Wednesday, September 8, 2010

အနာဂတ် နိင်ငံတော်

အချိန်က ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ဖြစ်၏။ အရာရာ သစ်လွင်သော နိင်ငံတော် အဖြစ်သို့ရောက်ရှိရန် အစိုးရ အသစ်များ ကြိုးစားအားထုတ်နေကြချိန် ဖြစ်သည်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြသလို ၊ အချိန်နှင့်တပြေးညီ ဖြစ်အောင်လည်း ဆောင်ရွက်နေကြသည်။ ရေလှောင်တမံများမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားများဖြင့် နိင်ငံအနှံ့ ထိန်ထိန်လင်း နေချိန်လည်း ဖြစ်သည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိင်ငံတော်အသစ်အတွက် ဌာနပေါင်းစုံမှ နေ့မအားညမအား ကြိုးစားနေကြချိန် အားလုံးထဲတွင် ထူးထူးခြားခြား နာမည်ထွက်လာသည်မှာ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သည်။ နိင်ငံရဲ့ အရင်းအမြစ်များကို ဖော်ထုတ်ပြီး မသမာမှုများ လာဘ်ပေးလာဘ်ယူ မှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသဖြင့် သူ့လက်ချက်ကြောင့် ရာထူးမှ ဖယ်ရှားခံရသူများ ရာထူးလျောကျ သူများဖြင့် ပြည်သူအများ နှစ်ထောင်းအားရ ဖြစ်နေကြရသည်။ သူ့ထံ ချဉ်းကပ်ပြီး လာဘ်ပေးရန် ကြံစည်သော စီးပွားရေး သမားများကို ကိုယ်တိုင် သက်သေ လုပ်ပြီး ပြစ်ဒဏ်ကျခံစေသဖြင့် မသမာသည့် စီးပွားရေး သမားများ မလှုပ်ဝံ့တော့ပေ။ ရိုးရိုးသားသား လုပ်ကိုင်သူများကတော့ နှစ်ထောင်းအားရ ဖြစ်ကာ နိင်ငံဆိုတာ ဒါမျိုးဖြစ်ရမှာဟု အချင်းချင်း လက်ဝါးရိုက်ပြီး အားပါးတရ ရေရွတ်ကြသည်။

ဘဏ္ဍာရေး ဝန်ကြီး၏ လက်စောင်းထက်မှု သည် နိုင်ငံတော်သမ္မတကြီး နားသို့တိုင် ပေါက်ကြားသွားသဖြင့် မကြာမှီ ခေါ်ယူတွေ့ဆုံခြင်း ခံရလေသည်။ သမ္မတကြီးမှ လက်ဝါးနှစ်ဖက် ပွတ်ကာ

“ သိပ်ကောင်းတယ် ဝန်ကြီး... မသမာမှုတွေကို ဖိဖိစီးစီး ကိုင်တွယ်နေတယ် ကြားလို့ ကျုပ်တကယ်ကို အားရမိတယ်။ ”

ဝန်ကြီးဖြစ်သူမှ မတ်တပ်ထရပ်ပြီး ဦးညွှတ်ကာ

“ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်မျာ.. နိင်ငံတော်က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားပါ့မယ်လို့ ကတိပြုပါတယ်ခင်မျာ”

ဟုပြန်ပြောလိုက်သဖြင့် သမ္မတကြီး၏ မျက်နာထက်တွင် အပြုံးပွင့်များ ဝေဆာနေလေတော့သည်။ ဝန်ကြီးမှ

“ သမ္မတကြီးခင်ဗျာ... ကျွန်တော့်ကို ဆက်လက် တင်ပြခွင့်ပြုပါ။ စုံစမ်းရသလောက် နိင်ငံတော်မှာ အကြီးဆုံး ယိုပေါက်တွေ ရှိနေပါသေးတယ်။ ငွေကြေး ခဝါချမှုတွေလည်း အမြစ်မပြတ်သေးသလို အဓိက ယိုပေါက် အဖြစ် နိုင်ငံပိုင် ကျောက်မျက်ရတနာတွေ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံ အပြင်ဘက်ကို ထွက်နေပါသေးတယ်.. ဒါကတော့ ပြည့်ပြည့်စုံစုံ ရေးထားတဲ့ အစီရင်ခံလွှာပါခင်မျာ”

