတန်တန် မှာထားရက်နဲ့ လုပ်ရက်တယ်ကွာ”

မိုးမောင် ။......။ “ နောက်တယောက်နဲ့ တွဲလို့လားကွာ ”

မိုးကုတ်သား ။.......။ “ နောက်တယောက်နဲ့ တွဲတာထက်ဆိုးတယ်ကွ တနေ့တော့ ငါသူ့ကို လွမ်းတာနဲ့ ဖုန်းခေါ် ဖြစ်တယ် သူနဲ့ စကားပြောရင်း သူကဗိုက်အောင့်နေတယ်လို့ ပြောတယ်ကွ ဒါနဲ့ ငါက ဘာတွေ အစားမှားမိလို့လည်း မေးတာပေါ့ သူက အချဉ်တွေ စားမိတယ်တဲ့လေ သူစားတဲ့ ဟာကို ကြားလည်းကြားရော ဒါ ငါ့ကို သစ္စာဖောက်တာပဲ တွေးမိတာနဲ့ ငါအသားတဆတ်ဆတ်တုန်ပြီး ဖုန်းချပြစ်လိုက်တာ ဒီနေ့အထိ ပြန်မခေါ်ဖြစ်တော့ဘူး”

ကိုလူထွေး ။.......။ “ သူက ဘာစားလို့လဲကွ ”
မိုးကုတ်သား ။.......။ “ ဂွေး သီး ”

“ဂွမ်းးးးးးး”
မိုးကုတ်သားရဲ့ ခေါင်းပေါ်ကို လင်ဗန်းနှစ်ချပ်လုံး ကျရောက်လာတော့သည်။

ကိုလူထွေး ။........။ " ဂွေးသီးဆိုလို့ ငါ့အဒေါ် အပျိုကြီးတွေ ခေါ်ပုံ ပြောပြရအုံးမယ် သူတို့က အပျိုကြီးတွေ ဆိုတော့ ခေါ်ရမှာ ရှက်တယ်နဲ့တူတယ် ဒီတော့ သူတို့ဘာသာ ဘိုဆန်ဆန် နာမည်ပြောင်းထား လိုက်ကြတယ် "

မိုးမောင် ။........။ " ဘာနာမည်လဲ "
ကိုလူထွေး ။.......။ " lady' dream တဲ့လေ"

" ဂွမ်းးးး" ကိုလူထွေးခေါင်းကို ဝိုင်းတီးကြကုန်တော့သည်။

ကိုလူထွေး ။......။ "ကဲ..ကဲ... ဟိုမှာ မင်းသမီးက ကချင်လို့ ပြူတစ်ပြူတစ် လုပ်နေတယ်ကွ မင်းသမီးကိုလည်း အလှည့်ပေးကြပါစို့ "

မိုးကုတ်သား ။.......။ " ဒီတခါ အလှည့်ကျတဲ့ မင်းသမီး နာမည်ကဘူလေးလဲ "
မိုးမောင် ။.......။ " မင်းသမီးလေး ကြည်ဖြူပိုင် ပါတဲ့ဗျာ "
ကိုလူထွေး ။.......။ " မင်းတို့ခေါ်ခိုင်းရင်လည်း ပေါက်ကရ ဖြစ်အုံးမှာပါပဲ ငါ့ဘာသာပဲ ခေါ်တာကောင်းပါတယ်"

မိုးမောင် ။.......။ " ကိုယ့်အကြောင်းကိုယ်သိတာ ကောင်းတယ်ဗျ "
ကိုလူထွေး ။.......။ " ပရိတ်သတ်ကြီးရဲ့ အမြင်အတွေ့မှာ အဆင်မမေ့ရလေအောင် ဘဝင်ခွေ့စေမယ့် ကြည်ဖြူပိုင် ချောနှမလေး........ရေ "

လူရွှင်တော် ကိုလူထွေးရဲ့ ခေါ်သံအဆုံးတွင် ကြည်ပြာရောင် ဝတ်စုံဖြင့် မင်းသမီးလေး ကြည်ဖြူပိုင် ဇာတ်စင် ဘယ်ဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ပရိတ်သတ်ကို လက်အုပ်ချီကာ "ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ" ဟုဆုတောင်းပေးလိုက်သည်။

မင်းသမီး ။......။ "အကိုကြီး ကိုလူထွေး နေကောင်းလားရှင့်"

ကိုလူထွေးမှ မသိချင်ယောင်ဆောင်ကာ တခြားတဖက်ကို လှည့်နေလိုက်သည်။

မိုးမောင် ။......။ "အမ်မယ် အမ်မယ် ဒီလူကြီးက အထာကိုင်နေတယ်ဗျ "
မိုးကုတ်သား ။.....။ " ဘာမှ မဟုတ်ဘူး မင်းသမီးခေါ်နေမှန်းသိလို့ မတောင်ချင်ယောင်စိ နေတာ "

"ဂွမ်းးး" မိုးကုတ်သား ခေါင်းကို အတီးခံလိုက်ရသည်။

မိုးကုတ်သားမှ ခေါင်းလေးပွတ်ကာ " မဟုတ်ဘူးလေကွာ မတောင်ချင်ယောင်စိ ဆိုတာ မသိချင်ယောင်ဆောင် တာလေကွာ လူရွှင်တော် လုပ်နေပြီး စကားလိန်လေးတောင် မရဘူး "

မင်းသမီး ။.....။ " ကိုလူထွေးကြီး ညီမလေး ခေါ်နေတယ်နော် "
ကိုလူထွေး ။......။ " ဘာအခုမှ အကိုကြီးလဲ "
မင်းသမီး။....။ " အယ် ... ကိုလူထွေးကြီး ဘာဖြစ်နေတာလဲ "

မိုးမောင် ။....။ " ကိုလူထွေးကြီး စိတ်မကြည်ဘူး ဖြစ်နေတယ် ဒါကလဆန်းတိုင်းဖြစ်နေကြလေ "

ကိုလူထွေး ။.....။ " ဘာကွ "
မိုးကုတ်သား ။.....။ " Max "
ကိုလူထွေး ။.......။ " ဟင်းးး "

မိုးမောင် ။......။ " လဆန်းရောက်ပေမယ့် လခ မထွက်လာသေးလို့ စိတ်မကြည်တာ ပြောတာပါဗျ"
ကိုလူထွေး ။......။ " လခ ကယ်သွားလို့ပေါ့ကွာ"

မင်းသမီး ။......။ " ကိုမိုးကုတ်သား ကြီးရော နေကောင်းပါစရှင်"

မိုးကုတ်သား ။......။ "အော် ခုတော့ ကိုမိုးကုတ်သားကြီးတဲ့လား ကြည်ဖြူပိုင်... ဟိုတချိန်ကတော့ မင်းပဲ ချစ်လှပါချည်ရဲ့ဆို မိုးကုတ်သားကိုသာ ကြိုးတုတ်ထားလို့ ရချင်ရမယ် ငါ့နှလုံးသားမှာတော့ မင်းကို ချစ်တဲ့စိတ်နဲ့ ဒီဘဝဆုံးတဲ့အထိ အရိုးထုတ်သွားမှာပဲ
ငါတို့နှစ်ယောက် ငယ်စဉ်က အိုးပုတ်ကစား ပြီး လူကြီးတွေ အလစ်မှာ ......အဲ...အဲ..."

ကိုလူထွေး ။......။ "ဘာ ...ဘာ လဲဟင် "

မိုးမောင် ။......။ " ကာရံမိအောင် ဘယ်လို စပ်မလဲ တွေ့ကြသေးတာပေါ့ ကွာ "

မိုးကုတ်သား ။......။ " လူကြီးတွေ အလစ်မှာ နင် ပုဆိုးရုတ် သွား တာလေ "

" ဂွမ်းးး " မိုးကုတ်သားကို မိုးမောင်မှ လင်ဗန်းဖြင့်တီးချလိုက်သည်။
ကိုလူထွေး ။......။ " ပုဆိုးဝင်ကယ်သွားလို့ပေါ့ကွာ မဟုတ်ရင် ငါထင်တာ မှန်လောက်တယ် "

မင်းသမီး ။......။ " ဟိုးဘက်က ကိုမိုးမောင် မဟုတ်လားရှင် "

မိုးကုတ်သား ။......။ " မင်းကိုမေးနေတာကွ မိုးမောင်ရ "

မိုးမောင် ။.......။ " ငါကတော့ ရိုးရိုးတန်းတန်း ပြန်မဖြေချင်ဘူးကွ တကယ့်လူရွှင်တော်တွေ မြို့နာမည်တွေနဲ့ ကာရံမိအောင် ပြန်ထူးတာမျိုး ဖြေပြမယ် ဥပမာကွာ ရန်ကုန်မှာ ပြန်ဆုံ မယ် ဆိုတာမျိုးပေါ့ "

မိုးကုတ်သား ။.....။ " ဒါဆို ဘယ်လိုဖြေမှာလဲ "

မိုးမောင်။.......။ " ငါတို့က ဘလော့ဂါတွေဆိုတော့ ဘလော့နာမည်တွေ နဲ့ ဖြေပြမယ် ကဲမင်းသမီး ပြန်မေး "

မင်းသမီး။....။ " ဟိုးဘက်က ကိုမိုးမောင် လားရှင် "

မိုးမောင်။.....။ "မင်းသမီးရေ ကိုယ်တို့နှစ်ယောက်က ခင်ဦးမေမှာ မြင်ဖူးနေ ခဲ့ပေမယ့် ဏီလင်းညိုမှာ အကြည်ချင်း ပိုခဲ့ကြတယ်လေ စိတ်ကူးယဉ်အိမ်မက် လို မအိပ်ဘူးလေဒီမနက် အထိ နေမယ် ပြောခဲ့ပေမယ့် ဧရာဝတီသားမှာ သေပါပြီတအား အော်ခဲ့တယ် "

ကိုလူထွေး။......။ " ဘာသွားလုပ်လိုက်တာလဲ "

မိုးမောင်။......။ " ခြေထောက် တက်နင်းမိတာ "

" ဂွမ်းးး " မိုးကုတ်သားမှ ဝင်ဆော် လိုက်သည်။

မိုးမောင်။.......။ " စတွေ့ကာစမှာ ဒီကိုလာလို အပီချိုသာတဲ့ အသံလေးနဲ့ ဖမ်းစားလွန်းလို့ ရီနိုးမာန် မှာ အပီခိုးနမ်း ချင်ခဲ့ပါတယ် ဒဏ္ဍာရီ လို မှန်တာအတည်ပြောရရင် ညရဲ့ကောင်းကင်လို ငါနဲ့ပေါင်းရင် မော်စကွီတိုလို အဖော်မညီမှာသေချာလို့ နှင်းနဲ့မာယာ လို မင်းနဲ့ငါဟာ နွေဦးမိုးလို ရေဗူးဖိုးတောင် တတ်နိင်မှာ မဟုတ်ပါဘူး "

ကိုလူထွေး ။......။ " မိတယ်ကွာ ထမိန်ရုတ်မှုနဲ့ "

မိုးမောင် ။.........။ " မြစ်ကျိုးအင်းမှာ အဖြစ်ဆိုးခြင်းတွေပဲ တွေ့တာတောင် မြတ်မွန်မှာ ရက်လွန်အောင် ပျော်ခဲ့ကြတယ်လေ ဒါတွေက ပြန်တွေးကြည့်ရင် ဆောင်ယွန်းလလို ဟောင်းလွန်းလှ ပါတယ်ကွာ တကယ်တော့ ပန်းရနံ့ လို အငမ်းမတတ်ခဲ့လို့ ရေတမာ မှာ ဝေဒနာပေးခဲ့တာ မဆုမွန်မှာ ဘဝတခု လွန်ခဲ့ပါပြီ ဖြူစင်ကြယ်လို ငါလူတွင်ကျယ်မလုပ်ခဲ့ပါဘူး အဖြူလေးမှာ အလှူပေးမယ်ဆိုလို့ မယ်ကိုးမှာ တကယ်..... "

ကိုလူထွေးနှင့် မိုးကုတ်သား လင်ဗန်း ကိုယ်စီကိုင်ကာ မိုးမောင်ကို ဗျင်းရန် အနားကပ်လာကြသည်။ မိုးမောင်မှ လက်ကာ ပြကာ

" နေပါအုံးဗျ ရေငတ်လို့ ရပ်လိုက်တာပါ ကဲဆက်ပြောမယ် ၊ မယ်ကိုးမှာ တကယ်ခိုးပါမယ် ပြောခဲ့တာတောင် ချစ်ပါးလုံးလို မင်းကအသစ်ထားအုံးမလို့လား ဒါတွေကမင်းအတွက် ကောင်းကင်ပြာလို ဟောင်းချင်နေတာ ငါသိပေမယ့် ကိုရင်နော်လို ဟိုအရင်ခေါ်သံလေး ငါကြားသွားပါရစေအုံး "

မိုးကုတ်သား ။......။ " ကြိတ်ထား ကိုယ့်လူရေ ဘုရားဖူးတွေ လာနေတယ် "

မိုးမောင် ။.......။ " ဂျာမုန်းဒန်းမှာ အသာကုန်းနမ်း မလို့ကြံရွယ်ခဲ့ပေမယ့် စိတ်မထိန်းနိင်လို့ ခြေလှမ်းသစ်လို အသေကြမ်းပြစ် ခဲ့မိတာ မေဓါဝီလို သေပါပြီ လို့ မင်းအော်ခဲ့သေးတယ် မဟုတ်လား "

ကိုလူထွေး ။........။ " ဘာသွား လုပ်လိုက်တာလဲ "
မိုးမောင် ။.........။ " ခြေထောက်တက်နင်းမိတာ ဗျ "

" ဂွမ်းးးး " မိုးမောင်ခေါင်းကို ဝိုင်းတီးလိုက်ကြသည်။

မိုးကုတ်သား ။.......။ " အလကားနေ ခြေထောက်ပဲ တက်နင်းနေတယ် နဲနဲပါးပါး အပေါ်တက်အုံး "

မိုးမောင် ။......။ မင်းနဲ့ငါဟာ သဘောထားတွေ မတိုက်ဆိုင်လို့ နွေးနေခြည် လို ဝေးလေပြီ ဖြစ်ခဲ့ရပေမယ့် ဒါတွေကို ခဏခဏ ပြောနေရင် အိုက်ခီလောက် လို ထိုင်အီးပေါက် နေတယ် ထင်မလား ၊ ခုတော့လည်း မင်းစိတ်နဲ့ငါ မိုးစက်အိမ်လို အရိုးထက် ပိန်နေရပါပြီကွာ ငါလည်းမကြာတော့ပါဘူး တလနွန် လို ငါလေ...ငါ တမလွန် အထိ မင်းကိုဆက် ....ချစ်....သွား....မှာ.....ပါ "

မိုးကုတ်သား ။.......။ " ပိုင်တယ်ကွာ လိပ်ခေါင်း "

ကိုလူထွေး ။.......။ " ပြီး ပြီ လား "
မိုးမောင် ။........။ " တော်ပြီဗျ ဘလော့ဂ်ကုန်အောင် ပြောရရင် မင်းသမီး ဒီညကလို့ မရမှာ စိုးလို့ ရပ်လိုက် ရတာဗျ "

မင်းသမီး ။........။ " ကျေးဇူးကြီးလှပါရဲ့ရှင် ဒီမှာလည်း ကချင်လှပါပြီ "
မိုးကုတ်သား ။........။ " ဒါဆို မင်းသမီးက ဘာသီချင်းလေးနဲ့ ဖျော်ဖြေမယ် စိတ်ကူးထားလဲ "

မင်းသမီး ။.......။ " သမီးတို့ ကျောင်းသူဘဝက အမှတ်တရလေးကို သီချင်းအဖြစ် ဆိုပြပါမယ်ရှင် သီချင်းရဲ့ မူရင်းနာမည်က 'ချစ်သူ့မျက်နာ' ပါ အခုသမီးဆိုမယ့် နာမည်က 'အကြွေးဆပ်မှာ' ပါတဲ့ရှင်"

လူရွှင်တော်များ မှ သံပြိုင်ဖြင့် " ကြားပါရစေဗျာ "

လင်းထိန်နေသော မီးတို့ မှေးမှိန်ကာ မင်းသမီး ကြည်ဖြူပိုင်ရဲ့ခန္ဓာကိုယ်ပေါ်တွင် ဆလိုက်မီး နှစ်ခု ပြေးလွှားနေသည်။ ဆိုင်းသံရဲ့ အပျိုး တီးလုံး ထွက်လာပြီးနောက် မင်းသမီးရဲ့ အချိုးညီညီ အကအလှတို့ စတင်လေပြီ။

"ငါ အကြွေးများနဲ့ချာချာလည်၊ ဖဲဝိုင်းတဝိုင်းရဲ့အဆုံးမှာ လူကဲခတ်မတတ်တဲ့ ငတုံးလို့
ငါ့ကိုငါ အပြစ်တင်မိတယ် ပြောင်းလဲမှုက မြန်ဆန်တော့ ဖဲရှုံးသွားလည်း ကစားလို့ ငါမပြီးသေးချင်၊
တကယ်လို့ နောက်တခါ ကစားရင် နဲနဲလေးတော့ ဖဲခိုးမှပဲ .....

