Friday, December 31, 2010

သူခိုးနဲ့လူလိမ်

ဒီနေ့တော့ နေ့တွက်စီပြီထင်သည်။ သူ့အတွက် ဒီလိုနေ့မျိုးသည် ရှားရှားပါးပါး ကြုံရခဲသော အခွင့်အရေးဖြစ်သည်။ မနက်ထဲက ချောက်တီးချောက်ချက် ခရီးတိုလေးများကို ပို့ပေးနေရသောသူ့အတွက် နေ့လည် ၂ နာရီ ခန့်တွင်တော့ အော်ဒါ ကောင်းကောင်းရခဲ့သည်။ သူ့ကားငှားစီးသူသည် လယ်သာဂျာကင်ကို ဝတ်ထားပြီး ရွှေကိုင်းမျက်မှန်တပ်ထားသော အသက် ၅၀ ခန့် ရှိသော လူရည်သန့်တစ်ဦးဖြစ်သည်။

ထို့ထက် ကျေနပ်ဖွယ်ရာ ကောင်းသည်မှာ ရန်ကုန်မြို့ထဲမှ မှော်ဘီအထိ သွားမည့်ခရီးအတွက် တန်ရာတန်ကြေးထက် ပိုပြီး သူတောင်းလိုက်သော ဈေးကို တချက်မျှမဆစ်ဘဲ ထိုသူငှားစီးခဲ့သည်။ ထို့ပြင် အပြန်ခရီးအတွက်ပါ ပြန်တင်ဆောင်လာရမည် ဖြစ်သဖြင့် အသွားအပြန် အတွက် သူမြိုးမြိုးမြက်မြက် ရမည့်ခရီးဖြစ်သည်။ တောင်းသည့်ဈေးကို မဆစ်သော ထိုသူသည် သူ့အတွက် ငွေပုံကြီး ဖြစ်ကြောင်း မကြာခင် သိလာရခြင်းဖြစ်၏။ 

ကားမောင်းလာရင်း အပြန်အလှန် ပြောစကားများအရ သူသိလာသည်မှာ ထိုသူသည် နယ်မှဆင်းလာသူ  ဖြစ်သည်။ ရန်ကုန်ရှိ ဆွေမျိုးများထံလာရင်း အပြန်တွင် အိမ်စီးကားတစ်စီးဝယ်ရန်အတွက် ယခု သွားကြည့်ခြင်းဖြစ်ကြောင်း ပြောပြသည်။ သူတို့မြို့တွင်လည်း လက်ညိုးထိုးမလွဲအောင် စိုက်ပျိုးရေးခြံနှင့် မွေးမြူရေးခြံများ ပိုင်ဆိုင်ကြောင်း သိခဲ့ရသည်။ ရယ်ရွှန်းပတ်စ စကားများပြောရင်း သူနှင့်ထိုသူ ပို၍ရင်းနှီးသွားသည်။

“ကြုံရင်ဝင်ခဲ့ပေါ့ကွာ  ဦးတင့်ဝေလို့သာ မေးလိုက် မသိသူမရှိဘူး”
“ ဟုတ်ကဲ့ခင်ဗျ တနေ့နေ့တော့ ကြုံလာမှာပါ ”

“ ဒီလိုလုပ်လည်း ရတာပဲ မောင်ရင်ရ ဦးအခုဝယ်ဖြစ်တဲ့ကားကို မောင်ရင်ပဲ မောင်းပြီး ဦးတို့မြို့ကို လိုက်ပို့မလား ”
“ အဲ..”
“ အော်..ဦးသဘောပေါက်ပြီး မောင်ရင် မနစ်နာစေရဘူးလေ မောင်ရင်ရဲ့ တစ်နေ့စာ ဝင်ငွေအတိုင်း ပေးမှာပေါ့ ပြီးတော့ စားစရိတ်အတွက် ဦးပဲ တာဝန်ယူမယ် ”
“ ကျနော် စဉ်းစားပါရစေအုံးနော် ”
“ အေး..အေး ဦးက မောင်ရင့်ကို မြင်မြင်ချင်းခင်မင်မိလို့ ကားမောင်းပို့ပေးဖို့ခေါ်တာပါ ”
“ဟုတ်ကဲ့...ဒါနဲ့ အခုဝယ်မယ့်ကားကို မြင်ပြီးသွားပြီလား ”
“ မမြင်ရသေးဘူး အဲဒါကြောင့် သွားကြည့်မှာ ကြိုက်ရင်တော့ တခါတည်း ငွေချေခဲ့လိုက်မှာပေါ့ ”

ထိုလူကြီး၏ ပေါင်ပေါ်တွင် တင်ထားသော သာရေအိတ်အနက်ကို သူမျက်လုံးထောင့်ကပ် ကြည့်လိုက် မိသည်။  ထို့ပြင် သူနှင့် ထိုသူရဲ့ ကြားတွင်လည်း မြန်မာပြည်ရဲ့ နာမည်ကြီး ဘဏ်နာမည် ရေးထားသော ပလပ်စတစ်အိတ် တစ်လုံး ချထားသေးသည်။  အထူစားအိတ်ဖြစ်သည့်အပြင် ထပ်ပိုင်းကိုစုချည်ထားသဖြင့် အထဲကိုတော့ မမြင်ရပေ။ သို့သော် လောလောလတ်လတ် ဘဏ်မှ ထုတ်လာသော ငွေများဖြစ်မည် ဆိုတာတော့ သေချာသလောက် ရှိသည်။ သူ စိတ်ထဲတွင် အမျိုးအမည် မဖော်ပြနိင်သော ခံစားချက် တစ်ခု ဖြစ်သွားမိသည်။ 

ဒီလောက်များသော ငွေများကို သူတခါမှ မပိုင်ဆိုင်သေးဖူးပါ။ ယခုမောင်းနေသော ကား ကလည်း ယခင်မောင်းနေသူ နေမကောင်းသဖြင့် အုံနာကြေး တစ်နေ့ တစ်သောင်းခွဲဖြင့် ယာယီ ယူမောင်းရခြင်း ဖြစ်သည်။ အုံနာကြေးနှင့် ဆီဖိုး ဖယ်ပြီးလျင် သူတစ်နေ့တာ ခါးချိအောင် မောင်းရသော ဝင်ငွေမှာ များများစားစား မကျန်တော့ပေ။ သို့သော်လည်း ဒီဝင်ငွေလေးရဖို့ပင် သူအတွက် အမြဲမသေချာ။ ယခင်မောင်းသူ ကျန်းမာရေး ပြန်ကောင်းလာလျင် သူတစ်ခြား ကား မောင်းဖို့ ရှာဖွေရအုံးမည်။ ဒါမှမဟုတ်ရင်တော့ တခြားအလုပ်တစ်ခုခုကို ရှာဖွေရမည်။ 

သူ့မျက်လုံးများက ဘေးက အိတ်ကို မသိမသာ ကြည့်လိုက်မိပြန်သည်။ ထိုလူကြီးကတော့ အပြင်ဘက်ကို ငေးနေ၏။  ဒီအိတ်၂ လုံးထဲက ငွေတွေဆိုလျင် တော်တော်များမည်။ ကားတစ်စီးလုံးတောင် ဝယ်ဖို့ဆိုမှတော့ သိန်းရာဂဏန်း ရှိမှာ သေချာသည်။ သိန်း နှစ်ရာ ဖြစ်မလား။ ထို့ထက် ပိုနိင်မည် ထင်သည်။ ကိန်းဂဏန်းများကို တွက်ရင်း သူ့ရင်ထဲတွင် မောလာသည်။ ဒီငွေတွေကို သူသာပိုင်ဆိုင်လိုက်ရရင် သူ့ဘဝ တော်တော်လေး အဆင်ပြေသွားနိင်မည်။ ဟုတ်တယ် ပိုင်ဆိုင်ရလျင် သိပ်ကောင်းမှာပါပဲ။ 

လောဘစိတ်ကြောင့် သူ့စိတ်တွေ ဂဏာမငြိမ်ဖြစ်လာသည်။ ရုပ်ရှင်တွေထဲကလို လူအသွားအလာ ရှင်းသည့်လမ်းကို ရွေးမောင်းရင် ကောင်းမလား တွေးလိုက် မိတော့ ရင်ထဲတွင် ကတုန်ကယင် ဖြစ်လာသည်။ လူတစ်ယောက်ကို မေ့မျောသွားအောင် ဒါမှမဟုတ် ဝိညာဉ်နှင့် ကင်းကွာသွားအောင် လုပ်နိင်သော ပစ္စည်းများ သူ့နံဘေးတွေ အဆင်သင့်ရှိနေသည်။ ၈ လက်မရှည်သော ဝက်အူလှည့် တစ်ချောင်းကို သူကောင်းကောင်း အသုံးချနိင်သည်။ ထိုသူ ဟိုဘက်ငေးနေတုန်း လည်ပင်းကိုဖြစ်ဖြစ်...။

သူ့မျက်လုံးကို တစ်ချက် စုံမှိတ်လိုက်သည်။ လေအေးပေးစက် ဖွင့်ထားသော ကားထဲတွင် သူဇောချွေးများ ပျံလာသည်။ သူ့လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။ အိတ်ထဲမှ လက်ကိုင်ပုဝါကို စုကိုင်ကာ နားထင်ဘေးသို့ စီးကျနေသော ချွေးများကို သုတ်လိုက်၏။ စတီယာတိုင် ကို ပြန်ကိုင်တော့ ချွေးစေးများကြောင့် စေးကပ်ကပ် ဖြစ်နေသည်။

“ မောင်ရင့် အသိတွေထဲမှာရော စိတ်ချရတဲ့ ကားပွဲစား ရှိလား ”

လောဘဇော အတွေးများနောက်ကို လိုက်နေမိသဖြင့် ထိုသူ့ထံမှ ရုတ်တရက် အသံထွက်လာတော့ သူ တုန်သွားသည်။

“ ဗျာ.. ဟုတ်..ဟုတ်ကဲ့ ရှိပါတယ် ”
“အခုသွားကြည့်တဲ့ကားကို မကြိုက်ခဲ့ရင် တခြားတစ်စီးစီး ရှာဝယ်ရမှာပဲ အဲဒီလိုဆို မောင်ရင့်ကိုပဲ အားကိုးရမှာပဲ မောင်ရင်လည်း ပွဲခ ရမှာပေါ့”

“ဟုတ်ကဲ့ အသိတွေထဲမှာ ကားပွဲစားတွေ ရှိပါတယ် ဦးက ဘယ်လောက်လောက် မှန်းထားလို့လဲ”

“ ၃ / ၄ ရာလောက်ပေါ့ သိပ်ကြိုက်ရင်တော့ ၅ ရာလောက် အထိ မှန်းထားပါတယ် ”

“အခုသွားကြည့်မယ့် ကားကရော”

“ဒါက ဦးမိတ်ဆွေ ကားဆိုတော့ ဈေး မှန်မယ်ထင်ပါတယ် သူကတော့ ၃၂၀ ခေါ်ထားတာပဲ ကြည့်ပြီးကြိုက်မှ ၃၀၀ လောက်ရအောင် ညှိရမှာပဲ”

ထိုလူ၏ အဖြေစကားကြောင့် သူ့ရင်ထဲတွင် မောဟိုက်သွားသည်။ ဒါဆို ဒီ အိတ် ၂လုံးထဲမှာ သိန်း ၃၀၀ ကျော် ပါတာပေါ့။ သူ နေ့စဉ်ဝင်နေသော ဝင်ငွေ ငါးထောင်ခန့်ကို မသုံးမစွဲဘဲ စုဆောင်းထားရမည် ဆိုလျင်ပင် ထိုသိန်းသုံးရာကျော် ရဖို့ အနှစ် နှစ်ဆယ်ခန့် စောင့်ရမည်။ အနှစ် နှစ်ဆယ်လုံးလုံး တပြားတချပ်မျှ သုံးစွဲ၍ မရသည့်အပြင် နေ့စဉ် မပြတ်ဝင်ငွေလည်း ရှိနေရအုံးမည်။သို့သော် သူသည် ယာယီ အလုပ်အနေဖြင့် ကားမောင်း သူသာဖြစ်သည်။ တနေကုန် ဖင်ပူအောင် ထိုင်မောင်းရသော ဒီအလုပ်ကို သူနှစ်သက်လွန်း၍ လုပ်ခြင်းမဟုတ်ပေ။ သူဖြစ်ချင်တာက တချက်ကောင်းကြံပြီး ချမ်းသာချင်သည်။ အကွက်ကောင်းကောင်းကို သူအမြဲလိုက်ရှာ စောင့်ကြည့်ခဲ့သည်။ ယခုတော့ အခွင့်ကောင်း ကြုံလေပြီ။

ဘေးတွင်ချထားသော ကြွပ်ကြွပ်အိတ်ကို ဂီယာချိန်းရင်း လက်က ထိမိသွားသည်။ ဂီယာတံကို ဆုပ်ကိုင်ရင်း အိတ်ကို လက်ဖြင့် မခွာဘဲ ဆက်ပြီးထိထားလိုက်၏။ ဖော်ပြခြင်းငှာ မစွမ်းသာသော ငွေ ရနံ့များသည် သူ့လက်ချောင်း သွေးကြောများမှ တဆင့် နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ခန္ဓာအနှံ့သွေးကြော များသို့ ပြန်လည် ဖြာထွက် စီးဆင်းသွားတော့သည်။ ထိုသွေးများမှ တောင်းဆိုမှုသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ များပြားလှသော ငွေပမာဏတွေထိုအိတ်ထဲတွင် ရှိနေသည်။ သိန်း ၃၀၀ထက်ပိုများတာလည်း ဖြစ်နိင်သည်။ သူတစ်ခုခု လုပ်ရမည်။ အသေလား အရှင်လား ရွေးချယ်ရမည်။ ဘယ်လိုလုပ်မလဲ စဉ်းစားစမ်း။ 

ယခုရောက်နေသည့်နေရာကို ကြည့်မိတော့ ထောက်ကြန့်လမ်းဆုံ ကိုရောက်တော့မည်။ လူများစည်ကား နေသဖြင့် သူစိတ်ကို ခဏလျှော့ချကာ အစီအစဉ်ကို အကွက်ချနေလိုက်သည်။ ထောက်ကြန့်အလွန် ရောက်မှ လုပ်ဖို့ သူတွေးလိုက်သည်။ ဆုံးဖြတ်ပြီးသွားသဖြင့် သူ့လက်ဖဝါးတွင် ချွေးစေးများ ပိုထွက်လာသည်။ ဘေးကို အသာ စောင်းငဲ့ကြည့်တော့ ထိုသူက အပြင်ဘက်ကို ငေးမောနေ၏။

လမ်းမတွင် လူများ ဆိုင်ကယ်နှင့် ဆိုက်ကားများ ရှုပ်ထွေးနေသဖြင့် သူ ဂရုတစိုက် မောင်းနှင်နေသည်။ ယောက်ယက်ခတ်နေသော စိတ်ကြောင့် သူ တည်ငြိမ်ရန် အားထုတ်ကြိုးပမ်းနေရ၏။ သူအကြောက်ဆုံးမှာ ဦးတင့်ဝေဆိုသူက သူ့ကို အကဲခတ်မိသွားမှာ သိပ်ကြောက်နေသည်။ တုန်ယင်နေသော လက်များ ငြိမ်ငြိမ်သက်သွားရန် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့နားထင်မှ စီးကျနေသော ချွေးစေးများကို မသိမသာ သုတ်ရင်း ထိုသူ့ကို ကြည့်လိုက်သည်။ ဘေးဘက်သို့ ငေးမောနေဆဲ။ သူ့အဖြစ်ကို သတိထားမိဟန်မတူ။ ထိုသို့ဖြင့် ထောက်ကြန့် ဈေးအနားကို ရောက်လာသည်။

“ အတော်ပဲ မောင်ရင် ဦးကို ဈေးဝမှာ ခဏရပ်ပေး.. ဦးမိတ်ဆွေ အိမ်အတွက် လက်ဆောင် မုန့်လေးဘာလေး ဝယ်သွားမလို့ ”

သူလမ်းဘေးချရပ်ပေးလိုက်သည်။
“ မကြာဘူးမောင်ရင် ခဏလေး စောင့်ပေးနော်.. ဒါမှမဟုတ် လ္ဘက်ရည် ဆင်းသောက်အုံးမလား”
“ ရတယ် ဦးလေး မသောက်တော့ဘူး ကျနော် စောင့်နေပါ့မယ် ”

ထိုသူထွက်သွားသဖြင့် သူစိတ်သက်သာရာ ရသွားသည်။ သူ ခဏလောက် စိတ်တည်ငြိမ်မှု ရချင်သည်။ မကြာခင် သူဖန်တီးရတော့မည့် အလုပ်အတွက် စိတ်အေးအေးဖြင့် အကွက်ချချိန်ရပြီ။ နောက်မဆုတ် တော့ဟု ဆုံးဖြတ်ထားပြီးသဖြင့် သူ့အတွက် အလုံခြုံဆုံးနှင့် အသေချာဆုံး နည်းလမ်းကို ရွေးချယ်ရမည်။ မေ့မျောရုံ လုပ်ခဲ့ရင် နောက်ပိုင်း ပြဿနာတွေ ဆက်ဖြစ်မလား။ အပျောက်ရှင်းလိုက်လို့ သူ မလွတ်မြောက်နိင်ခဲ့ရင် ရင်ဆိုင်ရမှာက ပိုအပြစ်ကြီးနိင်သည်။ မေ့မျောရုံ ရိုက်ပြီး သူထွက်ပြေးရင်ရော လွတ်မြောက်နိင်မလား။ ကြုံလာနိင်သည့် အနေအထားကို သေသေချာချာ ချင့်ချိန်နေမိသည်။

သူကားကို ရှေ့နဲနဲ မောင်းဖို့ တွေးလိုက်၏။ ထိုသူ ဒီကားပေါ်က ဆင်းသွားသည်ကို ဘေးပါတ်ဝန်းကျင်မှ သတိမထားမိခဲ့လျင်တောင် ပြန်တက်လာသည့်အခါ သတိထားမိမှာကို သူမလိုချင်။ ထိုသူ့ကို တစ်နေရာရာမှာ ပြန်ရှာတွေ့ကြချိန် သူ့ကားပေါ်တက်သွားသည်ဟု အစစ်ခံမည့်သူ မပေါ်ဖို့ အရေးကြီးသည်။
ဈေးထောင့်အထိ သူမောင်းသွားရင် ကောင်းမည်။ စက်နိုးပြီးမှ သူ့ရဲ့ ယုတ္တိမရှိသော အတွေးကို သတိထားမိသွားသည်။ သူဘယ်နေရာတွင် ရပ်နေနေ ထိုသူတက်လာသည်ကို မြင်သည့်လူက မြင်မှာပဲ မဟုတ်လား။ သို့သော် ထောက်ကြန့်လမ်းဆုံ ဖြစ်တာကြောင့် လူများ ကိုယ့်အာရုံနှင့်ကိုယ် ရှုပ်နေကြသည်။ သတိထားမိဖို့တော့ မလွယ်။

စိတ်အေးအေးဖြစ်အောင် သက်ပြင်းချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစအနမထွက်အောင် သေသေသပ်သပ် ပိပိရိရိ ဖြစ်အောင် သေသေချာချာ တွေးရမည်။ ဂီယာတံကို ဖွဖွပုတ်ရင်း သူအကွက်ချ စဉ်းစားနေသည်။ ထိုအချိန်မှာပဲ လက်က အမှတ်မထင် ဘေးတွင် ချထားသော ကြွပ်ကြွပ်အိတ်ကို ထိမိသွားသည်။ သူငုံ့ကြည့်လိုက်ပြီး အံ့သြသွားသည်။ သူ့ဘေးတွင် ထိုသူရဲ့ ငွေ အိတ်တစ်အိတ် ကျန်ခဲ့သည်။ သူ့ကိုယုံကြည်လို့ ထားခဲ့တာလား မေ့ကျန်ခဲ့တာလား သူမစဉ်းစားနိင်တော့။ ငွေ နှစ်အိတ်ပေါင်း သိန်း ၃၀၀ ကျော်ဆိုလျင် ဒီတအိတ်ထဲတွင် အနည်းဆုံး သိန်း ၁၀၀ တော့ ပြေးမလွတ်။ သူ ရင်ထဲတွင် လှိုက်ခနဲလှိုက်ခနဲ ရင်ဖိုနေမိသည်။

သူကားကို အမြန်ဆုံး မောင်းထွက်လိုက်သည်။ လူတစ်ယောက်ကို မဖျောက်ဖျက်ရဘဲ သိန်း ၁၀၀ ရလျင်ရော နည်းလား။ ပြန်မိသွားလို့ အမှုဖြစ်ရင်တောင် အပြစ်အများကြီး မရနိင်။ ထိုသူကို နတ်စောင့်သည်ပဲ ပြောရမည်။ ဈေးထဲသို့သာ မဝင်ခဲ့လျင် သူရော ထိုသူပါ အနာဂတ် ကောင်းနိင်မည်မဟုတ်။ သူ ကားကို ရန်ကုန်ဘက်ကို ပြန်ဦးတည်ကာ မောင်းထွက်ခဲ့တော့သည်။ ဈေးအရှေ့ကိုဖြတ်ရင်း ကြည့်လိုက်မိသည်။ ထိုသူပြန်မထွက်လာသေး။ 

ဒီကားကို အုံနာထံ သွားပြန်အပ်ရမည်။ ပြီးလျင်တော့ သူ ငွေထုပ်ပိုက်ပြီး ခြေရာဖျောက်ရတော့မည်။ ကားပြန်အပ်ရင်းနှင့် အုံနာကို အပ်ထားရသော မှတ်ပုံတင် ပြန်တောင်းဖို့ သူသတိမေ့၍ မဖြစ်။ အဲဒါ သတိထားရမည်။ သူ့နောက်ကို လိုက်လာသည့် ကားများ ရှိနိင်မလားဟု နောက်ကြည့်မှန်မှ တဆင့် မကြာမကြာ ကြည့်နေရသည်။ ခပ်ပြင်းပြင်း မောင်းလာသည့် ကားများတော့ မတွေ့ရသေး။ သို့သော် သတိထားရမည်။ 

လမ်းရှင်းသော နေရာရောက်တော့ သူ အရှိန်မြှင့် လိုက်သည်။ အချိန်ကြာလို့ မဖြစ်။ သူစီစဉ်ရမှာ အများကြီး ကျန်နေသေးသည်။ သူ့လက်ကို ငွေအိတ်ပေါ် တင်ထားလိုက်၏။ ဒီတခါတော့ ပီတိ များက သွေးကြောအနှံ့ ပျံ့နှံ့ သွားသည်။ ဘဝတွင် တခါမှ မကိုင်တွယ်ဖူးသော ငွေကို သူပိုင်ဆိုင်ရပြီ။ ထောင်ကျနိင်သည်ကိုပင် သူ သတိမရတော့။ ဒီငွေတွေနှင့် သူ ဘာလုပ်ရမလဲ။ အရာရာကို မလောဖို့ အကွက်ချ စီစဉ်ဖို့ သူ့ကိုယ်သူ သတိပေး နေလိုက်သည်။

ပျော်ရွှင်ဖွယ်ရာ အတွေးများနှင့် အမြန်မောင်းလာရင်း မင်္ဂလာဒုံကို ကျော်လာပြီးနောက် မြို့ထဲဝင်ချိန်တွင် သူ့အတွက် ကံဆိုးမိုးမှောင် ကျမည့် အဖြစ်သည် ရှေ့တွင်စောင့်ကြိုနေတော့သည်။ ရှေ့ကမြင်ကွင်းကို မြင်မိချိန်တွင် သူ့ရင်ဝသို့ တစ်စုံတစ်ခု လာဆောင့်သလို ဒိုင်းခနဲ ဖြစ်သွားသည်။ ကြောက်လန့်မှုကြောင့် အာခေါင်ထဲတွင် ခြောက်ကပ် သွားသလို ဖြစ်သွားကာ သူ့ခေါင်းတွေ ထူပူသွားရတော့သည်။

“ဟာာာ သွားပြီ ”