အဆင်သင့် ယူဆောင်လာသော အစီရင်ခံလွှာကို သမ္မတကြီး လက်သို့ ပေးအပ်လိုက်၏။ သမ္မတကြီးမှ

“ကျုပ်သေသေချာချာ ဖတ်ပါ့မယ် ဒီယိုပေါက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဆက်လက်တာဝန်ယူပါ ”

“ သမ္မတကြီး ခင်မျာ...ဆက်လက်တင်ပြခွင့်ပြုပါ။ ဒီကိစ္စမှာ နိင်ငံရဲ့ ထိပ်တန်း အရာရှိတွေလည်း ပါဝင် ပါတ်သတ်နေတယ်လို့ သတင်းရထားတဲ့ အတွက် ကိုင်တွယ်ရ ခက်ခဲပါတယ်။ ဒီတော့ အထူးခွင့်ပြုချက် တစ်ခုကို ပေးစေချင်ပါတယ်”

“ ကျုပ် ဘာကူညီရမလဲ ဝန်ကြီး... ပြောပါ ”
“ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ သမ္မတကြီး ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အထူးခွင့်ပြုမိန့် လိုချင်ပါတယ်”

“ အပြန်အလှန် အစစ်အဆေး မရှိဖို့ ဆိုပါတော့ ”
“ မှန်ပါတယ် ခင်မျာ လိုအပ်ရင် နိုင်ငံပြင်ပထိ ထွက်ရမှာ မို့လို့ပါ။ အချိန်မရွေး လျှို့ဝှက်ပြီး ထွက်ရမှာ ဖြစ်တာကြောင့် အစစ်အဆေး မရှိတဲ့ အထူးခွင့်ပြုမိန့် လိုချင်ပါတယ် ”


သမ္မတကြီးမှ ခေါင်းတညိတ်ညိတ်ဖြင့် သဘောကျဟန် ပြုံးကာ

“ ကောင်းပြီ ဝန်ကြီး ကျုပ် ဒီအစီရင်ခံစာကို သေသေချာချာ ဖတ်ပြီးရင် ခွင့်ပြုမိန့် ပေးပါ့မယ်။ ”

ထို့နောက်တွင်တော့ ဝန်ကြီး တင်ပြထားသော အစီရင်ခံစာကို ဖတ်ကာ သဘောကျ နှစ်သက်သဖြင့် ၂ ရက်အကြာတွင် ခွင့်ပြုမိန့် ပို့ပေးလိုက်သည်။ ထိုအချိန်မှ စ၍ အထူးအာဏာဖြင့် ယခင်ကထက် ပို၍ တင်းကျပ်စွာ ကိုင်တွယ်လေတော့သည်။ ဝမ်းမြောက်ဝမ်းသာ ရှိကြသော ပြည်သူများ၏ မေတ္တာပို့သံ အခြားတစ်ဖက်တွင်တော့ မလိုမုန်းထားသူများလည်း ပို၍ များပြားလာလေသည်။