ဆိုင်းသံရဲ့ စည်းချက် အမြန်နှင့်အတူ မင်းသမီးရဲ့ ကကွက်တို့ ပို၍လှုပ်ရှားတတ်ကြွဖွယ် ကောင်းလာသည်။ ဆလိုက်မီးရောင်တို့ရဲ့ ရွေ့လျားမှုကြောင့် ပရိတ်သတ်အားလုံး ကကွက်နှင့် သီချင်းသံတွင် မျောပါနေကြသည်။

"ဟိုတခါ ဖဲကောင်းတုန်းက မင်းရဲ့မျက်နှာ၊ ငါပြန်ရှုံးသွားလို့ ချေးငှားတဲ့အခါ ၊
မင်းမျက်နှာကြီးက အီးမှန်သွား ဖြတ်ရိုက်ချင်စရာ ..ကောင်းတဲ့မျက်နှာ...၊
ဒီတခါအကြွေးမပေးလို့ မင်းရဲ့ မျက်နှာ၊ နင်ထင်တာမပေးတော့ဘူးလို့ ပြောလိုက်စမ်းပါ
ကံမကုန်ရင်ငါ ပြန်ဆပ်ပါ့မယ် ချေးငှားသမျှတွေ မဆုံးစေရပါ "


သီချင်းသံ တီးလုံးသံ ကကွက်နှင့် ဆလိုက်မီးရောင်တို့ အားလုံး ချိန်သားကိုက်စွာ ရပ်ဆိုင်းသွားသည်။ ဇာတ်စင်အလယ်မှ မီးရောင်တို့ ပြန်လင်းလာချိန်တွင် မင်းသမီး ကြည်ဖြူပိုင်မှာ ပရိတ်သတ်ကို နှုတ်ဆက်၍ ဇာတ်စင်အနောက်ကို ဝင်သွားကာ လူရွှင်တော်တို့ အသီးသီး ထလာကြကုန်သည်။

မိုးမောင် ။.......။ " ဇာတ်ဆရာ မြစ်ကျိုးအင်း ရွေးထားတဲ့ မင်းသမီးတွေက ကကြိုးကကွက် တယ်ပိုင်ပါလား"
မိုးကုတ်သား ။......။ " ရွေးထားတဲ့မင်းသမီးတွေတင် မဟုတ်သေးဘူးလေ ပျက်လုံးတွေကလည်း အလန်းတွေပဲ မဟုတ်လားဗျ "
ကိုလူထွေး ။......။ " မင်းသမီးတွေ ပျက်လုံးတွေ လန်းတာလည်း မပြောနဲ့လေ ဇာတ်ဆရာက ထိုင်ဝမ် မှာပဲ ၅ နှစ်ကြာတယ် "
မိုးကုတ်သား ။.......။ " အော်.... သဘင်ပညာ ဆည်းပူးတာလား "
ကိုလူထွေး ။........။ " မဟုတ်ဘူး ဆိုင်းဘုတ်ကြီး အောက်မှာ အကြော်ရောင်းတာ "

" ဂွမ်းးး " ကိုလူထွေးခေါင်းကို ဝိုင်းတီးကြကုန်သည်။

မိုးမောင် ။.......။ " ကျနော်တို့ လူရွှင်တော်တွေဆိုတာ ပရိတ်သတ်ကို ရယ်မောပျော်ရွှင်အောင် လုပ်ရသလို လက်ရှိဖြစ်နေတဲ့ခေတ်အခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး အမြင်မတော်တာတွေကို ပျက်လုံးထုတ်ရမှာပဲ မဟုတ်လားဗျ"

မိုးကုတ်သား ။.......။ မှန်ပါပေတယ် ကမိုးမောင်ရေ

ကိုလူထွေး ။.......။ " ခေတ်ရဲ့ လွဲချော်ပုံဆိုလို့ ကျွန်တော်စီးပွားရေး လုပ်တဲ့အကြောင်းလေး ပြောချင် သေးတယ်ဗျ "
မိုးမောင် ။.......။ " ဘယ်လိုများပါလိမ့် "

ကိုလူထွေး ။.......။ " ကျွန်တော်က မြန်မာပြည်ပြန်တော့ စုဆောင်းထားတဲ့ငွေလေးနဲ့ အတည်တကျ အလုပ်လေး ဖြစ်အောင် အင်တာနက်ဆိုင်လေး ဖွင့်တယ်ဗျ ။ သိတဲ့အတိုင်းပဲလေ အခုချိန်မှာ အင်တာနက်ဆိုင်တွေက နေရာတိုင်း ရှိနေတော့ ကျွန်တော့်ဆိုင်က ပုံမှန်လေးပဲပေါ့ ဒါနဲ့ ကျွန်တော့်ဆိုင်လေး လူစည်ကားအောင် အစီအစဉ်တခု လုပ်လိုက်တယ်လေ "

မိုးမောင် ။.......။ " ဘယ်လို အစီအစဉ်များ ပါလိမ့်ဗျာ"

ကိုလူထွေး ။......။ " ကျွန်တော်က ထူးထူးခြားခြားလေးလည်း ဖြစ်အောင် သုံးတဲ့သူတွေလည်း ဈေးနည်းနည်း သက်သာအောင် ဆိုပြီး အွန်လိုင်းမှာ စကားလာပြောတဲ့သူတွေ စကားပြောနေရင်း ကြားလား ကြားလား မေးတဲ့ အချိန်တွေအတွက် ငွေပေးစရာ မလိုဘူးလို့ ကြေငြာလိုက်တယ် အဲဒီလိုလည်း ကြေငြာပြီးရော ဆိုင်မှာ လူတွေဆိုတာ ကြိတ်ကြိတ်တိုး နေတာများဗျာ အားရစရာပဲ "

မိုးကုတ်သား ။.......။ “ ဒါဆို ကိုလူထွေးကြီး စီးပွားဖြစ်ပြီပေါ့ ”

ကိုလူထွေး ။......။ “ ရှိတဲ့အရင်းလေးပါ ပြုတ်သွားပြီ တနာရီသုံးတိုင်း နာရီဝက်ခပဲ ရတော့တာကိုးးး”

လူရွှင်တော်များမှ သတိအနေအထားဖြင့် မတ်မတ်ရပ်ကာ သံပြိုင်ညီညာစွာ သီဆိုကြလေသည် ။

“ ဒါတို့ပြေ (ပြည်)...ဒါတို့မြေ ...ဒို့မပိုင်တဲ့မြေ ”


မိုးမောင် ။.......။ “ မြန်မာပြည်အကြောင်းဆိုလို့ ကျနော် မြန်မာပြည် တခါပြန်တော့ ရဲစခန်းမှာ ခံဝန်လက်မှတ် ထိုးခဲ့ရသေးတယ် ”

ကိုလူထွေး ။.......။ “ ဟေ ...ဘယ်လိုဖြစ်ရတာလဲ ”

မိုးမောင် ။.......။ “ ဒီလိုဗျ ကျနော် မြန်မာပြည်ပြန်ရောက်တဲ့ ညမှာပဲ စိတ်ပျက်စရာနဲ့ ကြုံရတယ် အဲဒါက မီးခဏ ခဏ ပျက်တာဗျ ၊ ပြန်မရောက်တာ ကြာပြီဆိုတော့ ကျနော့်အတွက်တော့ ထူးဆန်းနေသလို စိတ်လည်း ပျက်ရပါတယ်ဗျာ ။ ဒါနဲ့ နောက်တနေ့ရောက်တော့ မီတာရုံးသွားပြီး မင်းတို့ မီတာခ မှန်မှန် ကောက်ပြီး မီးကိုတော့ ပုံမှန် မပေးပါလားကွ လို့ သွားပြောမိတယ် အဲဒါကို ၀တ္တရား နှောင့်ယှက်ပါတယ် ဆိုပြီး ရဲတိုင်လို့ စခန်းအထိရောက်သွားရတာ ”

မိုးကုတ်သား ။.......။ “ တော်သေးတာပေါ့ဗျာ လက်မှတ်ပဲ ထိုးခဲ့ရလို့”

မိုးမောင် ။.......။ “ စခန်းမှူးကြီးကလည်း သဘောကောင်းရှာပါတယ် နောက်ဆိုရင် မီးခဏခဏ ပျက်တယ်လို့ မပြောနဲ့ ပြောချင်ရင် ဒီလိုပြောဆိုပြီး သင်ပေးတယ်ဗျ သူပြောတာလည်း မှန်တာပါပဲ ”

ကိုလူထွေး ။......။ “ ဘယ်လိုများပါလိမ့်”

မိုးမောင် ။......။ “ မီးခဏခဏ ပြန်လာတယ်လို့ ပြောတဲ့လေ”


လူရွှင်တော်များမှ သတိအနေအထားဖြင့် သံပြိုင်ညီညာစွာ သီဆိုကြလေသည်။

“ဒါတို့ပြေ (ပြည်).....ဒါတို့မြေ....တို့မဆိုင်တဲ့မြေ”


မိုးကုတ်သား ။........။ " ငါ့ကိုကျတော့ လူကြီးတွေကစေတနာ ထားပေးတယ်ကွ "
ကိုလူထွေး ။........။ " အဟွတ် အဟွတ် "

မိုးမောင် ။........။ " ကိုလူထွေး ချောင်းဆိုးတာကလည်း ကောက်ကာငင်ကာကြီး "
ကိုလူထွေး ။........။ "အေးကွ နားက ဘာဖြစ်မှန်း မသိပါဘူး"
" ဂွမ်းးးး " မိုးကုတ်သားမှ လင်ဗန်းဖြင့်တီးကာ " လည်ချောင်းက ဘာဖြစ်မှန်း မသိဘူး လုပ်ပါဗျ ချောင်းဆိုးတာပါ ဆိုမှ နားနဲ့ ဆိုင်ပါ့မလား "

ကိုလူထွေး ။......။ " အေး...အေး.. မှားသွားလို့ လည်ပင်းက ဘာဖြစ်မှန်းမသိတာကွ

"မိုးမောင် ။........။ " မိုးကုတ်သား ရေ ဆက်ပါအုံးကွ"

မိုးကုတ်သား ။.......။ " ဒီလိုကွ ငါ ပြီးခဲ့တဲ့ နှစ်က မြန်မာပြည် ပြန်တယ်လေ ငါပြန်တဲ့အချိန်ကွာ တိုက်တိုက် ဆိုင်ဆိုင် မဲဆန္ဒ ကောက်ခံပွဲကြီးနဲ့ တိုးပါလေရော ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာများကွာ အားရစရာကြီး"

ကိုလူထွေး ။.......။ " အဟွတ် အဟွတ် "
မိုးမောင် ။.......။ " ဒီလူကြီးနော်...သွား..သွား စင်ထောင့်မှာ သွားနေ ဒီမှာ စကားပြောရတာ အရှိန်ပျက်တယ် "

ကိုလူထွေးလည်း စင်ထောင့်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ ပရိတ်သတ်ကို လက်ခါပြနေသည်။ မိုးကုတ်သား ကိုလက်ညိုးထိုးပြပြီး ကိုယ့်ခေါင်းကိုယ် ညာလက်ဖြင့်ထောက်ကာ ဘက်လက်က ခါပြနေသည်။ မိုးကုတ်သား တော့ ခေါင်း ချောင်သွားပြီဆိုတဲ့ သဘောကို ပြနေခြင်းဖြစ်သည်။

မိုးကုတ်သား ။.......။ " အဲဒါနဲ့ ငါလည်း ကြုံတောင့်ကြုံခဲ မဲပေးပွဲကြီး ဆိုတော့ ဝင်နွဲမယ်ပေါ့ မနက်ပိုင်း စောစောစီးစီး သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်ထိုင်ပြီး .... "

"ဂွမ်းးး " မိုးမောင်မှ လင်ဗန်းဖြင့် မိုးကုတ်သား ခေါင်းကို ရိုက်ကာ

" စောစောစီးစီး ဘာဘီယာဆိုင်လဲ လဘ္လက်ရည် ဆိုင်လုပ်ပါကွ "

မိုးကုတ်သား ။......။ "အေးအေး မှားသွားလို့ ၊ ဒါနဲ့ လဘ္လက်ရည်ဆိုင်က ထပြီး သူငယ်ချင်းတွေနဲ့ မဲရုံကို ချီတက် ကြတာပေါ့ ...။ မဲရုံကိုသာ သွားနေတာ ဘယ်လိုမဲပေးရမလဲ မသိဘူး သူငယ်ချင်းတွေ ပေးသလို ပေးမယ် ဆိုပြီး တွေးသွားတာလေ ဟိုရောက်တော့ သူငယ်ချင်းတွေက ကြက်ခြေခတ် တွေပေးကြတာ နဲ့ ငါလည်း ကြက်ခြေခတ် ပေးလိုက်တာပေါ့ "

ဇာတ်စင်ထောင့်မှ ကိုလူထွေးက လက်ခုပ်တီး၍ ထ က နေသည်။

မိုးမောင် ။.......။ " ဒါလားကွ မင်းအပေါ်စေတနာ ထားတယ်ဆိုတာ "

မိုးကုတ်သား ။......။ " နေအုံးကွ မပြီးသေးဘူး ငါတို့တွေလည်း မဲပေးပြီး ပြန်လာတော့ လမ်းရောက်မှ ငါ့ ဟန်းဖုန်း ကျန်ခဲ့မှန်း သတိရတာနဲ့ မဲရုံကို သွားပြန်ယူတာပေါ့ မဲရုံလည်း ရောက်ရော ငါ ပေးထားတဲ့ ကြက်ခြေခတ် မဲကို တခုစီ ခွဲပြီး အမှန် နှစ်ခု လုပ်နေတာ တွေ့ရတာနဲ့ ငါလည်း အံ့သြသွားပြီး ဒါဘာလုပ်တာလဲ လို့ မေးလိုက်တယ် "

မိုးမောင် ။......။ " ဒါ မရိုးမသား လုပ်တာပေါ့ "

မိုးကုတ်သား ။......။ " မဟုတ်ဘူးကွ ဒါ ငါ့အပေါ်စေတနာထားတာဆိုပြီး ရှင်းပြတယ် ညီလေးရယ် တဲ့ မင်းက ကြက်ခြေခတ်ထားတော့ တုတ်ချောင်း ၂ ခုခြစ်ရတယ်လေ ဒါဆို မှင်ပိုကုန်တယ်ကွ ဟော အကိုကြီးက အခုလို တခုစီ ပြန်ခွဲပေးလိုက်တော့ ညီလေးနဲ့ သားသမီး တယောက်ယောက်အတွက် အဆင်ပြေသွားတာပေါ့တဲ့ "

မိုးမောင် ။......။ " အေးလေ ဒါလည်း မှန်တယ်လေကွာ"

မိုးကုတ်သား ။......။ " မဟုတ်ဘူးလေကွာ ငါက မိန်းမတောင်မရသေးတာ ဒါနဲ့ ငါက ဒါဆိုအကိုကြီးမှားနေပြီဗျ ကျွန်တော်က လူပျိုပါလို့ ပြောတော့ သူက ဒါဆို ပိုတောင် ကောင်းသွားပြီတဲ့ ညီလေး မိန်းမရပြီး သားသမီး မွေးတဲ့အခါ အခုထဲက သားသမီးတွေအတွက်ပါ မဲပေးထားတယ် ဆိုပြီး ညီလေးကို သားသမီး တွေက ကျေးဇူး တင်မှာပေါ့တဲ့ ကဲကြည့် ငါ့အပေါ် ဘယ်လောက်တောင် စေတနာထားတယ်ဆိုတာ တွေ့ပြီမဟုတ်လား "

မိုးမောင် ။......။ " ဒီလိုဆိုတော့လည်း ဟုတ်တာပဲကွ"

ဇာတ်စင်ထောင်မှ ကိုလူထွေးကတော့ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်နေတော့သည်။

မိုးကုတ်သား ။......။ " ကျနော့်ကို ဆရာလုပ်ပြီး ရှင်းပြပေးတဲ့ အကိုကြီးက သေသေချာချာကြည့်မှ ကျောင်းသား ပဲ ရှိသေးတာကွ "

မိုးမောင်။......။ "ဟုတ်လို့လားကွာ "
မိုးကုတ်သား။......။ " ဟုတ်တယ်ကွ အဖြူအစိမ်း ဝတ်ထားတယ်လေ"

"ဂွမ်း" ကိုလူထွေးမှ လင်ဗန်းဖြင့် မိုးကုတ်သား ခေါင်းကိုဝင်တီးလိုက်တော့သည်။

ထို့နောက် လူရွှင်တော်များမှ သံပြိုင်ညီညာစွာဖြင့် သီဆိုကြလေသည်။

"ဒါတို့ပြေ (ပြည်) .... ဒါတို့မြေ .... ဒို့မပိုင်တဲ့မြေ "


မိုးမောင် ။.......။ " ဘယ့်နှယ်ဗျာ ဒီဇာတ်ဆရာပျက်လုံးကောင်းကောင်းလုပ်ပါဆို အိမ်ကမိန်းမ ငပိကြော်ပို့ရမယ့် လမ်းကြောင်းပဲ ဆွဲဆွဲတင်နေတယ်။ တော်ပြီ အငြိမ့်မကတော့ဘူး။ အခုပဲကြည့် အင်းစိန် ဈေးနားတောင်ရောက်တော့မယ် "

မိုးကုတ်သား ။.....။ အသေဝနာစ ဗာလနံတဲ့ ဒီဇာတ်ဆရာနဲ့ ပေါင်းမိတာကိုက ကျုပ်တို့ငါးပါးတင်မကဘူး သံဃာစဉ်ပါမှောက်တာဗျ"

မိုးမောင် ။........။ " မိုးကုတ်သားရေ မင်းသမီး မြန်မြန်ခေါ်မှ ဖြစ်တော့မယ် ကြာရင် မလွယ်ဘူးကွ "
မိုးကုတ်သား ။.....။ " အေးကွ အခုအလှည့်ကျတဲ့ မင်းသမီးက ဘယ်သူတဲ့တုန်း "
ကိုလူထွေး ။.....။ " ဇာတ်ဆရာရဲ့ သမီး သုံးယောက်ဖြစ်တဲ့ ဆလူးလေးတို့ အဖွဲ့ရဲ့ အကအလှလေးတွေ ဝေဖန် အကဲဖြတ်ကြပါစို့"

မိုးကုတ်သား ။.....။ " ကိုလူထွေးရေ မင်းသမီးလေးတွေကို ခေါ်လိုက်ပါအုံး "
ကိုလူထွေး ။......။ " ဘီလူးဂတုံးတောင် အထူးမပုန်းရှောင်ရင် ရူးမဆုံးအောင် ဖြစ်သွားနိင်လောက်တဲ့ ကဲ.... ဆလူးသုံးကောင်ရေ အချိန်ကျပြီ ထွက်ခဲ့တော့ ...."