ရန်ကုန်ဘက်သို့ ဝင်လာသမျှ ကားများကို တားပြီးစစ်နေသော ရဲများကို မြင်လိုက်ရသည်။ ရဲများနှင့်အတူ အရပ်ဝတ် လူကြီးတစ်ချို့ကိုပါ တွေ့လိုက်ရချိန်တွင် သူ့ အမှားကို သူသိသွားခဲ့ရသည်။ သူ ရန်ကုန်ဘက်ကို ပြန်မောင်းလာသည်ကိုက အကြီးဆုံးအမှား ကျူးလွန်လိုက်ခြင်းပဲ မဟုတ်လား။ ဦးတင့်ဝေအနေနဲ့ ရဲစခန်းကို ဖုန်းဆက်ထားနိင်သည်ကို တွေးထားပေမယ့် သူရန်ကုန်ရောက်ချင်ဇော များနေခဲ့သည်။ သူလွတ်မြောက် နိင်မည်ဟု ယုံကြည်ပြီး အမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။ ခုတော့ သူ့ထက် မိုက်မဲတဲ့သူ ရှိနိင်မည် မဟုတ်တော့။
ရလာသော ငွေထုပ်ကို အရသာ ခံခွင့်မရသေးခင်မှာပဲ သူ ထောင်ကျရတော့မည်။ ဘာလုပ်ရမလဲ အထပ်ထပ်တွေးနေသော်လည်း ထူပူနေသော ဦးခေါင်းထဲမှ မည်သည့်အကြံဥာဏ်များ ထွက်မလာတော့။ ကားပြန်လှည့်ကာ မောင်းပြေးဖို့ တွေးလိုက်သော်လည်း အဆင်သင့်ရပ်ထားသော ရဲကားများကို တွေ့သဖြင့် ထွက်ပြေးဖို့ရာ မဖြစ်နိင်မှန်း သိနေသည်။

ရုတ်တရက် အရှိန်လျှော့လိုက်တာကြောင့် ထင်သည် ရဲတချို့ သူ့ကားကို လှမ်းကြည့်နေကြ၏။ ရှောင်ပြေး လွတ်မြောက်ဖို့ မဖြစ်နိင်တော့။ သူ့ရင်တစ်ခုလုံး တစ်ဒိုင်းဒိုင်း ခုန်ကာ သူ့ရဲ့လက်တွေ တစ်ဆတ်ဆတ်တုန် ယင်နေ၏။  စီးဆင်းနေသော သွေးများအားလုံး   သူ့နားထင်သို့ လာဆောင့်နေပြီ ထင်ရသည်။ သွားပြီ။ သူထောင်ကျရတော့မည်။ စည်းစိမ်ရှိရှိနေချင်သော သူ့စိတ်ကူးများ အားလုံး ပျက်ဆီးသွားရပြီ။ သူ့ကားကို ရဲများနှင့် အရပ်ဝတ်လူကြီးတစ်ချို့ လက်ပြကာ တားနေကြသည်။ အရှိန်အနည်းငယ် လျော့ချလိုက်သည်။ မောင်းပြေးမလား တွေးနေချိန်မှာပဲ ရဲသား နှစ်ယောက် လမ်းမပေါ် ပိတ်ရပ်လိုက်ကြသည်။ သူကားကို ရပ်ပေးလိုက်ရသည်။

ဘေးဘက်မှန်ကို ချပေးလိုက်သည်။ ပုခုံးတွင် အပွင့်တပ်ထားသော ရဲအရာရှိ ဘေးတံခါးကို လက်ထောက်ကာ ကားထဲကို ငုံ့ပြီး သူ့ကိုကြည့်၏။ သူ့လက်တုန်ယင်နေသည်ကို သတိမပြုနိင်အောင် စတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ရဲ အရာရှိမှ ကားထဲကို ဝေ့ကြည့်နေသည်။

“နောက်ဖုံးဖွင့်ပေးပါ”

ကားထဲမှ သူနောက်ဖုံးဖွင့်ပေးလိုက်သည်။ ရဲတစ်ချို့နှင့် အရပ်ဝတ်လူကြီးများ နောက်ဖုံးကိုဖွင့်ရှာ ကြသည်။ ထိုနောက်ဖုံးထဲတွင် ကားဘီးအပိုနှင့် တိုလီမိုလီ ပစ္စည်းများသာ ရှိသည်။

“ မတွေ့ဘူးဆရာ”
“ အေး...အေး ”
ရဲသား၏ သတင်းပို့ချက်ကို အရာရှိဖြစ်သူမှ အတည်ပြုပြီးနောက် သူ့ကားထဲကို နောက်တကြိမ် ထပ်ပြီး ဝေ့ကြည့်သည်။ ထို့နောက် သူ့ဘေးက အိတ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ သူ ထိန်းချုပ်ထား၍ မရနိင်တော့ အံကိုတင်းတင်းကြိတ်ကာ မျက်လုံးကို မှိတ်ပစ်လိုက်၏။ တစ်ဒိုင်းဒိုင်း ဆောင့်ခုန်နေသော ရင်ခုန်သံကိုပင် သူပြန်ကြားနေရပြီ။ ခြေဖျားလက်ဖျား များ အေးစက်နေသည်ကိုပင် မသိနိင်တော့။

“ဒါ ဘာအထုပ်လဲ”
ထိုမေးခွန်းသည် သူအကြောက်ဆုံး မေးခွန်းဖြစ်သလို သူ့နားထဲတွင် ဗုံးခွဲလိုက်သလို ဖြစ်သွားစေသည်။

“ဟို...ဟို ငွေ.. ငွေတွေပါ ဆရာ”

သူ့အသံ တုန်ယင်နေတာကြောင့်ထင်သည်။ ရဲအရာရှိ သူ့ကို လှမ်းကြည့်သည်။

“ ငွေတွေ... ဟုတ်လား”
“ ဟုတ်..ဟုတ် ပါတယ် ဆ..ဆရာ”
“ ဖွင့်လိုက် ”
“ ဗျာ ”
“ အထုပ်ကို ဖွင့်လို့ ပြောနေတာ”
“ ဟုတ်..ဟုတ်ကဲ့ ”

အထုပ်ကို ဖြေဖို့ရန် အိတ်ကို လှမ်းကိုင်လိုက်သည်။ တဆတ်ဆတ် တုန်ယင်နေသော လက်ဖြင့် ထိမိသဖြင့် ကျွတ်ကျွတ်အိတ်သံ တဗြန်းဗြန်း ထွက်လာသောကြောင့် ရဲအရာရှိ သူ့ကို စူးစိုက်ကြည့်နေသည်။ လက်များတုန်ယင်နေသဖြင့် ကျွတ်ကျွတ်အိတ်၏ ထိပ်နှစ်ဘက်ကို စုချည်ထားသော အထုံးကို သူမည်သို့မှ ဖြည်၍မရပေ။

“ ဘာဖြစ်လို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”
“ မ..မဟုတ်ပါဘူး.. ဆရာ ”
“ကဲ တစ်ယောက်လာပြီး ဒီအထုပ်ကို ဖွင့်စမ်းဟေ့”

အနားတွင် ဝိုင်းနေသော ရဲများထဲမှ တစ်ယောက် ကားတံခါးဖွင့်ကာ အထုပ်ကို ဆွဲယူလိုက်သည်။

“လေးလှချည်လား.. ဘာတွေပါလိမ့်”

ရဲသားရဲ့ ပြောစကား ကြားလိုက်သဖြင့် သူစိတ်ဓါတ်ကျသွားသည်။ လေးမှာပေါ့ အဲဒါ ငါမပိုင်လိုက်ရတဲ့ ငွေတွေ လို့ စိတ်ထဲက ပြန်ပြောလိုက်သည်။ ရဲသား အထုပ်ဖြည်နေချိန်မှာပဲ သူ တစ်ခု တွေးလိုက်မိသည်။ ဦးတင့်ဝေ ဖုန်းဆက်ထားတာ ဆိုလျင် ဒီလို မေးမြန်းနေမည် မထင်။ အခုက တိုက်တိုက်ဆိုင်ဆိုင် စစ်ဆေးရေးနှင့် တိုးခြင်းဖြစ်မည်။ ထိုအတွေးကြောင့် သူ စိတ်အနည်းငယ် အေးသွားသည်။ နဂိုရှိပြီးသား ဥာဏ်နီဥာဏ်နက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။ ကားရောင်းလာတဲ့ငွေလို့ ပြောရမည်။ သို့သော် ဘယ်လောက်လဲ မေးရင် သူဘယ်လိုဖြေမလဲ။ အထဲက ငွေကို သူအတိအကျ မသိပါ။ ငွေအရေအတွက် ကိုသာ မေးခဲ့လျင်တော့ သူ့လုပ်ရပ် ပေါ်သွားနိင်သည်။

ထို့ကြောင့် သူကားပေါ်က ဆင်းကာ ရဲများရှိရာ တစ်ဘက်သို့ လျှောက်သွားလိုက်သည်။ အခြေအနေကြည့်ပြီး သူ လုပ်ဇာတ်ခင်းဖို့ အတွက် အာရုံကို စူးစိုက်ထားသည်။ သူရောက်သွားချိန်တွင် အထုပ်ကို ဖြည်ပြီး ဖြစ်နေပြီ။ အထုပ်ထဲကို ငုံ့ကြည့်လိုက်သည်။ အိတ်အတွင်းထဲတွင် ငွေထုပ်များကို သတင်းစာ စက္ကူဖြင့် ပါတ်ထားသည်။ စုစုပေါင်း လေးထုပ် ရှိနေသည်။ တစ်ထုပ်ထဲတွင် ငွေ ဘယ်လောက်တောင် ဖြစ်နိင်မလဲ။ သူစိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ ရဲသားမှ အထုပ်တစ်ထုပ် ဆွဲထုတ်ကာ သတင်းစာ စက္ကူ အထပ်ထပ်ကို ဖြေလိုက်သည်။ ထို့နောက် ထွက်လာသည်မှာ အုတ်နီခဲပွ တစ်လုံးသာ ဖြစ်နေသည်။

“ဟာ..အုတ်ခဲကြီးပါလား ”
“ ဟေ့လူ ဘာတွေလဲ ”
“ ဟို.. ဟို.. ဆရာ ငွေ အဲ အုတ်ခဲပါ ဆရာ”

“ ကျန်တဲ့ အထုပ်တွေပါ ဖြည်လိုက် ”

သတင်းစာ စက္ကူပါတ်ထားသော ကျန်သည့်  အထုပ်များကိုပါ ဆွဲထုတ်ကာ ဖြည်လိုက်သည်။ သူစိတ်ကူးယဉ်ထားသလို သိန်း တစ်ရာ တော့မဟုတ်။ ထွက်လာသည်မှာ အုတ်ခဲပွ ၃ လုံးသာ ဖြစ်သည်။
“ ခင်များ ပြောတော့ ငွေတွေဆို ”
“ ဟုတ်ပါတယ်.. အဲ.. မဟုတ်ပါဘူး ကျနော်က ဆရာတို့ကို စတာ အဲဒါ အုတ်ခဲတွေ”
သူ့မျက်နာကို ပြုံးဖြီးဖြီးထားကာ ပြောလိုက်သည်။ သို့သော် ရဲအရာရှိကတော့ ဒေါသထွက်နေဟန်ရှိသည်။

“ ဘာဗျ စတာ ဟုတ်လား။ ဒီမှာ တာဝန်အရ လုပ်နေရတာဗျ ဒါသက်သက် နှောင့်ယှက်တာပဲ ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ရမယ်”
“ မလုပ်ပါနဲ့ ဆရာရယ် ကျနော်က ပျော်တတ်လို့ စတာပါ ”
“ မရဘူး ခင်ဗျားကို ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်မယ် ခင်ဗျားလိုင်စင်ပေး”

ခုတော့ သူတကယ် ဂျောက်ကျလေပြီ။ သူ့ကို ဘတ်သွားသော ဟိုလူကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

“ မလုပ်ပါနဲ့ ဆရာရယ် ဒီနေ့က ကျနော့်မွေးနေမို့လို့ အပျော်အနေနဲ့ စတာပါ။ စိတ်မရှိပါနဲ့ဆရာ။   ဆရာတို့အဖွဲ့ကို လ္ဘက်ရည် တိုက်ပါတယ်ဗျာ ဒါလေးကို လက်ခံပေးပါ။ ကျနော့်မွေးနေ့မို့ တိုက်တာပါဆရာ”

မတတ်နိင်တော့။ သူ့အိတ်ထဲတွင် မနက်ပိုင်း မောင်း၍ရသမျှ ငွေကိုထုတ်ပေးကာ မွေးနေ့အတု ဖန်တီးလိုက်ရတော့သည်။ သူ့မွေးနေ့ကို ယုံကြည်သွား၍ ထင်သည်။ လ္ဘက်ရည်တိုက်ခြင်းကို အသိအမှတ် ပြုဟန်ဖြင့် သူပေးသော ငွေကိုဆွဲယူကာ ရဲသားတစ်ယောက်ကို ပေးလိုက်သည်။

“ဒါဆိုလည်း ကိုယ့်အုတ်ခဲတွေ ကိုယ်သယ်ပြီး လိုရာခရီးဆက်ပါတော့ မွေးနေ့ရှင်ရေ ကျုပ်တို့ အလုပ် ဆက်လုပ်ရအုံးမယ် ”
“ ဟုတ်ကဲ့ပါ ဆရာ”

အုတ်ခဲလေးလုံးကို ကားပေါ်တင်ကာ သူ ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ခပ်ဝေးဝေး ရောက်သည့်အခါ လမ်းဘေးတစ်နေရာတွင် သူ ကားကို ရပ်လိုက်သည်။ အုတ်ခဲများကို ဒေါသတကြီးဖြင့် ဝေးနိင်သမျှ ဝေးဝေးရောက်ရန် အားကုန် လွှင့်ပစ်လိုက်သည်။ ခံပြင်းစိတ် အနည်းငယ်မျှပင် လျော့မသွား။ စိတ်ထဲတွင် ခံပြင်းလွန်းလှသည်။ သူ လှလှပပ အလိမ်ခံခဲ့ရသည်။ အကွက်ကျကျ အရူးလုပ်ခံခဲ့ရသည်။ တကယ်ဆို ကားသမားလောကတွင် ဒီလိုပုံပြင်မျိုးကို သူခဏခဏ ကြားခဲ့ဖူးသည်။

ပစ္စည်းတစ်ခုခုကို အရောင်ပြ ထားခဲ့ကာ ကားပေါ်မှ လစ်သွားသော ခရီးသည်များအကြောင်း  သူကြားဖူးခဲ့သည်။ ခုတော့ သူကိုယ်တိုင် ကြုံရပြီ။ အမှောင်ဖုံးစေသော လောဘကြောင့် သူဘာကိုမှ မမြင်နိင်ခဲ့။ မချင့်ချိန်နိင်ခဲ့။ ခုတော့ သူ အကျော်အခွ အလုပ်ခံလိုက်ပြီ။ ထိုသူကတော့ အခုလောက်ဆို သူ့အိမ်တွင် ထိုင်ကာ သူ့ကို ရယ်နေမှာပဲ။ ကားခ ၃သောင်းလည်း ဆုံးပြီ။  အရင်ထဲက ထိုသူပေးဖို့ မရည်ရွယ်ထားသော ထို ငွေကို နှမျောလိုက်မိသဖြင့် ကိုယ့်ကိုကိုယ် ဆဲရေးလိုက်မိ၏။ ခံရခက်သော ဒေါသစိတ်ကြောင့် သူ့ကားကို ထိုနေရာမှ ခပ်ပြင်းပြင်း မောင်းထွက်ခဲ့သည်။

လမ်းမပေါ်တွေ သစ်ရွက်ခြောက်များ ထခုန်ကာ ကျန်ရစ်ခဲ့တော့သည်။

အသဲကွဲတိမ်တိုက်

အခန်း(၁)

သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်မိသည်။ သူတည်ငြိမ်နေအောင် ကြိုးစားသော်လည်း မရနိင်တော့။ အခန်းထဲက ဆိုဖာပေါ် မွန်းကျပ်စွာထိုင်ချလိုက်သည်။ အစွန့်ပစ်ခံထားရတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ ၅ ရက်လား။ တပါတ်လား သူသေသေချာချာ မသိတော့။ သူသိသည်မှာ ဟန်နီ့ကို သိပ်လွမ်းနေတာပဲ ဖြစ်သည်။ အချိန်တိုင်း တွေ့ဆုံခဲ့ရသောသူတို့နှစ်ယောက် မတွေ့ရသည်မှာ တော်တော် ကြာသွားပြီ။ ထိုရက်တွေ အတွင်းမှာ သူဘယ်ကိုမှ မထွက်ဖြစ်။  သူ့အခန်းထဲကနေ ဟန်နီ ရောက်လာချိန်ကို အရင်လိုပဲ စောင့်နေခဲ့သည်။

ညနေရုံးဆင်းချိန် ကျော်လွန်လာတိုင်း အိမ်တံခါးဖွင့်သံကို ပို၍ နားစိုက်ထောင်မိသည်။ သို့သော် တိတ်ဆိတ်အေးစက်နေသော သူ့အိမ်လေးကတော့ အရင်လိုငြိမ်သက် မှုန်မှိုင်းနေမြဲပါပဲ။ ဧည့်ခန်းကို ဖြတ်လျှောက်လာမည့်ခြေသံ၊ သူ့အခန်းတံခါးကို ညင်သာစွာ သော့ဖွင့်သံတွေကို သူ မကြားရ။ သူရရှိနေသည်က မွန်းကျပ်သော ရှင်သန်မှုနှင့် အခန်းထဲတွင် အချိန်ပြည့် ရှိနေသာ လွမ်းဆွတ်နာကျင်မှုသာ ဖြစ်သည်။ ထိုအငွေ့အသက်များဖြင့် ဘဝက ရုတ်တရက် အမှောင်ကျသွားသလို သူ့ရဲ့ပျော်ရွှင်ချိန်တွေ ပြတ်တောက်ရပ်တန့်သွားသည်။


Tuesday, December 14, 2010

မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

 
 
အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များကြောင့် မကြာခင် မိုးရွာနိင်သည်ဟု ခန့်မှန်းလိုက်မိသည်။ နေ့လည်ခင်း ကတည်းက တူးထားသော တီကောင်ဗူး ကို လွယ်အိတ်ထဲ ထည့်နေချိန် သားအငယ်တွေ့မြင်သွားသည်။

“ဖေဖေ သားလည်းလိုက်ခဲ့မယ်”
“မိုးရွာလိမ့်မယ်သားရဲ့ အိမ်မှာပဲ ဆော့ရင်း နေခဲ့နော်”
“သားလိုက်ချင်တယ်ဖေဖေ”

ငိုမဲ့မဲ့ မျက်နာဖြင့် ပြောလိုက်သော သားငယ်ရဲ့ ဟန်ပန်ကြောင့် သူဆက်ပြီး မတားမြစ်ချင်တော့ပေ။

“ကဲ ဒါဆိုလည်း လိုက်တော်မူပါဗျာ”

သားငယ်ရဲ့ အလိုပြည့်သွားသဖြင့် ပြုံးရွှင်သွားသော မျက်နာသည် သူအမြဲမြင်ချင်သော မြင်ကွင်းသာ ဖြစ်သည်။
သားသမီးများနှင့် ပါတ်သတ်လျင် အလွယ်တကူ အလိုလိုက်မိတတ်သည်မှာ သူ့ရဲ့ အားနည်းချက်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း သားသမီးများသည် သူ့ကိုသာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပူဆာလေ့ရှိသည်။ တစ်ခုခု ပူဆာတိုင်းလည်း မဖြည့်ဆည်းပေးနိင်မချင်း သူစိတ်ထဲမှာ မည်သို့ ဖြည့်ဆည်းပေးရမလဲဆိုပြီး အချိန်တိုင်း အမြဲတွေး နေတတ်ခဲ့သည်။

လိုအပ်သောပစ္စည်းများကို လွယ်အိတ်ထဲ ထည့်နေချိန် သားငယ်က သူကျန်ခဲ့မှာ စိုးရိမ်နေသည် ထင်၏ အနားကမခွာတော့ပေ။ သားငယ်အတွက် မိုးကာ တစ်ထည်ကိုပါ ထည့်လိုက်သည်။ ကွမ်းရွက်၊ ထုံးနှင့်ဗမာဆေး တို့ထည့်ထားသော အထုပ်ထည့်ပြီးချိန်တွင် လိုအပ်သော ပစ္စည်းများ စုံသွားလေပြီ။ ဂေါက်ထီးအနက်ရောင်ကို လက်တစ်ဖက်က ကိုင်ကာ သားငယ်ကို လက်တွဲရင်း အိမ်က ထွက်လာခဲ့သည်။

ကတ္တီရာ လမ်းမကြီးအတိုင်း လျှောက်လာရင်း ရပ်ကွက်အဆုံးတွင် လမ်းဘေးကို ဖဲ့ဆင်းလိုက်သည်။ သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံရဲ့ ရေကန်ကြီးတွေစီသွားသော လမ်းသွယ်ဘက်ကို ချိုးဝင်ကာ တဲအိမ်တို့ရဲ့ အရှေ့မှ မြေလမ်းလေး အတိုင်း လျှောက်ဝင်လာခဲ့သည်။ ထိုလမ်းသွယ်ထဲတွင် မောင်ထွန်း၏ အိမ်ရှိသည်။ မောင်ထွန်းတို့ အိမ်ရှေ့အရောက်တွင် အသံပြုလိုက်သည်။

“မောင်ထွန်းရေ မောင်ထွန်း”

ခဏအကြာတွင် အိမ်အတွင်းပိုင်းမှ မောင်ထွန်းထွက်လာသည်။

“ဆရာပါလား ငါးသွားမျှား မလို့လား”
“အေးကွ ပျင်းတာနဲ့ ထွက်လာတာ”
“ထိုင်အုံးမလား ဆရာ”
“မထိုင်တော့ပါဘူး ငါးမျှားတံတွေ ဝင်ယူတာ”
“ဟုတ်ကဲ့ဆရာ ကျနော် သွားယူပေးမယ်”

မောင်ထွန်း အိမ်အတွင်းပိုင်း ပြန်ဝင်သွားပြီး ခဏအကြာတွင် တာလပါတ်စကို အိတ်ချုပ်ကာ ထည့်ထားသော ငါးမျှားတံများ ယူလာပေးသည်။ မောင်ထွန်းရဲ့ အိမ်သည် ကတ္တီရာလမ်းမ မှချိုးဝင်ကာစနေရာတွင် ရှိသည့်အပြင် ရေကန်တွေဆီ သွားသည့်လမ်းပေါ်တွင် ရှိသဖြင့် ငါးမျှားတံများကို မောင်းထွန်းရဲ့ အိမ်တွင်သာ အပ်ထားလေ့ ရှိ၏။ ထို့ကြောင့် ယခု ဝင်ယူခြင်းဖြစ်သည်။ မောင်ထွန်းမှ သားငယ်ရဲ့ ပါး ကို လိမ်ဆွဲရင်း

“ငါ့ကောင်ကြီးရော ငါးလိုက်မျှားတာလားကွ”
“ဟုတ်ဘူး သားက ဖေဖေ့ကို ငါးလိုက်သယ်ပေးတာ”

သားငယ်ရဲ့ အဖြေစကားကြောင့် ရယ်ကြရသည်။

“ဆရာ့သားကတော့ အားကိုးရပြီးပဲဗျ”

မောင်ထွန်းစကားကြောင့် သူပြုံးလိုက်မိသည်။

“ကဲ သွားပြီဟေ့ ညနေမှပဲ အပြန်ဝင်ထားတော့မယ်”
“ဟုတ်ကဲ့ဆရာ”

ငါးမျှားတံအိတ်ကို ပုခုံးပေါ်ထမ်းရင် ထွက်လာခဲ့သည်။ တကယ်တော့ မောင်ထွန်းကို ပြောခဲ့သလို အပျင်းပြေ ငါးမျှားထွက်လာခြင်းမဟုတ်။ ဒီရက်ပိုင်းတွင် ငွေဝင်နိင်မည့် အလုပ်တခုခု မလုပ်နိင်သည့်အတွက် ဟင်းစားရလို ရငြား ထွက်လာခြင်းဖြစ်သည်။ ငွေဝင်နိင်သည့် အလုပ်တခုခု ရှာမရချိန်တိုင်း အိမ်အတွက် တစ်ဖက်တလမ်းက အဆင်ပြေစေရန် ငါးလာမျှားလေ့ရှိ၏။ သူက မိသားစုကို ပုခုံးနဲ့ရော ခေါင်းနဲ့ပါ ဘဝတလျှောက်လုံး ထမ်းရွက်ပြီး ရှာဖွေ ကျွေးမွေးခဲ့သူ ဖြစ်သည်။

ကလေးတွေ ငယ်စဉ်တုန်းကတော့ သူအဆင်ပြေခဲ့ဖူးသည်။ သန်လျင်မြို့တွင် သူ့လ္ဘက်ရည်ဆိုင် အအောင်မြင်ဆုံး အရောင်းရဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်ကတော့ တပည့်တပန်းများလည်း စည်စည်ကားကားပေါ့။ မောင်ထွန်းက သူ့ဆိုင်ရဲ့ နံပြားဖုတ်သမား ဖြစ်ခဲ့သည်။ သို့သော် အကြောင်းကြောင်းတွေ တိုက်ဆိုင်ပြီး သူ့ဆိုင် ယိုင်သထက် ယိုင်လာသည်။ ရောင်းအားကျလာချိန်မှာ လူတစ်အုပ်တစ်မကြီးရဲ့ စားစရိတ်က သိသိသာသာ ဖိစီးလာ သော်လည်း သူအပြုံးမပျက်အောင် ဟန်ဆောင်ထားခဲ့သည်။ သို့နှင့် တစ်ရွေ့ရွေ့ ရောင်းအားကျလာပြီး နောက်ဆုံး သူဆိုင်ပိတ်လိုက်ရတော့သည်။