တိတ်တဆိတ် နိင်ငံရပ်ခြားသို့ ထွက်ပြီးတိုင်း ဝန်ကြီး လက်ချက်ဖြင့် ရာထူးလျောကျ ခံရသော အရာရှိများ ပို၍ များပြားလာသည်။ သို့ဖြင့် အောက်ခြေဝန်ထမ်းများပင် လာဘ်မစားရဲတော့ပေ။ ထို့နောက် တတိယ အခေါက် အဖြစ် နိင်ငံရပ်ခြားသို့ ရုပ်ဖျက်ကာ တစ်ဦးတည်း တိတ်တဆိတ် ထွက်ခွာသွားလေသည်။ ဒီတကြိမ် သွားသည်ကတော့ ငွေကြေးခဝါချမှုများအတွက် အထူးနာမည်ကြီးနေသော စကာင်္ပူ နိင်ငံသို့ ဖြစ်သည်။ လက်ဆွဲအိတ် တစ်လုံးဆွဲကာ စကာင်္ပူ ရောက်ပြီးနောက် အလတ်တန်းစား ဟိုတယ်တစ်ခုတွင် မထင်မရှား တည်းခိုပြီး စုံစမ်းမှုများကို ၂ ရက်ဆက်တိုက် လုပ်ဆောင်သည်။ တွေ့ရှိချက်များကို စနစ်တကျ ပြုစုပြီးနောက် စာရွက်ရှိ နာမည်တစ်ခုရဲ့ ဘေးတွင် ကြယ်ပွင့်အမှတ်အသားကြီးကြီး ခြစ်ကာ နှစ်နှစ်ကာကာ ပြုံးလိုက်၏။ သူ ကြယ်ပွင့်ခြစ်လိုက်သည့် နာမည်က (...........)

နောက်တစ်နေ့တွင် လက်ဆွဲအိတ်ဆွဲကာ ဘဏ်သို့ထွက်လာခဲ့သည်။ ဘဏ်သို့ရောက်လျင် မန်နေဂျာ ဖြစ်သူနှင့် တွေ့ဆုံပြီးနောက် ဘဏ်ရဲ့ အကြီးဆုံး အုပ်ချုပ်သူထံ လိုက်ပို့ခိုင်းသည်။ နောက် ၁၅ မိနစ်ခန့်တွင် အုပ်ချုပ်သူရဲ့ ရုံးခန်းထဲတွင် ဝန်ကြီး ၊ ဘဏ်အုပ်ချုပ်သူအကြီးအကဲ နှင့် မန်နေဂျာ ၃ ယောက် တွေ့ဆုံနေလေသည်။ ဘဏ်အကြီးအကဲမှ

“ကျနော် ဘာကူညီရမလဲ လူကြီးမင်း ခင်ဗျာ”
ဝန်ကြီးဖြစ်သူမှ လက်ဆွဲ သေတ္တာကို ဖွင့်ကာ စာရွက်တစ်ချို့ကို ဆွဲထုတ်ပြီး ရှေ့သို့တွန်းပို့လိုက်သည်။

“ ကျုပ်က (.....) နိင်ငံရဲ့ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရတဲ့ ဘဏ္ဍာရေးဝန်ကြီးပါ ဒါက နိင်ငံတော်သမ္မတရဲ့ အထူးခွင့်ပြုမိန့်ပါ ”

ဘဏ်အကြီးအကဲမှ စာရွက်စာတမ်းများကို ကြည့်သည်ဆိုရုံမျှ ဝတ်ကျေတန်းကျေ တစ်ချက်ကြည့်ပြီးနောက်

“ ဒီတော့ ကျနော်တို့ ဘယ်လို အကူအညီ ပေးဖို့ လိုအပ်မလဲခင်မျာ”
“ဟုတ်ပြီ... ကျုပ် ခပ်ရှင်းရှင်းပဲ ပြောမယ်။ ကျုပ်ရဲ့ တာဝန်အရ ခင်းများတို့ ဘဏ်မှာ ငွေအပ်ထားတဲ့ ကျုပ်တို့နိင်ငံသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ လိုချင်တယ်”

ဘဏ်အကြီးအကဲ ဖြစ်သူမှ ခေါင်းယမ်းပြီးနောက်
“ဝမ်းနည်းပါတယ် လူကြီးမင်း ... ဒါဟာ ကျနော်တို့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ် ဒီအကူအညီကို မပေးနိင်တာ ဝမ်းနည်းပါတယ်”

ဝန်ကြီးမှ စိတ်အားထက်သန်ဟန်ဖြင့် ကိုယ်ကို ရှေ့သို့ ခပ်ငိုက်ငိုက် တိုးကာ စားပွဲကို လက်ထောက်ပြီး