ကိုလူထွေးရဲ့ ခေါ်သံဆုံးလျင် မင်းသမီး ၃ ယောက်တို့ အပြိုင်အဆိုင် ထွက်လာကြသည်။ ထို့နောက် တိုင်ပင်ထားသလို တယောက်ကို တယောက်ကြည့်ကာ ပရိတ်သတ်ကို လက်အုပ်ချီ၍ HAPPY NEW YEAR ဟု နှုတ်ခွန်းဆက်သလိုက်သည်။ ပရိတ်သတ်ကို နှုတ်ဆက်ပြီးလျင် လူရွှင်တော်များဘက်လှည့်ကာ မင်းသမီးလေး ကွန်မန်ဒို ဆိတ် မှ " မင်္ဂလာပါ အကိုတို့ရေ " ဟု နှုတ်ဆက်သည်။

လူရွှင်တော်များမှ "မင်္ဂလာပါ ညီမလေးတို့ ရေ " ဟု ပြန်လည်နှုတ်ဆက်သည်။

မင်းသမီးလေး သံမဏိဘဲ ကလည်း အားကျမခံ " ပျော်ရွှင်ဖွယ်ရာ ညချမ်းပဲ မဟုတ်ပါလားရှင် "
လူရွှင်တော်များ ။........။ " မှန်ပါတယ် ညီမလေးတို့ရေ "
ကိုလူထွေး ။.......။ " မင်းသမီးလေးတွေက ပရိတ်သတ်ကြီးကို ဘာသီချင်းလေးနဲ့ ဖြေဖျော်မယ် စိတ်ကူး ထားတယ် ဆိုတာ ပြောပြပါအုံး"


ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး အရပ်အမောင်း အကောင်းဆုံးဖြစ်တဲ့ အငယ်ဆုံးမင်းသမီးလေး မူယာဝက် မှ လူရွှင်တော် သုံးယောက် ကိုကြည့်ကာ " ငါရှိသ၍ ငါ့သားသုံးယောက်မငတ် စေရဘူး " ဟုပြောလိုက်သဖြင့် လူရွှင်တော်သုံးယောက် မျက်လုံးပြူးကာ "ဟေ " ဟု သံပြိုင်ညီညာ အော်လိုက်ကြတော့သည်။

မူယာဝက် ။......။ " ဒီလိုပါ အကိုတို့ရေ အဆိုတော် ရဲလေး ဆိုထားတဲ့ 'ထိပ်ဆုံးမှာ အမေ' ဆိုတဲ့ သီချင်းလေးပါ ဒါပေမယ့် သာမီးတို့ဒက်ဒီ မြစ်ကျိုးအင်း နဲ့ လိုက်ဖက်အောင် သီချင်းနာမည်ကိုတော့ ပြောင်းထားပါတယ် သီချင်းနာမည်က 'ထိပ်တုံးမှာ အဖေ' လို့ အမည်ရပါတယ်ရှင် ခံစားနားဆင်ပေးကြပါ "

စူးရှတောက်ပသော မီးရောင်တို့ မှိန်သွားချိန်တွင် ဆိုင်းဆရာ သေရွာပြန်အိမ်ရဲ့ လင်းကွင်းနှစ်ချပ်ကို ပွတ်ဆွဲထားသော ဒီဂျေ တီးလုံးသံ ထွက်ပေါ်လာသည်။ ထို့နောက် မင်းသမီး သုံး လက် အပြိုင်အဆိုင် တွန့်လိန်ကောက်ကွေးကာ အကြွေးရှင်ကို ရန်တွေ့သော လက်ဟန်ခြေဟန်များဖြင့် Rap စာသားကို စဆိုကြတော့သည်။

သံမဏိဘဲ ။......။ "သမီးသုံးယောက်ကိုထားပီး နောက်မီး လင်းနေတဲ့အဖေ
သမီးတွေရဲ့ကျေးဇူး နားလည်ပီးတော့ သိတတ်ဖို့လည်း မရှိခဲ့ပါဘူး။
နောက်မီးလင်းလို့ မိသားစုဘဝ... နွေးထွေးမှုတွေ ပျောက်ကွယ်ခဲ့တယ်

ကွန်မန်ဒိုဆိတ် ။......။ " သမီးသုံးယောက်ရှိနေသ၍ အဖေမငတ်စေရဘူး ကဲနေဖို့လည်း မပြတ်စေရဘူး
နေ့နဲ့ည အဖေ့မှာတော့ ပျော်နေခဲ့တယ် စီးပွားရေးဆုံးရှုံးသွားတာ အငယ်လေးတွေနဲ့ ကဲမဝလို့ပဲ "

မူယာဝက် ။......။ " မြိန်ရေယှက်ရေ အသားတုံးတွေကို အဖေခိုးစားခဲ့တာ ငါးပိရည် နဲ့ အရိုးဟင်းတွေက သမီးတို့အတွက်လား ဒါတွေက သမီးတို့အတွက် တရားလား ၊လက်ထဲမှာ ပိုက်ဆံငါးဆယ် ဒါလောက်နဲ့ ချဲမထိုးနိုင်ဘူး အဖေ့မျက်နှာမကောင်းဘူး အိမ်ထဲမှာ ဖွက်ထားသမျှကို လိုက်ရှာနေတယ် "

ကွန်မန်ဒိုဆိတ် ။.....။ "လောင်းကစားတွေ ဆုံးရှုံးသွားတော့ သမီး သုံးယောက်က ကျွေးမွေးခဲ့ ငါရှိသရွေ့ ငါ့သမီး သုံးယောက်မငတ်စေရဘူး ပညာရေး မပြတ်စေဘူးလို့ နေ့နဲ့ည ဘာမှမလုပ်ဘဲ ထိုင်တွေးနေတယ် "

Rap စာသားကို အပြိုင်အဆိုင် ရန်တွေ့သလို သီဆိုပြီး တယောက်တမျိုး အကွက်ဆန်းကကာ အပြိုင်ကျဲနေသည်။ ဆိုင်းဝိုင်းမှလည်း မြူးမြူးကြွကြွ တီးပေးနေသဖြင့် လူရွှင်တော်များပါ ဒွန့် ကုန်ကြပြီ ။ မင်းသမီး သုံးယောက် မှာ သံစဉ် သီဆိုရသော အပိုဒ်ကို ခံစားချက်အပြည့်ဖြင့် သံပြိုင်ညီညာစွာ သီဆိုလိုက်ကြသည်။

" အဖေမပိုနဲ့ KTV ခန်းမထဲမှာ ပျော်နေမှာလား
လက်ကျန်နဲ့ ဒီမိသားစု ဘယ်လိုမျိုမလဲ
အဖေ...မပိုနဲ့ နောင်ညများလည်း အမြဲတမ်း ဂေါ်နိင်ပါစေ ....
မရပ်ခဲ့ဘူး ဘယ်လိုပြောပြော အဖေ့ရဲ့ အကျင့်တွေ
ဘုံးထားသမျှ ကြိတ်သုံးပါလေ ...အဖေ့ဘဝအတွက် အသင့်တော်ဆုံးက...
ထိပ်တုံးပါ အဖေ "

လင်းကွင်းနှစ်ချပ်ဖြင့် ပွတ်ဆွဲလိုက်သော ဒီဂျေ ပွတ်သံ ရဲ့ အဆုံးတွင် ဆလူးလေးတို့ရဲ့ ထိပ်တုံးမှာအဖေ သီချင်း လည်းပြီးဆုံး သွားခဲ့ပြီ။ ထိုနောက် ပရိတ်သတ်ကို အသီးသီး နှုတ်ဆက်ကာ ဇာတ်စင်နောက်သို့ ဝင်သွားကြတော့သည်။ ဒွန့်နေကြသော လူရွှင်တော်တို့လည်း အရှိန်သတ်ကာ ဇာတ်စင်အလယ်တွင် စုရုံးလာကြသည်။

မိုးမောင် ။......။ " သီချင်းလေး နားထောင်ရတာ သူတို့အဖေကို တော်တော်ချစ်ပုံပဲဗျ "
ကိုလူထွေး ။.......။ " ဒါမျိုးပြောတာပေါ့ ကြောက်ခမန်းလိလိ ချစ်တယ်ဆိုတာလေ "
မိုးကုတ်သား ။.......။ " စမြုံ့ပြန်နေလို့ပဲ မပြီးသေးဘူးဗျ ကျနော်တို့ရဲ့ တခန်းရပ်ဟာသလေး နဲ့လည်း ဖျော်ဖြေ လိုက်ကြပါအုံးစို့ "


မိုးမောင် နှင့် ကိုလူထွေး မှ " သင့်မြတ်ပါတယ်ဗျာ " ဟုပြောကာ လူရွှင်တော် သုံးယောက် ဇာတ်စင် အနောက်သို့ ဝင်သွားကြကုန်သည်။

လူရွှင်တော် သုံးယောက် ဝင်သွားပြီးချိန်တွင် ထိုးထားသောမီးဆလိုက်တို့ အနည်းငယ် အားပျော့ကာ အငြိမ့်စင် ကို ခပ်မှိန်မှိန် လုပ်ပေးထားသည်။ ထို့နောက် ပြန်လင်းလာချိန် အငြိမ့်စင်ပေါ်တွင် လူနေအိမ်ခန်း တခုရဲ့ အပြင်အဆင်မျိုး ဖြစ်နေသည်။ အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် လူရွှင်တော် မိုးမောင်မှ လူမမာဟန်ဖြင့် ပက်လက် ကလေးအိပ်ကာ အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှုနေသည်။ လူနာ ခုတင်ရဲ့ဘေးတွင်တော့ တင်တု ရင်တု တပ်ထားသော လူရွှင်တော် ကိုလူထွေးမှာ လူမမာရဲ့ ဇနီးသည် မီမီထွေး အဖြစ် သရုပ်ဆောင်၍ အပူလုံးကြွနေသော ပုံသဏ္ဍာန်ဖြင့် ဆံထုံး တုကြီး ဖရိုဖရဲဖြစ်ကာ လမ်းမဆီသို့ မျှော်ငေးနေသည်။ မကြာမှီ ဆရာဝန်မိုးကုတ်သား ဆေးအိတ်ဆွဲ၍ ရောက်လာတော့သည်။ ဆရာဝန် ရောက်လာသဖြင့် မီမီထွေးမှာ အပြေးအလွှားသွားကာ ဆေးအိတ်ကို ကူဆွဲပေးလေသည်။

မီမီထွေး ။.......။ "ဆရာ အထွေးရဲ့ယောကျာင်္းကို ကယ်ပေးပါဆရာရယ် "
ဆရာဝန် ။.......။ "စိတ်မပူပါနဲ့လေ ကျနော် စမ်းသပ်ပါအုံးမယ် ဒါနဲ့ သူ့ကို ဘာကျွေးထားသေးလဲ "
မီမီထွေး ။........။ "သူ အားနည်းနေပုံရတယ်ဆရာ အရည်ပဲ ဝင်တယ်ဆရာ ဟိုဟာမဝင်ဘူး "
ဆရာဝန် ။.......။ "ဘာ....ဘာ မဝင်တာလဲ "
မီးမီထွေး ။.......။ "အစာမဝင်ဘူး ပြောတာပါ အထွေးလည်းစိတ်ပူနေလို့ အယောင်ယောင်အမှားမှား ဖြစ်နေလို့ပါ "

ဆရာဝန်မှ လူနာကုတင်နားကပ်ကာ စမ်းသပ်ကြည့်ရှုနေသည်။ လူနာရဲ့ လက်ကောက်ဝတ်ကို တချက်စမ်းသလို၊ နားကျပ်ဖြင့် ရင်ဘတ်ကိုထောက်နားထောင်ကာ မျက်ခွံကိုဟပြီး ပုံမှန်စစ်ဆေးမှု လုပ်ပေးလိုက်သည်။ ထို့နောက် ဆရာဝန်မှ
" အပူချိန်တိုင်းမယ် ပါးစပ်ဟ " ပါဟုပြောလိုက်သည်။

လူနာ ။.......။ " သီးခံပါ ဆရာရယ် ကျနော်အရမ်း အားနည်းနေလို့ ပါးစပ်ကိုတောင် မဖွင့်နိင်ပါဘူးဗျာ ကျနော်လေ အစားအသောက်တွေလည်း မမှန်တာကြာပြီ ညဘက်တွေဆိုလည်း အိပ်မပျော်တာ များပါတယ်ဆရာ ဒါကြောင့် အရမ်း အားနည်းနေတယ် ထင်တယ်ဆရာ ပါးစပ်တောင် ဖွင့်နိင်မယ် မထင်ဘူး "

ဆရာဝန်မှ ခါးကြားထိုးထားသော စက္ကူလိပ်ဖြင့် ရိုက်ကာ
" ဒီလောက်တောင် စကားတွေ ပြောပြီးမှ ပါးစပ်မဖွင့် နိင်ဘူးတဲ့လား မရဘူး အခုဖွင့် "

လူနာမှ ပင်ပန်းကြီးစွာသော ပုံစံဖြင့် ပါးစပ်ဟပေးလိုက်ရသည်။ ဆရာဝန်မှ အပူချိန်တိုင်းပြီး လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ကာ ခေါင်းကို အနည်းငယ် ခါရမ်းလိုက်သည်။

မီမီထွေး။......။ "ဆရာရယ် အထွေးယောကျာင်္း အခြေအနေ ဘယ်လိုလဲ"
ဆရာဝန်။.....။ " အိမ်မှာဆက်ထားရင် အခြေအနေပိုပြီး ဆိုးသွားနိင်တယ် အကောင်းဆုံးကတော့ လူနာကို ရန်ကုန်က အထူးကုဆေးခန်း $$$ ကို ပို့လိုက်ပါ "

ဆရာဝန်စကားကြားလိုက်ရချိန်တွင် ပါးစပ်ဟဖို့ရန် ပင်ပန်းကြီးနေသော လူနာခင်မျာ ကုတင်ပေါ်မှ ကောက်ကာငင်ကာ ဆင်းကာ ဆရာဝန်နှင့် သူ့မိန်းမ မီမီထွေးကို တလှည့်စီ ဒူးထောက်ပြီး
" မိန်းမရယ် ငါမင်းလက်ပေါ်မှာပဲ သေပါရစေနော် "
" ဆရာရယ် ကျွန်တော်မိန်းမအတွက် အိမ်ပိုင်လေး ချန်ခဲ့ချင်လို့ အထူးကုဆေးရုံကို မသွားပါရစေနဲ့ ဆေးရုံတက်ပြီးမှ ကျွန်တော့်အတွက် အသုဘ စရိတ်လေးတောင် မကျန်မှာစိုးလို့ပါဗျာ"

လူနာရဲ့ သနားစဖွယ် အသံဖြင့်လိုက်ဖက်အောင် ဆိုင်းဆရာ သေရွာပြန် အိမ် မှ မျောက်မင်း အူသံဖြင့် ငိုချင်းချပေးနေသည်။ အထွေးရဲ့ ပါးနှစ်ဘက်ပေါ် စီးကျလာသော မျက်ရည်စများ နှင့်အတူ တောတန်းပုံစံ ရေးဆွဲထားသော ကားလိပ်တခု တဖြည်းဖြည်း ကျလာတော့သည်။ ထို့နောက် ကားလိပ်နောက်မှ ဆရာဝန်၏ အသံဆက်၍ ထွက်ပေါ်လာသည်မှာ ...

" ဒီအတွက်တော့ စိတ်မပူပါနဲ့ဗျာ ခင်ဗျား ဆေးရုံရောက်ရောက်ချင်း နာရေးကူညီမှုအသင်းကို ဖုံးဆက်ထားပေးပါ့မယ်"

++++++++++

ထို့နောက် ကားလိပ်ကို ပြန်ဆွဲတင်လိုက်ချိန်တွင် မင်းသမီးငါးယောက် နှင့် လူရွှင်တော် သုံးယောက်တို့ ပရိတ်သတ်ကို လက်အုပ်ချီကာ သံပြိုင်ညီညာစွာ နှုတ်ဆက်လိုက်ကြတော့သည်။

" ပရိတ်သတ်ကြီး အားလုံး ပျော်ရွှင်ဖွယ် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ "

ထို့နောက်တွင်တော့ ကြက်သွေးရောင် ကန့်လန့်ကာကြီး တအိအိ ဖြင့်ကျလာ ကာ ဘလော့ဂါ အငြိမ့် တခန်းရပ်နား လိုက်တော့သည်။

.....................................................................................................................။

ဤအငြိမ့်တွင် နာမည် အသုံးပြုခွင့်ပေးခဲ့ကြသော လူရွှင်တော်များဖြစ်တဲ့

ကိုလူထွေး

ကိုမိုးကုတ်သား

မိုးမောင်

ဆိုင်းဆရာ အဖြစ် သေရွာပြန်အိမ်

မင်းသမီးများဖြစ်ကြတဲ့....