သို့သော် သူမမှုခဲ့။ ကြုံရာအလုပ်ကို ရှာဖွေ လုပ်ကိုင်ကာ ဇနီးနှင့် သားသမီးများကို ဝမ်းဝစေခဲ့သည်။ ငယ်စဉ်ထဲက အဖေမဲ့သူ ဖြစ်ခဲ့ရတာ ကြောင့် သူ့သားသမီးများအလှည့်မှာ ဘာမဆို အလိုလိုက်ချင်စိတ် အမြဲ ရှိနေခဲ့သည်။ တခြားအလုပ်ရှာမရလို့ ငါးမျှားထွက်ခဲ့ ရပေမယ့် သူ့သားသမီးများ အားငယ်မှာ စိုးတာကြောင့် မောင်ထွန်းအိမ်တွင်သာ ငါးမျှားတံတွေ သိမ်းထားလေ့ရှိသည်။ အိမ်အထိ ပြန်သယ်သွားလေ့မရှိ။ အရွယ်ရောက်နေသော သူ့သားသမီးများ ရှက်ရွံ့အားငယ်မှာကို မလိုလားပေ။ သဲလမ်းလေးအတိုင်း လျှောက်လာရင်း မုန့်ဆိုင်လေးကို မြင်သဖြင့် သားငယ်က သူ့ကိုမော့ကြည့်သည်။

“ သားဘာစားချင်လို့လဲ ”

သူ့အမေးကြောင့် သားငယ် မျက်လုံးလေး အရောင်လက်သွားသည်။

“ဇီးထုပ် စားမယ် ဖေဖေ”
“ အင်း.. ဒါဆို.. သားစားချင်တဲ့ ဇီးထုပ်ရွေးပေတော့ ”

သားငယ်လက်ကို ဆွဲရင်း အိမ်ဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ သားငယ်ကတော့ သူစားချင်သော ဇီးထုပ်များ ရွေးနေချိန် သူက ဆေးပေါ့လိပ် ၃ လိပ်ကို သေသေချာချာ ရွေးလိုက်သည်။ ငါးမျှားရင်း ဆေးလိပ်လေး ဖွာရသည်မှာ စိတ်ကူးအသစ်လေးတွေ ထွက်လာသလို နောက်တစ်နေ့အတွက် ဘယ်လို ငွေရပေါက် ရလမ်းများ ရှိလာနိင်မှာကို တွေးလို့ကောင်းသည်။ အချိန်တိုင်း နာရီတိုင်း မိသားစု စားဝတ်နေရေးအတွက် သူအမြဲ တွေးနေရသည်။

သူ့လက်ကို ဆွဲကိုင်းရင်း ဝယ်လာသော ဇီးထုပ်လေးကိုကြည့်ကာ သားငယ် ရွှင်မြူးနေသည်။

“ ဖေဖေ ဖောက်ပေးရမလား ”
“ ဟိုရောက်မှ စားမယ် ”
“ အေး..အေး ”

မကြာခင်မှာပဲ ရေကန်ကြီးဆီ ရောက်လာသဖြင့် ကန်စောင်းတစ်နေရာတွင် နေရာယူလိုက်သည်။ ဒီကန်မှာက နှစ်ချို့ငါးတွေ ရှိသည်။ ရေကန်တွေကလည်း အင်္ဂလိပ်ခေတ်ထဲက တူးထားသည့် ကန်တွေ ဖြစ်တာကြောင့် ဒိုက်များ ကြာပင်များဖြင့် ကန်ရေပြင်က စိမ်းမှောင်နေသည်။ လွယ်အိတ်ထဲ ထည့်လာသည့် ပလပ်စတစ် အခင်းလေးကို ခင်းကာ တုတ်တိုတစ်ချောင်း စိုက်ပြီး ထီးကို ချည်ထားလိုက်သည် သားငယ်ကတော့ ထီးရိပ်ထဲထိုင်ကာ သူ့ဇီးထုပ်ကို စဖောက်နေပြီ။

လွယ်အိတ်ထဲမှ တီကောင်ဗူးကို ထုတ်ပြီး ငါးမျှားချိတ်တွင် တီတစ်ပိုင်း တပ်လိုက်သည်။ အချိန်မရတာကြောင့် ပိုးဟပ်တော့ သူမဖမ်းနိင်ခဲ့။ ပိုးဟပ်နှင့် မျှားလျင်တော့ ငါးဖယ် တွေ အကြိုက်ဖြစ်သည်။ တီကောင်ကိုတော့ ငါးတော်တော်များများ ကြိုက်သည်။ အဓိကက တီလားဗီးယား ငါးတွေ နှစ်သက်ကြ၏။ ဒီကန်ထဲမှာ တီလားဗီးယား နှစ်ချို့ငါးတွေ ရှိသည်။ တော်ရုံလူ လာမမျှားတာကြောင့် ငါးတွေက ပွားများနေသည်။ သို့သော် ကန်က ကျယ်လွန်းတာကြောင့် အချိန်မြန်မြန်နှင့်တော့ သူငါးရဖို့ မသေချာ။

အိတ်ထဲမှ နောက်ထပ် ငါးမျှားတံ အသေးတစ်ချောင်း ထပ်ထုတ်ကာ ငါးစာတပ်လိုက်သည်။ ဒီအသေးကတော့ ငါးဖျင်းသလပ်များ ငါးပဲဖြူများလို ငါအသေးလေးတွေ အတွက်ဖြစ်သည်။ ထိုငါးလေးတွေကို ကြော်စားလျင်လည်း ဟင်းတခွက်ပဲ မဟုတ်လား။ ငါးမျှားတံ ထိပ်ဖျားဖြင့် ရေထဲမှ ဒိုက်နှင့် ကြာဖက် အနည်းငယ်ကို ဖယ်လိုက်သည်။ ကွက်လပ်ဖြစ်သွားသော ထိုနေရာကို ငါးမျှားကြိုး ချလိုက်သည်။ ငါးမျှားတံ အရင်းပိုင်းကိုတော့ သူ့ဘေးနားက မြေကြီးတွင် စိုက်ကာ ရေပေါ် ပေါ်နေသော ဖော့တံလေးကို ကြည့်နေလိုက်သည်။ မကြာမကြာ လိုက်လာဖူးသည့် သားငယ်ကလည်း ဖော့တံများကို ဝိုင်းကြည့်ပေးသည်။ ငါးမျှားတံများ နေရာတကျ ရှိပြီးသွားသဖြင့် အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ပြီး တစ်ယာ ယာ စားလိုက်သည်။

“ဖေဖေ ဇီးထုပ်စားမလား ”
“ ကွမ်းစားနေပြီကွ မစားတော့ဘူး ”

ကွမ်းနှစ်ယာနှင့် ဆေးလိပ်တစ်လိပ် ကုန်ပြီးချိန်အထိ ကိုင်းတံအသေးမှ ငါးအသေးလေးများသာ ရသေးသည်။ ခုထိ ငါးအကြီး တစ်ကောင်မှ မမိသေး။ သားငယ်ကတော့ သူ့ပေါင်ကို ခေါင်းအုံးကာ အိပ်ပျော်နေပြီ။ ငါးမျှားလိုက်လာတိုင်းလည်း ခဏလောက်ပဲ သားငယ်က နေနိင်သည် ကြာလာတော့ ပျင်းရိတာကြောင့်နဲ့ တူသည် အရိပ်ထဲတွင် အိပ်သွားတတ်သည်မှာ ညနေပြန်ခါနီး နှိုးမှ ထလာမြဲ ဖြစ်၏။ ခုတော့ မိုးစက်များ ကျလာတာကြောင့် သားငယ်ကို နှိုးကာ မိုးကာ ဝတ်ပေးလိုက်သည်။

မိုးစိုသော်လည်း ငါးမျှားနေချိန် မိုးရွာလာလျင် သူကျေနပ်သည်။ မိုးသံ မိုးနံ့ ကြောင့် ငါးများ ကမ်းစပ်ကို ရောက်လာတတ်၏။ ဒီအချိန်က ငါးမျှား၍ အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးက တဖြည်းဖြည်း သဲလာသည့်အတွက်သားငယ်ကို ထီးအောက်တွင် လုံလုံခြုံခြုံ ထားလိုက်ရတာကြောင့် သူ့ကိုယ်တစ်ခြမ်း ရွဲရွဲဆိုလာသော် သူ့မျက်လုံးကို ဖော့တံမှ မဖယ်ရှားဝံ့ စူးစိုက်ပြီး ကြည့်နေရသည်။

ကိုင်းတံကို ရုတ်ခနဲ အသုတ်မှာ ငါးတစ်ကောင်ပါလာတိုင်း သူ့သားရဲ့ ပျော်ရွှင်စွာ ဟေးခနဲ အော်သံသည် သူ့အပေါ်ထားသည့် ယုံကြည်ကိုးစားမှု ပဲဖြစ်သည်။ သားငယ်ပါလာသည့်နေ့တိုင်း အရင်ထက် သူ ငါးပိုရချင်သည်။ သားသမီးတွေအတွက် ဘာမှ မလုပ်ပေးနိင်ရင်တောင် ယုံကြည်အားကိုမှုတော့ သူပေးနိင်ချင်သည်။ ထို့ခံစားချက်ကြောင့် ငါးမျှားတံကို စူးစူးစိုက်စိုက်ကြည့်နေရသည်။

မိုးရေစက်များကြောင့် ကိုင်းတံတွေကို လက်ထဲသို့ ပြောင်းကိုင်ထားလိုက်သည်။ သို့မှ ငါးတွတ်လျင် သူချက်ချင်းသိနိင်မည်။ သည်းသည်းထန်ထန် မိုးရွာသွန်းနေတာကြောင့် ငါးများမြူးတူးကာ ကန်ထဲတွင် ဟိုမှာ ဒီမှာ ထခုန်နေကြသည်။ သို့သော် သူ့ကိုင်းတံကိုတော့ လာမဆွဲကြသေး။ ကမ်းစပ်ကို ကပ်လာသော ငါးသေးသေးလေးများသာ တစ်ကောင်ပြီး တစ်ကောင်ရနေခဲ့သည်။ သားငယ်ကတော့ အကြီးအသေး မခွဲဘဲ ငါးတစ်ကောင် ရတိုင်း ပျော်ရွှင်နေသဖြင့် အသေးတွေပဲ ရသော်လည်း သူကျေနပ်ရသည်။ မိုးရွာနေသဖြင့် ညနေခင်းသည် စောစီးစွာ မှောင်စ ပြုနေပြီ။

ထိုအချိန်တွင် ကိုင်ထားသော ကိုင်းတံ အကြီးမှ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားမှုကို ခံစားရသဖြင့် သူ အသက်ကိုမျှင်းရှူကာ အာရုံစိုက်နေလိုက်သည်။ ငါးတော့သေချာသည်။ သို့သော် သွေးတိုးစမ်း နေသေးဟန်တူသည်။ ထိခနန်း ဆိတ်ခနန်းသာ ရှိသေး၏။ ငါးမျှားချိတ်ကို လာမဟပ်သေး။ သူစိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။ ဒီလိုအချိန်မှာ စိတ်ရှည်မှ ဖြစ်မှာကို သူသိသည်။ သူ့ဘက်က မလှုပ်ဘဲ ငြိမ်နေလိုက်တာကြောင့် ရေထဲမှ ငါးက ငါးစာကို သဘာဝအစာ မှတ်ကာ ဆွဲဟပ်လိုက်သည်။ တင်းခနဲ ဖြစ်သွားသော ငါးမျှားကြိုးကြောင့် ဒီငါး အကောင်ကြီးနိင်သည်ကို တွက်မိသည်။

ငါးမျှားချိတ် ချိတ်မိသွားသဖြင့် ငါးက အတင်းရုန်းကန်နေသည်။ ငါးမောအောင် သူအလိုက်သင့် လျှော့ပေးမှ ဖြစ်မည်။ သူဆွဲကိုယ်ဆွဲ ဆိုလျင် ကြိုးပြတ်သွားနိင်သည်။ သို့သော် သူ့ ကိုင်းတံက သာမန်ဝါးချောင်းသာ ဖြစ်တာကြောင့် ကြိုးကို အလျော့အတင်း လုပ်စရာ ဘီးလုံးမပါပေ။ ထို့ကြောင့် သူ ထိုင်ရာမှ ခပ်မြန်မြန်ထကာ ကိုင်းတံကို ကိုင်ထားရင်း ရှေ့သို့ လိုက်တိုးပေးရသည်။ ငါးကလည်း နောက်ကို လှည့်ကာ အားအင်ကုန်သုံး၍ ရုန်းကန်နေ၏။ ဒီငါးမိဖို့ အရေးကြီးသည်။ အကောင်ကြီးနိင်တာကြောင့် အိမ်ပြန်မျက်နာပန်းလှသလို ဟင်းစား တစ်နှပ် နှစ်နှပ်စာလောက် လည်း ဖူလုံသွားနိင်သည်။

“ ဖေဖေ ငါးကြီးမိပြီကွ... ဟေးး ဖေဖေငါးကြီးမိပြီ ”

ကန်စပ်အထိသူဆင်းသွားတာကြောင့် သားငယ်က သဘောပေါက်ပြီး ပျော်ရွှင်နေ၏။ သားငယ်၏ ဝမ်းသာ တက်ကြွသံ ကြားသဖြင့် ဒီငါးကို မရ ရအောင် ဖမ်းရတော့မည်ဆိုတာ သူ သဘောပေါက်သည်။ ငါးကလည်း သေဘေးကြောင့် အတင်းရုန်းကန်နေသည်။ ကြိုးပြတ်သွားမှာ စိုးတာကြောင့် ငါးခေါ်ရာ နောက်ကို သူလိုက်နေရသည်မှာ ရေထဲသို့ ဒူးတဝက်ပင် မြုပ်နေပြီ။ သူ့အာရုံတစ်ခုလုံး ဒီငါးရဖို့ပဲ အာရုံစိုက်ထားသည်။ ဒါဟာ ငါးတကောင်ထက် ပိုသည်။ သူ့သားရဲ့ ယုံကြည်မျှော်လင့်ချက်ကို အပျက်စီးမခံနိင်။ အကောင်ကြီးသည့် ငါးဖြစ်တာကြောင့် ခုထိ မမောသေးတာ ဖြစ်မည်။

သူစိတ်ရှည်ရှည်ပဲ ရေကန်ထဲမှာ ရှေ့တိုးရင်း ငါးဆွဲရာ နောက်ကို လိုက်နေသည်။ မကြာခင်မှာ ဒီငါး ရုန်းရတာ မောသွားမည် မဟုတ်လား။ ထိုအချိန်ရောက်မှ တဖြည်းဖြည်း ဆွဲတင်လိုက်ရင် ထိုငါးကြီး ကုန်းပေါ်ရောက်လာမည်။ ရေအနက်က သူ့ပေါင်ရင်းလောက် အထိ ရောက်နေသော်လည်း ငါးက ရုန်းကန်နေတုန်းပဲ ဖြစ်သည်။ စွန့်စားသည့် အနေနဲ့ သူကြိုးနဲနဲ ပြန်ဆွဲရမည်။ မဟုတ်လျင် သူပါ ရေထဲ မြုပ်သွားနိင်သည်။ ကိုင်းတံကို မလျော့မတင်းဆုပ်ကိုင်ကာ သူ့ဘက်ကို ပြန်ဆွဲလိုက်သည်။

ငါးမောသွားပြီ ထင်သည်။ သူပြန်ဆွဲခေါ်ရာ လိုက်လာသည်။ ထိုအချိန်မှာပဲ ငါးက ဖြုန်းခနဲ အတင်းရုန်းကာ လှည့်ပြေးသည်။ သူ့ဘက်ကို အဆွဲနှင့် ငါးရဲ့ ရုန်းကန်မှုကြောင့် သူ့လက်ထဲက ကိုင်းတံ တင်းခနဲဖြစ်သွားသဖြင့် ကိုင်းတံကို လွှတ်ပေးလိုက်မိသည်။ ထို့နောက် ချက်ချင်းပဲ လွတ်သွားသော ကိုင်းတံကို လှမ်းဆွဲဖို့ ရှေ့ကို အလောတကြီး တိုးလိုက်စဉ် သူ့ခြေဖဝါးတွင် ပူခနဲ ဖြစ်သွားသည်။ အကောင်တခုခု ကိုက်တာလား တခုခုစူးမိတာလား မသိပေမယ့် သူ့ခြေဖဝါးတွင် နာကျင်သွားသည်။

သို့သော် ဘာဖြစ်တာလဲဆိုသည်ကို လောလောဆယ် သတိမထားနိင် လွတ်ထွက်သွားသော ကိုင်းတံကိုသာ ရအောင် လှမ်းဆွဲလိုက်သည်။ ဆွဲယူလိုက်သော ကိုင်းတံက သူ့လက်ထဲကို ပေါ့ပါးစွာ ပါလာသည်။ သူ့ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ ကိုင်းတံကို တဖြည်းဖြည်း ဆွဲမလိုက်သည်။ ငါးမျှားကြိုးပြတ်စလေးက လေထဲတွင် တန်းလန်းလွှဲနေသည်။ ငါးတစ်ကောင်နှင့် အားပြိုင်မှုတွင် သူရှုံးသွားခဲ့ရပြီ။

သူ့မျက်နာကို ခပ်ပြုံးပြုံးလုပ်ကာ သားငယ်ဘက်လှည့်လိုက်သည်။

“ ကြိုးပြတ်သွားတယ် သားရဲ့ နောက်တကောင် ထပ်ဖမ်းမယ်ကွာ ဒီတခါ ပိုကြီးတာ ဖမ်းပေးမယ်။”

သားငယ်ကို အာရုံပြောင်းစေရန် ပြောပြီး သူကမ်းပေါ်တက်လာသည်။ သားငယ်ကတော့ ငါးမျှားကြိုးပြတ်စ လေးကိုသာ ကြည့်နေ၏။ မြေကြီးပေါ် ခြေအချမှာပဲ သူ့ခြေထောက် မခံနိင်အောင် နာကျင်သွားသဖြင့် ငုံ့ကြည့် လိုက်သည့်အခါ ညာဘက်ခြေဖဝါးမှ သွေးများ ထွက်နေသည်ကို တွေ့လိုက်၏။ မြေပြင်ပေါ်ထိုင်ပြီး ခြေဖဝါးကို  လှန်ကြည့်မှ ခြေဖဝါးတွင် ၅ လက်မခန့် ပြတ်ရှရာကြီးကို တွေ့ရသည်။ ရွာနေသော မိုးနှင့်အပြိုင် သွေးများ ဒလဟော ထွက်လာ၏။

“ ဖေဖေ သွေးတွေ... ဖေဖေ ဘာဖြစ်တာလဲ ”
သားငယ်က ပြောရင်း သူ့အနားကို ရောက်လာသည်။ ခြေဖဝါးမှ မခံမရပ်နိင်အောင် နာကျင်လာသဖြင့် ဒဏ်ရာ ဘေးနားကို လက်ဖြင့်ခပ်တင်းတင်း ဖိထားလိုက်၏။ သွေးများက မနားတမ်း ထွက်နေခဲ့သည်။ ရေကန်ထဲမှ သံပြားပြတ်စ တခုခုကို နင်းမိခဲ့တာ ဖြစ်မည်။ နှစ်ချို့ရေကန်ဖြစ်သည့်အပြင် ဘီအိုစီ ရေနံချက်စက်ရုံမှ တူးထားသော ကန်ဖြစ်တာကြောင့် ရေကန်ထဲတွင် သံပိုက်လုံးအပြတ်များ ရေတိုင်ကီအဆွေးများ ရှိနေသည်ကို သူသိထားလျက်နှင့် ငါးဇောကြောင့် သူသတိတစ်ချက် လွတ်သွားချိန်မှာ ရှသွားခြင်းဖြစ်သည်။

“ အီးး..ဟီးး.. သွေးတွေ အများကြီးပဲ ”

မရပ်မနားထွက်လာသော သွေးများကို မြင်သဖြင့် သားငယ် ငိုလေတော့သည်။ နာကျင်မှု ခဏမေ့ကာ

“ သား.. မငိုနဲ့ သေးသေးလေး ရှတာကွ ဘာမှမဖြစ်ဘူး ခဏနေရင် ကောင်းသွားမှာ ”

သားငယ်က ခြေထောက်ကို ကိုင်ကြည့်ကာ ဆက်တိုက်ထွက်နေသော သွေးများကို ကြည့်ပြီး အငိုမတိတ်တော့။ သူပုဆိုးအောက်နား ပါတ်လည်ကို ဆွဲဖြဲကာ ပါတ်တီးအဖြစ် ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်းလိုက်သည်။ သွေးထွက်လျော့သွားပေမယ့် နာကျင်မှုက ပို၍ပို၍ တိုးလာသည်။ ဒဏ်ရာက ကြီးသည့်အပြင် ရှရာကလည်း နက်မည်ထင်သည်။ ခြေဖျားထောက်ကာ လျှောက်ရင်း ကိုင်းတံအသေးကို သိမ်းလိုက်သည်။ ငါးအသေးလေးများ ထည့်ထားသော အိတ်ကို ဟကြည့်လိုက်သည်။ သိပ်တော့မနဲလှ။ ကြော်လိုက်လျင်တော့ မိသားစု စားလောက်နိင်မည်။ ဒီညအတွက် ဟင်းတနှပ်စာရသဖြင့် သူ အနည်းငယ် စိတ်အေးသွားသည်။

“ အရမ်းနာနေလား ဖေဖေ ”
“ မနာပါဘူးသားရယ် ”

သူ့ခြေထောက်ကို ငုံ့ငုံ့ကြည့်ရင်း သားရဲ့ မျက်နာ နွမ်းနွမ်းလေး ဖြစ်နေ၏။  သူ့လက်ကို တင်းတင်းဆုပ်ကိုင် ထားသော သားရဲ့လက်လေး အေးစက်နေသည်။ သူနာကျင်နေမည် ထင်ပြီး သူ့မျက်နာကို ခဏခဏ မော့ကြည့်နေသော သားမျက်ဝန်းသည် မျက်ရည်စက်များကြောင့် ရွှန်းလဲ့နေ၏။ သားငယ် စိတ်မကောင်းဖြစ်မှာစိုး၍ ခြေဖဝါးမှ တစစ်စစ်ကိုက်လာသော ဒဏ်ကို အားတင်းကာ ခြေဖျားထောက်ပြီး လျှောက်လာခဲ့သည်။ တကယ်တော့ သူနာကျင်နေပါသည်။ ၅ လက်မခန့် ပြတ်ရှဒဏ်ရာမှ နာကျင်ခြင်းထက်ပိုသော နာကျင်မှုသည် ရင်ထဲမှာ ဖြစ်ပေါ်နေ၏။ သားငယ်ရဲ့ အားငယ်နေရခြင်းကို သူကောင်းစွာ မနှစ်သိမ့်နိင်သော ဖခင်တစ်ယောက်ရဲ့ အဖြစ်သည် သူ့အတွက် ခြေထောက်က ဒဏ်ရာထက်ပို၍ အနာကျင်ရဆုံး ဖြစ်သည်။

မှောင်ရီပျိုးနေသော မြေလမ်းလေးထက်တွင် ကလေးငယ်တစ်ယောက်ကို လက်ဆွဲပြီး ငါးမျှားတံ ပုခုံးပေါ်ထမ်းထားသော လူတစ်ယောက် တရွေ့ရွေ့ဖြင့် လျှောက်နေသည်။ လှုပ်ရမ်းနေသော အိတ်ထဲတွင်တော့ မျှော်လင့်ခြင်းများဖြင့် လဲယူထားရသော ငါးကလေးများရှိနေ၏။ ထို့ပြင် ခြေဖဝါးမှ တစ်စက်စက်ကျကျန်ရစ်သော သွေးစက်အချို့သည်လည်း မြေလမ်းလေးထက်တွင် တစ်စက်ခြင်း ကျကာ ကျန်နေခဲ့၏။ ကလေးငယ်ကတော့ သူ့အဖေ၏ ခြေထောက်က ဒဏ်ရာနှင့် မျက်နာက နာကျင်ဟန်ကို တစ်လှည့်စီ မော့ကြည့်နေလေသည်။