“ ဒီလို အဖြေမျိုးကို ကျုပ်မျှော်လင့်ထားပြီးသားပါ။ ဒီမှာ... ကျုပ်တို့ အပေးအယူ တစ်ခု လုပ်ရအောင် ထိုက်သင့်တဲ့ ငွေကြေးတစ်ရပ်နဲ့ ကျုပ်ခင်များကို ဂုဏ်ပြုမယ် ခင်များက ကျုပ်လိုချင်တဲ့စာရင်း ထုတ်ပေးပေါ့ ကဲ..ဘယ်လိုလဲ ”

“လာဘ်ထိုးနေတာလား လူကြီးမင်း ခင်မျာ”

“ ဟုတ်တယ်လို့ပဲ ခပ်လွယ်လွယ် ဆိုကြပါစို့ ”

ဘဏ်အကြီးအကဲ ဖြစ်သူမှ စားပွဲကို လက်ထောက်ကာ ရှေ့တိုးလာပြီး ဝန်ကြီး မျက်နာကို စေ့စေ့ကြည့်ကာ

“ ကျနော် လက်မခံနိင်ပါဘူး လူကြီးမင်း ... ကျနော် မသမာမှုတွေ မလုပ်ခဲ့ဖူးပါဘူး ”
“ ကျုပ်နိင်ငံအတွက် လုပ်ဆောင်နေတာ ဖြစ်လို့ အတတ်နိင်ဆုံး ကူညီစေချင်ပါတယ် ”

“ လူကြီးမင်းအနေနဲ့ ကျနော့်ကို ချော့ပြောလို့လည်း မရနိင်သလို ခြောက်ပြောလို့လည်း ရမှာမဟုတ်ပါဘူး ကျနော်တို့ ဘဏ်ရဲ့ အဓိက ဆောင်ပုဒ်က “စိတ်ချမှန်ကန်” ပါ။ ကျနော် မကူညီနိင်ပါဘူး ဒါ နောက်ဆုံးစကားပါပဲ”

ဝန်ကြီးဖြစ်သူမှ စာရွက်စာတမ်းများကို လက်ဆွဲသေတ္တာထဲ ပြန်ထည့်ရင်း

“ ဟုတ်ပြီလေ ဒါဆို ကျုပ်လုပ်စရာ တစ်နည်းပဲ ရှိတော့တာပေါ့ ”

ဟု ပြောရင်း လက်ဆွဲသေတ္တာထဲမှ ပစ္စတိုသေနတ်ကို ထုတ်ယူကာ ဘဏ်အကြီးအကဲ ကို ချိန်လိုက်၏။ ပြောင်းလဲသွားသော အခြေအနေကြောင့် ဘဏ်မန်နေဂျာရော ဘဏ်အကြီးအကဲပါ တုန်လှုပ်သွားသည်။

“ ကျုပ်ရဲ့ တာဝန်ကျေပွန်ဖို့ အတွက် လူသတ်ရဖို့လည်း ဝန်မလေးဘူး.. မန်နေဂျာ ငြိမ်ငြိမ်လေး ရပ်နေပါ ... ကဲ ကျုပ်လိုချင်တဲ့ စာရင်းကို အခုဆို ထုတ်ပေးလို့ ရပြီလား ”

မန်နေဂျာရဲ့ လက်များ တစ်ဆတ်ဆတ်တုန်နေသည်ကို တချက်ကြည့်ပြီးနောက် အကြီးအကဲ ဖြစ်သူမှ သက်ပြင်းတစ်ချက် ချကာ

“ ဝမ်းနည်းပါတယ် လူကြီးမင်း ကျနော် မလုပ်နိင်ပါဘူး ကျနော့်အနေနဲ့လည်း ဘဏ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့ လဲဖို့ ဝန်မလေးပါဘူး။ ဒီတော့ လူကြီးမင်း လိုချင်တဲ့ စာရင်း ကျနော် မထုတ်ပေးနိင်ပါဘူး ပစ်ချင်ပစ်လိုက်ပါ ”