သူငယ်ချင်း ကြည်ဖြူပိုင်

ညီမလေး နှင်းဟေမာ

ကွန်မန်ဒို ဆိတ်

သံမဏိ ဘဲ

မူယာ ဝက် တို့ကိုကျေးဇူးတင်ပါကြောင်း

၂၀၁၀ ရဲ့ ပထမဆုံးအချိန်မှာ ရယ်မော ပျော်ရွှင်စေချင်စိတ်ကြောင့်ရယ် ဘလော့တနှစ်ပြည့် အမှတ်တရ အဖြစ် ရည်ရွယ်ပြီး ဘလော့ဂါ အငြိမ့် (၃) ကို ရေးရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက်နေ့က ညီမလေး နှင်းဟေမာ ရဲ့မွေးနေ့လည်း ဖြစ်လို့ သူ့အတွက် မွေးနေ့လက်ဆောင်လို့ ဆိုနိင်ပါတယ်။

ပျက်လုံးတွင် နာမည်အသုံးပြုခဲ့မိသော ဘလော့ဂါ သူငယ်ချင်းများကိုလည်း အပျော်သဘောနှင့်ရေးတာ ဖြစ်လို့ နားလည်ခွင့်လွှင့်စေချင်ပါတယ်။ မိမိဘလော့ဂ် နာမည် ပါတာကို မနှစ်သက်သူများ ရှိပါက ပြောခဲ့နိင်ပါတယ် ပြန်ဖြုတ်ပေးမှာ ဖြစ်ပါတယ်။ ပါဝင်လိုသူများလည်း စာရင်းပေးခဲ့ပါ ထပ်ဖြည့်ပေးပါ့မယ်။

ဤ အငြိမ့်တွင်ပါဝင်သော ခင်မောင်အုန်း ပျက်လုံးမှ လွဲ၍ ကျန်တဲ့ ပျက်လုံးများ အားလုံး မည်သည့် စာမျက်နာပေါ်တွင်မှ မရှိသေးသော ကိုယ်ပိုင် ပျက်လုံးများဖြစ်ပါတယ်။ ရုန့်ရင်းကြမ်းတမ်းသော ပျက်လုံးများ ပါခဲ့က နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။

မဖတ်ဖူးသေးသူများ အတွက်

ဘလော့ဂါအငြိမ့် (၂)

ဘလော့ဂါအငြိမ့် (၁)

(အားပေးသူ ပရိတ်သတ် များလျင် နောက်ပွဲခွင်များ ဆက်ကပါအုံးမည်။)

အားလုံးသော စာဖတ်ပရိတ်သတ်များ နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေ ကြပါစေ ၊။။။။

ခင်မင်သောအားဖြင့်.......

(မြစ်ကျိုးအင်း)

Sunday, November 29, 2009

သူပေးတဲ့...ပျော်ရွှင်ခြင်း..(၆)

ဒီတခါတော့ ကျွန်တော်အမ အကြောင်း ပြောပါအုံးမယ်။မနေ့ညက အိမ်ကို ဖုန်းဆက်ရင်း အမနဲ့ ဖုန်းပြောဖြစ်တော့
ကျွန်တော့်အမက နင်ဘလော့ဂါ လုပ်ပြီးစာရေးနေတယ်ဆို တဲ့။ဘာရေးတာလဲပြောပြဆိုတော့ ပြောပြရင်း
မမငယ်ငယ်တုန်းက စကားပုံ အလွဲတွေ ဖြေခဲ့တာကို တပုဒ် ရေးထားတယ်ဆိုတော့ သူကရယ်ပြီး

ငါအတန်းတင် စာမေးပွဲမှာလည်း အဲဒီလိုပဲ မှားဖြေခဲ့ ဘူးတယ်လို့ပြောတယ်။ ကျွန်တော်ကလည်း ချက်ချင်းပဲ စာအုပ်ယူပြီး မှတ်တော့တာပဲ။တွေးရင်းတစိမ့်စိမ့်ပြုံးရလို့ တင်ပေးလိုက်ပါတယ်။
သူအတန်းတင်စာမေးပွဲဖြေတော့ အရင်လိုပဲ မြန်မာစာမေးခွန်းမှာ စကားပုံတွေ ကို
ဗဟုသုတ အဖြစ်မေးထားတယ်တဲ့။သူဖြေတာမှန်တဲ့ ဟာတွေလည်းမှန်တာပေါ့။မှားသွားတဲ့ အဖြေတွေကို
အိမ်ရောက်လို့ လူကြီးတွေပြန်မေးကြည့်မှပဲ မှားမှန်းသိရတော့တာတဲ့။

မေးခွန်းမှာက 'ဖောင်စီရင်း..........?'လို့မေးထားတယ်။
အမှန်က 'ဖောင်စီးရင်း ရေငတ်' ဆိုတာလူတိုင်းသိကြတယ်။
ကျွန်တော့်အမက မသိတော့ “ ဖောင် စီး ရင်း မီးနေ ” လို့ဖြေခဲ့တယ်။

သူကြားဖူးတာက 'ယောကျာင်္းဖောင်စီး မိန်းမမီးနေ' လို့ထင်ပါတယ်။
အသက်အန္တရာယ် ရှိတဲ့ အကြောင်း အတူတူပဲဆိုတဲ့ စကားပုံပါ။
ကြားဖူးတဲ့ စကားပုံတွေ ရောပြီး ဖြေလိုက်တော့ “ ဖောင်စီးရင်း..မီးနေ ” ဖြစ်သွားရတယ်။
မှားလေ့မှားထ ရှိတဲ့ အဖြေဆိုတော့ အပြစ်မတင်ချင်ပေမယ့် နောက်တခုဖြေတာတော့ ရုပ်ပျက်လွန်းတယ်။

နောက်တပုဒ်ကြတော့ 'ပညာရှိ .........................?'လို့မေးထားပြန်တယ်။အမှန်က 'ပညာရှိ သတိဖြစ်ခဲ'လေ။
သူဘယ်လိုဖြေခဲ့တယ်ထင်လဲ။သူပဲ စဉ်းစားတတ်တယ်....။

“ ပညာရှိ ဇီးကွက် ”တဲ့
ကြားလို့တောင်မကောင်းဘူး။



Saturday, November 28, 2009

ကျောင်းတော်ကြီးနှင့်စာရင်းရှင်းတမ်း

ဘ၀လမ်းကြောင်းမှာ ပြန်မကြည့်ချင်ဆုံးမှတ်တမ်းက ပညာရေးမှတ်တမ်းပါပဲ...။ပညာရေးနဲ့ ပါတ်သတ်ပြီး အမြင့်ဆုံး
မရောက်ခဲ့တာ ငယ်စဉ်ထဲကပါပဲ...။ဆုတခုမှ မရခဲ့ဖူးပါဘူး...။ဆုမရခဲ့ဖူးလို့ ၀မ်းနည်းတဲ့လူစားမျိုးလည်းမဟုတ်ပြန်ဘူး.။
ငယ်ငယ်ထဲက ပြင်ပစာတွေ ဖတ်နေမိလို့လားတော့မသိဘူး မြကန်သာ ကဗျာတပုဒ်ကျက်ဖို့ထက် ဦးနုဘာသာပြန်တဲ့
မိတ္တဗလဋီကာ ထဲက အခန်းတခန်းလောက်ကိုပဲ အလွတ်ရချင်ခဲ့တယ်...။

ကိုယ်တကယ်နှစ်သက်တဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကိုတော့ အထပ်ထပ်အခါခါ ဖတ်ဖြစ်တယ်...။ပြောရရင် ရသပါတဲ့
စာတွေဖတ်ရတာ ငယ်ငယ်ထဲက နှစ်သက်ခဲ့တယ်...။အတန်းပညာကို အများကြီး အလေးအနက်မထားခဲ့ပါဘူး...။
စာမေးပွဲနီးလာရင်သာ စာကျက်ပြီးဖြေလိုက်တာပဲ...။ဒီလိုနဲ့ တတန်းပြီးတတန်း တရွေ့ရွေ့နဲ့ ဖြတ်သန်းလာခဲ့တယ်..။

လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတာလောက်ကလွဲရင် အရမ်းဆိုးသွမ်းတဲ့အထဲမှာလည်း မပါခဲ့ဘူး...။ဒီတော့ ပညာရေးနဲ့
ပါတ်သတ်ရင်ဆုမရခဲ့ဖူးသလို ဆူးဖြစ်တဲ့စိတ်ဒဏ်ရာလည်း မရခဲ့ဖူးဘူး...။ပညာရေးမှာ ပုံမှန်ပဲ ရှင်သန်ခဲ့တယ်...။
ဒီလိုနိဒါန်းတွေ ချီနေရတာက သူငယ်ချင်း ရီနိုက ကျောင်းပညာနဲ့ ပါတ်သတ်ပြီး ရခဲ့တဲ့ဆု နဲ့ရခဲ့တဲ့ဆူး ဆိုပြီး ရေးပေးဘို့
တဂ်လာလို့ပါပဲ..။

ခေါင်းပူအောင်စဉ်းစားပေမယ့် ပြောပြစရာ ရခဲ့တဲ့ဆုမရှိခဲ့သလို ရင်ဖွင့်စရာဆူးလည်းမရှိပါဘူး..။ကျောင်းသားဘ၀က ရည်းစားများအကြောင်းဆိုရင်တောင် ဒီ့ထက်တော့ပြည့်ပြည့်စုံစုံပြောနိင်သေးတယ်လေ(အစဆွဲလိုက်မိပြီ)
အဲဒီလိုဆိုတော့ တဂ်ပို့ကဒီမှာတင်ပဲ အဆုံးသတ်ရမယ့်ကိန်းဖြစ်နေတော့တယ်..။အဲဒီလိုဆိုပြန်တော့လည်း
သူငယ်ချင်းဖြစ်သူကို အားနာဘို့ ကောင်းနေပြန်တယ်...။သူ့ကို အရေးတယူ မရှိဘူးလို့လည်း မကြားတကြားများ
ပြောနေမလားမသိဘူးဆိုပြီး တွေးမိသေးတယ်..။

ဒါနဲ့ပဲ ကျောင်းနဲ့ပါတ်သက်တဲ့ ထူးထူးခြားခြားအဖြစ်အပျက်ကို တွေးကြည့်တော့ ဆယ်တန်းကျောင်းသားဘ၀က
ပျော်ရွှင်စရာအဖြစ်အပျက်လေးအကြောင်းရေးထားတာ သတိရမိတယ်..။တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ သိပ်မဆိုင်နိင်ပေမယ့်
အနီးစပ်ဆုံး ဒါပဲ ရှိတာမို့လို့ အဲဒီပို့စ်အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်...။
ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့ သူငယ်ချင်းရီနိုကို ပြောချင်ပါတယ်။

ကျွန်တော် မှတ်မိသလောက်ဆို ကျွန်တော်တို့ ၁၀ တန်းရောက်တဲ့ ၉၈ ခုနှစ်ကမှ ကျောင်းသားစုံညီ ပွဲတော်ကို
စလုပ်တာလို့ ထင်တာပါပဲ..။ကျောင်းဝင်းထဲမှာ ကျောင်းသားတွေဖွင့်တဲ့ မုန့်ဆိုင်တွေ ကျောင်းသားတွေ တီးတဲ့
စတိတ်ရှိုးတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တဲ့သဘောပါပဲ...။ဇန်န၀ါရီလ ၃ ရက်နေ့မှာ လုပ်တာထင်ပါတယ်...။

ကျောင်းမှာ ဆရာမတွေက အဲဒီပွဲ လုပ်ရမယ် ဆိုတော့ ကျွန်တော်တို့ အဖွဲ့ကိုလည်း ကျောင်းမှာ စည်စည်ကားကား
ဖြစ်အောင်လို့ အစီအစဉ် တခုခု လုပ်ဘို့တာဝန်ပေးလာတယ်..။ဒါနဲ့ ကျွန်တော်တို့အဖွဲ့လည်း ဘာလုပ်ရင်ကောင်းမလဲ
ဆိုတာတိုင်ပင်ကြရတော့တယ်...။

တခြားကျောင်းသားကျောင်းသူတွေလို မုန့်ရောင်း တာမျိုးလည်း ကျွန်တော်တို့က မလုပ်ချင်ဘူး....။
ထူးထူးခြားခြားလေး ဖြစ်အောင် လုပ်ဘို့တိုင်ပင်ပေမယ့် ပွဲတော်စဘို့ နှစ်ရက်လိုတဲ့ ဇန်န၀ါရီ(၁)ရက်နေ့ အထိ
ဘာအကြံမှ ထွက်မလာသေးဘူး...။

အချိန်က ကပ်နေပြီဆိုတော့ တဖွဲ့လုံးလည်း စိတ်လျှော့ ထားလိုက်ကြတော့တယ်...။သူများရောင်းတဲ့မုန့်ပဲ
သွားဝယ်စားကြတာပေါ့လို့ တချို့တွေကညိုနေကြပေမယ့် ကျွန်တော်ကတော့ ကြိတ်ကြံနေတုန်းပဲ....။
စဉ်းစားရင်းနဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်က ကျွန်တော်တို့ မြို့ရဲ့ ကျီးပင်လမ်းထဲမှာ လုပ်တဲ့ ဟောက်စီ ဆိုတဲ့ကစားနည်းကို
သတိရသွားမိတယ်...။အဲဒီတုန်းကတော့ ကျွန်တော်တို့က ထိုးသားအနေနဲ့ ကစားခဲ့ကြတာလေ..။

အဲဒီကစားနည်းကို သတိရ လိုက်တော့ တော်တော်ပျော်သွားတယ်...။ဖြစ်နိင်ချေ ရှိမရှိ စဉ်းစားတော့ ကျွန်တော်တို့
လိုချင်တဲ့ ထူးထူးခြားခြားအစီအစဉ်နဲ့ ကွက်တိ ဖြစ်နေတယ်...။ဒါနဲ့အိုကေပြီ ဆိုပြီး အသေးစိတ် ထပ်စဉ်းစားတယ်...။
မနက်မိုးလင်းတော့ အရင်လုပ်ထားတဲ့သူတွေရဲ့ အိမ်ကို စုံစမ်းပြီး သွားတွေ့ဖြစ်တယ်...။

ကစားနည်းသိတဲ့ သူတွေကို လိုက်မေးကြည့်ပြီး ဒိုင်ကိုင်တဲ့ သူတွေအနေနဲ့ ဘာတွေလိုအပ်တယ်ဆိုတာ
မေးမြန်းကြည့်တယ်။သူတို့ကလည်း သေသေချာချာ ရှင်းပြပေးတဲ့အပြင် နမူနာ စာရွက်ပါပေးလိုက်တော့
ကျွန်တော်တို့အတွက် အတိုင်းထက်အလွန် ဖြစ်သွားတော့တယ်။အဲဒီကနေပြန်လာပြီးတော့ လိုအပ်တာတွေကို
ခပ်သွက်သွက်လေး စီစဉ်ကြတော့တယ်...။ကျောင်းသားစုံညီပွဲတော်က မနက်ဖြန်ဆို ရောက်ပြီလေ...။

ပြီးတော့မှ တဖွဲ့လုံးကို စုစည်းပြီး ကျွန်တော့်အစီအစဉ်ကို ပြောပြတော့ အားလုံး ဟေးခနဲ ထအော်တဲ့ အထိကို
ဝမ်းသာသွားကြတာပါပဲ...။မနက်ဖြန်အတွက်ပြင်ဆင်တယ်ဆိုတာလဲ ထွေထွေထူးထူးတော့မဟုတ်ပါဘူး...။
အအေးဆိုင်တွေက ပုလင်းအဖုံး အခုတစ်ရာသွားတောင်းပြီး သုညသုည (၀၀)ကနေ ကိုးကိုး(၉၉)ထိ အဖုံးအတွင်းမှာ
နံပါတ်တွေ ရေးလိုက်ကြတယ်....။

နှစ်လုံးပူးဂဏန်း သုံးကွက်ကို သုံးတန်းရေးထားတဲ့ အကွက်လေးတွေ ပါတဲ့ နမူနာစာရွက်တွေကို မိတ္တူသွားဆွဲထားကြပြီး
လိုအပ်တဲ့ မီးစက်ရယ် ဆောင်းဘောက်နဲ့မိုက်တွေပါ အဆင်သင့်ရှာထားလိုက်တော့ ပြင်ဆင်စရာ ရှိတာတွေ
ပြီးသွားတော့တယ်..။ပြီးတော့ သူငယ်ချင်းတွေကိုလည်း တာဝန်တွေ ခွဲဝေပေး ထားလိုက်တယ်..။
အားလုံး အဆင်သင့် ပြင်ဆင်ပြီးသွားတော့ မနက်ဖြန်ကို စိတ်စော နေမိကြတော့တယ်...။

နောက်တနေ့ ပွဲတော်နေ့ ရောက်တော့ ကျွန်တော်တို့ စောစောပဲ လူစုထားပြီးကျောင်းကို ချီတက်ကြတော့တယ်...။
ကျောင်းအ၀င်ဝနား သစ်ပင်အောက်က နေရာကို ကျွန်တော်တို့ရဲ့ ကစားပွဲလုပ်မယ့်နေရာအဖြစ် ရွေးလိုက်ကြတယ်...။
သဘောကတော့ ဆည်ဝက စောင့်တဲ့ဗျိုင်းလို လာသမျှ ဆွဲစိမယ်ဆိုတဲ့ အကြံနဲ့ပါပဲ...။