Wednesday, December 1, 2010

အဖေ

အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များကြောင့် မကြာခင် မိုးရွာနိင်သည်ဟု ခန့်မှန်းလိုက်မိသည်။ နေ့လည်ခင်း ကတည်းက တူးထားသော တီကောင်ဗူး ကို လွယ်အိတ်ထဲ ထည့်နေချိန် သားအငယ်တွေ့မြင်သွားသည်။

“ဖေဖေ သားလည်းလိုက်ခဲ့မယ်”
“မိုးရွာလိမ့်မယ်သားရဲ့ အိမ်မှာပဲ ဆော့ရင်း နေခဲ့နော်”
“သားလိုက်ချင်တယ်ဖေဖေ”

ငိုမဲ့မဲ့ မျက်နာဖြင့် ပြောလိုက်သော သားငယ်ရဲ့ ဟန်ပန်ကြောင့် သူဆက်ပြီး မတားမြစ်ချင်တော့ပေ။

“ကဲ ဒါဆိုလည်း လိုက်တော်မူပါဗျာ”

သားငယ်ရဲ့ အလိုပြည့်သွားသဖြင့် ပြုံးရွှင်သွားသော မျက်နာသည် သူအမြဲမြင်ချင်သော မြင်ကွင်းသာ ဖြစ်သည်။
သားသမီးများနှင့် ပါတ်သတ်လျင် အလွယ်တကူ အလိုလိုက်မိတတ်သည်မှာ သူ့ရဲ့ အားနည်းချက်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း သားသမီးများသည် သူ့ကိုသာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပူဆာလေ့ရှိသည်။ တစ်ခုခု ပူဆာတိုင်းလည်း မဖြည့်ဆည်းပေးနိင်မချင်း သူစိတ်ထဲမှာ မည်သို့ ဖြည့်ဆည်းပေးရမလဲဆိုပြီး အချိန်တိုင်း အမြဲတွေး နေတတ်ခဲ့သည်။

လိုအပ်သောပစ္စည်းများကို လွယ်အိတ်ထဲ ထည့်နေချိန် သားငယ်က သူကျန်ခဲ့မှာ စိုးရိမ်နေသည် ထင်၏ အနားကမခွာတော့ပေ။ သားငယ်အတွက် မိုးကာ တစ်ထည်ကိုပါ ထည့်လိုက်သည်။ ကွမ်းရွက်၊ ထုံးနှင့်ဗမာဆေး တို့ထည့်ထားသော အထုပ်ထည့်ပြီးချိန်တွင် လိုအပ်သော ပစ္စည်းများ စုံသွားလေပြီ။ ဂေါက်ထီးအနက်ရောင်ကို လက်တစ်ဖက်က ကိုင်ကာ သားငယ်ကို လက်တွဲရင်း အိမ်က ထွက်လာခဲ့သည်။

ကတ္တီရာ လမ်းမကြီးအတိုင်း လျှောက်လာရင်း ရပ်ကွက်အဆုံးတွင် လမ်းဘေးကို ဖဲ့ဆင်းလိုက်သည်။ သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံရဲ့ ရေကန်ကြီးတွေ ရှိသော လမ်းသွယ်ဘက်ကို ချိုးဝင်ကာ တဲအိမ်တို့ရဲ့ အရှေ့မှ မြေလမ်းလေး အတိုင်း လျှောက်ဝင်လာခဲ့သည်။ ထိုလမ်းသွယ်ထဲတွင် မောင်ထွန်း၏ အိမ်ရှိသည်။ မောင်ထွန်းတို့ အိမ်ရှေ့အရောက်တွင် အသံပြုလိုက်သည်။

“မောင်ထွန်းရေ မောင်ထွန်း”

ခဏအကြာတွင် အိမ်အတွင်းပိုင်းမှ မောင်ထွန်းထွက်လာသည်။

“ဆရာပါလား ငါးသွားမျှား မလို့လား”
“အေးကွ ပျင်းတာနဲ့ ထွက်လာတာ”
“ထိုင်အုံးမလား ဆရာ”
“မထိုင်တော့ပါဘူး ငါးမျှားတံတွေ ဝင်ယူတာ”
“ဟုတ်ကဲ့ဆရာ ကျနော် သွားယူပေးမယ်”

မောင်ထွန်း အိမ်အတွင်းပိုင်း ပြန်ဝင်သွားပြီး ခဏအကြာတွင် တာလပါတ်စကို အိတ်ချုပ်ကာ ထည့်ထားသော ငါးမျှားတံများ ယူလာပေးသည်။ မောင်ထွန်းရဲ့ အိမ်သည် ကတ္တီရာလမ်းမ မှချိုးဝင်ကာစနေရာတွင် ရှိသည့်အပြင် ရေကန်တွေဆီ သွားသည့်လမ်းပေါ်တွင် ရှိသဖြင့် ငါးမျှားတံများကို မောင်းထွန်းရဲ့ အိမ်တွင်သာ အပ်ထားလေ့ ရှိ၏။ ထို့ကြောင့် ယခု ဝင်ယူခြင်းဖြစ်သည်။ မောင်ထွန်းမှ သားငယ်ရဲ့ ပါး ကို လိမ်ဆွဲရင်း

“ငါ့ကောင်ကြီးရော ငါးလိုက်မျှားတာလားကွ”
“ဟုတ်ဘူး သားက ဖေဖေ့ကို ငါးလိုက်သယ်ပေးတာ”

သားငယ်ရဲ့ အဖြေစကားကြောင့် ရယ်ကြရသည်။

“ဆရာ့သားကတော့ အားကိုးရပြီးပဲဗျ”

မောင်ထွန်းစကားကြောင့် သူပြုံးလိုက်မိသည်။

“ကဲ သွားပြီဟေ့ ညနေမှပဲ အပြန်ဝင်ထားတော့မယ်”
“ဟုတ်ကဲ့ဆရာ”

ငါးမျှားတံအိတ်ကို ပုခုံးပေါ်ထမ်းရင် ထွက်လာခဲ့သည်။ တကယ်တော့ မောင်ထွန်းကို ပြောခဲ့သလို အပျင်းပြေ ငါးမျှားထွက်လာခြင်းမဟုတ်။ ဒီရက်ပိုင်းတွင် ငွေဝင်ဖို့ အလုပ်တခုခု မလုပ်နိင်သည့်အတွက် ဟင်းစားရလို ရငြား ထွက်လာခြင်းဖြစ်သည်။ ငွေဝင်နိင်သည့် အလုပ်တခုခု ရှာမရချိန်တိုင်း အိမ်အတွက် တစ်ဖက်တလမ်းက အဆင်ပြေစေရန် ငါးလာမျှားလေ့ရှိ၏။ သူက မိသားစုကို ပုခုံးနဲ့ရော ခေါင်းနဲ့ပါ  ဘဝတလျှောက်လုံး ထမ်းရွက်ပြီး ရှာဖွေ ကျွေးမွေးခဲ့သူ ဖြစ်သည်။ ကလေးတွေ ငယ်စဉ်တုန်းကတော့ သူအဆင်ပြေခဲ့ဖူးသည်။ သန်လျင်မြို့တွင် သူ့လ္ဘက်ရည်ဆိုင် အအောင်မြင်ဆုံး အရောင်းရဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်ကတော့ တပည့်တပန်းများလည်း စည်စည်ကားကားပေါ့။ မောင်ထွန်းက သူ့ဆိုင်ရဲ့ နံပြားဖုတ်သမား ဖြစ်ခဲ့သည်။

သို့သော် အကြောင်းကြောင်းတွေ တိုက်ဆိုင်ပြီး သူ့ဆိုင် ယိုင်သထက်ယိုင်လာသည်။ တစ်နေ့တာ စာရင်းကိုလည်း သူမစစ်ချင်။ အဖမဲ့သားအဖြစ် အချိန်ကြာစွာ သူတစ်ယောက်ထဲ ကြီးပြင်းလာပြီးမှ ရလာသော အမေတူ အဖေကွဲ မောင်နှမများကို သူချစ်သည်။ ရောင်းအားကျလာချိန်မှာ လူတစ်အုပ်တစ်မကြီးရဲ့ စားစရိတ်က သိသိသာသာ ဖိစီးလာသော်လည်း သူအပြုံးမပျက်အောင် ဟန်ဆောင်ထားခဲ့သည်။ တစ်ရွေ့ရွေ့နဲ့ ရောင်းအားကျလာပြီး နောက်ဆုံး သူဆိုင်ပိတ်လိုက်ရတော့သည်။

သို့သော် သူမမှုခဲ့။ ကြုံရာအလုပ်ကို ရှာဖွေ လုပ်ကိုင်ကာ ဇနီးနှင့် သားသမီးများကို ဝမ်းဝစေခဲ့သည်။ ငယ်စဉ်ထဲက အဖေမဲ့သူ ဖြစ်ခဲ့ရတာ ကြောင့် သူ့သားသမီးများကို ဘာမဆို အလိုလိုက်ချင်စိတ် အမြဲ ရှိနေခဲ့သည်။ တခြားအလုပ်ရှာမရလို့ ငါးမျှားထွက်ခဲ့ ရပေမယ့် သူ့သားသမီးများ အားငယ်မှာ စိုးတာကြောင့် မောင်ထွန်းအိမ်တွင်သာ ငါးမျှားတံတွေ သိမ်းထားလေ့ရှိသည်။ အိမ်အထိ ပြန်မသယ်သွားပေ။ အရွယ်ရောက်နေသော သူ့သားသမီးများ ရှက်ရွံ့အားငယ်မှာကို မလိုလားပေ။ သဲလမ်းလေးအတိုင်း လျှောက်လာရင်း မုန့်ဆိုင်လေးကို မြင်သဖြင့် သားငယ်က သူ့ကိုမော့ကြည့်သည်။

“ သားဘာစားချင်လို့လဲ ”

သူ့အမေးကြောင့် သားငယ် မျက်လုံးလေး အရောင်လက်သွားသည်။

“ဇီးထုပ် စားမယ် ဖေဖေ”
“ အင်း.. ဒါဆို.. သားစားချင်တဲ့ ဇီးထုပ်ရွေးပေတော့ ”

သားငယ်လက်ကို ဆွဲရင်း အိမ်ဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ သားငယ်ကတော့ သူစားချင်သော ဇီးထုပ်များ ရွေးနေချိန် သူက ဆေးပေါ့လိပ် ၃ လိပ်ကို သေသေချာချာ ရွေးလိုက်သည်။ ငါးမျှားရင်း ဆေးလိပ်လေး ဖွာရသည်မှာ စိတ်ကူးအသစ်လေးတွေ ထွက်လာသလို နောက်တစ်နေ့အတွက် ဘယ်လို ငွေရပေါက် ရလမ်းများ ရှိလာနိင်မှာကို တွေးလို့ကောင်းသည်။ အချိန်တိုင်း နာရီတိုင်း မိသားစု စားဝတ်နေရေးအတွက် သူအမြဲ တွေးနေရသည်။

သူ့လက်ကို ဆွဲကိုင်းရင်း ဝယ်လာသော ဇီးထုပ်လေးကိုကြည့်ကာ သားငယ် ရွှင်မြူးနေသည်။

“ ဖေဖေ ဖောက်ပေးရမလား ”
“ ဟိုရောက်မှ စားမယ် ”
“ အေး..အေး ”

မကြာခင်မှာပဲ ရေကန်ကြီးဆီ ရောက်လာသဖြင့် ကန်စောင်းတစ်နေရာတွင် နေရာယူလိုက်သည်။ ဒီကန်မှာက နှစ်ချို့ငါးတွေ ရှိသည်။ ရေကန်တွေကလည်း အင်္ဂလိပ်ခေတ်ထဲက တူးထားသည့် ကန်တွေ ဖြစ်တာကြောင့် ဒိုက်များ ကြာပင်များဖြင့် ကန်ရေပြင်က စိမ်းမှောင်နေသည်။ လွယ်အိတ်ထဲ ထည့်လာသည့် ပလပ်စတစ် အခင်းလေးကို ခင်းကာ တုတ်တိုတစ်ချောင်း စိုက်ပြီး ထီးကို ချည်ထားလိုက်သည် သားငယ်ကတော့ ထီးရိပ်ထဲထိုင်ကာ သူ့ဇီးထုပ်ကို စဖောက်နေပြီ။

လွယ်အိတ်ထဲမှ တီကောင်ဗူးကို ထုတ်ပြီး ငါးမျှားချိတ်တွင် တီတစ်ပိုင်း တပ်လိုက်သည်။ အချိန်မရတာကြောင့် ပိုးဟပ်တော့ သူမဖမ်းနိင်ခဲ့။ ပိုးဟပ်နှင့် မျှားလျင်တော့ ငါးဖယ် တွေ အကြိုက်ဖြစ်သည်။ တီကောင်ကိုတော့ ငါးတော်တော်များများ ကြိုက်သည်။ အဓိကက တီလားဗီးယား ငါးတွေ နှစ်သက်ကြ၏။ ဒီကန်ထဲမှာ တီလားဗီးယား နှစ်ချို့ငါးတွေ ရှိသည်။ တော်ရုံလူ လာမမျှားတာကြောင့် ငါးတွေက ပွားများနေသည်။ သို့သော် ကန်က ကျယ်လွန်းတာကြောင့် အချိန်မြန်မြန်နှင့်တော့ သူငါးရဖို့ မသေချာ။

အိတ်ထဲမှ နောက်ထပ် ငါးမျှားတံ အသေးတစ်ချောင်း ထပ်ထုတ်ကာ ငါးစာတပ်လိုက်သည်။ ဒီအသေးကတော့ ငါးဖျင်းသလပ်များ ငါးပဲဖြူများလို ငါအသေးလေးတွေ အတွက်ဖြစ်သည်။ ထိုငါးလေးတွေကို ကြော်စားလျင်လည်း ဟင်းတခွက်ပဲ မဟုတ်လား။ ငါးမျှားတံ ထိပ်ဖျားဖြင့် ရေထဲမှ ဒိုက်နှင့် ကြာဖက် အနည်းငယ်ကို ဖယ်လိုက်သည်။ ကွက်လပ်ဖြစ်သွားသော ထိုနေရာကို ငါးမျှားကြိုး ချလိုက်သည်။ ငါးမျှားတံ အရင်းကိုတော့ သူ့ဘေးနားက မြေကြီးတွင် စိုက်ကာ ရေပေါ် ပေါ်နေသော ဖော့တံလေးကို ကြည့်နေလိုက်သည်။ မကြာမကြာ လိုက်လာဖူးသည့် သားငယ်ကလည်း ဖော့တံများကို ဝိုင်းကြည့်နေသည်။ အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ပြီး တစ်ယာ ယာ စားလိုက်သည်။

“ဖေဖေ ဇီးထုပ်စားမလား ”
“ ကွမ်းစားနေပြီကွ မစားတော့ဘူး ”

ကွမ်းနှစ်ယာနှင့် ဆေးလိပ်တစ်လိပ် ကုန်ပြီးချိန်အထိ ကိုင်းတံအသေးမှ ငါးအသေးလေးများသာ ရသေးသည်။ ခုထိ ငါးအကြီး တစ်ကောင်မှ မမိသေး။ သားငယ်ကတော့ သူ့ပေါင်ကို ခေါင်းအုံးကာ အိပ်ပျော်နေပြီ။ ငါးမျှားလိုက်လာတိုင်းလည်း ခဏလောက်ပဲ သားငယ်က နေနိင်သည် ကြာလာတော့ ပျင်းရိတာကြောင့်နဲ့ တူသည် အရိပ်ထဲတွင် အိပ်သွားတတ်သည်မှာ ညနေပြန်ခါနီး နှိုးမှ ထလာမြဲ ဖြစ်၏။ ခုတော့ မိုးစက်များ ကျလာတာကြောင့် သားငယ်ကို နှိုးကာ မိုးကာ ဝတ်ပေးလိုက်သည်။

မိုးစိုသော်လည်း ငါးမျှားနေချိန် မိုးရွာလာလျင် သူကျေနပ်သည်။ မိုးသံ မိုးနံ့ ကြောင့် ငါးများ ကမ်းစပ်ကို ရောက်လာတတ်၏။ ဒီအချိန်က ငါးမျှား၍ အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးက တဖြည်းဖြည်း သဲလာသည့်အတွက်သားငယ်ကို ထီးအောက်တွင် လုံလုံခြုံခြုံ ထားလိုက်ရတာကြောင့် သူ့ကိုယ်တစ်ခြမ်း ရွဲရွဲဆိုလာသော် သူ့မျက်လုံးကို ဖော့တံမှ မဖယ်ရှားဝံ့ စူးစိုက်ပြီး ကြည့်နေရသည်။

ကိုင်းတံကို ရုတ်ခနဲ အသုတ်မှာ ငါးတစ်ကောင်ပါလာတိုင်း သူ့သားရဲ့ ပျော်ရွှင်စွာ ဟေးခနဲ အော်သံသည် သူ့အပေါ်ထားသည့် ယုံကြည်ကိုးစားမှု ပဲဖြစ်သည်။ သားငယ်ပါလာသည့်နေ့တိုင်း အရင်ထက် သူ ငါးပိုရချင်သည်။ သားသမီးတွေအတွက် ဘာမှ မလုပ်ပေးနိင်ရင်တောင် ယုံကြည်အားကိုမှုတော့ သူပေးနိင်ချင်သည်။ ထို့ခံစားချက်ကြောင့် ငါးမျှားတံကို စူးစူးစိုက်စိုက်ကြည့်နေရသည်။

မိုးရေစက်များကြောင့် ကိုင်းတံတွေကို လက်ထဲသို့ ပြောင်းကိုင်ထားလိုက်သည်။ ထို့မှ ငါးတွတ်လျင် သူချက်ချင်းသိနိင်မည်။ သည်းသည်းထန်ထန် မိုးရွာသွန်းနေတာကြောင့် ငါးများမြူးကာ ကန်ထဲတွင် ဟိုမှာ ဒီမှာ ထခုန်နေကြသည်။ သို့သော် သူ့ကိုင်းတံကိုတော့ လာမဆွဲကြသေး။ ကမ်းစပ်ကို ကပ်လာသော ငါးသေးသေးလေးများသာ တစ်ကောင်ပြီး တစ်ကောင်ရနေခဲ့သည်။ သားငယ်ကတော့ အကြီးအသေး မခွဲဘဲ ငါးတစ်ကောင် ရတိုင်း ပျော်ရွှင်နေသဖြင့် အသေးတွေပဲ ရသော်လည်း သူကျေနပ်ရသည်။ မိုးရွာနေသဖြင့် ညနေခင်းသည် စောစီးစွာ မှောင်စ ပြုနေပြီ။

ထိုအချိန်တွင် ကိုင်ထားသော ကိုင်းတံ အကြီးမှ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားမှုကို ခံစားရသဖြင့် သူ အသက်ကိုမျှင်းရှူကာ အာရုံစိုက်နေလိုက်သည်။ ငါးတော့သေချာသည်။ သို့သော် သွေးတိုးစမ်း နေသေးဟန်တူသည်။ လာမဟပ်သေး။ စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။ ဒီလိုအချိန်မှာ စိတ်ရှည်မှ ဖြစ်မှာကို သူသိသည်။ သူ့ဘက်က မလှုပ်ဘဲ ငြိမ်နေလိုက်တာကြောင့် ရေထဲမှ ငါးက ငါးစာကို သဘာဝအစာ မှတ်ကာ ဆွဲဟပ်လိုက်သည်။ တင်းခနဲဖြစ်သွားသော ငါးမျှားကြိုးကြောင့် ဒီငါး အကောင်ကြီးနိင်သည်ကို တွက်မိသည်။

ငါးမျှားချိတ် ချိတ်မိသွားသဖြင့် ငါးက အတင်းရုန်းကန်နေသည်။ ငါးမောအောင် သူအလိုက်သင့် လျှော့ပေးမှ ဖြစ်မည်။ သူဆွဲကိုယ်ဆွဲ ဆိုလျင် ကြိုးပြတ်သွားနိင်သည်။ သို့သော် သူ့ ကိုင်းတံက သာမန်ဝါးချောင်းသာ ဖြစ်တာကြောင့် ကြိုးကို အလျော့အတင်း လုပ်၍မရ။ ထို့ကြောင့် သူ ထိုင်ရာမှ ခပ်မြန်မြန်ထကာ ကိုင်းတံကို ကိုင်ထားရင်း ရှေ့သို့ လိုက်တိုးပေးရသည်။ ငါးကလည်း နောက်ကို လှည့်ကာ အားအင်ကုန်သုံး၍ ရုန်းကန်နေ၏။ ဒီငါးမိဖို့ အရေးကြီးသည်။ အကောင်ကြီးနိင်တာကြောင့် အိမ်ပြန်မျက်နာပန်းလှသလို ဟင်းစား တစ်နှပ် နှစ်နှပ်စာလောက် လည်း ဖူလုံသွားနိင်သည်။

“ ဖေဖေ ငါးကြီးမိပြီကွ... ဟေးး ဖေဖေငါးကြီးမိပြီ ”

ကန်စပ်အထိသူဆင်းသွားတာကြောင့် သားငယ်က သဘောပေါက်ပြီး ပျော်ရွှင်နေ၏။ သားငယ်၏ ဝမ်းသာ တက်ကြွသံ ကြားသဖြင့် ဒီငါးကို မရ ရအောင် ဖမ်းရတော့မည်ဆိုတာ သူ သဘောပေါက်သည်။ ငါးကလည်း သေဘေးကြောင့် အတင်းရုန်းကန်နေသည်။ ကြိုးပြတ်သွားမှာ စိုးတာကြောင့် ငါးခေါ်ရာ နောက်ကို သူလိုက်နေရသည်မှာ ရေထဲသို့ ဒူးတဝက်ပင် မြုပ်နေပြီ။ သူ့အာရုံတစ်ခုလုံး ဒီငါးရဖို့ပဲ အာရုံစိုက်ထားသည်။ ဒါဟာ ငါးတကောင်ထက် ပိုသည်။ သူ့သားရဲ့ ယုံကြည်မျှော်လင့်ချက်ကို အပျက်စီးမခံနိင်။ အကောင်ကြီးသည့် ငါးဖြစ်တာကြောင့် ခုထိ မမောသေးတာ ဖြစ်မည်။

သူစိတ်ရှည်ရှည်ပဲ ရေကန်ထဲမှာ ရှေ့တိုးရင်း ငါးဆွဲရာ နောက်ကို လိုက်နေသည်။ မကြာခင်မှာ ဒီငါး ရုန်းရတာ မောသွားမည် မဟုတ်လား။ ထိုအချိန်ရောက်မှ တဖြည်းဖြည်း ဆွဲတင်လိုက်ရင် ထိုငါးကြီး ကုန်းပေါ်ရောက်လာမည်။ ရေအနက်က သူ့ပေါင်ရင်းလောက် အထိ ရောက်နေသော်လည်း ငါးက ရုန်းကန်နေတုန်းပဲ ဖြစ်သည်။ စွန့်စားသည့် အနေနဲ့ သူကြိုးနဲနဲ ပြန်ဆွဲရမည်။ မဟုတ်လျင် သူပါ ရေထဲ မြုပ်သွားနိင်သည်။ ကိုင်းတံကို မလျော့မတင်းဆုပ်ကိုင်ကာ သူ့ဘက်ကို ပြန်ဆွဲလိုက်သည်။

ငါးမောသွားပြီ ထင်သည်။ သူပြန်ဆွဲခေါ်ရာ လိုက်လာသည်။ ထိုအချိန်မှာပဲ ငါးက ဖြုန်းခနဲ အတင်းရုန်းကာ လှည့်ပြေးသည်။ သူ့ဘက်ကို အဆွဲနှင့် ငါးရဲ့ ရုန်းကန်မှုကြောင့် သူ့လက်ထဲက ကိုင်းတံ တင်းခနဲဖြစ်သွားသဖြင့် ကိုင်းတံကို လွှတ်ပေးလိုက်မိသည်။ ထို့နောက် လွတ်သွားသော ကိုင်းတံကို လှမ်းဆွဲဖို့ ရှေ့ကို အလောတကြီး တိုးလိုက်စဉ် သူ့ခြေဖဝါးတွင် ပူခနဲ ဖြစ်သွားသည်။ အကောင်တခုခု ကိုက်တာလား တခုခုစူးမိတာလား မသိပေမယ့် သူ့ခြေဖဝါးတွင် နာကျင်သွားသည်။

သို့သော် ဘာဖြစ်တာလဲဆိုသည်ကို လောလောဆယ် သတိမထားနိင် လွတ်ထွက်သွားသော ကိုင်းတံကိုသာ ရအောင် လှမ်းဆွဲလိုက်သည်။ ကိုင်းတံက သူ့လက်ထဲကို ပေါ့ပါးစွာ ပါလာသည်။ သူ့ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ ကိုင်းတံကို တဖြည်းဖြည်း ဆွဲမလိုက်သည်။  ငါးမျှားကြိုးပြတ်စလေးက လေထဲတွင် တန်းလန်းလွှဲနေသည်။ ငါးတစ်ကောင်နှင့် အားပြိုင်မှုတွင် သူရှုံးသွားခဲ့ရပြီ။