“ ခင်များကို ကျုပ်က ခြောက်နေတယ်များ ထင်နေတာလား ကျုပ်တကယ်ပစ်မှာနော် ”

မောင်းကို ဆွဲတင်ရင်း ဘဏ်အကြီးအကဲရဲ့ နားထင်သို့ တေ့ကာ ပြောလိုက်သည်။ အကြီးအကဲ ဖြစ်သူမှ ခန္ဓာကိုယ်ကို ခပ်လျော့လျော့ ရပ်ရင်း စိတ်ကို လျှော့ချဟန်ဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ကတော့ သူ၏ရပ်တည်ချက်ကို မပြောင်းလဲဘူး ဆိုသည့် သဘောကို ထင်ထင်ရှားရှား ပြနေလေ၏။ မန်နေဂျာကတော့ မျက်စိမျက်နာ ပျက်ကာ တိုက်တွန်းချင်ဟန်ဖြင့် ဘဏ်အကြီးအကဲရဲ့ မျက်နာသို့သာ ကြည့်နေတော့သည်။

“ ဟုတ်ပြီလေ... ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ဆိုတော့ အဆုံးသတ်က ဒီလိုဖြစ်လာရတာ ဝမ်းနည်းစရာပဲ။ ဒီတော့ ခင်များ စဉ်းစားချိန်ရအောင်လို့ ကျုပ် တစ်ကနေ သုံး အထိ ရေပေး မယ်။ သုံး ရောက်လို့မှ စာရင်းထုတ်ပေးမယ် မပြောရင် ကျုပ်တကယ် ပစ်ပြီ ”

“ တစ် ”

ဘဏ်အကြီးအကဲ ဖြစ်သူမှာသက်ပြင်း တစ်ချက် ချလိုက်သည်။ နှုတ်ခမ်းတို့ကတော့ တင်းတင်းစေ့ထားဆဲ။

“လူကြီးမင်း..”


ဘဏ်မန်နေဂျာ၏ အသံတုန်တုန်ယင်ယင်ထွက်လာသည်။

“ ခင်များ ဝင်မပြောနဲ့ တိတ်တိတ်နေ ”

ဝန်ကြီးဖြစ်သူရဲ့ ကြိမ်းမောင်းသံကြောင့် မန်နေဂျာ ဖြစ်သူထံမှ အသံထပ် မထွက်လာတော့ပေ။

“ နှစ် ”

တည်ငြိမ်သော ရေရွတ်သံ ထွက်လာသည်။ ဘဏ်အကြီးအကဲ ကတော့ မျက်လုံး မှိတ်ထားဆဲ။ အေးစက်နေသော အခန်းထဲတွင် မန်နေဂျာ ဖြစ်သူမျက်နာတွင် ချွေးစေးများ ယိုစိမ့်ကာ ထွက်လာပြီး မျက်လုံးကို စုံမှိတ်လိုက်တော့သည်။ ဝန်ကြီးဖြစ်သူမှ ပစ္စတိုကို နားထင်သို့ ပို၍ ဖိထောက်ရင်း

“ နောက်ဆုံး အခွင့်အရေးပဲနော် .. စာရင်းထုတ်ပေးမှာလား ”

မည်သို့မျှ မတုန့်ပြန်ဘဲ မျက်လုံးမှိတ်ကာ နှုတ်ခမ်းတို့ တင်းတင်းစေ့ထားဆဲ။ အဆုံးသတ် အချိန်ကတော့ ရောက်လေပြီ။

“ သုံး ”

ဘဏ်အကြီးအကဲ ဖြစ်သူ မသိမသာ တချက် တုန်သွားသည်။ မန်နေဂျာကတော့ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ၂ ဦးစလုံး ထံမှ မည်သည့်အသံမှ ထွက်မလာ။ မကြာမှီ ထွက်ပေါ်လာမည့် သေနတ်သံကို စောင့်ဆိုင်းနေရလေပြီ။ စက္ကန့်တို့ရဲ့ သွားနှုန်းသည်ပင် တစ်ကမ္ဘာခန့် ကြာသည်ထင်နေရ၏။