ယူလာတဲ့ ဘလက်ဘုတ်ကို သစ်ပင်မှာချိတ် စာသင်ခန်းထဲက ခုံနှစ်လုံး သွားယူပြီး အရှေ့မှာ ချထားလိုက်တယ်...။
ကျန်တဲ့သူငယ်ချင်းတွေက ဆောင်းဘောက် နဲ့ မိုက်ခရိုဖုန်း ကိုအသံစမ်းတဲ့ သူက စမ်းကြနဲ့ တိုင်ပင်ထားသလိုလှုပ်ရှား
နေကြတယ်...။အားလုံး အစဉ်သင့် ဖြစ်နေပေမယ့် ကျွန်တော်တို့ မလှုပ်ရှားသေးဘူး လူနဲနဲစုံတဲ့ အထိ
စောင့်နေလိုက်သေးတယ်....။

မနက်(၉) နာရီလောက် ရောက်တော့ ကျောင်းထဲမှာကျောင်းသားကျောင်းသူတွေအပြင် အိမ်ကလိုက်လာကြတဲ့
မိဘတွေနဲ့ စည်ကားစပြုလာတယ်...။အိုကေ စမယ်ဆိုပြီး အချက်ပြ လိုက်တော့ ဘိုတိုးက အာတွေ စလွှတ်တော့တာပါပဲ..။
speaker သံ ထွက်လာတာဆိုတော့လူတွေ စိတ်ဝင်တစားနဲ့ တဖြေးဖြေး ရောက်လာကြတယ်...။

အဲဒီမှာ ဘိုတိုးက...
အားလုံး ပျော်ရွှင်ရအောင် ကျွန်တော်တို့ကအစီအစဉ် လေးတခုလုပ်ထားပါတယ်ပါတယ် ဒီအစီစဉ်ကတော့ ဟောက်စီ
လို့ခေါ်တဲ့ တစ်ဆယ်ရင်းပြီး တစ်ရာငါးဆယ်ရနိင်တဲ့ အစီအစဉ်လေးပါပဲ ကစားပုံ ကစားနည်းကတော့ ဒီလိုနံပါတ်
ကိုးခုပါတဲ့ စာရွက်လေး တရွက်ကိုအရင်ဝယ် ရပါမယ် ပြီးရင် ကျွန်တော်တို့က ဒီဂေါ်လီအဖုံး လေးတွေကို တလှည့်တခု
နှိုက်ပေးပြီး ပေါက်မဲနံပါတ်ကိုကြေငြာပေးပါ့မယ်။

ဘိုတိုး စကားဆုံးတော့ ကျွန်တော်က နမူနာ အဖြစ် ဂေါ်လီအဖုံးတခုနှိုက်ပြ လိုက်ရတယ်..။ဘိုးတိုးဆက်ပြောတာက
အဲဒီ ပေါက်မဲနံပါတ်က ကိုယ်ဝယ်ထားတဲ့ စာရွက်ထဲမှာ ပါနေခဲ့ရင် အဲဒီနံပါတ်ကို တုတ်ချွန်လေးနဲ့
ဖောက်ထားပါခင်မျာ အပေါက်လေး သုံးခုဟာ ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ထောင့်ဖြတ်ဖြစ်ဖြစ် တတန်းထဲ
ကျနေပြီ ဆိုရင်တော့အဲဒီ စာရွက်လေးကို ပြပြီး ငွေတစ်ရာ့ငါးဆယ်ကို ထုတ်ယူနိင်ပါပြီ ဒါဆိုရင်တော့ တပွဲပြီးပါပြီ...။
ကျွန်တော်က ဘေးကနေ နမူနာတွေ လုပ်ပြပေးရပြန်တယ်...။

လူတွေ စိတ်ဝင်စားပြီး ၀ယ်ပြီးချိန်တွင် ဘိုတိုးက တကယ်လို့များ ပေါက်မဲဟာ တပြိုင်နက်ထဲ နှစ်ယောက် တူနေခဲ့မယ်
ဆိုရင်တော့ ငွေတစ်ရာ့ငါးဆယ်ကိုတ၀က်စီ ခွဲပေးပါ့မယ် ကဲကဲ ပွဲစလိုက်ရအောင်ခင်မျာ အခုလက်ကျန် ငါးစောင်ပဲ
ကျန်ပါတော့တယ်သုံးစောင်ပဲ ကျန်ပါတော့တယ် နဲ့ဆွဲဆောင်လိုက်တာ လူတွေက စိတ်ဝင်စားပြီး ၀ယ်ကြတော့တယ်...။

ကျွန်တော်တို့ လုပ်ကွက်က တော်တော်ပိုင်တယ်လို့ ပြောရပါမယ်....။ A4 တရွက်မှာ အကွက်(၂၄)ကွက် ဆွဲထားပြီး
တကွက်ကို ၁၀နဲ့ရောင်းခြင်းဖြစ်သည်...။အဲဒီတကွက်မှာမှ နှစ်လုံးပူးဂဏန်း တတန်းကို သုံးကွက်စီထားတဲ့ အကွက်
ကိုးကွက်ပါတယ်..။အဲဒီ တရွက်ကို တစ်ဆယ်နဲ့ရောင်းတာမျိုးပေါ့..။

၂၄ ကွက်ဆိုတော့ ၂၄၀ ရပါတယ်။ပေါက်တဲ့သူကို ၁၅၀ပေးတော့ တပွဲပြီးတိုင်း ကျွန်တော်တို့က အေးရာအေးကြောင်း
၉၀ အမြတ်ကျန်သည်.အဲဒီအချိန်ကတော့ ငွေတစ်ဆယ်ကလည်း အနည်းငယ် တန်ဖိုး ရှိနေသေးပါတယ်..။
အရင်းအနှီး တပြားမှ မလိုတဲ့ကစားနည်းပါပဲ..။

တယောက်က ဂေါ်လီမဲတွေ နှိုက်လိုက် ဘိုတိုးက အချစ်ဆုံးရဲ့  တစ်သုံးပါခင်ဗျာ ..ဆယ့်တစ်မီးငြိမ်းမယ့် ဆယ့်တစ်ပါ
ခင်မျာ ငါးပါးသီလစောင့်တဲ့သူများအတွက် ငါးပါ ခင်မျာ နဲ့ ကာရံလေးတွေ အရွှန်းလေးတွေ နဲ့ အော်ပေးတော့
နောက်ရောက်လာတဲ့ သူတွေလည်း မုန့်ဈေးတန်းတောင် သိပ်မသွားကြတော့ပဲ ကျွန်တော်တို့ဝိုင်းမှာပဲအုံနေတော့တယ်..။

၁၀ပွဲကျော်လောက် ကစားပြီးချိန်မှာ hallခန်းဘက်ကတီးဝိုင်း စမ်းသံ ထွက်လာတယ်..။ဒါနဲ့ စတိတ်ရှိုး လက်မှတ်
ဝယ်ထားသူတွေလည်း hall ခန်းဘက် ထွက်သွားတော့ ကျွန်တော်တို့ ဆီမှာ လူနည်းပြီး ကျန်နေခဲ့တော့တယ်...။
ဒါပေမယ့် ကိုယ်ကလည်းဘာမှ ရင်းထားရတာ မဟုတ်တော့ရသလောက်နဲ့ပဲ ဆက်ကစားနေဖြစ်တယ်...။

တီးဝိုင်းစပြီး မိနစ်(၂၀) ကျော်လောက် အချိန်မှာ hall ခန်းဘက်က ပရိတ်သတ်တွေ ဝေါခနဲ ထွက်လာလို့ဘာဖြစ်တာလည်း
စုံစမ်းကြည့်တော့ သီချင်း နှစ်ပုဒ်တောင် မပြည့်သေးဘူး ရန်ဖြစ်လို့ ပွဲပျက်သွားတာတဲ့လေ...။ကျွန်တော်တို့ကျောင်းက
အထက(၁)ကျောင်းဖြစ်ပြီး ကျွန်တော်တို့နဲ့ တကယ့်ပြိုင်ဘက်ကျောင်းက အထက(၂) ကျောင်းပါပဲ...။
အထက(၂)နဲ့တော့ ခေတ်အဆက်ဆက် ရန်ပွဲတွေ များခဲ့တယ်..။အခုလည်း ဒီစတိတ်ရှိုးကို အထက(၂)က ကျောင်းသား
အချို့လာကြည့်ရင်းနဲ့ ကျွန်တော်တို့ကျောင်းက ကျောင်းသားအချို့နဲ့ ရန်ဖြစ်ပြီး စတိတ်ရှိုးပျက်သွားရတာပါပဲ..။

ကျွန်တော်တို့လည်း ပုထုဇဉ် ပြီပြီ ကြိတ်ပြီးပျော်သွားမိတယ်....။ဗေဒင်စကား နဲ့ ပြောရရင် တိုင်ထိပ် ရောက်ကိန်း
ဆိုက်သလိုပါပဲ..။hall ခန်းထဲက ထွက်လာတဲ့ သူတွေ အားလုံး ကျွန်တော်တို့ကစားဝိုင်းမှာ ကြိတ်ကြိတ်တိုးနေတော့တယ်..။
ကစားတဲ့သူများတော့ တပွဲတပွဲကလည်း ခဏလေးနဲ့ပြီးတာပါပဲ..။
ဒီကစားနည်းက ခေါက်ရေများလေ ကိုယ့်တွက် ကျန်လေ လို့ ပြောရမယ်..။

စာရွက်တွေတောင် ကုန်ခါနီးဖြစ်ကုန်တော့ သူငယ်ချင်းတွေလည်း ကျောင်းနားက မိတ္တူဆိုင်မှာ အပြေးအလွှား
မိတ္တူ ထပ်ဆွဲရ တော့တယ်...။အဖွဲ့ထဲက မိန်းခလေး သုံးယောက်က A4 စာရွက် တွေကို တကွက်ချင်းညုပ် တဲ့သူကညုပ်
ပွဲစဉ်နံပါတ် ရေးသူကရေး ပိုက်ဆံသိမ်းတဲ့သူ ကသိမ်းနဲ့ တော်တော် ကိုလှုပ်လှုပ်ရှားရှား ဖြစ်နေကြတာပေါ့...။

ကစားတဲ့သူတွေက ကြိတ်ကြိတ်တိုးနေတော့ ပွဲအခြေအနေ ကိုကြည့်ပြီး ဘိုတိုးကို တကွက် ၂၀ နဲ့ ရောင်းခိုင်းပြီး
ဆုကြေးကိုလည်း (၃၀၀) ပေးမယ်ဆိုပြီး နှစ်ဆ တင်ခိုင်းလိုက်တော့တယ်...။ဝယ်တဲ့သူ အရမ်းများနေတော့ အရင်က
A4 တရွက်ကုန်တာနဲ့ ပွဲစတာမျိုး မလုပ်တော့ဘဲ A4 နှစ်ရွက် (၄၈) ကွက်ရောင်းပြီးမှ ပွဲစဖြစ်တော့တယ်...။

ရောင်းအားက ၂ ဆပေမယ့် ပြန်ပေးတဲ့ဆုကြေးကတော့ အရင်အတိုင်းပါပဲ...။ကိုယ်ဘယ်နှစ်ကွက်ရောင်းတယ်ဆိုတာ
ဘယ်သူမှ မသိနိင်တာလေ။၂ဆ ရောင်းပေမယ့် ဒါလည်းပြိုက်ခနဲ ကုန်သလို တပွဲပြီးတိုင်းအမြတ် ကလည်းနင့်ခနဲ
ကျန်နေတော့တယ်။

အဲဒီအချိန်မှာ လူတွေအုံးအုံး ကျက်ကျက်ဖြစ်နေတာကြောင့် ကျောင်းအုပ်ဆရာမကြီး မနေနိင်ဘဲ ထွက်လာကြည့်ရတယ်..။
ခဏနေတော့ ကျွန်တော်တို့အတန်းပိုင် ဆရာမ ရောက်လာပြီး ကျွန်တော့်ကို ကျောင်းအုပ်ဆရာမကြီးမှ ဒီပွဲရဲ့ 
ဝင်ငွေစာရင်းကို သူ့ဆီ တင်ခိုင်းကြောင်းလာပြောတယ်...။

ကျွန်တော်က ဟုတ်ကဲ့ ကျွန်တော်တင်ပေးပါ့မယ်လို့ပြန်ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ တမျိုးဖြစ်မိတာအမှန်ပါပဲ..။
လုပ်ငန်းတခုအောင်မြင်လာတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေအတိုင်းလို့ သတ်မှတ်ရမယ်
ထင်တယ်..။ဘယ်လောက်အောင်မြင်သလဲ အကျိုးအမြတ်ကဘယ်လိုလဲဆိုပြီး ၀င်ပါချင်တဲ့သဘောမျိုးလို့ထင်မိတယ်..။

တဖြေးဖြေးနေမြင့်လာတဲ့ အပြင် ကစားတဲ့ သူလည်းနည်းသွားတာနဲ့ ကျွန်တော်တို့လည်း ကစားဝိုင်းကို
သိမ်းလိုက်တော့တယ်...။သူငယ်ချင်းတွေက ပစ္စည်းသိမ်းနေချိန် ကျွန်တော်က ဒီပွဲစဉ်ရဲ့စာရင်းလုပ်ပေးနေလိုက်တယ်..။
စာရွက်ရဲ့ တဖက်တချက်မှာ အ၀င်စာရင်းနဲ့ အထွက်စာရင်းဆိုပြီး ခေါင်စဉ်တပ်လိုက်တယ် ပြီးတော့ အ၀င်စာရင်းရဲ့
အောက်မှာအစဉ်လိုက်ချရေးလိုက်တော့တယ်..။

တပွဲရောင်းရငွေ (၁၈)ကွက် တစ်ရာရှစ်ဆယ် တစ်ပွဲပြီးတိုင်း ကျန်ငွေ (၃၀)ကျပ် ပွဲအရေအတွက် (၂၀) စုစုပေါင်းရငွေ
(၆၀၀) ကျပ်ဆိုပြီးအ၀င်စာရင်း ချရေးပေးထားလိုက်တယ်..တပွဲကို ၂၄ ကွက် ၂၄၀ ဖိုးရောင်းတာကို လျော့ချလိုက်သလို
ပွဲအရေအတွက်ကိုလည်း အများကြီးလျော့ချလိုက်တယ်..။

စာရွက်ရဲ့ တဖက်မှာလည်း မီးစက်ခ၊ ဓါတ်ဆီခ ၊sound box ခ ၊ဆိုက်ကားခ မိတ္တူဆွဲခ၊ ဆိုပြီး ထွက်ငွေကို စိတ်ထဲရှိတဲ့
တန်ဖိုးတွေရေးပေးပြီး စာရင်းနှစ်ခုကို ယှဉ်ပြလိုက်တယ်...။အမှန်ကအဲဒီပစ္စည်းတွေအားလုံးက ဘိုတိုးရဲ့ ဦးလေး ပိုင်ပြီး
ကျွန်တော်တို့ကိုသူ့ကားနဲ့လိုက်ပို့ပြီးကူညီပေးတာပါ...။စာရင်းနှစ်ခု ယှဉ်ပြပြီးချိန်မှာ ဘေးကနေ လိုငွေ (၄၅) ကျပ်လို့
စာရင်းပိတ်ပြီး ကျောင်းအုပ်ဆရာမကြီးဆီ ထိုစာရင်းကိုတင်ပေးလိုက်တော့တယ်..။

အအေးကိုတောင် ကိုယ့်ဘာသာကိုယ် ၀ယ်သောက်ရတဲ့ ပုံစံမျိုး ဆိုတော့ ဆရာမကြီးဆီမှ ဘာသံမှထွက်လာသံ
မကြားရတော့ပါဘူး...။ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး ၀ိုင်းခေါ်သင်တဲ့ အိမ်ရောက်တော့ ရတဲ့ပိုက်ဆံ ရေလိုက်တာ
အားလုံးပေါင်း(၇၀၀၀) ခွန်နှစ်ထောင်နီးနီးရလိုက်တယ်..။

ဒါနဲ့သူငယ်ချင်း(၉)ယောက် တယောက်ကို(၇၀၀) ဆီခွဲဝေပြီး ကျန်တဲ့ငွေတွေကို အအေးသောက်ပြီး မြို့လယ်က သဲပုံစေတီမှာ
ဆီမီး(၅၀၀) တပျော်တပါးသွားထွန်းလိုက်ကြတော့တယ်။

........................................................................................................................................................

ဒီလောက်နဲ့ပဲသူငယ်ချင်း ရီနိုမာန် လည်း ကျေနပ်ပါလေ။


(၁၀ တန်းကျောင်းသားဘ၀ထဲက “ဇ” လေးရှိလို့လားတော့ မသိပါဘူး ကျောင်းပြီးတော့ စီးပွါးရေးနဲ့ ဘွဲ့ရတာပါပဲ...။
အခွန်ရှောင်ချင်သူများ စာရင်းဖျောင်ချင်သူများကို လိုအပ်ရင် ကူညီပေးပါ့မယ်း)

Friday, August 28, 2009

အနီရောင်နတ်သမီး(၂)

စတော်ဘယ်ရီခြံကထွက်လာမှပဲ ကျွန်တော်တို့တော်တော်အိပ်ချင်နေကြပြီ.
ခူးနေတုန်းကမသိသာပေမဲ့ နားလိုက်မှပဲဗိုက်ထဲမှာ အစာပြည့်နေတာရယ် ပင်ပန်းတာရယ်ပေါင်းပြီး
အိပ်ငိုက်ချင်နေတာ.ဒါပေမယ့်မကြာပါဘူးလူတွေအများကြီရှိတဲ့နေရာကိုရောက်လာတယ်.
အဲဒါစတော်ဘယ်ရီနဲ့ပါတ်သတ်တာတွေအားလုံးရနိင်တဲ့နေရာပေါ့.ကျွန်တော်တို့အားလုံးကားပေါ်က
ဆင်းပြီးလူအုပ်ကြီးကြားထဲကိုတိုးဝင်လိုက်ကြတယ်.စတော်ဘယ်ရီ ရာသီဖြစ်တာရယ် အလုပ်ပိတ်ရက်ရယ်ပေါင်းပြီး
လူတွေများနေကြတာပါ.အ၀င်ဝမှာပဲစတွေ့လိုက်ရတာက.....