သူ့မျက်နာကို ခပ်ပြုံးပြုံးလုပ်ကာ သားငယ်ဘက်လှည့်လိုက်သည်။

“ ကြိုးပြတ်သွားတယ် သားရဲ့ နောက်တကောင် ထပ်ဖမ်းမယ်ကွာ ဒီတခါ ပိုကြီးတာ ဖမ်းပေးမယ်။”

သားငယ်ကို အာရုံပြောင်းစေရန် ပြောပြီး သူကမ်းပေါ်တက်လာသည်။ သားငယ်ကတော့ ငါးမျှားကြိုးပြတ်စ လေးကိုသာ ကြည့်နေ၏။ မြေကြီးပေါ် ခြေအချမှာပဲ သူ့ခြေထောက် မခံနိင်အောင် နာကျင်သွားသဖြင့် ငုံ့ကြည့် လိုက်သည့်အခါ ညာဘက်ခြေဖဝါးမှ သွေးများ ထွက်နေသည်ကို တွေ့လိုက်၏။ မြေပြင်ပေါ်ထိုင်ပြီး ခြေဖဝါးကို မ ကြည့်မှ ခြေဖဝါးတွင် ၅ လက်မခန့် ပြတ်ရှရာကြီးကို တွေ့ရသည်။ ရွာနေသော မိုးနှင့်အပြိုင် သွေးများကတော့ ဒလဟော ထွက်လာ၏။

“ ဖေဖေ သွေးတွေ... ဖေဖေ ဘာဖြစ်တာလဲ ”

သားငယ်က ပြောရင်း သူ့အနားကို ရောက်လာသည်။ မခံမရပ်နိင်အောင် နာကျင်လာသဖြင့် ဒဏ်ရာ ဘေးနားကို ခပ်တင်းတင်း ဖိထားလိုက်၏။ သွေးများက မနားတမ်း ထွက်နေခဲ့သည်။ ရေကန်ထဲမှ သံပြားပြတ်စ တခုခုကို နင်းမိခဲ့တာ ဖြစ်မည်။

“ အီးး..ဟီးး.. သွေးတွေ အများကြီးပဲ ”

မရပ်မနားထွက်လာသော သွေးများကို မြင်သဖြင့် သားငယ် ငိုလေတော့သည်။ နာကျင်မှု ခဏမေ့ကာ

“ သား.. မငိုနဲ့ သေးသေးလေး ရှတာကွ ဘာမှမဖြစ်ဘူး ခဏနေရင် ကောင်းသွားမှာ ”

သားငယ်က ခြေထောက်ကို ကိုင်ကြည့်ကာ ဆက်တိုက်ထွက်နေသော သွေးများကို ကြည့်ပြီး အငိုမတိတ်တော့။ သူပုဆိုးအောက်နား ပါတ်လည်ကို ဆွဲဖြဲကာ ပါတ်တီးအဖြစ် ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်းလိုက်သည်။ သွေးထွက်လျော့သွားပေမယ့် နာကျင်မှုက ပို၍ပို၍ တိုးလာသည်။ ဒဏ်ရာက ကြီးသည့်အပြင် ရှရာကလည်း နက်မည်ထင်သည်။ ခြေဖျားထောက်ကာ လျှောက်ရင်း ကိုင်းတံအသေးကို သိမ်းလိုက်သည်။ ငါးအသေးလေးများ ထည့်ထားသော အိတ်ကို ဟကြည့်လိုက်သည်။ သိပ်တော့မနဲလှ။ ကြော်လိုက်လျင်တော့ မိသားစု စားလောက်နိင်မည်။ ဒီညအတွက် ဟင်းတနှပ်စာရသဖြင့် သူ အနည်းငယ် စိတ်အေးသွားသည်။

“ အရမ်းနာနေလား ဖေဖေ ”
“ မနာပါဘူးသားရယ် ”

သူ့ခြေထောက်ကို ငုံ့ငုံ့ကြည့်ရင်း သားရဲ့ မျက်နာ နွမ်းနွမ်းလေး ဖြစ်နေရသည်ကို စိတ်မကောင်း ဖြစ်လွန်းလှသည်။  သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသော သားရဲ့လက်လေး အေးစက်နေသည်။ သူနာကျင်နေမည် ထင်ပြီး သူ့မျက်နာကို ခဏခဏ မော့ကြည့်နေသော သားမျက်ဝန်းသည် မျက်ရည်စက် များကြောင့် ရွှန်းလဲ့နေ၏။ သားငယ် စိတ်မကောင်းဖြစ်မှာစိုး၍  ခြေဖဝါးမှ တစစ်စစ်ကိုက်လာသော ဒဏ်ကို အားတင်းကာ ခြေဖျားထောက်ပြီး အိမ်ပြန်လာခဲ့သည်။ ခြေတလှမ်း အကြွအချတိုင်း သူ အသံမထွက်အောင် တင်းထားရသည်။ သူ့ဒဏ်ရာကို မြင်သဖြင့် မောင်ထွန်း ဆိုက်ကားငှားကာ သူ့အိမ်အထိ လိုက်ပို့ပေးသဖြင့် အနည်းငယ် သက်သာသွားရသည်။

ဒဏ်ရာကြီးကို မြင်သဖြင့် တစ်အိမ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။

“  ဆေးခန်းသွားမယ် ”

သူ့ဇနီးက စိုးရိမ်တကြီးဖြစ်ကာ ဆေးခန်းသွားပြရန် ပြောသည်။ ဆေးခန်းတော့ သွား၍မဖြစ်။ နောက်ရက်တွေ ဝင်ငွေ မရှိလျင် ဒုက္ခပိုများနိင်တာကြောင့် ဆေးခန်းသွား၍ မဖြစ်။

“ မလိုဘူး.. ငါပြောသလိုသာ လုပ်ပေး။ ကြက်သွန်နီတစ်လုံးကို သကြားနဲ့ ရောထောင်းပြီး အုံထားရင် ရပြီ”

သူ့လိုပဲ တွေးမိတာကြောင့်ထင်သည်။ ဇနီးဖြစ်သူ သက်ပြင်းတစ်ချက်ချကာ သကြားနှင့်ကြက်သွန်နီ ကို ရောထောင်းနေ၏။ တော်ရုံထိခိုက်ရှနာ မှန်သမျှ သူဒီလိုသာ ကုခဲ့သည်။

“ ဆေးထည့်ရအောင် ”

ဇနီးဖြစ်သူ သူ့အနားတွင် ထိုင်ကာ ခြေထောက်ကို ဆွဲယူရင်း ဒဏ်ရာကို ဆေးအုံပေးနေသည်။ ဒဏ်ရာနေရာမှ အေးခနဲဖြစ်ကာ အနည်းငယ် စပ်သွားရသည်။ ဆေးအုံပေးပြီးနောက် ပါတ်တီးကို ခပ်တင်းတင်းစည်းပေးနေချိန် မှာပဲ သူစိတ်မကောင်းပြီး မျက်ရည်ဝဲသွားရသည်။ ဇနီးဖြစ်သူ သူ့ကို မော့အကြည့်မှာပဲ သူမျက်ရည်ဝဲနေသည်ကို မြင်သွားခဲ့သည်။

“ တော်တော် နာနေလို့လား ဟင် ”
“ ဟင်အင်း.. မနာပါဘူး ”
“ ဒါဖြင့်..”
“ ငါဒဏ်ရာ ရတော့ သားလေး အားငယ်သွားတာ တွေးပြီး စိတ်မကောင်းတာပါ ”
“ သြော် ”

သူ့ဇနီးထံမှ မည်သည့် အသံမျှ ထပ်မထွက်လာတော့။ ကိုယ်စီကိုယ်စီ ကြိတ်ကာ သက်ပြင်းချလိုက် မိတော့သည်။

။..........................................................................။

Sunday, November 28, 2010

တစ်ကားပေါင်း မိုးအလင်း

ရှိရင်းစွဲထက် ပို၍ အိုမင်းနေပုံရသော ညသည် အချိန်မတိုင်ခင် တိတ်ဆိတ်နေခြင်းကြောင့် ဖြစ်မည်။ မြို့ပြတခုအတွက် ည ၁၀ နာရီ အချိန်သည် တိတ်တဆိတ် ဖြစ်နေရမည့် အချိန်မဟုတ်သော်လည်း မှောင်မိုက်ခြင်း လွှမ်းခြုံထားသဖြင့် အရာရာသည် တိတ်ဆိတ်နေခဲ့သည်။ နောက်ကျောအောက်က ပူလောင်လာသည့် အတွက် ဘေးတစ်ဖက်စောင်းကာ လှည့်အိပ်လိုက်သော်လည်း တဒင်္ဂအတွင်း ပြန်ပူလာသဖြင့် အိပ်ယာထက်တွင် ကျွန်တော် အလူးအလိမ့်ဖြစ်နေ၏။ ညလေအေးဝင်ရောက်လာဖို့ကို မျှော်လင့်လို့ မရသည့် အတွက် ရေထချိုးရင် ကောင်းမလား တွေးနေမိသည်။

မီးပျက်နေသော ဒီလိုနွေညတိုင်းသည် ပူလောင်ခြင်းနှင့် မှောင်မိုက်ခြင်းကို ရောမွှေကာ လူတိုင်းအပေါ်ကို အပြည့်အဝ ဖြန့်ကျက်ထားသည်။ ပန်ကာလေး တစ်လုံးပင် ဖွင့်ခွင့်မရသဖြင့် ပူလောင်မှု ရဲ့ အရသာကို မချိမဆန့် ခံနေရ၏။ လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းက မြို့ပြရဲ့ တမ်းချင်း တစ်ခု ဖြစ်သည့် လျှပ်စစ်မီး ပြန်လာဖို့ပါပဲ။ ဒီအချိန် မီး ပြန်လာလျှင်သိပ်ကောင်းမည်။ အနည်းဆုံး ပန်ကာ တစ်လုံး ဖွင့်နိင်လောက်ရုံ ပမာဏလောက် ဖြစ်ဖြစ် ပြန်လာလျှင် အဆင်ပြေပြီ။ အတ္တနှင့်ယှဉ်သော ကိုယ့်အတွေးကိုယ် သဘောကျ သွားသဖြင့် ပြုံးလိုက်မိသည်။

တောင့်တနေချိန်မှာပဲ အခန်းထဲတွင် လင်းခနဲ ဖြစ်သွားသည်။ မီး ပြန်လာပြီးနောက် ဟေး ခနဲ အော်သံတွေကိုပါ တပြိုင်ထဲ ကြားလိုက်သည်။ မြန်မာနိင်ငံတွင် ဘာသာမတူသူများ ၊အသားအရောင် မတူညီသူများ ၊ စိတ်အတွေး မတူညီသူများအားလုံးကို တစုတစည်းထဲ တညီတညွတ်ထဲ တစ်သံတည်း ထွက်စေနိင်သော အချိန်မှာ မြန်မာဘောလုံးအသင်း ဂိုးသွင်းချိန်နှင့် မီးပြန်လာ ချိန်သာရှိသည်။ နာရီကို ကြည့်မိတော့ ၁၀ နာရီခွဲ။ လျှပ်စစ်မီးကို အသုံးချပြီး တခုခု လုပ်ဖို့ရန်တော့ အချိန်နှောင်းနေပြီ။ မနက် ၆ နာရီတိုင်း ထ ရသော ကျွန်တော့် အတွက် အိပ်သင့်ချိန်ကို ကျော်လွန်နေခဲ့ပြီ။ ထို့ကြောင့် အခန်းမီးကို ထပိတ်ကာ ပန်ကာဖွင့်လိုက်ခြင်းဖြင့် အိပ်ဖို့ရန် ပြင်ဆင်ပြီး ဖြစ်သွားတော့သည်။

ထိုအချိန်မှာပဲ  ကျယ်လောင်သော အသံ တစ်ခုထွက်ပေါ်လာသည်။ နိင်ငံရေးဦးတည်ချက် လေးရပ် ဆိုသော ကြားနေကျ အသံ ဘေးကပ်ရပ်အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မီးပြန်လာခိုက် အချိန်ရတုန်းလေး ငှားထားသည့် အခွေ ဖွင့်ကြည့်ကြခြင်း ဖြစ်မည်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်တွင် အချိန်ကိုလည်း စနစ်တကျ စီမံခန့်ခွဲ ကြရတာပဲ မဟုတ်လား။ နောက်တနေ့ မီးလာဖို့ ဆိုသည်မှာ မသေချာသဖြင့် အချိန်အနည်းငယ် နောက်ကျနေသော်လည်း ယခုလို မီးလာချိန်တွင် ဖွင့်ကြည့်ကြခြင်းကို အပြစ်လို့တော့ ဆိုလို့မရနိင်ပါ။

သို့သော် အခွေဖွင့်စက်ကို စပီကာနှင့် တွဲထားသည့်အတွက် လိုအပ်သည်ထက် ပိုကျယ်နေသော အသံ ကြောင့် ကျွန်တော် အနည်းငယ် စိတ်ညစ်သွားသည်။ အသံလျော့ဖို့ လက်မအားကြတာများလား ဆိုပြီး စောင့်နေပေးသော်လည်း လူမှုရေး ဦးတည်ချက် လေးရပ် ရောက်သည်အထိ အသံက ကျယ်လောင်စွာ ထွက်ပေါ်နေတုန်းပဲ ဖြစ်သည်။

ထို့နောက်... ထို့နောက် မြန်မာ ဇာတ်လမ်းခွေတို့တွင် ပါဝင်သော အင်္ဂါရပ်များအတိုင်း ဦးတည်ချက် ၃ ခုပြီးသည့်နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ... ထို့နောက် ဇာတ်လမ်းအသစ် ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာသည်။ အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲပဲ ဖြစ်သည်။ တခုခုတော့ လွဲနေပြီ။ ကျွန်တော် တစ်ခု သတိရလိုက်သဖြင့် ခေါင်းနပန်း ထူပူသွားရသည်။ ဟာ...သွားပြီ။ ညနေက ကျွန်တော် အလုပ်မှ ပြန်လာချိန် ဘေးခန်းတွင်နေသော ကျော်သူရ ပြောတာ သတိရလိုက်သည်။

“ အကိုရေ.. ဦးလေး မနေ့ထဲက ဆေးရုံတင်ထားရတာ အဲဒါ ဒီည ကျွန်တော် လူနာစောင့် သွားအိပ်ပေးရမှာ ဆိုတော့ အိမ်ကို စောင့်ရှောက်ပေးထားပါနော် ” တဲ့။ တူဝရီး နှစ်ယောက်ထဲ နေသော အိမ်တွင် ယခုတော့ တစ်ယောက်မှ မရှိတော့။ ဗီဒီယိုကြည့်နေရင်း မီးပျက်ချိန်တွင် ပိတ်ဖို့ မေ့လျော့ခဲ့သော ဖွင့်လျက်သား စက်များသာ ချန်ထားခဲ့သည်။ သွားပြီ။ ဒီနေ့ညတော့ ကျွန်တော် ဒုက္ခရောက်ရပြီ။ မနက် ၆ နာရီထရမည့် ကျွန်တော်နဲ့ ဒီဇာတ်လမ်းခွေ နပန်းလုံးရတော့မည်။

စိတ်ညစ်ညူးမှုကြောင့် အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လိုက်သည်။ မိတ်ဆွေတို့လည်း တခါတလေ ပြောင်းလဲလို့ မရနိင်တဲ့ စိတ်ညစ်ဖွယ်ရာ အခြေအနေတွေကို ကြုံဖူးကြမှာပါ။ လည်စင်းခံ ပေးရသလို ထိုင်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးပေါ့။ အခုလည်း အဲဒီလိုပဲ။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားပေမယ့် ဘာမှ လုပ်လို့ မရနိင်တာ သိနေခဲ့ပြီ။ အဓိကက ဇာတ်လမ်းအခွေ မဟုတ်ဘူး။ စပီကာကနေ ကျယ်လောင်စွာ ထွက်နေတဲ့ အသံပါ။

ကျော်သူရ ဖွင့်ကြည့်ချိန်မှာ Remote ဖြင့်အသံတိုးထားနိင်ပေမယ့် မီးပြန်လာချိန် စက်ကို နောက်တကြိမ် ပြန်အပွင့်မှာ တင်ထားသလောက် ပမာဏ အတိုင်း အသံထွက်လာနေမှန်း လွယ်ကူစွာ တွက်လို့ရပါသည်။ ဘာလုပ်ရမှန်း မသိတော့သည့်အတွက် အိပ်ယာထက်က ဆင်းပြီး အခန်းထဲမှာ လမ်းလျှောက်နေမိသည်။ ကျွန်တော် တခုခုသာ မလုပ်နိင်ခဲ့ရင် မနက် ၆ နာရီကို ငုတ်တုတ် ထိုင်စောင့်နေရမည့် ကိန်း ဆိုက်နေပြီ။ ဒါပေမယ့် ကျွန်တော် ဘာမှ မလုပ်နိင်ခဲ့ပါ။ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ် ပြန်လှဲလိုက်သည်။

“ မင်းနဲ့ငါကြားမှာ ပါတ်သတ်စရာ ရှိသေးလို့လား ”
“ အဲဒီလို ရင့်ရင့်သီးသီးတော့ မပြောပါနဲ့ အကိုရယ် ”
“ ဒါ မင်းကို အညှာတာဆုံး ပြောတာ မင်းလုပ် ခဲ့သမျှတွေအတွက် ခွင့်လွှတ်ဖို့ရာ ဘာအကြောင်းမှမရှိဘူးကွ” “ မြ ပြောတာကို ဆုံးအောင် နားထောင်ပေးပါ အကိုရယ် ”

ဇာတ်လမ်းက အဖွင့်မှာထဲက အော်ကြီးဟစ်ကျယ် ဒေါသခန်းဖြင့်စသည်။ စိတ်က သတိထားမိတဲ့ အရာတွေဆို ပိုပြီး အနုစိတ်ကျကျ မြင်ယောင် ကြားယောင် တတ်သည့် သဘာဝအတိုင်းပဲ ဇာတ်လမ်းထဲမှ အော်သံတွေက ကျွန်တော့်နားထဲကို ဆူညံစွာ တိုးဝင်လာသည်။ ကျွန်တော် တော်တော်လေး စိတ်ဓါတ်ကျသွားရသည်။ သွားပြီ။ ဒီနေ့ညကတော့ ကြက်ခြေခတ်ထားရမည့် ည ပါပဲ။

နားထဲဝင်လာသော အသံတွေကို ဒေါသထွက်နေရင်းနဲ့ မင်းသမီးက ခိုင်သင်းကြည် အသံမှန်း မှတ်မိလိုက်သည်။ မင်းသားက ဘယ်သူပါလိမ့်..။ အို.. ဘာမင်းသားပဲ ဖြစ်ဖြစ်ကွာ။ လွတ်ထွက်သွားသော စိတ်ကို သတိထားမိလို့ စိတ်တိုသွားရသည်။ ဘရတ်ပစ် ပဲဖြစ်ဖြစ်....။ ဒီဇာတ်ကား မြန်မြန်ပြီးရင် ကျေနပ်ပြီ။ ယခုမှ စတင်တဲ့ ဇာတ်ကားကတော့ ပြီးဖို့ရန် အများကြီး လိုနေအုံးမည်။

မဟုတ်သေးဘူး။ လက်တွေ့ကျကျ တွက်မယ်ကွာ။ အခု ၁၁ နာရီရှိပြီ မြန်မာ ဇာတ်ကားတွေရဲ့ အစအဆုံး အချိန်က ဘယ်လောက်ပါလိမ့်။ လိုလိုမယ်မယ် ၂ နာရီ ခွဲလောက် ကြာနိင်တယ် ထား။ ဒါဆို ည ၁ နာရီ ခွဲလောက်ဆို ပြီးမှာပဲ။ ည ၂ နာရီလောက်မှာ အိပ်ပျော်နိင်ရင် အိပ်ချိန် ၄ နာရီ လောက်ရမယ်။ သေသေချာချာ တွေးမိမှ ထင်သလောက် အခြေအနေ မဆိုးသေးမှန်း သတိထားမိသွားသဖြင့် ကျေနပ်သွားသည်။

ဘာပဲ ဖြစ်ဖြစ် တခုခုကြုံတိုင်း မထူပူ ဖို့ လက်တွေ့ကျကျ တွေးတတ်ဖို့ သတိထားသင့်ကြောင်း ကိုယ့်ကိုကိုယ် သင်ခန်းစာ ပေးထားလိုက်သည်။ သင်ခန်းစာ ဆိုမှ အဆိုးဆုံး အခြေအနေထဲက အကောင်းဆုံးတွေကို နှုတ်ယူရမယ့် သင်ခန်းစာကို သတိရလိုက်သည်။ ဟုတ်ပြီ ။ ဝင်သက်ထွက်သက် မှတ်ရမှာပေါ့။ အိပ်ပျော်သွားရင် အမြတ်ပဲ မဟုတ်လား။

အိပ်ယာပေါ် ပက်လက်လှဲကာ ခြင်မကိုက်အောင် စောင်ပါးလေးကို လွှမ်းခြုံထားလိုက်သည်။ လက် နှစ်ဖက်ကို ဘေးကို ချထား ။ သက်သောင့်သက်သာ ဖြစ်ပစေ။ အကြောတွေ အားလုံးကို လျှော့။ အိုကေပြီ။ နှာသီးဝက ဝင်လေ ထွက်လေကို သတိလေးကပ်ပြီး မှတ်။ အသက်ကို မျှင်း ရှူ ။ ဝင်တယ် ။ ထွက်တယ်။ ဝင် ။ ထွက် ။ ဝင်..