တော်တော်နှင့် သေနတ်သံ မထွက်လာသဖြင့် ဘဏ်အကြီးအကဲ ဖြစ်သူ မျက်လုံးဖွင့်ကြည့်သည်။ သူ့ကို ပြုံးကြည့်နေသော ဝန်ကြီးကို တွေ့လိုက်ရသည်။ သေနတ်ကိုတော့ စားပွဲပေါ်တွင် တင်ထား၏။ ပြုံးနေသော ဝန်ကြီးရဲ့ စိတ်အတွေးထဲထိ ဝင်ကြည့်နိင်ခဲ့လျင် “ သူ၏ မိတ်ဆွေ ဝန်ကြီး ဖြစ်သူရဲ့ ဤဘဏ်အပေါ် ညွှန်းဆိုချက် တို့သည် လိုတောင်လိုနေသေးကြောင်း ” တွေးနေသည်ကို သိရလိမ့်မည်။

ထို့နောက် ဘဏ်အကြီးအကဲရဲ့ လက်ကို အားပါးတရ ဆွဲကာ နှုတ်ဆက်လေသည်။ ပြောင်းလဲသွားသော အခြေအနေကို နားမလည်ဟန်ဖြင့် ဘဏ်အကြီးအကဲ ဖြစ်သူ ကြောင်ငေး နေလေသည်။

“ အားရလိုက်တာဗျာ.. တကယ်ကို အားရလိုက်တာ.. သိပ်ကောင်းတာပဲ။ ကျုပ်တော့ နေရာရွေး မှန်သွားပြီ ”

ယခုလေးတင် အန္တရာယ် ဆိုးမှ လွတ်မြောက်လာသော ဘဏ်အကြီးအကဲ ဖြစ်သူထံမှ မည်သည့် အသံမှ ထွက်မလာနိင်သေးပေ။ ဝန်ကြီးဖြစ်သူကတော့ ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ပြီးနောက် သေနတ်ကို လက်ဆွဲသေတ္တာထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် လက်ဆွဲသေတ္တာဘေးက ခလုတ်တခုကို နှိပ်လိုက်ပြီး
အပေါ်ယံ စာရွက်စာတမ်းများနှင့် ပစ္စတို ထည့်ထားသော အကန့် ကို လှန်လိုက်၏။

“ ကဲ အလုပ် အကြောင်းလေး ပြောကြရအောင် ”

ထို့နောက် ဖွင့်ထားသော အံဝှက်ကို ဘဏ်အကြီးအကဲ ဘက်သို့ လှည့်ပြလိုက်သည်။ လက်ဆွဲသေတ္တာထဲတွင်တော့ ဒေါ်လာများ အုပ်လိုက် အုပ်လိုက် အစီအရီ သပ်သပ်ရပ်ရပ် ရှိနေ၏။

“ ဒါက ဒေါ်လာ၂ သန်းပါ ကျုပ် ဒီဘဏ်မှာ စာရင်း ဖွင့်ချင်ပါတယ်။ ရေရှည် ဆက်ဆံ သွားဖို့လည်း မျှော်လင့်ပါတယ် ”

အတွေ့အကြုံများသော ဘဏ်အကြီးအကဲ ဖြစ်သူမှ ပြောင်းလဲသွားသော အခြေအနေကို လိုက်လျော ညီထွေ ဖြစ်ဟန်ဖြင့်

“ ကျနော်တို့ (....) ဘဏ်က လူကြီးမင်းကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်မျာ။ ”

ထိုစကားကြားသဖြင့် ဝန်ကြီးဖြစ်သူ မျက်နာ ပြုံးရွှင်နေလေသည်။ ဝပ်နေရာမှ ထလာသော မန်နေဂျာ ဖြစ်သူကတော့ နားမလည်သေးဟန်ဖြင့် ဒေါ်လာအုပ် များကို တစ်လှည့် ဝန်ကြီး ဖြစ်သူမျက်နာကို တစ်လှည့် အငေးသား ကြည့်နေလေတော့သည်။