...အဲဒါစားလို့ရဘူးနော်......
အဲဒါကိုတွေ့တော့ မိန်းခလေးတွေ အလုပ်ရှုပ်သွားကြတယ်.ရိုက်ကြမယ်ဟေ့ကောင်းကောင်း လို့ပဲပြောရမယ်.
ဓါတ်ပုံရိုက်ပေးရပြန်တယ်.တယောက်ဆင်းပြီးတယောက်တက်မယ်လုပ်နေတုန်း နောက်တဖွဲ့က ကြားဖြတ်ပြီး
နေရာဦးသွားလို့ ပွစိပွစိပြောပြီး ဆက်ထွက်လာကြတယ်.စိတ်တော့မလျှော့ဘူး..အပြန်မှရိုက်မယ်ဆိုပါတော့ဗျာ.
အ၀င်ဝလမ်းတလျှောက်မှာတန်းစီပြီးရောင်းနေတဲ့စတော်ဘယ်ရီဆိုင်များကိုတွေ့လိုက်ရတော့အပြေးသွားပြီးဓါတ်ပုံ
ရိုက်မိပြန်တယ်.




.....ဆိုင်တွေကများမှများ.....
ပြီးတော့ဆက်လျှောက်ခဲ့ကြတယ်..အဆောက်အဦးထဲဝင်လိုက်တဲ့အခါဆိုင်တွေအများကြီးကိုတွေ့လိုက်ရတယ်.
ဒီဆိုင်တွေကတော့စတော်ဘယ်ရီကိုအစိမ်းလိုက်ရောင်းတာမဟုတ်တော့ဘူး.စတော်ဘယ်ရီနဲ့လုပ်ထားတဲ့ရေခဲမုန့်,
ကိတ်မုန့်, ဖျော်ရည်,စတော်ဘယ်ရီပေါက်ပေါက်ဆုပ်, ၀ိုင် သည်ဖြင့်ပြည့်ပြည့်စုံစုံ ဖြစ်အောင်ရောင်းပေးနေတာကို
တွေ့ရတယ်.

.........အဲဒီလိုဆိုင်လေးတွေပေါ့......

အဲဒီမှာမုန့်တွေစားသောက်ပြီးတော့ ဘေးချင်းကပ်ရပ်အဆောက်အဦးဆီကို ကူးခဲ့ကြတယ်.

......အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ.....
ဆိုင်ထဲမှာဓါတ်ပုံရိုက်ခွင့်မပေးလို့မရိုက်ခဲ့ရဘူး.ရောင်းတာကတော့အစုံပါပဲ.သော့ချိတ် ၊ရင်ထိုး၊ကလစ်၊
ခေါင်းအုံးအသေးစားလေးတွေ ပေါ့ အားလုံးစတော်ဘယ်ရီပုံနဲ့ပါပဲ. စတော်ဘယ်ရီဆပ်ပြာတောင်ရှိသေးတယ်.
ကြည့်လို့ဝတော့ အပြင်ဘက်ပန်းခြံမှာ မီးမီးတို့အကြိုက် ဓါတ်ပုံတွေရိုက်ကြပြီး နေ့လည် နှစ်နာရီ ခွဲ လောက်မှာ
ပြန်လာခဲ့ကြတော့တယ်။
နောက်ဆက်တွဲအနေနဲ့ နဲနဲတော့ဖွလိုက်အုံးမယ်.ပထမပို့စ် ရဲ့  comments မှာ
My Diary က "လာခူးပေးရင် နေ့တွက် ဘယ်လောက်ရမှာလည်းဟင် "ပြောထားလို့သတိရသွားတာပါ.
စနေနေ့ထဲက ကျွန်တော့်အမက သူ့အလုပ်က စတော်ဘယ်ရီယူမယ့်သူတွေကို စာရင်းယူထားပြီးသားလေ.
တင်္နလာနေ့ပြန်ရောက်တော့ ဘူးတွေနဲ့ထည့်ပြီးပြန်ရောင်းတာ အမြတ်တောင်ကျန်သွားသေးဆိုပဲဗျ.
(၀ယ်တုန်းက ဒီကအခေါ်တပိသာ ကို၉၀ ပေးရတယ် သူရောင်းတော့ ၁၅၀ တဲ့ဗျ)
ဒါတောင်အပြင်ထက်သက်သာသေးတယ်. ကဲဘယ်လိုလဲ My Diary ရေ....

ရွှေ လူ လည် F C

ခရီးသွားတဲ့ အကြောင်းလေး ရေးမိတော့ ကျွန်တော်တို့ သွားခဲ့တဲ့ ခရီးလေးတွေ စိတ်ထဲမှာ ပြန်ပေါ်လာတယ်။
အဲဒီထဲက ပေါ့ပေါ့ပါးပါး ဖြစ်မယ့် အကြောင်းလေး ပြန်ဖောက်သည်ချချင် ပါတယ်.
လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်တို့ ပင်လယ် ကမ်းခြေ သွားလည် ဖြစ်ခဲ့တယ်။

ရေကူးလိုက် ဘီယာသောက်လိုက် နဲ့ ထုံစံအတိုင်း ကဲနေကြတာပေါ့ဗျာ. အဲဒီအချိန်မှာ ကျွန်တော်တို့ ရေထဲကကြည့်တာ
ဒီနိင်ငံသား (၄) ယောက် ဘော်လုံး ကန်နေကြတာတွေ့တယ်...။ ကျွန်တော်တို့ကလည်းဘော်လုံး မယူသွားမိလို့
ကန်ချင်နေကြတာဆိုတော့ အတော်ပဲပေါ့။ ချက်ချင်းပဲ သွားရောလိုက်ကြတယ်....။

ငါတို့လည်း ၀င်ကန်လို့ရမလားမေးတော့ သူတို့ကလည်း သဘောတူတယ်..။လေးယောက်ထဲ နှစ်ဖက်ခွဲ ကန်နေတာ
ဆိုတော့ ပိုပင်ပန်းတာကိုး။ ခက်တာက ကျွန်တော်တို့ဘက် က ယောကျာင်္လေးက (၃)ယောက်ပဲ ဖြစ်နေတယ်...။
ဒါနဲ့ ပွဲဖြစ်အောင်လို့ ကျွန်တော့်ချစ်သူကိုပါ ၀င်ကန်ခိုင်းရတဲ့ အခြေအနေ ရောက်ရောပေါ့။

သူ့ကိုတော့ ဂိုးပဲစောင့်လို့ မှာထားတယ် ပြောရရင် ဂိုးကလဲဂိုးကျဉ်းလေးပါ...။အဲဒီလိုနဲ့ ဘောလုံးစကန်တော့
ကျွန်တော်တို့ဘက်က အကို တယောက်က ငါတို့ သိပ်မကန်တတ်ချင် ယောင်ဆောင်ကြလို့ မှာတယ်...။
အချင်းချင်းမြန်မာလိုပြောတော့ ဒီကောင်တွေဘယ်သိပါ့မလဲ။

အဲဒါနဲ့ ကျွန်တော်တို့ လည်း ဟိုကန် ဒီကန် လုပ် လူတွေမှားပေး လိုပေး နဲ့ မကစားတတ်တဲ့ ပုံစံလုပ်ကြတာပေါ့။
သူတို့ကလည်း လူလည်တွေဗျ ကျွန်တော်တို့ ကို မကန်တတ်ဘူးထင်ပြီး လောင်းကြေးလေးနဲ့ကစားရအောင်တဲ့
လာညိုတယ်။အဲဒီတော့ ဆင်ထားတဲ့ ထောင်ချောက်ထဲ တန်းပြီး ၀င်လာတာပေါ့။

ကျွန်တော်တို့ ကလည်း အဲဒါကို စောင့်နေတာ ဆိုတော့ အိုကေပေါ့ ဘာကြေးကစားမလဲ ညိုတော့ မိတ်ဖြစ်ဆွေဖြစ်
ဘီယာ (၁၀)လုံးကြေး ဆိုပြီး သူတို့ဘက်က ကမ်းလှမ်းလာတယ်...။ကိုယ်ကမကန်တတ်ချင်ယောင် ဆောင်ထားတာ
ဆိုတော့သူတို့ညှိတဲ့ကြေးနဲ့ သဘောတူလိုက်ရတယ်...။သူတို့ရဲ့ခြေစွမ်းအမှန်ကို သိထားတော့ အေးရာအေးကြောင်းပဲပေါ့။
ကိုယ်ကတော့ ဘောလုံးကန်ရင်းနဲ့ ဘီယာဗူးတွေ မြင်ယောင်နေမိတယ်..။

ကျွန်တော်တို့ သဘောတူတာနဲ့ ပွဲဖြစ်ရော ဆိုပါတော့။ကစားချိန်ကို (၁၅)မိနစ် သတ်မှတ်လိုက်တယ်....။
တကယ်တော့ အလေ့အကျင့်မရှိဘဲ သဲသောင်ပြင်မှာ ဘောလုံးကန်ရတာမလွယ်ဘူးဗျ။ကျွန်တော်တို့ အတွက်သာတာက
ဒီနိင်ငံက ဘော်လုံးအားမပေးဘူး သူတို့က ဘေ့စ်ဘောရယ် ဘတ်စကတ်ဘောရယ် ပဲအားပေးတော့ ဒီနိင်ငံသား
တော်တော်များများက ဘော်လုံးကန်တတ်ရုံပဲ ရှိကြတာလေ...။

ကျွန်တော်တို့လို ကျောင်းကပြန်ရောက်ရင် လွယ်အိတ်ချွတ်ပြီး ဘော်လုံးကွင်း ရောက်နေတဲ့ သူတွေအတွက်တော့
သူတို့ကို အေးအေးဆေးဆေးကို ကန်လို့ရတာပဲ ။အဲဒါနဲ့ ပွဲစကန်တော့ ပွဲကြီးနဲ့တူအောင် ဘယ်ဘက်က စကန်မယ်ဆိုတာ
ခေါင်းပန်းလှန်ပြီး ရွေးကြသေးတယ်...။သေသေချာချာ ကန်တော့မယ် ဆိုတဲ့အထာနဲ့လေ...။

တကယ်ကန်တော့လည်း သူတို့က ခုနက ခြေစမ်းပွဲက ခြေထက်ပိုမလာဘူး လိမ်ဖယ်လိမ်ဖယ်လောက်ပါပဲ...။
ကျွန်တော်တို့ကလည်း ပထမကန်ထားတာလောက်ထက် နဲနဲ ပိုတဲ့ ခြေစွမ်းလောက်ပဲ ပြဖြစ်သေးတယ် ...။
ပွဲစတာနဲ့ ဇွတ်လာလို့မှမဖြစ်တာလေ...အဲဒီလို လာ လိုက်ရင် လူလည်ကျထားမှန်း သိသွားနိင်တယ်..။

ပထမ (၁၀) မိနစ်လောက်အထိတော့ သူတို့ ကို ထိန်းကစားထားပြီး တစ်ဂိုးသွင်းခွင့် ပေးထားလိုက်တယ်။
စောစောစီးစီး ဂိုးပြတ် သွားရင် ပေါက်သွားနိင်တယ်လေ..။(၁၀)မိနစ်လောက် အချိန်ဖြုန်းပြီးမှ အရှိန်မြှင့်လိုက်ကြတယ်..။
သူတို့ခြေထောက်ထဲ က လုလို့ရတာနဲ့ သူတို့ဂိုးရှေ့ကိုဘော်လုံးကရောက်ပြီးသားပဲဆိုတော့ ဒီကောင်တွေ ရှေ့ပြေး
နောက်ပြေးနဲ့ မောလာတော့ တဖြေးဖြေးခြေကျလာကြတယ်...။

ဘော်လုံးရတာနဲ့ ရှေ့ကိုပို့လိုက်ရင် သူတို့ဂိုးနားအထိ ရောက်သွားတာပဲ ..။ဂိုးဧရိယာက ကျဉ်းတာကိုးဗျ ။
ဘယ်နှဂိုးသွင်းလဲတော့ မမေးနဲ့ဗျို့ ။ကျွန်တော့်ကောင်မလေးတောင် တဂိုးဝင် တက်သွားသေးတယ်ဆို ကိုယ့်ဘာသာပဲ ခန့်မှန်းတော့ပေါ့ဗျာ။

ဒီကောင်တွေလား အမောတောင်မဖြေနိင်ပါဘူးကမ်းခြေနားက 7 eleven မှာ ဘီယာ(၁၀)ဘူး
သွားဝယ်ရတာပေါ့ဗျာ။ကျွန်တော်တို့ကတော့ (၁၀)ဘူးလုံးတထိုင်ထဲ သောက်ပစ်လိုက်တာပဲ။
အရသာက အရင်ထက် ပိုသောက်ကောင်းမယ် ဆိုတာတော့ အားလုံးလည်း သဘောပေါက်မှာပေါ့။


(F C ဆိုတာက football club ကို ပြောတာပါ)
(၁၃.၃.၂၀၀၉)

သင်သည် ပုရွတ်ဆိတ်တစ်ကောင် ဖြစ်ခဲ့လျင်...

အစာရှာတဲ့အဖွဲ့ထဲက ရှေ့ပြေးတပ်သား မောင်နီ အူယားဖားယားနဲ့ ကျုပ်တို့ကို လာအကြောင်းကြားချိန်က လူတွေရဲ့
သတ်မှတ်ချက်နဲ့ဆိုရင် ညအချိန်ပေါ့ဗျာ...။ကျုပ်တို့ ရဲ့အကြိုက်ဆုံး စားစရာတွေထဲမှာပါတဲ့ ပေါင်မုန့်အကြီးကြီးကို
တွေ့ခဲ့တယ်တဲ့လေ။ဒါနဲ့ပဲ ကျုပ်တို့လည်း လူတွေလို နေ့ရယ်ညရယ် ရွေးမနေတော့ပါဘူး အဖွဲ့ဝင်တွေ ချက်ချင်းစုပြီး
မောင်နီအနောက်က တန်းစီပြီး ထလိုက်လာကြတာပဲ...။

ကျုပ်တို့အတွက်တော့ နေ့ရယ်ညရယ်လို့ မရှိပါဘူး...။အစာရှာဘို့အတွက်ဆို အချိန်မရွေးထကြွလုံ့လ ရှိရမယ်မဟုတ်လား။
ဘာကြောင့်ဆိုတော့ နေအိမ်တည်ဆောက်ဘို့နဲ့ အစာရှာဘို့ တာဝန်က ကျုပ်တို့တာဝန်ပဲလေ...။
ကျုပ်တို့က ခင်များတို့လို လူတွေ အမြင်နဲ့ကြည့်ရင် မလောက်လေးမလောက်စားဆိုတဲ့အဆင့်ထက်တောင် နိမ့်နိင်ပေမယ့်
ကျုပ်တို့ရဲ့ ဖွဲ့စည်းပုံက လူတွေထက်တော့ စနစ်တကျရှိတယ်ဆိုတာ သေချာပေါက်ပြောရဲတယ်ဗျာ...။

အရေးဟယ်အကြောင်းဟယ်ဆို ခင်များတို့လူတွေမှာ လူစုရတာနဲ့ တာဝန်ခွဲဝေရေး ကော်မတီ အရင်ဖွဲ့ရတာနဲ့ ဒီကြားထဲ
သက်သောင့်သက်သာနဲ့ နာမည်ကောင်းရမယ့်နေရာတွေများဆို ပေးရကမ်းရပြီး နေရာရဘို့ ၀ိုင်းအုံနေကြတာပဲ...။
ဒါတောင်ပြောချင်ကြသေးတယ် ပျားရည်စက်မှာ ပုရွတ်ဆိတ်အုံနေတဲ့ အတိုင်းပဲတဲ့...။ဥပမာကတော့ မြင်သာထင်သာ
ရှိပါရဲ့ဗျာ..။ဒါပေမယ့် ကျုပ်တို့ ပုရွတ်ဆိတ်တွေနဲ့ နှိုင်းတာကိုတော့ နည်းနည်းလေးမှမကျေနပ်ဘူး...။

ကျုပ်တို့ပုရွတ်ဆိတ်တွေမှာ အကောင်သေးပေမယ့် ကိုယ့်တာဝန်ကိုယ်ကျေကြတာပဲဗျ..။လူတွေရဲ့ စိတ်အတိုင်းသာဆို
သားဖောက်ဘို့တာဝန်ယူရတဲ့ နေရာမှာ ၀ိုင်းအုံနေကြမှာပဲ...။ကျုပ်တို့ကတော့ စိတ်ထဲမှာဘာမှမထားဘူး ကိုယ့်တာဝန်
ကိုယ်ကျေဘို့ပဲသိတယ်...။သားဖောက်တဲ့တာဝန်ယူရတဲ့ မောင်နက်တို့ အဖွဲ့ကိုလည်း ဘာမှမမြင်ဘူး...။
ရန်သူတွေကို တိုက်ခိုက်ရေးတာဝန်ယူရတဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင်ရတာပဲ....။