“ ကျွန်မကို ကယ်ပါအုံး အကို သူတို့ အတင်းအဓမ္မ ..”
“ ဟေ့ကောင် ဒီနေရာ မင်း သူရဲကောင်း လုပ်ရမယ့် နေရာ မဟုတ်ဘူး မြန်မြန် ထွက်သွားစမ်း ”
“ ထွက်သွားရမှာ ငါမဟုတ်ဘူး မင်းတို့ကွ ”
“ ဒီလောက်တောင် ပြောမရ ရင်လည်း ဆုံးမလိုက်ကြစမ်းကွာ ”
“ ဝှစ် ”
“ ဘုန်း ”
“ အီး ”

ချကုန်ကြပြီ။ ကန်ကြ ကျောက်ကြ ထိုးကြ ကြိတ်ကြသော အသံတွေ အောက်မှာ ကျွန်တော်မှတ်နေသော ဝင်သက် ထွက်သက် လွင့်ထွက်သွားရသည်။ မြန်မာ့ လက်သီးတွေ အဲဒီလောက် အသံကျယ်ကျယ် ထွက်စေနိင်တာကိုလည်း ကျွန်တော် အခုတော့ သေသေချာချာ သိရပြီ။ ဒီလို ဆူညံနေပုံ မျိုးနဲ့ဆို ကိုယ့်ကိုကိုယ် ခြေဖျားမှ စပြီး အိပ်မွေ့ချနည်းလည်း အသုံးဝင်မည် မထင်ပေ။ ဝင်သက်ထွက်သက်ကို နံပါတ်စဉ် မှတ်တဲ့ နည်း ဆိုရင်ရော..။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။

အာရုံကို မလွင့်စေနဲ့ နှာသီးဝမှာ ထား။ ဝင်တယ် ထွက်တယ် .. တစ် ။ ဝင်တယ် ထွက်တယ် .. နှစ် ။ ... သုံး...။ ...လေး...။.... ။ .....၊၊ .... ဆယ့်တစ်.. ။

“ ကျေးဇူးတင်လိုက်တာ အကိုရယ် ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင် ”
“ ဒီလို အချိန်ထိ လမ်းမ ပေါ်မှာ ရှိနေရင် ဒီအဖြစ်မျိုးက ကြုံနေအုံးမှာပဲ”
“ မြ က မိကောင်းဖခင် သားသမီးပါ ဒီနေ့ကလည်း ပန်းတွေက တော်တော်နဲ့ မကုန်လို့ စောင့်ရောင်းလို့ပါ”

အော်..ခိုင်သင်းကြည်က ပန်း ရောင်းတာကိုး။ ပြန်လာတာနောက်ကျလို့ လူရမ်းကားတွေနဲ့ တွေ့သွားတာပဲ။ အင်းး ထိုးနှက် ခန်းနဲ့ လူရမ်းကား မပါရင် မြန်မာ ဇာတ်လမ်းတွေ မပြည့်စုံဘူးနဲ့ တူတယ်။ လူတွေ လူတွေ ဘာကြောင့် ရမ်းကားချင်ကြတာပါလိမ့်။ ဘဝကို အစွန်းအထင်း မရှိ ဖြတ်သန်းဖို့ လိပ်ပြာလုံစွာ ရှင်သန်နေထိုင်ဖို့ ဘာလို့ တန်ဖိုးမထားကြတာလဲ .....။ အသံတွေ နောက်ကို အာရုံက လိုက်ပါသွားမိသဖြင့် နံပါတ်စဉ် ဘယ်လောက် ရောက်ကုန်မှန်းတောင် မသိတော့။ ကိုယ့်ကိုကိုယ် သတိထားမိမှ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်မိသည်။ ကဲ..ဘာမှလည်း မှတ်မနေနဲ့တော့ ဒုက္ခနဲ့ အလိုက်သင့်သာ နေလိုက်တော့။

နားထဲဝင်လာသော အသံတွေကို ပုံဖော်ရင်း ဇာတ်လမ်းထဲ လိုက်ပါနေမိသည်။ ငယ်ငယ်က ရေဒီယိုကလာသည့် ဇာတ်လမ်းပမာနားဆင်စရာ ကဏ္ဍကို မှတ်မိသည်။ ညစာစားပြီး ထမင်းလုံး စီရင်း နားထောင်ခဲ့ကြဖူးသည်။ နောက်တော့ ခေတ်က တဖြည်းဖြည်း တိုးတက်လာသည်။ ကက်ဆက် ၊ တီဗီ ကနေ ဗီဒီယိုတွေ ကာရာအိုကေ တွေအထိ ဖြစ်လာသည်။ ခုဆို 3D စနစ်အထိ တိုးတက်လာပြီ။ ဇာတ်လမ်းထဲ အာရုံ ဝင်စားလိုက်သဖြင့် ယောက်ယက်ခတ်နေသော စိတ် အနည်းငယ် ငြိမ်သက်သွားသည်။

ဇာတ်လမ်းကို ကြားရသလောက်ဆိုရင် ခိုင်သင်းကြည်ကို ကယ်တင်ပေးရင်း နောက်တော့ ချစ်သူတွေ ဖြစ်သွားကြသည်။ ခိုင်းသင်းကြည် အိမ်အထိ သွားလည်ရင်း မိဘတွေနဲ့ပါ အဆင်ပြေ သွားသည်။ ဘဝက အဲဒီလို ရုပ်ရှင်ဆန်ရင် သိပ်ကောင်းမှာပဲ။ ငါ့ တုန်းကလည်း အဲဒီလို သူ့မိဘတွေနဲ့ အဆင်ပြေခဲ့ရင် တော်တော် ကောင်းမယ်။ အချစ်ဟောင်း အကြောင်း တွေးမိသဖြင့် စိတ်က ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသည်။ အင်း.. သူ့ အကြောင်း မတွေးဖြစ်သည်မှာ ကြာပြီ။ သူဘာတွေကို လုပ်နေမလဲ။ ငါ့ကို သတိမှ ရ ပါအုံးမလား။ အင်းလေ...အချစ်ဆိုတာကလည်း...

အမလေး လက်မဲကြီး လက်မဲကြီး
ဒီနေ့မင်းကို ငါသတ်ရလိမ့်မယ်
ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ

စူးစူးဝါးဝါး ထွက်ပေါ်လာသော ကလေးတစ်ယောက် အော်သံကြောင့် ကျွန်တော် လန့်သွားရသည်။ အတွေးထဲ နစ်မျော နေသဖြင့် ရုတ်တရက် ဘာဖြစ်မှန်း မသိလိုက်။ နောက်မှ ဗီဒီယို ထဲက ပညာပေး ကြော်ငြာမှန်း သိလိုက်သည်။ ဖျတ်ခနဲ လန့်သွားသော စိတ်ကြောင့် ရင်တွေ တုန်နေမိသည်။ အချစ်ဟောင်း လည်း ဘယ်ရောက်သွားမှန်း မသိတော့။ စိတ်တိုတိုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အိပ်ယာပေါ် ထုချလိုက်သည်။ လန့်သွားသော စိတ်ကြောင့် တုန်ယင်နေသော နှလုံးခုန်သံကို မနည်းပြန်ထိန်းလိုက်ရသည်။  ကျွန်တော့်မှာရော ဘာအပြစ်ရှိလို့လဲ ဆိုပြီး ဗီဒီယိုထဲကလိုသာ အော်လိုက်ချင်သည်။ နာရီကို ကြည့်မိတော့ ည ၁ နာရီ ၄၀ ရှိပြီ။ နောက် တစ်နာရီလောက် ဒုက္ခဆက်ခံရအုံးမည်။

အဘရေ
ဟေ
အလှူအတွက် ကုန်ကျစရိတ် စာရင်းရပြီ

ဤသို့ဖြင့် အသံများ အတွေးများဖြင့် ကျွန်တော် လုံးလည် ချာလည် လိုက်နေခဲ့သည်။ စပီကာမှ ထွက်ပေါ်နေသော အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲ ဖြစ်၏။ တဖြည်းဖြည်း ညဥ့်နက်လာပြီ်။ မကြာခင် ဇာတ်ကား ပြီးတော့မယ် ဆိုတဲ့ အသိကြောင့် ဝမ်းသာနေမိသည်။ ထို့နောက် ချကြ နှက်ကြ သံ ထွက်လာပြန်သည်။ ဇာတ်ရည်ဝနေသော အသိကြောင့် ဒီတခါ ချကြ နှက်ကြ ခြင်းသည် နောက်ဆုံးခန်း ရောက်ပြီ ဆိုသည့် သဘောဖြစ်မည်။ ထို့ကြောင့် ချနှက်သံများကို နားထောင်ရင်း ကျွန်တော် ဝမ်းသာနေမိသည်။ ချ.. ချ... မြန်မြန်သာ ချကြ။

“ အကို အနောက်မှာ အနောက်မှာ သတိထား ”
“ အင့်ဟာ ”
“ အား...”

ခိုင်သံကြည်ရဲ့ အားခနဲ အော်သံ ထွက်လာသဖြင့် ကျွန်တော် ဝေခွဲမရ ဖြစ်သွားရသည်။ သူက သတိပေးတာ မဟုတ်လား။ ဘယ်လို ဖြစ်တာပါလိမ့်။

“ အိုးးး မြရယ် ဘာလို့ ဝင်ခံလိုက်ရတာလဲကွာ ”

အော်။ သတိပေးရင်းနဲ့ ဓါးချက်ကို ဝင်ခံပေးလိုက်တာကိုး။ သေတော့မယ် ဆိုတော့ ဒါ ပြီးပြီ ဆိုတဲ့သဘောပဲ။ စိတ်ထဲမှာ ပျော်ရွှင်သွားသည်။ ကိုယ့်ဆရာရေ... သူများ ဓါးထိုးခံရတာကို ပျော်ရွှင်မိတာ ဘဝမှာ ဒီတကြိမ်ပဲ ရှိသေးတယ်ဆိုတာ ယုံကြည်စေချင်ပါသည်။

“ တစ်ယောက်မှ မပြေးကြနဲ့ သူတို့ကို ဖမ်းချုပ်လိုက်ကြ ”

ပြည်သူ့ရဲတွေလည်း ရောက်လာပြီ။ ဒီ့ထက်သေချာသော ဇာတ်ကားပြီးခန်း မရှိနိင်တော့။ ဟိုဘက်အခန်းက ပြည်သူ့ရဲတွေကို စိတ်ထဲမှ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်မိသည်။ ကျွန်တော့်နေရာမှာ မိတ်ဆွေဆိုလည်း ဒီလိုပဲ ကြိုဆိုမယ်ဆိုတာ သေချာပေါက် လောင်းရဲပါသည်။ ထို့နောက် ငိုရှိုက်ခန်းများ အလွမ်းတီးလုံးသံများ ထွက်ပေါ်လာသည်။ ကဲ.. ဝဋ်ကျွတ်ပြီ။ အိပ်ပေတော့ပဲ။ ထို့နောက် အသံတွေ တိတ် ..ဆိတ်... သွားတော့သည်။

သို့သော် တဒင်္ဂ တိတ်သွားခြင်းသာ ဖြစ်သည်။ နိင်ငံရေး ဦးတည်ချက် လေးရပ် ဆိုပြီး အသံကျယ်လောင်စွာ ထွက်ပေါ်လာပြန်သဖြင့် ကျွန်တော် အိပ်ယာပေါ်မှ ခုန်ထမိသည်အထိ စိတ်ညစ်သွားရသည်။ ဟာ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ပြီးပြီမဟုတ်လား။ သို့သော် ဦးတည်ချက်လေးရပ် က အစီအစဉ်တကျ ဆက်ထွက်လာနေ၏။

အဖြစ်နိင်ဆုံးကို တွေးကြည့်မိတော့  အခွေဖွင့်စက်ကို အစအဆုံး ပြန်လည်အောင် လုပ်ထားတာမှန်း တွေးမိသည်။ သီချင်းခွေတွေ နားထောင်ရင်း တပါတ်ပြီးတပါတ် မနားတမ်း ဖွင့်သည့်အခါမှာ ဒီလိုပဲ လုပ်ထားတတ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။  ဒီပုံစံဆို ဒီတစ်ညလုံး နောက်တစ်နေ့လုံး မပိတ်မချင်း ဆက်တိုက် လည်နေတော့မည်။ အိပ်ခွင့်မရတဲ့  ညသန်းခေါင်မှာ သွားစရာ နေရာမရှိဘဲ ကျွန်တော် ထွက်ပေါက်မဲ့နေရသည်။ ဘာကိုအပြစ်တင်ရမှန်း မသိသည့် စိတ်ကြောင့် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။

ဘဝမှာ ကိုယ်မုန်းတီးသော အရာတွေ မလိုချင်ဆုံးသော အခြေအနေတွေကို တခါတလေ လိုလိုချင်ချင် တောင့်တ ရတယ်ဆိုတဲ့ သဘောတရားကို ကိုယ့်ဆရာတို့ ကြားဖူးမလား။ မကြားဖူးရင်တော့ မှတ်ထားဗျာ။ မလိုချင်တာတွေကို တကယ်ကို တောင့်တရတဲ့ အချိန်တွေ ရှိတယ်။ အခုလည်း ကျွန်တော် မလိုချင်တာ မဖြစ်ချင်တာ တခုကို ဆုတောင်းနေရပြီ။

တစ်ဘက်ခန်းတွင်တော့ ဇာတ်လမ်းခွေ တစ်ခွေတွင် ပါဝင်သော အစီအစဉ်အတိုင်း ကျယ်လောင်စွာ ထွက်ပေါ်နေဆဲပဲ ဖြစ်သည်။ ထို့နောက် သိပြီးသား ဇာတ်လမ်းကြီးကို နောက်တစ်ကြိမ် ပူလောင်စွာ နားဆင်ရင်း ဒီညကို ဖြတ်သန်းရအုံးမည်။

ရှေးလူကြီးတွေ ထားခဲ့တဲ့ စကားတွေ သိပ်မှန်တယ်ဗျာ။ ဘာတဲ့..။ ကျောပူပဲ ခံနိင်တယ် နားပူမခံနိင်ဘူး ဆိုတာလေ။ အခုလည်း ကျောပူချင် ပူပါစေတော့ဗျာ။

“မီး မြန်မြန်သာ ပြတ်လိုက်ပါတော့”

Wednesday, November 10, 2010

သူခိုးနဲ့လူလိမ်



ဒီနေ့တော့ နေ့တွက်စီပြီထင်သည်။ သူ့အတွက် ဒီလိုနေ့မျိုးသည် ရှားရှားပါးပါး ကြုံရခဲသော အခွင့်အရေးဖြစ်သည်။ မနက်ထဲက ချောက်တီးချောက်ချက် ခရီးတိုလေးများကို ပို့ပေးနေရသောသူ့အတွက် နေ့လည် ၂ နာရီ ခန့်တွင်တော့ အော်ဒါ ကောင်းကောင်းရခဲ့သည်။ သူ့ကားငှားစီးသူသည် အဖြူရောင် အကျီ င်္ ဝတ်ထားပြီး ရွှေကိုင်းမျက်မှန်တပ်ထားသော အသက် ၅၀ ခန့် ရှိသော လူရည်သန့်တစ်ဦးဖြစ်သည်။

ထို့ထက် ကျေနပ်ဖွယ်ရာ ကောင်းသည်မှာ ရန်ကုန်မြို့ထဲမှ မှော်ဘီအထိ သွားမည့်ခရီးအတွက် တန်ရာတန်ကြေးထက် ပိုပြီး သူတောင်းလိုက်သော ဈေးကို တချက်မျှမဆစ်ဘဲ ထိုသူငှားစီးခဲ့သည်။ ထို့ပြင် အပြန်ခရီးအတွက်ပါ ပြန်တင်ဆောင်လာရမည် ဖြစ်သဖြင့် အသွားအပြန် အတွက် သူမြိုးမြိုးမြက်မြက် ရမည့်ခရီးဖြစ်သည်။ တောင်းသည့်ဈေးကို မဆစ်သော ထိုသူသည် သူ့အတွက် ငွေပုံကြီး ဖြစ်ကြောင်း မကြာခင် သိလာရခြင်းဖြစ်၏။

ကားမောင်းလာရင်း အပြန်အလှန် ပြောစကားများအရ သူသိလာသည်မှာ ထိုသူသည် နယ်မှာနေသူဖြစ်ပြီး ရန်ကုန်ရှိ ဆွေမျိုးများထံလာရင်း အပြန်တွင် အိမ်စီးကားတစ်စီးဝယ်ရန်အတွက် ယခု သွားကြည့်ခြင်း ဖြစ်ကြောင်း ပြောပြသည်။ သူတို့မြို့တွင်လည်း လက်ညိုးထိုးမလွဲအောင် စိုက်ပျိုးရေးခြံနှင့် မွေးမြူရေးခြံများ ပိုင်ဆိုင်ကြောင်း သိခဲ့ရသည်။ ရယ်ရွှန်းပတ်စ စကားများပြောရင်း သူနှင့်ထိုသူ ပို၍ရင်းနှီးသွားသည်။

“ကြုံရင်ဝင်ခဲ့ပေါ့ကွာ  ဦးတင့်ဝေလို့သာ မေးလိုက် မသိသူမရှိဘူး”

“ ဟုတ်ကဲ့ခင်ဗျ တနေ့နေ့တော့ ကြုံလာမှာပါ ဒါနဲ့ အခုဝယ်မယ့်ကားကို မြင်ပြီးသွားပြီလား ”

“ မမြင်ရသေးဘူး အဲဒါကြောင့် သွားကြည့်မှာ ကြိုက်ရင်တော့ တခါတည်း ငွေချေခဲ့လိုက်မှာပေါ့ ”

ထိုလူကြီး၏ ပေါင်ပေါ်တွင် တင်ထားသော သာရေအိတ်အနက်ကို သူမျက်လုံးထောင့်ကပ် ကြည့်လိုက် မိသည်။  ထို့ပြင် သူနှင့် ထိုသူရဲ့ ကြားတွင်လည်း မြန်မာပြည်ရဲ့ နာမည်ကြီး ဘဏ်နာမည် ရေးထားသော ပလပ်စတစ်အိတ် တစ်လုံး ချထားသေးသည်။  အထူစားအိတ်ဖြစ်သည့်အပြင် ထပ်ပိုင်းကိုစုချည်ထားသဖြင့် အထဲကိုတော့ မမြင်ရပေ။ သို့သော် လောလောလတ်လတ် ဘဏ်မှ ထုတ်လာသော ငွေများဖြစ်မည် ဆိုတာတော့ သေချာသလောက် ရှိသည်။ သူ စိတ်ထဲတွင် အမျိုးအမည် မဖော်ပြနိင်သော ခံစားချက် တစ်ခု ဖြစ်သွားမိသည်။ 

ဒီလောက်များသော ငွေများကို သူတခါမှ မပိုင်ဆိုင်သေးဖူးပါ။ ယခုမောင်းနေသော ကား ကလည်း ယခင်မောင်းနေသူ နေမကောင်းသဖြင့် အုံနာကြေး တစ်နေ့ တစ်သောင်းခွဲဖြင့် ယာယီ ယူမောင်းရခြင်း ဖြစ်သည်။ အုံနာကြေးနှင့် ဆီဖိုး ဖယ်ပြီးလျင် သူတစ်နေ့တာ ခါးချိအောင် မောင်းရသော ဝင်ငွေမှာ များများစားစား မကျန်တော့ပေ။ သို့သော်လည်း ဒီဝင်ငွေလေးရဖို့ပင် သူအတွက် အမြဲမသေချာ။ ယခင်မောင်းသူ ကျန်းမာရေး ပြန်ကောင်းလာလျင် သူတစ်ခြား ကား မောင်းဖို့ ရှာဖွေရအုံးမည်။ ဒါမှမဟုတ်ရင်တော့ တခြားအလုပ်တစ်ခုခုကို ရှာဖွေရမည်။ 

သူ့မျက်လုံးများက ဘေးက အိတ်ကို မသိမသာ ကြည့်လိုက်မိပြန်သည်။ ထိုလူကြီးကတော့ အပြင်ဘက်ကို ငေးနေ၏။  ဒီအိတ်၂ လုံးထဲက ငွေတွေဆိုလျင် တော်တော်များမည်။ ကားတစ်စီးလုံးတောင် ဝယ်ဖို့ဆိုမှတော့ သိန်းရာဂဏန်း ရှိမှာ သေချာသည်။ သိန်း နှစ်ရာ ဖြစ်မလား။ ထို့ထက် ပိုနိင်မည် ထင်သည်။ ကိန်းဂဏန်းများကို တွက်ရင်း သူ့ရင်ထဲတွင် မောလာသည်။ ဒီငွေတွေကို သူသာပိုင်ဆိုင်လိုက်ရရင် သူ့ဘဝ တော်တော်လေး အဆင်ပြေသွားနိင်မည်။ ဟုတ်တယ် ပိုင်ဆိုင်ရလျင် သိပ်ကောင်းမှာပါပဲ။ 

လောဘစိတ်ကြောင့် သူ့စိတ်တွေ ဂဏာမငြိမ်ဖြစ်လာသည်။ ရုပ်ရှင်တွေထဲကလို လူအသွားအလာ ရှင်းသည့်လမ်းကို ရွေးမောင်းရင် ကောင်းမလား တွေးလိုက် မိတော့ ရင်ထဲတွင် ကတုန်ကယင် ဖြစ်လာသည်။ လူတစ်ယောက်ကို မေ့မျောသွားအောင် ဒါမှမဟုတ် ဝိညာဉ်နှင့် ကင်းကွာသွားအောင် လုပ်နိင်သော ပစ္စည်းများ သူ့နံဘေးတွေ အဆင်သင့်ရှိနေသည်။ ၈ လက်မရှည်သော ဝက်အူလှည့် တစ်ချောင်းကို သူကောင်းကောင်း အသုံးချနိင်သည်။ ထိုသူ ဟိုဘက်ငေးနေတုန်း လည်ပင်းကိုဖြစ်ဖြစ်...။

သူ့မျက်လုံးကို တစ်ချက် စုံမှိတ်လိုက်သည်။ လေအေးပေးစက် ဖွင့်ထားသော ကားထဲတွင် သူဇောချွေးများ ပျံလာသည်။ သူ့လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။ အိတ်ထဲမှ လက်ကိုင်ပုဝါကို စုကိုင်ကာ နားထင်ဘေးသို့ စီးကျနေသော ချွေးများကို သုတ်လိုက်၏။ စတီယာတိုင် ကို ပြန်ကိုင်တော့ ချွေးစေးများကြောင့် စေးကပ်ကပ် ဖြစ်နေသည်။

“ မောင်ရင့် အသိတွေထဲမှာရော စိတ်ချရတဲ့ ကားပွဲစား ရှိလား ”

လောဘဇော အတွေးများနောက်ကို လိုက်နေမိသဖြင့် ထိုသူ့ထံမှ ရုတ်တရက် အသံထွက်လာတော့ သူ တုန်သွားသည်။

“ ဗျာ.. ဟုတ်..ဟုတ်ကဲ့ ရှိပါတယ် ”
“အခုသွားကြည့်တဲ့ကားကို မကြိုက်ခဲ့ရင် တခြားတစ်စီးစီး ရှာဝယ်ရမှာပဲ အဲဒီလိုဆို မောင်ရင့်ကိုပဲ အားကိုးရမှာပဲ မောင်ရင်လည်း ပွဲခ ရမှာပေါ့”

“ဟုတ်ကဲ့ အသိတွေထဲမှာ ကားပွဲစားတွေ ရှိပါတယ် ဦးက ဘယ်လောက်လောက် မှန်းထားလို့လဲ”

“ ၃ / ၄ ရာလောက်ပေါ့ သိပ်ကြိုက်ရင်တော့ ၅ ရာလောက် အထိ မှန်းထားပါတယ် ”

“အခုသွားကြည့်မယ့် ကားကရော”

“ဒါက ဦးမိတ်ဆွေ ကားဆိုတော့ ဈေး မှန်မယ်ထင်ပါတယ် သူကတော့ ၃၂၀ ခေါ်ထားတာပဲ ကြည့်ပြီးကြိုက်မှ ၃၀၀ လောက်ရအောင် ညှိရမှာပဲ”

ထိုလူ၏ အဖြေစကားကြောင့် သူ့ရင်ထဲတွင် မောဟိုက်သွားသည်။ ဒါဆို ဒီ အိတ် ၂လုံးထဲမှာ သိန်း ၃၀၀ ကျော် ပါတာပေါ့။ သူ နေ့စဉ်ဝင်နေသော ဝင်ငွေ ငါးထောင်ခန့်ကို မသုံးမစွဲဘဲ စုဆောင်းထားရမည် ဆိုလျင်ပင် ထိုသိန်းသုံးရာကျော် ရဖို့ အနှစ် နှစ်ဆယ်ခန့် စောင့်ရမည်။ အနှစ် နှစ်ဆယ်လုံးလုံး တပြားတချပ်မျှ သုံးစွဲ၍ မရသည့်အပြင် နေ့စဉ် မပြတ်ဝင်ငွေလည်း ရှိနေရအုံးမည်။

တကယ်တော့သူသည် ယာယီ အလုပ်အနေဖြင့် ကားမောင်း သူသာဖြစ်သည်။ လတ်တလော အလုပ်တစ်ခု အနေနှင့် ဝင်လုပ်နေခြင်းဖြစ်သည်။ တနေကုန်ထိုင်ကာ ဖင်ပူအောင် ကားမောင်းရသော ဒီအလုပ်ကို သူမလုပ်ချင်။ သူဖြစ်ချင်တာက တချက်ကောင်းကြံပြီး ချမ်းသာချင်သည်။ အကွက်ကောင်းကောင်းကို သူအမြဲလိုက်ရှာ စောင့်ကြည့်ခဲ့သည်။ ယခုတော့ အခွင့်ကောင်း ကြုံလေပြီ။

ဘေးတွင်ချထားသော ကြွပ်ကြွပ်အိတ်ကို ဂီယာချိန်းရင်း လက်က ထိမိသွားသည်။ ဂီယာတံကို ဆုပ်ကိုင်ရင်း အိတ်ကို လက်ဖြင့် မခွာဘဲ ဆက်ပြီးထိထားလိုက်၏။ ဖော်ပြခြင်းငှာ မစွမ်းသာသော ငွေ ရနံ့များသည် သူ့လက်ချောင်း သွေးကြောများမှ တဆင့် နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ခန္ဓာအနှံ့သွေးကြော များသို့ ပြန်လည် ဖြာထွက် စီးဆင်းသွားတော့သည်။ ထိုသွေးများမှ တောင်းဆိုမှုသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ များပြားလှသော ငွေပမာဏတွေထိုအိတ်ထဲတွင် ရှိနေသည်။ သိန်း ၃၀၀ထက်ပိုများတာလည်း ဖြစ်နိင်သည်။

သူတစ်ခုခု လုပ်ရမည်။ အသေလား အရှင်လား ရွေးချယ်ရမည်။ ဘယ်လိုလုပ်မလဲ စဉ်းစားစမ်း။ ယခုရောက်နေသည့်နေရာကို ကြည့်မိတော့ ထောက်ကြန့်လမ်းဆုံ ကိုရောက်တော့မည်။ လူများစည်ကား နေသဖြင့် သူစိတ်ကို ခဏလျှော့ချကာ အစီအစဉ်ကို အကွက်ချနေလိုက်သည်။ ထောက်ကြန့်အလွန် ရောက်မှ လုပ်ဖို့ သူတွေးလိုက်သည်။ ဆုံးဖြတ်ပြီးသွားသဖြင့် သူ့လက်ဖဝါးတွင် ချွေးစေးများ ပိုထွက်လာသည်။ ဘေးကို အသာ စောင်းငဲ့ကြည့်တော့ ထိုသူက အပြင်ဘက်ကို ငေးမောနေ၏။

လမ်းမတွင် လူများ ဆိုင်ကယ်နှင့် ဆိုက်ကားများ ရှုပ်ထွေးနေသဖြင့် သူ ဂရုတစိုက် မောင်းနှင်နေသည်။ ယောက်ယက်ခတ်နေသော စိတ်ကြောင့် သူ တည်ငြိမ်ရန် အားထုတ်ကြိုးပမ်းနေရ၏။ သူအကြောက်ဆုံးမှာ ဦးတင့်ဝေဆိုသူက သူ့ကို အကဲခတ်မိသွားမှာ သိပ်ကြောက်နေသည်။ တုန်ယင်နေသော လက်များ ငြိမ်သက်သွားစေရန် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့နားထင်မှ စီးကျနေသော ချွေးစေးများကို မသိမသာ သုတ်ရင်း ထိုသူ့ကို ကြည့်လိုက်သည်။ ဘေးဘက်သို့ ငေးမောနေဆဲ။ သူ့အဖြစ်ကို သတိထားမိဟန်မတူ။ ထိုသို့ဖြင့် ထောက်ကြန့် ဈေးအနားကို ရောက်လာသည်။

“ အတော်ပဲ မောင်ရင် ဦးကို ဈေးဝမှာ ခဏရပ်ပေး.. ဦးမိတ်ဆွေ အိမ်အတွက် လက်ဆောင် မုန့်လေးဘာလေး ဝယ်သွားချင်လို့ ”

သူလမ်းဘေးချရပ်ပေးလိုက်သည်။

“ မကြာဘူးမောင်ရင် ခဏလေး စောင့်ပေးနော်.. ဒါမှမဟုတ် လ္ဘက်ရည် ဆင်းသောက်အုံးမလား”
“ ရတယ် ဦးလေး မသောက်တော့ဘူး ကျနော် စောင့်နေပါ့မယ် ”

ထိုသူထွက်သွားသဖြင့် သူစိတ်သက်သာရာ ရသွားသည်။ သူ ခဏလောက် စိတ်တည်ငြိမ်မှု ရချင်သည်။ မကြာခင် သူဖန်တီးရတော့မည့် အလုပ်အတွက် စိတ်အေးအေးဖြင့် အကွက်ချချင်သည်။ နောက်မဆုတ် တော့ဟု ဆုံးဖြတ်ထားပြီးသဖြင့် သူ့အတွက် အလုံခြုံဆုံးနှင့် အသေချာဆုံး နည်းလမ်းကို ရွေးချယ်ရမည်။ မေ့မျောရုံ လုပ်ခဲ့ရင် နောက်ပိုင်း ပြဿနာတွေ ဆက်ဖြစ်မလား။ အပျောက်ရှင်းလိုက်လို့ သူ မလွတ်မြောက်နိင်ခဲ့ရင် ရင်ဆိုင်ရမှာက ပိုအပြစ်ကြီးမည်။ မေ့မျောရုံ ရိုက်ပြီး သူထွက်ပြေးရင်ရော လွတ်မြောက်နိင်မလား။

ကြုံလာနိင်သည့် အနေအထားကို သေသေချာချာ ချင့်ချိန်နေမိသည်။ စိတ်အေးအေးဖြစ်အောင် သက်ပြင်းချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစအနမထွက်အောင် သေသေသပ်သပ် ပိပိရိရိ ဖြစ်အောင် သေသေချာချာ တွေးရမည်။ ဂီယာတံကို ဖွဖွပုတ်ရင်း သူအကွက်ချ စဉ်းစားနေရင်း လက်က အမှတ်မထင် ဘေးတွင် ချထားသော ကျွတ်ကျွတ်အိတ်ကို ထိမိသွားသည်။ သူငုံ့ကြည့်လိုက်ပြီး အံ့သြသွားသည်။ သူ့ဘေးတွင် ထိုသူရဲ့ ငွေ အိတ်တစ်အိတ် ကျန်ခဲ့သည်။ သူ့ကိုယုံကြည်လို့ ထားခဲ့တာတော့ မဖြစ်နိင်။ လောလောနဲ့ ဆင်းသွားပြီး မေ့ကျန်ခဲ့တာ ဖြစ်နိင်သည်။

ငွေ နှစ်အိတ်ပေါင်း သိန်း ၃၀၀ ကျော်ဆိုလျင် ဒီအိတ်ထဲတွင် အနည်းဆုံး သိန်း ၁၀၀ တော့ ပြေးမလွတ်။ သူ ရင်ထဲတွင် လှိုက်ခနဲလှိုက်ခနဲ ရင်ဖိုနေမိသည်။ သူကားကို အမြန်ဆုံး မောင်းထွက်လိုက်သည်။ လူတစ်ယောက်ကို မဖျောက်ဖျက်ရဘဲ သိန်း ၁၀၀ ရလျင်ရော နဲလား။ ပြန်မိသွားလို့ အမှုဖြစ်ရင်တောင် အပြစ်အများကြီး မရနိင်။ ထိုသူကို နတ်စောင့်သည်ပဲ ပြောရမည်။ ဈေးထဲသို့သာ မဝင်ခဲ့လျင် သူရော ထိုသူပါ အနာဂတ် ကောင်းနိင်မည်မဟုတ်။ သူ ကားကို ရန်ကုန်ဘက်ကို ပြန်ဦးတည်ကာ မောင်းထွက်ခဲ့တော့သည်။ ဈေးအရှေ့ကိုဖြတ်ရင်း ကြည့်လိုက်မိသည်။ ထိုသူပြန်မထွက်လာသေး။ 

ဒီကားကို အုံနာထံ သွားပြန်အပ်ရမည်။ ပြီးလျင်တော့ သူ ငွေထုပ်ပိုက်ပြီး ခြေရာဖျောက်ရတော့မည်။ ကားပြန်အပ်ရင်းနှင့် အုံနာကို အပ်ထားရသော မှတ်ပုံတင် ပြန်တောင်းဖို့ သူသတိမေ့၍ မဖြစ်။ အဲဒါ သတိထားရမည်။ သူ့နောက်ကို လိုက်လာသည့် ကားများ ရှိနိင်မလားဟု နောက်ကြည့်မှန်မှ တဆင့် မကြာမကြာ ကြည့်နေရသည်။ ခပ်ပြင်းပြင်း မောင်းလာသည့် ကားများတော့ မတွေ့ရသေး။ သို့သော် သတိထားရမည်။ 

လမ်းရှင်းသော နေရာရောက်တော့ သူ အရှိန်မြှင့် လိုက်သည်။ အချိန်ကြာလို့ မဖြစ်။ သူစီစဉ်ရမှာ အများကြီး ကျန်နေသေးသည်။ သူ့လက်ကို ငွေအိတ်ပေါ် တင်ထားလိုက်၏။ ဒီတခါတော့ ပီတိ များက သွေးကြောအနှံ့ ပျံ့နှံ့ သွားသည်။ ဘဝတွင် တခါမှ မကိုင်တွယ်ဖူးသော ငွေကို သူပိုင်ဆိုင်ရပြီ။ ထောင်ကျနိင်သည်ကိုပင် သူ သတိမရတော့။ ဒီငွေတွေနှင့် သူ ဘာလုပ်ရမလဲ။ အရာရာကို မလောဖို့ အကွက်ချ စီစဉ်ဖို့ သူ့ကိုယ်သူ သတိပေး နေလိုက်သည်။

ပျော်ရွှင်ဖွယ်ရာ အတွေးများနှင့် အမြန်မောင်းလာရင်း မင်္ဂလာဒုံကို ကျော်လာပြီးနောက် မြို့ထဲဝင်ချိန်တွင် သူ့အတွက် ကံဆိုးမိုးမှောင် ကျမည့် အဖြစ်သည် ရှေ့တွင်စောင့်ကြိုနေတော့သည်။ ရှေ့ကမြင်ကွင်းကို မြင်မိချိန်တွင် သူ့ရင်ဝသို့ တစ်စုံတစ်ခု လာဆောင့်သလို ဒိုင်းခနဲ ဖြစ်သွားသည်။ ကြောက်လန့်မှုကြောင့် အာခေါင်ထဲတွင် ခြောက်ကပ် သွားသလို ဖြစ်ကာ သူ့ခေါင်းတွေ ထူပူသွားရတော့၏။

“ဟာ... သွားပြီ ”

ရန်ကုန်ဘက်သို့ ဝင်လာသမျှ ကားများကို တားပြီးစစ်နေသော ရဲများကို မြင်လိုက်ရခြင်းဖြစ်သည်။ ရဲများနှင့်အတူ အရပ်ဝတ် လူကြီးတစ်ချို့ကိုပါ တွေ့လိုက်ရချိန်တွင် သူ့ အမှားကို သူသိသွားခဲ့ရပြီ။ သူ ရန်ကုန်ဘက်ကို ပြန်မောင်းလာသည်ကိုက အကြီးဆုံးအမှား ကျူးလွန်လိုက်ခြင်းပဲ မဟုတ်လား။ ဦးတင့်ဝေအနေနဲ့ ရဲစခန်းကို ဖုန်းဆက်ထားနိင်သည်ကို တွေးထားပေမယ့် သူရန်ကုန်ရောက်ချင်ဇော များနေခဲ့သည်။ သူလွတ်မြောက် နိင်မည်ဟု ယုံကြည်ပြီး အမြန်ပြန်လာခဲ့ခြင်းဖြစ်၏။ ခုတော့ သူ့ထက် မိုက်မဲတဲ့သူ ရှိနိင်မည် မဟုတ်တော့။

ရလာသော ငွေထုပ်ကို အရသာ ခံခွင့်မရသေးခင်မှာပဲ သူ ထောင်ကျရတော့မည်။ ဘာလုပ်ရမလဲ အထပ်ထပ်တွေးနေသော်လည်း ထူပူနေသော ဦးခေါင်းထဲမှ မည်သည့်အကြံဥာဏ်များ ထွက်မလာတော့။ ကားပြန်လှည့်ကာ မောင်းပြေးဖို့ တွေးလိုက်သော်လည်း အဆင်သင့်ရပ်ထားသော ရဲကားများကို တွေ့သဖြင့် ထွက်ပြေးဖို့ရာ မဖြစ်နိင်မှန်း သိနေသည်။ ရုတ်တရက် အရှိန်လျှော့လိုက်တာကြောင့် ထင်သည် ရဲတချို့ သူ့ကားကို လှမ်းကြည့်နေကြ၏။ ရှောင်ပြေး လွတ်မြောက်ဖို့ မဖြစ်နိင်တော့။

သူ့ရင်တစ်ခုလုံး တစ်ဒိုင်းဒိုင်း ခုန်ကာ သူ့ရဲ့လက်တွေ တစ်ဆတ်ဆတ်တုန် ယင်နေ၏။  စီးဆင်းနေသော သွေးများအားလုံး   သူ့နားထင်သို့ လာဆောင့်နေပြီ ထင်ရသည်။ သွားပြီ။ သူထောင်ကျရတော့မည်။ စည်းစိမ်ရှိရှိနေချင်သော သူ့စိတ်ကူးများ အားလုံး ပျက်ဆီးသွားရပြီ။ သူ့ကားကို ရဲများနှင့် အရပ်ဝတ်လူကြီးတစ်ချို့ လက်ပြကာ တားနေကြသည်။ မောင်းပြေးမလား တွေးနေချိန်မှာပဲ ရဲသား နှစ်ယောက် လမ်းမပေါ် ပိတ်ရပ်လိုက်ကြသည်။ မတတ်နိင်တော့...။ သူကားကို ရပ်ပေးလိုက်ရတော့သည်။

ဘေးဘက်မှန်ကို ချပေးလိုက်သည်။ ပုခုံးတွင် အပွင့်တပ်ထားသော ရဲအရာရှိ ဘေးတံခါးကို လက်ထောက်ကာ ကားထဲကို ငုံ့ပြီး သူ့ကိုကြည့်၏။ သူ့လက်တုန်ယင်နေသည်ကို သတိမပြုနိင်အောင် စတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရသည်။ ရဲ အရာရှိမှ ကားထဲကို ဝေ့ကြည့်နေသည်။

“နောက်ဖုံးဖွင့်ပေးပါ”

ကားထဲမှခလုတ်နှိပ်ပြီး သူနောက်ဖုံးဖွင့်ပေးလိုက်သည်။ ရဲတစ်ချို့နှင့် အရပ်ဝတ်လူကြီးများ နောက်ဖုံးကို ဖွင့်ရှာ ကြသည်။ ထိုနောက်ဖုံးထဲတွင် ကားဘီးအပိုနှင့် တိုလီမိုလီ ပစ္စည်းများသာ ရှိသည်။

“ မတွေ့ဘူးဆရာ”
“ အေး...အေး ”

ရဲသား၏ သတင်းပို့ချက်ကို အရာရှိဖြစ်သူမှ အတည်ပြုပြီးနောက် သူ့ကားထဲကို နောက်တကြိမ် ထပ်ပြီး ဝေ့ကြည့်သည်။ ထို့နောက် သူ့ဘေးက အိတ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ သူ ထိန်းချုပ်ထား၍ မရနိင်တော့။ မျက်လုံးများ ပြာဝေနေသည်။ အံကိုတင်းတင်းကြိတ်ကာ မျက်လုံးကို မှိတ်ပစ်လိုက်၏။ တစ်ဒိုင်းဒိုင်း ဆောင့်ခုန်နေသော ရင်ခုန်သံကိုပင် သူပြန်ကြားနေရပြီ။ ခြေဖျားလက်ဖျား များ အေးစက်နေသည်ကိုပင် မသိနိင်တော့။

“ဒါ ဘာအထုပ်လဲ”
ထိုမေးခွန်းသည် သူအကြောက်ဆုံး မေးခွန်းဖြစ်သလို သူ့ကို လက်ထိပ်ခတ်မည့် မေးခွန်းလည်းဖြစ်သည်။

“ဟို...ဟို ငွေ.. ငွေတွေပါ ဆရာ”

သူ့အသံ တုန်ယင်နေတာကြောင့်ထင်သည်။ ရဲအရာရှိ သူ့ကို လှမ်းကြည့်သည်။

“ ငွေတွေ... ဟုတ်လား”
“ ဟုတ်..ဟုတ် ပါတယ် ဆ..ဆရာ”
“ ဖွင့်လိုက် ”
“ ဗျာ ”
“ အထုပ်ကို ဖွင့်လို့ ပြောနေတာ”
“ ဟုတ်..ဟုတ်ကဲ့ ”

အထုပ်ကို ဖြေဖို့ရန် အိတ်ကို လှမ်းကိုင်လိုက်သည်။ တဆတ်ဆတ် တုန်ယင်နေသော လက်ဖြင့် ထိမိသဖြင့် ကျွတ်ကျွတ်အိတ်သံ တဗြန်းဗြန်း ထွက်လာသောကြောင့် ရဲအရာရှိ သူ့ကို စူးစိုက်ကြည့်နေ၏။ လက်များတုန်ယင်နေသဖြင့် ကျွတ်ကျွတ်အိတ်၏ ထိပ်နှစ်ဘက်ကို စုချည်ထားသော အထုံးကို သူမည်သို့မှ ဖြည်၍မရပေ။

“ ဘာဖြစ်လို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”
“ မ..မဟုတ်ပါဘူး.. ဆရာ ”
“ကဲ တစ်ယောက်လာပြီး ဒီအထုပ်ကို ဖွင့်စမ်းဟေ့”

အနားတွင် ဝိုင်းနေသော ရဲများထဲမှ တစ်ယောက် ကားတံခါးဖွင့်ကာ အထုပ်ကို ဆွဲယူလိုက်သည်။

“လေးလှချည်လား.. ဘာတွေပါလိမ့်”

ရဲသားရဲ့ ပြောစကား ကြားလိုက်သဖြင့် သူစိတ်ဓါတ်ကျသွားသည်။ လေးမှာပေါ့ အဲဒါ ငါမပိုင်လိုက်ရတဲ့ ငွေတွေ လို့ စိတ်ထဲက နာနာကျည်းကျည်း ပြန်ပြောလိုက်၏။ ရဲသား အထုပ်ဖြည်နေချိန်မှာပဲ သူ တစ်ခု တွေးလိုက်မိသည်။ ဦးတင့်ဝေ ဖုန်းဆက်ထားတာ ဆိုလျင် ဒီလို မေးမြန်းနေမည် မထင်။ အခုက တိုက်တိုက်ဆိုင်ဆိုင် စစ်ဆေးရေးနှင့် တိုးခြင်းဖြစ်မည်။ ထိုအတွေးကြောင့် သူ စိတ်အနည်းငယ် အေးသွားသည်။

နဂိုရှိပြီးသား ဥာဏ်နီဥာဏ်နက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။ ကားရောင်းလာတဲ့ငွေလို့ ပြောရမည်။ သို့သော် ဘယ်လောက်လဲ မေးရင် သူဘယ်လိုဖြေမလဲ။ အထဲက ငွေကို သူအတိအကျ မသိပါ။ ငွေအရေအတွက် ကိုသာ မေးခဲ့လျင်တော့ သူ့လုပ်ရပ် ပေါ်သွားနိင်သည်။ ထို့ကြောင့် သူကားပေါ်က ဆင်းကာ ရဲများရှိရာ တစ်ဘက်သို့ လျှောက်သွားလိုက်၏။ အခြေအနေကြည့်ပြီး သူ လုပ်ဇာတ်ခင်းဖို့ အတွက် အာရုံကို စူးစိုက်ထားသည်။ သူရောက်သွားချိန်တွင် အထုပ်ကို ဖြည်ပြီး ဖြစ်နေပြီ။ အထုပ်ထဲကို ငုံ့ကြည့်လိုက်သည်။

အိတ်ထဲတွင် ငွေထုပ်များကို သတင်းစာ စက္ကူဖြင့် ပါတ်ထားသည်။ စုစုပေါင်း လေးထုပ် ရှိနေသည်။ တစ်ထုပ်ထဲတွင် ငွေ ဘယ်လောက်တောင် ဖြစ်နိင်မလဲ။ သူစိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ ရဲသားမှ အထုပ်တစ်ထုပ် ဆွဲထုတ်ကာ သတင်းစာ စက္ကူ အထပ်ထပ်ကို ဖြည်လိုက်သည်။ ပါတ်ထားသော သတင်းစာစက္ကူ ဖယ်ပြီးနောက် ထွက်လာသည်မှာ အုတ်နီခဲပွ တစ်လုံးသာ ဖြစ်နေသည်။

“ဟာ..အုတ်ခဲကြီးပါလား ”
“ ဟေ့လူ ဘာတွေလဲ ”
“ ဟို.. ဟို.. ဆရာ ငွေ.. အဲ... အုတ်ခဲပါ ဆရာ”

“ ကျန်တဲ့ အထုပ်တွေပါ ဖြည်လိုက် ”

သတင်းစာ စက္ကူပါတ်ထားသော ကျန်သည့်  အထုပ်များကိုပါ ဆွဲထုတ်ကာ ဖြည်လိုက်သည်။ သူစိတ်ကူးယဉ်ထားသလို သိန်း တစ်ရာ တော့မဟုတ်။ ထွက်လာသည်မှာ အုတ်ခဲပွ ၃ လုံးသာ ဖြစ်သည်။

“ ခင်များ ပြောတော့ ငွေတွေဆို ”
“ ဟုတ်ပါတယ်.. အဲ.. မဟုတ်ပါဘူး ကျနော်က ဆရာတို့ကို စတာ အဲဒါ အုတ်ခဲတွေ”

ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး သူ့မျက်နာကို ပြုံးဖြီးဖြီးထားကာ ပြောလိုက်သည်။ သို့သော် ရဲအရာရှိကတော့ ဒေါသထွက်နေဟန်ရှိသည်။

“ ဘာဗျ စတာ ဟုတ်လား။ ဒီမှာ တာဝန်အရ လုပ်နေရတာဗျ ဒါသက်သက် နှောင့်ယှက်တာပဲ ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ရမယ်”

“ မလုပ်ပါနဲ့ ဆရာရယ် ကျနော်က ပျော်တတ်လို့ စတာပါ ”

“ မရဘူး ခင်ဗျားကို ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်မယ် ခင်ဗျားလိုင်စင်ပေး”

ခုတော့ သူတကယ် ဂျောက်ကျလေပြီ။ သူ့ကို လိုင်သွားသော ဟိုလူကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

“ မလုပ်ပါနဲ့ ဆရာရယ် ဒီနေ့က ကျနော့်မွေးနေမို့လို့ အပျော်အနေနဲ့ စတာပါ။ စိတ်မရှိပါနဲ့ဆရာ။   ဆရာတို့အဖွဲ့ကို လ္ဘက်ရည် တိုက်ပါတယ်ဗျာ ဒါလေးကို လက်ခံပေးပါ။ ကျနော့်မွေးနေ့မို့ တိုက်တာပါဆရာ”

မတတ်နိင်တော့။ သူ့အိတ်ထဲတွင် မနက်ပိုင်း မောင်း၍ရသမျှ ငွေကိုထုတ်ပေးကာ မွေးနေ့အတု ဖန်တီးလိုက်ရတော့သည်။ သူ့မွေးနေ့ကို ယုံကြည်သွား၍ ထင်သည်။ လ္ဘက်ရည်တိုက်ခြင်းကို အသိအမှတ် ပြုဟန်ဖြင့် သူပေးသော ငွေကိုဆွဲယူကာ ရဲသားတစ်ယောက်ကို ပေးလိုက်သည်။

“ဒါဆိုလည်း ကိုယ့်အုတ်ခဲတွေ ကိုယ်သယ်ပြီး လိုရာခရီးဆက်ပါတော့ မွေးနေ့ရှင်ရေ ကျုပ်တို့ အလုပ် ဆက်လုပ်ရအုံးမယ်”

“ ဟုတ်ကဲ့ပါ ဆရာ”

အုတ်ခဲလေးလုံးကို ကားပေါ်တင်ကာ သူ ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ခပ်ဝေးဝေး ရောက်သည့်အခါ လမ်းဘေးတစ်နေရာတွင် ကားကို ရပ်လိုက်၏။ အုတ်ခဲများကို ဒေါသတကြီးဖြင့် ဝေးနိင်သမျှ ဝေးဝေးရောက်ရန် အားကုန် လွှင့်ပစ်လိုက်သည်။ ခံပြင်းစိတ် အနည်းငယ်မျှပင် လျော့မသွား။ စိတ်ထဲတွင် ခံပြင်းလွန်းလှသည်။ သူ လှလှပပ အလိမ်ခံခဲ့ရသည်။ အကွက်ကျကျ အရူးလုပ်ခံခဲ့ရသည်။ တကယ်ဆို ကားသမားလောကတွင် ဒီလိုပုံပြင်မျိုးကို သူခဏခဏ ကြားခဲ့ဖူးသည်။

ပစ္စည်းတစ်ခုခုကို အရောင်ပြ ထားခဲ့ကာ ကားပေါ်မှ လစ်သွားသော ခရီးသည်များအကြောင်း  သူကြားဖူးခဲ့သည်။ ခုတော့ သူကိုယ်တိုင် ကြုံရပြီ။ အမှောင်ဖုံးစေသော လောဘကြောင့် သူဘာကိုမှ မမြင်နိင်ခဲ့။ မချင့်ချိန်နိင်ခဲ့။ ခုတော့ သူ အကျော်အခွ အလုပ်ခံလိုက်ပြီ။ မွေးနေ့အတု ဖန်တီးလိုက်ရသဖြင့် ညစာစားဖို့ပင် သူ့အိတ်ထဲမှာ ငွေမကျန်တော့။ 

ထိုသူကတော့ အခုလောက်ဆို သူ့အိမ်တွင် ထိုင်ကာ သူ့ကို ရယ်နေတော့မည်။ ကားခ ၃သောင်းလည်း ဆုံးပြီ။  အရင်ထဲက ထိုသူပေးဖို့ မရည်ရွယ်ထားသော ထိုငွေကို သတိရပြီး နှမျောလိုက်မိသဖြင့် ကိုယ့်ကိုကိုယ် ဆဲရေးလိုက်မိ၏။ ခံရခက်သော ဒေါသစိတ်ဖြင့် သူ့ကားကို ထိုနေရာမှ ခပ်ပြင်းပြင်း မောင်းထွက်ခဲ့သည်။