ယုတ်စွအဆုံးဗျာ မျိုးဆက်ပြန့်ပွားဘို့ တချိန်လုံး ကလေးတွေမွေးပေးနေရတဲ့ ပုရွတ်ဆိတ် အမတွေကိုလည်း ကျုပ်က
ကြံဖန်ကျေးဇူးတင်တာပါပဲ..။သူတို့ကမွေး ကျုပ်တို့က ကျွေးပေါ့ဗျာ...။အားလုံးကိုယ့်တာဝန်ကိုယ်ကျေကြသလို
ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူရတာပါပဲ...။

အခုတော့ မောင်နီက သူတွေ့ခဲ့တယ်ဆိုတဲ့ အစာကို လာပြောတာနဲ့ ကျူပ်တို့ လည်းချက်ချင်းထလိုက်လာကြတာ
ခရီးတောင်အတန်ငယ်ပေါက်ရောပေါ့...။ကျုပ်တို့ရှေ့နဲ့နောက်မှာလည်း တိုက်ခိုက်ရေးအဖွဲ့ဝင်တချို့ ၀ိုင်းရံပြီး
လိုက်ပါလာကြတယ်..။ကျုပ်တို့အဖွဲ့အတွက်တော့ အသေခံတပ်သားတွေပေါ့ဗျာ...။ရန်သူတွေ့ရင် တိုက်ခိုက်သလို
လမ်းခရီးမှာ ကျဆုံးသွားတဲ့ မျိုးနွယ်တွေ ကိုလည်း နေတဲ့နေရာအထိ ရောက်အောင်ပြန်သယ်တဲ့ တာဝန်ယူကြတယ်လေ.။

ကျုပ်တို့ ပုရွတ်ဆိတ်တွေရဲ့သက်တမ်းက လူတွေရဲ့ ပြက္ခဒိန်နဲ့ဆို ၁၀ နှစ်သက်တမ်း ကနေ နှစ် ၅၀ထိ ရှိတယ်ဆိုပဲ။
တောနက်တွေထဲမှာနေတဲ့ ကျုပ်တို့အမျိုးတွေဆိုလည်း အဲဒီလောက် အသက်ရှည်ကြတယ် ...။
ကျုပ်တို့က အမျိုးများတယ်...လက်ဆင့်ကမ်းသယ်လာခဲ့တဲ့ မှတ်တမ်းတွေအရဆို ကျုပ်တို့ ပုရွတ်ဆိတ် အမျိုးပေါင်း ကိုးထောင်ကျော်ရှိတယ်ဆိုပဲ...။တချို့ကလည်း မျိုးနွယ်ပေါင်း ၁၂၀၀၀အထိရှိတယ်ဆိုပြီးပြောကြပြန်တယ်...။

ကျုပ်တို့သက်တမ်းက ဆယ်နှစ်ဆိုပေမယ့် ကျုပ်တို့လို အစာရှာတဲ့ အဖွဲ့နဲ့ တိုက်ခိုက်ရေးတာဝန်ယူရတဲ့ အဖွဲ့တွေ
အတွက်တော့နေ့မြင်ညပျောက်ပါပဲဗျာ...။ကျုပ်တို့ခန္ဓာကိုယ်လောက်ရှိတဲ့ အစာလေးအတွက်နဲ့ ကျုပ်တို့ခန္ဓာရဲ့
ဆယ်ဆလောက်ရှိတဲ့ လူတွေရဲ့ လက်နဲ့ဖိသတ်ခြင်းခံရတာပါပဲ...။

သားဖောက်တာဝန်ယူရတဲ့မောင်နက်တို့အဖွဲ့ကတော့ အဲလောက်အသက်ရှည်တယ်...။ကျုပ်တို့ကတော့စောစော
သေသွားလို့လည်းဝမ်းနည်းမနေပါဘူး..။နေခွင့်ရတဲ့အချိန်လေးမှာ ကိုယ့်မျိုးနွယ်စုအပေါ်တာဝန်ကျေခဲ့တယ်ဆို
ပြီးတာပါပဲ...။ကိုယ့်အမျိုးအပေါ်ကိုယ်စောင့်ရှောက်မယ် ရှာဖွေကျွေးမွေးမယ် ဒုက္ခမပေးဘူးဆို ကျုပ်တို့
ပုရွတ်ဆိတ် ဖြစ်ရကျိုးနပ်ပါတယ်လေ။

ခက်တာက ကျုပ်တို့နေတာက လူနေထူထပ်တဲ့မြို့မှာဆိုတော့ စားစရာ ရှာရလွယ်သလို သေဘို့လည်း လွယ်တယ်
ဆိုပါတော့..။ဒါပေမယ့်ဗျာ သေမှသာသေရော မသေခင်တော့ အစာကိုရအောင်ရှာရမှာပဲ...။
ကျုပ်တို့တ၀မ်းတခါးအတွက်များတော့မပူပါဘူးလေ...။အခုဟာက ကျုပ်တို့ရဲ့တာဝန်အရ မျိုးဆက်လေးတွေအတွက်
အစာရှာပေးရတော့ နေ့ရယ်ညရယ် မရွေးနိင်ပါဘူး..။

ကျုပ်တို့က အစာကိုတွေ့ရင် အရည်အဖြစ်သာသယ်ဆောင်သွားကြတယ်...။ကလေးတွေကိုတော့ ကျုပ်တို့သယ်လာတဲ့
အရည်တွေ ပြန်အန်ထုတ်ပြီး ကျွေးမွေးရတာပါပဲ...။အစာခဲလိုက်ကို သယ်သွားပြီး ကျုပ်တို့ အသိုက်အမြုံရောက်မှ
အရည်ထုတ်ပြီး စားကြတဲ့အခါလည်း ရှိတာပေါ့လေ...။

ရှေ့ပြေးတပ်သားမောင်နီတို့အဖွဲ့ လူးလားခေါက်တုန့်နဲ့ အလုပ်တွေများနေကြတယ်...။သူတို့ခင်မျာ ချီတက်လာတဲ့
လမ်းတလျှောက်က အဖွဲ့ဝင်တွေကို စိတ်မလျှော့ဘို့ မကြာခင်မှာ ကျုပ်တို့လိုချင်တဲ့ အစာကို တွေ့တော့မယ် ဆိုပြီး
တကောင်ချင်းစီကို လိုက်ပြီးအားပေးနေကြတာပါပဲ...။

စားပွဲခုံအမြင့်ကြီးပေါ်မှာ ရှိတဲ့ အစာအတွက် ကျုပ်တို့သွားရတဲ့ခရီးလမ်းက ပင်ပန်းလွန်းတယ်...။
တောက်လျှောက်တက်လာရတာ ကျုပ်ကောင်တွေလည်း မောပန်းနေလောက်ရောပေါ့...။ ကျုပ်တို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ
ခေါင်းပိုင်း ရင်ဘက်ပိုင်း နဲ့ ၀မ်းဗိုက်ပိုင်းဆိုပြီး သုံးပိုင်းရှိတဲ့အထဲမှာမှ ၀မ်းဗိုက်ပိုင်းက ပိုလေးလွန်းတယ်။
ပြင်ညီပေါ်မှာသွားနေရင်မသိသာပေမယ့် အခုလို့ မတ်စောက်တဲ့ နေရာတွေကို တက်ရတာ ပင်ပန်းလွန်းပါတယ်...။

နာမကျန်းဖြစ်နေရဲ့နဲ့ အစာသယ်ဘို့ လိုက်လာတဲ့ အဖွဲ့ဝင်နှစ်ယောက်လည်း လမ်းတ၀က်မှာတင် ပြုတ်ကျသွားပြီလို့
အဆင့်ဆင့်သတင်းပေးလို့ ကြားလိုက်ရသေးတယ်...။စိတ်မကောင်းဖြစ်မိပေမယ့် ဒါဟာ ဘ၀ပဲ မဟုတ်လား...။
အခုလောက်ဆို တိုက်ခိုက်ရေးအဖွဲ့ဝင်တွေက အသိုက်အမြုံတွေဆီ ပြန်သယ်သွားလောက်ရောပေါ့...။
ကျုပ်တို့အမျိုးတွေကို သေဆုံးသွားသည်ဖြစ်စေ ဒဏ်ရာရ သွားသည်ဖြစ်စေ အသိုက်အမြုံဆီတော့ ရအောင်ပြန်ခေါ်ကြတာ
ကျုပ်တို့ရဲ့ ဓလေ့ပေါ့..။

ကျုပ်တို့ရဲ့ အစာဆီကိုတော့ မကြာခင်မှာရောက်တော့မယ်လို့ မောင်နီက ခုနက လာပြောထားလို့ ကျုပ်တို့
တက်ကြွနေမိတယ်။ ကျုပ်စိတ်ထဲမှာ စိုးရိမ်နေတာက အလင်းရောင်တွေ မရောက်ခင် ကျုပ်တို့ ရည်ရွယ်ရာကို
ရောက်နိင်ပါ့မလား ဆိုတာပါပဲ...။

ကျုပ်မကြိုက်ဆုံးအချိန်တွေက မနက်လင်းခါစနဲ့ ညမိုးချုပ်ခါစ အချိန်တွေပဲ...။အဲဒီအချိန်တွေမှာ အစာရှာရခက်သလို
ကျုပ်တို့သေဘို့လည်း ရာခိုင်နှုန်းများတယ်လေ...။ညနက်သန်းခေါင်နဲ့ နေ့ခင်းနေ့လည် အချိန်တွေကတော့ အစာရှာဘို့
အကောင်းဆုံး အချိန်တွေပါပဲ...။စိတ်အေးလက်အေးရှာ နိင်သလို အစာကိုလည်း များများစုမိတတ်တယ်..။

အခုရောင်နီရဲ့ အအေးဒဏ်ကို ခံစားရစပြုလာပြီ မကြာခင်မှာမိုးလင်းတော့မှာ သေချာနေပြီပေါ့ ကျုပ်တို့
အချိန်မှီနိင်ပါ့မလား...။။။
ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကိုမျှော်နေမယ့် ဆာလောင်နေတဲ့ကလေးငယ်တွေအတွက် ကျုပ်တို့ ရှေ့ဆက်နေရအုံးမှာပဲ...။

..............................................................................................................................................................


alarm ရဲ့စူးစူးရှရှမြည်သံကြောင့် နိုးလာမိသည် ..။စိတ်ပျက်ပျက်နဲ့ ကျွတ်ခနဲ ရေရွတ်လိုက်မိသည်...။
နောက်ထပ်နာရီဝက်လောက်အိပ်ခွင့်ရသေးရင် တော်တော်ကောင်းမှာပဲ တွေးမိပေမယ့် မဖြစ်နိင်မှန်းသိလို့
ရေချိုးခန်းထဲ ၀င်လိုက်ရတော့သည်။ကြည်လင်လန်းဆန်းသွားအောင် ခေါင်းကိုပါရေလောင်းချိုးလိုက်သည်...။

အလုပ်သွားဘို့ ဖိနပ်စီးရင်း ထမင်းစား စားပွဲပေါ်က ညကလက်ကျန်ပေါင်မုန့် အပိုင်းအစ တချို့တွင် ပုရွတ်ဆိတ်တို့
ဝိုင်းအုံခဲနေကြတာကို တွေ့လိုက်ရသည်။တော်တော်အနံ့ခံကောင်းတာပဲ တွေးမိရင်း လက်နဲ့တောက်ထုတ်ပစ်လိုက်မိသည်။
ပေါင်မုန်းအပိုင်းအစတချို့နှင့် ပုရွတ်ဆိတ်တို့ လေထဲမှာ ၀ဲပျံသွားတော့သည်...။


..........................................................................................................................................................


တနေ့သောမနက်ခင်းမှာ တန်းစီပြီးသွားနေတဲ့ ပုရွတ်ဆိတ် တချို့ကို မြင်မိရာကနေ ဒီဝတ္ထုတိုလေးကိုရေးဘို့ စိတ်ကူး
ရခဲ့ပါတယ် အဲဒီတနေ့လုံးကျွန်တော်တွေးနေမိတာက ပုရွတ်ဆိတ်တွေနဲ့ တူတဲ့ မြန်မာပြည်သူပြည်သား တချို့ကိုပါပဲ...။

မ၀ရေစာလေးအတွက် ရုန်းကန်နေရတဲ့ ဘ၀တွေကို တွေးမိပါတယ်...။
ရှင်သန်မှုအတွက် ဖိသတ်ရက်တဲ့ လက်မည်းတွေကိုလည်းတွေးမိပါတယ်...။
လွတ်မြောက်မှုအတွက် တောက်ထုတ်ခံရတဲ့ ဘ၀တွေကိုလည်း တွေးမိပါတယ်။

ဆက်ပြီးတွေးမိတာကတော့ ကျွန်တော်တို့တွေလည်း တနေ့နေ့တချိန်ချိန်မှာ ကြွယ်ဝချမ်းသာလာနိင်ပါတယ်
အရာရာကို ဖန်ဆင်းနိင် တောက်ထုတ်နိင်တဲ့ လက်တစုံကိုလည်း ပိုင်ဆိုင်လာနိင်ပါတယ်...။
အဲဒီအချိန်ရောက်ခဲ့ရင် ကိုယ့်ရဲ့မတော်တဆမှုနဲ့တောင် ဘယ်ဘ၀တွေကိုမှ မတောက်ထုတ်ပစ်ဘို့ပါပဲ...။

ဘာကြောင့်ဆိုတော့ အခုချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်တောင် အစာရေစာ ပေါကြွယ်ဝတဲ့နေရာ လာပြီး ရှာဖွေနေရတဲ့
ဘ၀တူ ပုရွတ်ဆိတ်တကောင်ပဲ မဟုတ်လား....။

အရေးမကြီးဘူးထင်ရသောလုပ်ရပ်တခုသည် တခြားသူတို့၏ ပုတ်ထုတ်ခံလိုက်ရသော ဘ၀ လည်းဖြစ်တတ်သည်...။

(ပုရွတ်ဆိတ်တွေနှင့်ပါတ်သတ်သော အချက်အလက်တချို့ကို ဘာသာပြန်ပြီး ရယူထားပါတယ်...
အဓိက ပေးချင်တဲ့ အကြောင်းအရာက ရုန်းကန်ရင်း နှစ်မြုပ်နေရတဲ့ ဘ၀တွေ အကြောင်းမို့လို့
ပုရွတ်ဆိတ်တွေနှင့် ပါတ်သတ်သော အချက်အလက်မှားယွင်းခဲ့ လိုအပ်ခဲ့ပါက သီးခံစေချင်ပါတယ်...။)

သင်္ချိုင်းအကြောင်း

ကျုပ်ဘ၀မှာ ထူးထူးခြားခြားနာမည် တလုံးကို လူပျိုပေါက် အရွယ်အထိရခဲ့ဖူးတယ်....။ အဲဒီနာမည်က လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး...။ ထူးထူးခြားခြားတွေ ဖြစ်လေ့ရှိတဲ့ ကျုပ်အတွက် ဒါဟာလည်း အမှတ်တရ အဖြစ်အပျက် တခုနဲ့ပါတ်သတ်ပြီး ရခဲ့တာပါပဲ...။ ကမြင်းကျော အထလွန်ပြီး ရခဲ့တဲ့ နာမည်လို့ပြောရမှာပဲ...။

ကျုပ်တို့လေးတန်းရောက်တော့ အစိုးရစစ်စာမေးပွဲနဲ့တိုးတယ်...။ အစိုးရစစ်ဆိုတော့ ကျုပ်တို့လည်း သိပ်ပေါ့ပျက်ပျက် မလုပ်ရဲဘူး သေသေချာချာစာကျက်ရတယ်...။ ကျောင်းကဆရာမတွေကလည်း ညဘက်တွေမှာ ရပ်ကွက်တွေကို အလှည့်ကျ စာလိုက်သင်ပေးတယ်..။

ဆရာမတွေနေတဲ့ရပ်ကွက်က ကျုပ်တို့ရပ်ကွက်ရဲ့ ဘေးရပ်ကွက်ပေါ့...။ အခုချိန်မှာ ရပ်ကွက်လို့သာပြောပေမယ့် အဲဒီအချိန်ကတော့ ရွာသာသာပါပဲ...။ မီးမရှိတဲ့အပြင် အဆိုးဆုံးက ကျုပ်တို့ရပ်ကွက်နဲ့ ဆရာမတွေနေတဲ့ ရပ်ကွက်ရဲ့ကြားမှာ သင်္ချိုင်းကုန်းတခုရှိတယ်။ အထင်ကရ သင်္ချိုင်းကြီးပေါ့...။

အဲဒီသင်္ချိုင်းဝင်းကြီးက အကျယ်ကြီးပဲ.။အဲဒီဝင်းထဲမှာမှ တရုတ်သင်္ချိုင်းရော မြန်မာရော မွန်ရော သူ့အပိုင်းနဲ့သူခွဲထားတာ ၀င်းကြီးကကျယ်လွန်းပြီး တချို့နေရာတွေမှာ အပင်တွေကတောအုပ်အသေးစားလောက်တောင် ပေါက်နေလို့ ဟိုးအရင် တုန်းက ကျားမတကောင်တောင် သားလာပေါက်ဖူးတဲ့အထိပဲ...။

ညဘက်တွေမှာ ဆရာမတွေက စာသင်ပြီး ပြန်ရင် ကျုပ်တို့ကျောင်းသားတွေက သင်္ချိုင်းဘေးက လမ်းမအတိုင်း ပြန်လိုက် ပို့ကြရတယ်...။ ကျောင်းသားကျောင်းသူ အယောက် ၂၀ကျော်ပေါ့...။ လူများတော့လည်း မကြောက်ကြပါဘူး...။ တချို့ညတွေမှာ ဆရာမတွေ ပြန်ပို့ပြီးလို့ ပြန်လာရင် အဲဒီသင်္ချိုင်းနေရာရောက်တာနဲ့ ကျုပ်နဲ့ရွှေတိုးနဲ့ လောင်းကြေး စားကြေး လုပ်ကြတာပဲ....။

အဲဒီဝင်းကြီးရဲ့ အလယ်လောက်မှာ မြန်မာသင်္ချိုင်းတခုရှိတယ်..။ဇရပ်တခုရှိပြီး ကိုးတောင်ပြည့် စေတီလေးတဆူလည်း ရှိတယ်။ ကျုပ်တို့လောင်းတာက အဲဒီစေတီဘေးက ဇီးသီးပင်ကနေ ဇီးသီးတလုံးခူးပြီး ပြန်ထွက်လာဘို့ လောင်းကြတာ...။ ကျုပ်တို့လောင်းတော့ ကျန်တဲ့ သူငယ်ချင်းတွေက ၀ိုင်းတားကြတာပေါ့...။ညကြီးမိုးချုပ် မ၀င်စေချင်ဘူးလေ..။

ကျုပ်အတွက်ကတော့ နေ့ခင်းနေ့လည်တိုင်း အဲဒီ ဇီးသီးသွားခူးပြီ ကစားနေကြဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူး။ မြေပုံအဟောင်းတွေက ခွေးတွေဖော်ထားတဲ့ အရိုးခေါင်းတွေ ကောက်ပြီး မျက်လုံးနှစ်လုံးနေရာမှာ ဇီးသီးနှစ်လုံး ထည့်ပြီး အဲဒီခေတ်က နာမည်ကြီးတဲ့ သိုက်သမိုင်းကားတွေထဲက စုန်းဆရာကြီးတွေ လုပ်တမ်းကစားကြ တာကိုးဗျ..။

အဲဒီဇီးပင်ကလည်း ရေခံမြေခံ ကောင်းလို့လားမသိဘူး...။အပင်အောက်ဝင်ပြီး လက်ကိုသာ အပေါ်ဆန့်လိုက်ရင် ဇီးသီးတလုံးတော့ စမ်းမိတာပါပဲ...။ အဲဒီလောက်အထိကို ပြွတ်ခဲနေအောင်သီးတာ...။ ရွှေတိုးကလည်း အဲဒီလိုပဲ သူကလည်း ၀င်ခူးရဲတယ်ပေါ့...။ အဲဒါနဲ့ ၅ ကျပ်ကြေး လောင်းဖြစ်ကြရော။

ပထမနေ့တွေမှာ သူရောကျုပ်ရော ဇီးသီးဝင်ခူးတာ နှစ်ယောက်လုံးဇီးသီးခူးလို့ရတော့ လောင်းကြေးက ဘယ်သူ့ ဘယ်သူမှ မနိင်ဘူး ဖြစ်နေတယ်..။ ညတိုင်းတော့ ၀င်ခူးဖြစ်တာမျိုးမဟုတ်ပါဘူး..။ နှစ်ယောက်လုံး စိတ်ပါတဲ့နေ့မှပါ...။ အားတိုင်းယားတိုင်း သင်္ချိုင်းထဲ ၀င်ဘို့အတွက်တော့လည်း စိတ်မသန့်ဘူးပေါ့...။

တစ်ညတော့ ပြဿနာ တက်မယ့်ညမို့လို့နဲ့တူပါရဲ့ နှစ်ယောက်စလုံး လောင်းကြေးအတွက် တက်ကြွနေလိုက်ကြတာ..။ ရွှေတိုးက စပြီးစိန်ခေါ်တာနဲ့ ပွဲက ဖြစ်ရောဆိုပါတော့ ပေါ့...။ ဒီတညတော့ အရှုံးအနိင်ပေါ်အောင်ဆိုပြီး အချိန်မှတ်ဘို့ပါ ရွှေတိုးက ပြောလာတယ်...။သဘောက ဇီးသီးခူးရုံနဲ့တင်မရသေးဘူး ... ဘယ်သူအမြန်ဆုံး သင်္ချိုင်းထဲက ပြန်ထွက်လာ မလဲဆိုတာကိုပါ ထည့်တွက်ရမယ်ပေါ့...။ အချိန်ပိုမြန်ပြီး ဇီးသီးလည်းပါလာမယ့် သူက အနိင်ဆိုပြီး လောင်းကြတယ်...။

အဲဒီအချိန်မှတ်ဘို့ကလည်း ရွှေတိုးပဲ အစဆွဲတာပါပဲ...။ သူက ဒီတခါတော့ အဖြေပေါ်အောင် အချိန်နဲ့လုပ်မယ်ဆိုပြီး ပြောတာနဲ့ကျုပ်လည်းလက်ခံလိုက်တာလေ..။ ကျုပ်ကတော့ ရှုံးတာနိင်တာနောက်မှထား စိန်ခေါ်ရင်တော့ ပြိုင်လိုက်ချင် တာ ဘာဗီဇမှန်းမသိပါဘူး...။ ဒါနဲ့ပွဲဖြစ်ပါလေရော...။

အရင်ပွဲတွေလိုပဲ သင်္ချိုင်းထဲ ကျုပ်ကအရင်ဝင်တယ်...။ သင်္ချိုင်းထဲဝင်ပြီးတာနဲ့ ကျုပ်ကနေ့ခင်းနေ့လည်ဘက် သွားနေကြ လမ်းတွေအတိုင်း အုတ်ဂူတွေကြားကနေ ကွေ့ပါတ်ပြေးတော့တာပဲ...။ တချို့မြေပုံအဟောင်းတွေကိုတော့ ကျော်လွှားရ တာပေါ့...။မြေပုံအသစ်ရှိတဲ့ဘက်ကတော့ မသွားဘူး ဒါတော့စိတ်မသန့်ဘူးလေ...။

ဇီးပင်အောက်ရောက်တော့ ခပ်မြန်မြန်တလုံးခူးပြီး သင်္ချိုင်းဝကို ပြန်ပြေးရပြန်ရော...။ အချိန်မှတ်တာဆိုတော့ မြန်လေကောင်းလေပဲပေါ့...။ ကျုပ်အ၀င်ဝကို ပြန်ရောက်တော့ အားလုံးပေါင်း ၆ မိနစ်နဲ့ စက္ကန့်စွန်းတယ်လေ...။ ကျုပ်ရဲ့စံချိန်ကိုကြည့်ပြီး ရွှေတိုးက ပြုံးတယ်...။ သူ့အတွက်တော့ ဒီပွဲက အေးဆေးဆိုတဲ့ အပြုံးလားတော့မသိဘူး..။

လေကိုအားရပါးရ တချက်ရူပြီး ရွှေတိုးသင်္ချိုင်းထဲ ပြေးဝင်သွားတော့တယ်..။ သိပ်မကြာပါဘူး ခန့်မှန်းခြေ တစ်မိနစ် ကျော်ကျော် လောက်မှာပဲ ရွှေတိုးရဲ့ အော်သံနက်ကြီး ထွက်လာတယ်....။

“အားးးးးးးး ”
“ကြောက်ပါပြီဗျ” ဆိုပြီး အော်သံကြားတော့ ကျုပ်တို့လည်း ထိတ်ထိတ်ပြာပြာဖြစ်သွားရတယ်..။ ဘာများဖြစ်တာပါလိမ့် သရဲများဂုတ်ချိုးပြီလား ဆိုပြီး ဟိုတွေးဒီတွေးနဲ့ပေါ့...။

ပါလာတဲ့သူငယ်ချင်းတွေလည်း ကြောက်လန့်ပြီး ဘုရားစာရွတ်တဲ့သူကရွတ်ကြ အော်တဲ့သူက အော်ကြနဲ့ ခဏလောက် တော့ကမ္ဘာပျက်သလိုပါပဲ...။ ကျုပ်လည်းဘယ်သူမှ ထိန်းလို့မရတော့ဘူး...။ တချို့ကလူကြီးတွေ ပြေးခေါ်ကြတယ်...။ ခဏလောက်နေတော့ ကျုပ်တို့ရပ်ကွက်ထဲက လူကြီးတွေရောက်လာကြတယ်..။

ရွှေတိုးဆီကလည်း အော်သံနက်ကြီးထွက်လာပြီးတဲ့နောက်ပိုင်း ဘာသံမှ မကြားရတော့ဘူး...။ အဲဒီတော့မှ ကျုပ်လည်း တွေးကြောက်မိတော့တာ...။ ရွှေတိုးတခုခုဖြစ်သွားရင် ကျုပ်လည်းမချောင်ဘူးလေ..။ အဖိုးက အမှန်အကန်ရိုက်တော့မှာ သိနေတယ်..။

လူကြီးတွေလည်း လက်နှိပ်ဓါတ်မီးတွေနဲ့ သင်္ချိုင်းထဲဝင်သွားတော့ ကျုပ်လည်းဘုရားတပြီး လိုက်သွားရတယ်..။ ရွှေတိုးကို ဂုတ်ကျိုးပြီးများ တွေ့ရမလားလို့ တွေးမိသေးတယ်..။ လက်နှိပ်ဓါတ်မီးတွေ မီးအိမ်တွေနဲ့ ဟိုရှာဒီရှာလုပ်နေလို့ နောက်ဆုံးတော့ ကျုပ်ကပဲ အရှေ့ကနေလမ်းပြရတော့တယ်..။

ဇီးပင်ဆီသွားရာလမ်းတလျှောက် ကျုပ်ကရှေ့ကခေါ်သွားရင်း ဘေးဘီဝဲယာကိုလည်း ရှာကြတာပေါ့...။ လက်နှိပ်ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးရင်း တယောက်က ဟိုမှာ သရဲသရဲလို့ အော်လိုက်တော့ အားလုံးဝိုင်းကြည့်လိုက်ကြတယ်။

အုတ်ဂူတလုံးထဲကနေ ကုန်းထလာတဲ့ မဲမဲကောင်ကြီးကို လက်နှိပ်ဓါတ်မီးရောင်အောက်မှာ တွေ့လိုက်ရတာ ဖြုန်းခနဲ ခေါင်းမွှေးတွေတောင် ထောင်ထပြီး ခေါင်းလည်းပုတ်လောက်ကြီးဖြစ်သွားတယ်..။ ရင်ထဲမှာလည်း တဆတ်တဆတ်နဲ့ကို တုန်နေတာပါပဲ...။ အုတ်ဂူထဲကနေ သရဲကြီး ကုန်းထလာတယ်ထင်ပြီး လူကြီးတွေရဲ့ တဂတ်ဂတ်နဲ့ မေးရိုက်သံတွေ ထွက်လာတယ်..။ ကျုပ်လည်း မျက်လုံးတွေပြာပြီး ဒူးတွေချောင်ကုန်လို့ အနားကလူကြီးတယောက်ရဲ့ လက်ကိုအတင်း ဖမ်းဆွဲ ထားရတယ်။

သရဲအကြောင်းတွေးနေချိန်မှာ မဲမဲကောင်ကြီးကို အုတ်ဂူထဲက ကုန်းထနေတဲ့ပုံမြင်ရတာ ဖြုန်းခနဲဆိုတော့ လိပ်ပြာလွင့် မတတ်ပါပဲ။ ကြောက်ကြောက်နဲ့ လက်နှိပ်ဓါတ်မီး ၀ိုင်းထိုးတော့မှ သရဲမဟုတ်ဘဲ ကျုပ်တို့လိုက်ရှာနေတဲ့ ရွှေတိုးဖြစ်မှန်း သိလိုက်ရတော့တယ်..။

ရွှေတိုးပုံစံကိုမြင်အောင်ပြောရရင် အုတ်ဂူထဲမှာ ကိုယ်တပိုင်းမြုပ်နေပြီး အပေါ်ပိုင်းက ကုန်းကုန်းကြီး ဖြစ်နေတာလေ..။ လူကြီးတွေလည်း အပြေးအလွှားပြေးကြည့်ကြတော့ ရွှေတိုးက သတိမေ့နေတယ်...။ ဒါနဲ့ ရွှေတိုးကို အုတ်ဂူထဲက ကမန်းကတမ်း ဆွဲထုတ်ပြီး သင်္ချိုင်းအပြင်ကိုသယ်သွားကြတော့တယ်...။

ရပ်ကွက်ထဲအထိသယ်သွားပြီးရွှေတိုးအိမ်ရောက်တော့ ဒီကောင့်ကို နှာနှပ်တဲ့သူက နှပ်ပေးတယ်..။ သောက်တော်ရေတွေ ပရိတ်ရေတွေဖြန်းပေးကြ လည်ပင်းပုတီးစွပ်ပေးနဲ့ တော်တော်ကြာတော့ ရွှေတိုးသတိရလာတယ်..။ အဲဒီတော့မှ သတိထားမိတာ ရွှေတိုးရဲ့ ညာဘက်လက် ကျိုးသွားတာလား အဆစ်လွဲသွားတာလား မသိဘူး...။ တညည်းညည်း တညူညူနဲ့ အော်နေတော့တာပဲ...။

အဲဒီမှာရွှေတိုးကို လူကြီးတွေက ဘာဖြစ်တာလည်း သရဲနဲ့တွေ့ခဲ့တာလား မေးကြတာပေါ့...။ အဲဒီမှာ ရွှေတိုးက သူ့ရဲ့ သင်္ချိုင်းတွင်းခရီးစဉ်ကို ပြန်ပြောပြတော့တာပဲ...။ ကျုပ်နဲ့လောင်းထားတာနိင်ချင်လို့ ရွှေတိုးက သင်္ချိုင်းထဲရောက်တော့ ကျုပ်ပြေးသလို မြေပြင်တွေပေါ်က မပြေးဘူး..။ မြေပြင်ပေါ်ကဆို အုတ်ဂူတွေရှောင်ရတော့ ကြာတယ်ဆိုပြီး အုတ်ဂူတလုံးကနေ နောက်တလုံးကို ခုန်ကူးပြီးပြေးတာကိုးဗျ..။

သူပြောမှ ကျုပ်စဉ်းစားမိတာ အဲလိုသွားရင် ဇီးပင်ဆီရောက်တာ တော်တော်မြန်တယ်ဗျ...။ ဒီကောင်က အဲလိုသွားဘို့ စိတ်ကူးရထားလို့ ကျုပ်ကို အချိန်နဲ့မှတ်ပြီး လောင်းမယ်လို့စိန်ခေါ်တာကိုးဗျ..။ အဲဒါရွှေတိုးခမျာပြေးရင်းနဲ့ အုတ်ဂူတခု ကနေ နောက်တလုံးကို ခုန်ကူးတာ နောက်အုတ်ဂူက သက်တမ်းကြာပြီဆိုတော့ ဆွေးမြေ့နေတာ တခါတည်း အုတ်ဂူထဲ ကျွံကြတော့တာပဲ...။

သူ့စိတ်ထဲမှာ သရဲက သူ့ခြေထောက်ကို အောက်ကနေဆွဲချလိုက်တယ်ထင်ပြီး ငယ်သံပါအောင် အော်ပြီးမေ့သွား တာဗျ..။
အုတ်ဂူထဲ အရှိန်နဲ့ ကျတော့ လက်ထောက်လိုက်မိတာ လက်ပါကျိုးသွားတဲ့ကိန်း ဆိုက်တော့တာပဲ..။ ရပ်ကွက်ထဲမှာ လည်း အဲဒီအကြောင်း အုတ်အော်သောင်းနင်းဖြစ်နေတော့ ကျုပ်အဖိုးကိုယ်တိုင်ရောက်လာပြီး ကျုပ်ကို လာခေါ်သွား တော့တယ်...။

အိမ်ရောက်တော့ ဘာပြောကောင်းမလဲ တိုင်မှာကြိုးတုပ်ပြီး ရိုက်တာများ ၄ /၅ ရက်နေမှ အရှိုးရာတွေပျောက်တော့တယ်။ အရိုက်ခံရတဲ့ အရှိုးရာတွေက ၅ရက်လောက်နဲ့ပျောက်သွားပေမယ့် သင်္ချိုင်းထဲဝင်ရတာ ၀ါသနာပါလို့ဆိုပြီး ကျုပ်ကို သူငယ်ချင်းတွေက နာမည်တခု ပေးလိုက်တာ ကျုပ်လူပျိုပေါက် ရောက်တဲ့အထိ အဲဒီနာမည်သွားတော့တယ်။ အဲဒီနာမည်က “သင်္ချိုင်း” တဲ့လေ..။

ကျုပ်ကို မြင်ရင် သင်္ချိုင်းလို့ပဲ ခေါ်ကြတော့တယ်..။ သူငယ်ချင်းတွေကို ခင်တတ်တဲ့ကျုပ်လည်း ခေါ်ချင်ရာခေါ်ဆိုပြီး လွှတ်ထား လိုက်တာ ကြားပါများတော့ နားထဲမှာပါ ချောနေတော့တယ်...။ အဲဒီနာမည်ရပြီး ကျုပ်ပြန်ဆုံးရှုံးသွားတာ တခုရှိတယ်...။

အဲဒါက ကောင်မလေးတွေမြင်ရင် အရင်လို ပြီတီတီ မလုပ်ရဲတော့ဘူး...။ ကျုပ်ကသူတို့သွားစရင် သူတို့က ပေးထားတဲ့ နာမည်ထပ် နောက်တလုံးပိုပြီး သင်္ချိုင်းကုန်းဆိုပြီး အော်ကြတော့တာကိုးဗျ...။
............................................................................................................................................................

(ညောင်ရမ်းရဲ့ ငယ်ဘ၀လေးပါ)