လမ်းမပေါ်တွေ သစ်ရွက်ခြောက်များ ထခုန်ကာ ကျန်ရစ်ခဲ့တော့သည်။

Tuesday, November 2, 2010

ဂြိုလ်သား ၊ ကြံ့ နှင့် ရွေးကောက်ပွဲ



လွင်ပြင်ကျယ်ကြီးထဲတွင်  မရေတွက်နိင်အောင် လူများ ရှိနေကြသည်။ ဒီနေ့သည် ထူးခြားသော နေ့တစ်နေ့ဖြစ်သည်။ ထို့ပြင် မယုံကြည်နိင်ဖွယ်ရာ နေ့လည်း ဖြစ်သည်။ စူးရှသော အသံတစ်ခု ထွက်လာသဖြင့် လူတွေ အားလုံး တိတ်ဆိတ်သွားကြသည်။ အသံထွက်လာရာဆီသို့ အကြည့်များကို ပို့လိုက်၏။ လွင်ပြင်ရဲ့ တစ်ဖက်စွန်းတွင် ရပ်နေသော ဂြိုလ်သားများထဲမှ အကြီးအကဲ ဖြစ်ဟန်တူသူက အော်သံပေးလိုက်ခြင်းဖြစ်သည်။ သူ့အနောက်နှင့် ဘေးဘက်တွင်တော့ ဂြိုလ်သားများ ရပ်နေကြသည်။

ထူးဆန်းအံ့သြဖွယ်ရာပင်။ လူသားများမှာ မကြောက်သည့်အပြင် လက်များကို ဆန့်တန်းကာ အားပေးသည့် သဏ္ဍာန်ကို ပြကြသည်။ လူသားတို့ မကြောက်သည်မှာလည်း တကယ်တော့ ထူးဆန်းသည်မဟုတ်။ ထိုဂြိုလ်သားများမှာ လူသားတို့အတွက် ကောင်းကျိုးဆောင်ရန် ရောက်လာမှန်း အားလုံးသိထား ကြခြင်းကြောင့် ဖြစ်သည်။ သူတို့ ဘယ်အချိန်က ကမ္ဘာမြေပေါ်ရောက်လာကြသနည်း။ ဘာရည်ရွယ်ချက်နဲ့ သူတို့လာခဲ့ကြတာလဲ...။

။.....................................................................................................။

လွန်ခဲ့သည့် ၄ ရက်ခန့်က လူသူကင်းဝေးသော လယ်ကွင်းတစ်ခုထဲသို့ ဂြိုလ်သားများ စီးနင်းလိုက်ပါလာသော ယာဉ်ပျံကြီး တိတ်တဆိတ် ဆိုက်ရောက်လာခဲ့သည်။ ထို့နောက် ယာဉ်ပျံပေါ်မှ ဂြိုလ်သားများ ဆင်းသက် လာကြသည်။ သို့သော် သူတို့ကို အပင်အောက်တွင် အိပ်နေသူ တစ်ဦးမှ တွေ့မြင်သွားခဲ့သည်။ ဆန်းကြယ်သော အဖြစ်ကြောင့် ထိုလယ်သမားမှာ အံ့သြဘနန်းဖြစ်ကာ တော်တော်နှင့် မလှုပ်မရှားနိင်ဖြစ်ကာ ကြောင်အ သွားခဲ့ရသည်။ ထို့နောက် သတိပြန်ဝင်လာပြီးနောက် ထွက်ပြေးတော့သည်။ 

သို့သော် ထိုလယ်သမားကြီးကို ဂြိုလ်သားများမှ တွေ့မြင်သွားသဖြင့် ထွက်မပြေးနိင်ရန် ဖမ်းချုပ်လိုက်၏။ လယ်သမားခင်မျာ တခါမှ မမြင်ဖူးသော ဂြိုလ်သားပုံသဏ္ဍာန်ဆန်းကြောင့် ကြောက်သေး များပင် ထွက်ကျကုန်သည်။ ဂြိုလ်သားများထဲမှ တစ်ဦးက ရှေ့တိုးလာသည်။ သူ့ခေါင်းပေါ်မှ သံမဏိအတံ အသေးလေး တလှုပ်လှုပ် ဖြစ်သွားသည်။ လယ်သမားကြီး၏ စိတ်ထဲတွင် အသံတစ်ခု ကြားလိုက်ရသည်။

“ မကြောက်ပါနဲ့ ဒုက္ခမပေးပါဘူး ”

လယ်သမား ပို၍ကြောက်လန့်ကာ ဒူးများပင် ခွေယိုင်သွားသည်။ ထိုဂြိုလ်သားခေါင်းပေါ်မှ သံမဏိ အတံငယ်လေးကို ထပ်လှုပ်ပြန်သည်။မည်သည့်အသံမှ မထွက်လာပေမယ့် လယ်သမားကြီး စိတ်ထဲတွင် စကားပြောသံကို ပီပီပြင်ပြင်ကြားရပြန်သည်။

“ တကယ်မကြောက်ပါနဲ့ ကျုပ်တို့က ကူညီဖို့လာတာပါ ”

သူ့လက်ကို ငြင်ငြင်သာသာ ကိုင်စွဲထားသည့်အပြင် ကြားရသော စကားသံမှာလည်း သူ့စိတ်နှလုံးကို အေးချမ်းစေသော အသံမျိုး ဖြစ်သဖြင့် လယ်သမားကြီး အကြောက်လျော့သွားသည်။ သူမဝံ့မရဲဖြင့် ဂြိုလ်သားများကို မေးလိုက်သည်။

“ ခင်ဗျားတို့က ဘယ်သူတွေက ဘာလာလုပ်တာလဲ ”

လယ်သမားမှ ပြောရိုးပြောစဉ်အတိုင်း အသံထွက်ကာ ပြောလိုက်သော်လည်း ဂြိုလ်သားများမှာ သူတို့ခေါင်းပေါ်မှ သံမဏိအတံလေးကို လှုပ်ရုံဖြင့် သူတို့ပြောစေချင်သော စကားများကို တဖက်သား ရင်ထဲထိ ရောက်ရှိစေနိင်စွမ်းရှိသည်။

“ ကျုပ်တို့လာတာက ခပ်လွယ်လွယ်ပြောရရင် အဖြူရောင်ဂြိုလ်ကပဲ လာရတဲ့ရည်ရွယ်ချက်ကတော့ ဒီနိင်ငံမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိရလို့ လာတာ ”

ဂြိုလ်သားများကို စေ့စေ့ကြည့်ကာ ငါတို့နိင်ငံက ပါတီတွေက ခြေသွက်လှချည်လား ဂြိုလ်သားတွေကိုတောင် လာဘ်ထိုးပြီး မဲလာပေးခိုင်းနိင်ပါလားဟု တွေးလိုက်သည်။ သူတို့ကိုတော့ ငါ့ကို ပေးသလို တစ်သောင်းနဲ့ မရလောက်ဘူးထင်တယ်ဟု လယ်သမားကြီး ဆက်တွေးမိသည်။

“ မဲလာပေးတာ မဟုတ်ဘူး အဲဒီလို လာဘ်ပေးလာဘ်ယူပြီး မသမာမှုနဲ့ မဲလိမ်တာကို အရေးယူဖို့လာတာပါ ”

လယ်သမားကြီး လန့်သွားသည်။ “ဟိုက်..ငါတွေးတာတောင် သိနေပါလား” ဟုတွေးမိသည်။

“ကျုပ်တို့က ဒီဂြိုလ်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားကို တတ်ကျွမ်းတယ် အဓိက ဆက်သွယ်တာက စိတ်ချင်းဆက်သွယ်တာပဲ ခင်ဗျားအနေနဲ့ အသံထွက်ပြီး မပြောဘဲ စိတ်နဲ့ ပြောရင်လည်း ကျုပ်တို့ နားလည်ပါတယ်”

“စိတ်နဲ့တော့ မပြောတတ်ဘူးဗျာ အကျင့်မရှိဘူး ”

“ထားပါ ကျုပ်တို့လာတာကို ခင်ဗျား လျှို့ဝှက်ထားပေးပါ။ မဲလိမ်တာတွေကို တိတ်တဆိတ် စောင့်ကြည့်မလို့ပါ”

“လိမ်တာတွေ့ရင်ရော”

“လိမ်တာတွေ့ရင်တော့ ကျုပ်တို့ ဂြိုလ်ကို ခေါ်သွားပြီး သူတို့ကို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပေးပြီးမှ ပြန်လွှတ်ပေးမှာ”

“ ပြန်လွှတ်ပေးမှာ သေချာလား ”

ပြည်သူအချင်းချင်းဆိုသည့် အသိဖြင့် လယ်သမားကြီး စိုးရိမ်စွာ မေးလိုက်သည်။

“ ပြန်လာပို့ပေးမှာပေါ့ ကျုပ်တို့ဂြိုလ်မှာလည်း မထားပါဘူး။ စိတ်ဓါတ်ကောင်းအောင် လုပ်ပြီးရင် ပြန်လာပို့မှာပါ”

“ဒါဆိုရင်တော့ ခင်ဗျားတို့ လာတာကို လျှို့ဝှက်ထားပေးပါ့မယ်”

လယ်သမားကြီးနှင့် ညှိနှိုင်း၍ရသဖြင့် ဂြိုလ်သားများ ကျေနပ်ကာ အရပ်အသီးသီးသို့ ထွက်ခွာသွားကြသည်။ လယ်သမားကြီးမှာတော့ ကတုန်ကယင်ဖြစ်စိတ်ဖြင့် အိမ်သို့ပြန်လာသည်။ ထူးခြားဆန်းကြယ်သော အဖြစ်ကို သူတစ်ယောက်ထဲ တွေ့မြင်ခဲ့သဖြင့် တစ်ယောက်ယောက်ကို ပြောပြချင်စိတ် အင်မတန်ဖြစ်နေမိသည်။ နောက်ဆုံးတော့ ဘယ်လိုမှ မနေနိင်တော့သည့် အတွက် သူ့မိန်းမ ဖြစ်သူကို ပြောပြလိုက်သည်။

“ .................... အဲဒီတော့ မင်းလည်း ဘယ်သူမှ မပြောနဲ့နော်”
လယ်သမားကြီး၏ စကားဆုံးတော့ သူ့ဇနီးဖြစ်သူမှ သေသေချာချာ ကြည့်ကာ
“ ရှင် အပင်အောက်မှာ အိပ်နေတုန်း အပမှီလာပြီထင်တယ်”

သူ့ဇနီးဖြစ်သူမှ မယုံကြည်သဖြင့် လက်ဆွဲကာ ယာဉ်ပျံရပ်ထားရာစီသို့ ခေါ်ဆောင်သွားသည်။ ယာဉ်ပျံမရှိတော့ပေမယ့် လယ်ကွင်းထဲတွင် ထင်ရှားသော အရာများ ကျန်ရစ်ခဲ့သည်။ ထို့ပြင် ဂြိုလ်သားများ၏ ခြေရာဆန်းများကိုပါ တွေ့လိုက်ရသဖြင့် ယုံကြည်လက်ခံသွားရတော့သည်။

“ ဒုက္ခပါပဲတော် ကျုပ်တို့ မဲပေးပါ့မယ်ဆိုပြီး တစ်ယောက် တစ်သောင်း ယူထားတာ ဘယ်လိုလုပ်မလဲ ”
“အေးကွာ... မဲသွားပေးရင်လည်း ဂြိုလ်သားတွေ သိပြီး ငါတို့ပါ ဖမ်းခေါ်သွားအုံးမယ်”
“ ဂြိုလ်သားတွေနဲ့ တွေ့တုန်းက တစ်သောင်းယူထားမိလို့ မဲသွားပေးရင် အပြစ်ရှိလားဆိုတာ မမေးထားလိုက်ဘူးလား”
“ ငါလည်း ကြောက်နေတာနဲ့ မေးဖို့ သတိမရလိုက်ဘူး ”

လယ်သမား ဇနီးမောင်နှံလည်း ကြံရာမရဖြစ်ကာ တခြားသူများကို ပြောပြ အကူအညီတောင်း လိုက်တော့သည်။ ထိုသို့ဖြင့် ဂြိုလ်သားများ ရောက်နေသည့် သတင်းမှာ ရွာငယ်ဇနပုဒ်မှ တဆင့် တဖြည်းဖြည်း မြို့ပြအထိ ပျံ့နှံ့လာတော့သည်။ သို့သော် ရွေးကောက်ပွဲ ပျက်စေရန် ကောလဟာလ လွှင့်သည်ဟု သတ်မှတ်ကာ ဂြိုလ်သားအကြောင်း ပြောသူများကို ဖမ်းဆီးချုပ်နှောင်လေတော့သည်။

လယ်သမားကြီးနေသော တစ်ရွာလုံးကတော့ ယောကျာ်းများ အကုန်ဘုန်းကြီးဝတ်ကြကာ မိန်းမများကတော့ သီလရှင် ဝတ်ကုန်ကြတော့သည်။ ရွေးကောက်ပွဲ မဲပေးပုံ ဥပဒေထဲတွင် သာသနာ့ဝန်ထမ်းများ မဲပေးခွင့်မရှိ ဟု ပါဝင်နေသည် မဟုတ်လား။ အကျဉ်းသားများ မဲပေးခွင့်မရှိဟု ပါသော်လည်း မည်သူမှ ထောင်ကျမခံနိင်သည့် အတွက် ဘုန်းကြီးဝတ်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အခါ မဟုတ်ဘဲ သင်္ကန်းတိုက် များလည်း လက်မလည်အောင် ရောင်းချရလေသည်။

ထိုသို့ဖြင့် စီမံထားသည့် အတိုင်း မဲပေးပွဲကြီးကို တနိင်ငံလုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတော့သည်။ နောက်တစ်နေ့တွင်တော့ မဲလိမ်သည့် လူများကို ဂြိုလ်သားများမှ အမှန်တကယ် ဖမ်းဆီးလိုက်ပြီးနောက် လွင်ပြင်ကျယ်ကြီးထဲတွင် စုရုံးထားလိုက်သည်။ ပြည်သူများမှ တခဲနက် လာရောက် ကြည့်ရှုကြခြင်းကြောင့်
လွင်ပြင်ကျယ်ကြီးထဲတွင် လူများ စည်ကားနေခြင်းဖြစ်သည်။

ထိုသတင်းကို ကမ္ဘာအနှံ့ တိုက်ရိုက် ထုတ်လွှင့်ရန် သတင်းဌာနများလည်း ရောက်နေကြသည်။ ကမ္ဘာ့နိင်ငံခေါင်းဆောင် တော်တော်များများ လည်း ရောက်လာကြသည်။ ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ အစိုးမဟုတ်သည့် အဖွဲ့များလည်း ရောက်နေ ကြသည်။ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ပြည်သူအားလုံး ငြိမ်သက်သွားသည်။ ဂြိုလ်သားများ၏ အကြီးအကဲ ဖြစ်သူက စကားစပြောသည်။ သူ့ပြောစကားများအားလုံး လူသားတို့၏ စိတ်နှလုံးသားထဲသို့ အသီးသီးဝင်ရောက်သွားသည်။

“ဒီမှာ စုရုံးထားတဲ့ မသမာတဲ့နည်းနဲ့ မဲလိမ်ခဲ့တဲ့ သူတွေကို ကျုပ်တို့ အခု ဖမ်းခေါ်သွားရပါမယ် ရည်ရွယ်ထားသလို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပြီး ပြန်လွှတ်ဖို့တော့ မသေချာပါဘူး ဘာကြောင့်ဆိုတော့ ဟိုမှာကြည့်လိုက်ပါ ”

ဂြိုလ်သားအကြီးအကဲရဲ့ လက်ညွှန်ရာကို ကြည့်လိုက်သည့်အခါ မဲလိမ်သည့်သူများကို ယာဉ်ပျံကြီးဆီသို့ ခေါ်ဆောင်သွားမည့် ကားများကို တွေ့လိုက်ရသည်။ သို့သော် သာမန် ကားများမဟုတ်။ ထိုင်ခုံမပါဘဲ လေးဘက်လေးတန် သံဇကာများဖြင့် ပိတ်ထားသော တိရိစ္ဆာန်တင်ကားများ ဖြစ်နေသည်။

“ ဟာာာ ”

လူထုထံမှ အော်သံများ ထွက်ပေါ်လာသည်။ ထိုကားများကို တွေ့မြင်ပြီးနောက် လူ့အခွင့်အရေးအဖွဲ့ အကြီးကဲ ဖြစ်သူမှ ရှေ့ထွက်လာကာ ဂြိုလ်သား အကြီးအကဲကို လှမ်းပြောလိုက်သည်။

“ ဒါဟာ ဖိနှိပ်မှုရဲ့ ပြယုဂ်ပါ။ သူတို့ဟာ အပြစ်ရှိကောင်းရှိမယ်။ သို့သော် လူသားတစ်ယောက်ရဲ့ အခွင့်အရေး အတိုင်း သူတို့ကို ကောင်းမွန်စွာ ခေါ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ ကားတွေဟာ တိရိစ္ဆာန်တွေကို တင်ဆောင်တဲ့ကားပါ။ ဒီကားနဲ့ ခေါ်ဆောင်သွားဖို့ကို ကျနော်တို့ ကန့်ကွက်ပါတယ်”

ဂြိုလ်သားအကြီးအကဲ ဖြစ်သူမှ လက်ကာ ပြလိုက်သည်။ ထို့နောက် အားလုံးကြားရန် ပြောလိုက်၏။

“ တကယ်တော့ သူတို့ဟာ လူသားတွေ မဟုတ်ပါဘူး။ ဘာတွေလည်း သေချာကြည့်ကြပါ။ ”

ဖမ်းဆီးထားသော လူအုပ်ပေါ်သို့ ရောင်ခြည်တန်းများ ဖြာအုပ်သွားသည်။ စူးရှသော အလင်းရောင်ကြောင့် ကြည့်နေသူများ မျက်လုံးမှိတ်လိုက်ကြသည်။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် အံ့သြဖွယ်ရာ အဖြစ်ကို ကြုံကြရသည်။ ဖမ်းဆီးခံထားသူများ အားလုံးမှာ လူပုံသဏ္ဍာန်ပျောက်ကာ မူလပုံသဏ္ဍာန်ဖြစ်သည့် ကောင်းကင်ကို ကျောပေးထားသော ခြေလေးချောင်း သတ္တဝါများ ဖြစ်ကုန်တော့သည်။ နဖူးတွင်တော့ ချိုတစ်ချောင်းစီ ထောင်ကာ နေသည်။

“အားး”
“ အောင်မလေး ဘာတွေလဲ”

လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။

 ဂြိုလ်သား အကြီးအကဲ ဖြစ်သူမှ

“ မကြောက်ကြပါနဲ့ ဘာမှ အန္တရာယ် မပေးနိင်ပါဘူး ”

ဟု ပြောသဖြင့် လူများ အားလုံး တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ကာ အချင်းချင်းအားပေးကြသည်။
သို့သော် တစ်ချို့ကတော့ လူအုပ်၏ နောက်ကွယ်တွင် ရပ်ကာ သူတို့ကို မမြင်အောင် ကွယ်ထားကြသည်။ ဘေးနားမှ လူမှ 

“ ဘာဖြစ်တာလဲ ကြောက်လို့လား”
“မဟုတ်ပါဘူး တစ်သောင်းယူထားမိလို့ အားနာလို့”

ဖမ်းဆီးခံထားရသော အဖွဲ့ကို ကြည့်ကာ တချို့ကတော့ တရှုံ့ရှုံ့နှင့် ငိုနေကြသည်။

“ နင့်အမျိုးတွေပါသွားလို့ ဝမ်းနည်းနေတာလား ”
“ မဟုတ်ပါဘူး သေသွားတဲ့ အဖေနဲ့ မောင်လေး ဒီမြင်ကွင်းတွေ မမြင်လိုက်ရတာ သနားလို့ပါ”

ထိုအချိန်တွင် ထိတ်လန့်ဖွယ်အဖြစ် တစ်ခု ဖြစ်ပွားသွားခဲ့သည်။ ထိုအဖြစ်မှာ လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ကြောက်လန့်ပြီး လွှတ်ချထားမိသော ဆေးလိပ်များကြောင့် ဖြစ်သည်။ မြေပေါ်တွင် အငွေ့တလူလူ နဲ့ မီးရဲ နေသော ဆေးလိပ်များကို မြင်သဖြင့် မူလသွင်ပြင် ပြန်ပေါ်နေပြီဖြစ်သော တိရိစ္ဆာန် များမှ ပြေးလာကာ ထိုဆေးလိပ်မီးများကို ခြေထောက်ဖြင့် နင်းချေကာ မီးသတ်ပစ်ကြသည်။ ထိုအနားရှိ လူအုပ်ကတော့ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

ဗဟုသုတ ရှိသောလူကြီး တစ်ယောက်မှ အော်ပြောလိုက်၏။

“ ဒါသဘာဝပဲ ကြံ့ဆိုတာ တောတွင်း မီးသတ်ကားလို့ ခေါ်တယ်ကွဲ့ သူတို့က မီးရောင်မြင်ရင် လိုက်ငြိမ်းပစ်တာလေ ”

ဖမ်းဆီးထားသူများကို တင်ဆောင်သွားမည့် ယာဉ်ပျံကြီးကတော့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက် ယာဉ်ပျံရှိရာသို့ ပြေးထွက်လာသည်။

“ခဏနေပါအုံး ဒါလေးယူသွားပေးပါ”

ဂြိုလ်သားတစ်ယောက်၏ လက်ထဲကို အဝတ်လိပ်လေး တစ်ခု လှမ်းပေးလိုက်သည်။ ဂြိုလ်သားက ဖြည်ကြည့်လိုက်သည်။ အရောင် သုံးရောင်ခြယ်ထားသော အဝတ်စ တစ်ခုဖြစ်နေသည်။ ဂြိုလ်သားထံမှ စကားသံ ထွက်ပေါ်လာသည်။

“ ဒီအဝတ်စကို ဘာလုပ်ပေးရမှာလဲ ”
“ အာကာသထဲ ရောက်ရင် လွှင့်ပစ်ခဲ့ပေးပါ ကမ္ဘာနဲ့ ဝေးသထက်ဝေးလေ ကောင်းလေပဲ”

ဂြိုလ်သားမှ ခေါင်းတစ်ချက်ငြိမ့်ကာ အဝတ်စကို ပြန်လိပ်ပြီးနောက် ယာဉ်ပျံပေါ်တက်သွားသည်။ ယာဉ်ပျံလည်း ကောင်းကင်ပေါ် ပျံတက်ရန် အရှိန်ယူနေလေပြီ။ ထို့နောက် တရွေ့ရွေ့ မြင့်တက် ထွက်ခွာသွားတော့သည်။

လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည်။

“ အော် ဒါကြောင့်  ဒင်းတို့က အရေခွံထူတာကို”

ထိုအခါ အားကျမခံ ဝင်ပြောလိုက်သော စကားသံသည်လည်း ထပ်ထွက်လာသေးသည်။

“ ဒါတင်ဘယ်ကမလဲဗျာ မီးရောင်မြင်ရင် မနေနိင်လို့ တစ်နိင်ငံလုံး အမှောင်ချထားတာလည်း ထည့်ပြောအုံးလေ”

တစ်ယောက်တစ်ပေါက် မှတ်ချက်ချသံများကို ချန်ရစ်ကာ ယာဉ်ပျံကြီး ထွက်ခွာသွားလေပြီ။ သူတို့ကို စိတ်ဓါတ်သန့်ရှင်းပြီးလျင် ပြန်လာပို့မလားဆိုသည်ကိုတော့ ယခုလောလောဆယ် မည်သူမျှ စိတ်မဝင်စား ကြသော ကိစ္စတစ်ခုသာ ဖြစ်သည်။

ယာဉ်ပျံကြီးကတော့ အစက်အမှုန်လေး အဖြစ် ဂြိုလ်ပါတ်လမ်းထဲဝင်ရောက်ကာ တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

။.....................................................................။


(စိတ်အာသာ ပြေချင်လို့ ဂြိုလ်သားများကို ဖန်တီးလိုက်ရပါကြောင်း)

Tuesday, October 26, 2010

အတိတ်စိမ်း


သူ့အရှေ့မှာချထားသည့် ကော်ဖီခွက်နှင့် မနက်စာကို စိုက်ကြည့်နေသော်လည်း သူတကယ်မြင်နေသည်က ငွေ တွေ ဖြစ်သည်။ ငွေတွေမှ အထုပ်လိုက် အထပ်လိုက် မြင်နေရ၏။ ပြီးတော့ ငွေထုပ်တွေကို ပစ်မြှောက်ကာ ခုန်ပေါက် ပျော်မြူးနေကြသော လူတွေကို ပြန်မြင်နေမိသည်။ ညက အိပ်မက်သည် တော်တော်ထင်ရှားသည့် အိပ်မက်ဖြစ်၏။

အိပ်မက်ထဲတွင် လူတွေ အများကြီး တွေ့ရသည်။ ထိုလူတွေ ကိုင်ထားသည့် ငွေထုပ်တွေကိုလည်း မြင်ရသည်။ ထိုလူတွေသည် အစိမ်းရောင် သံပန်းခြံစည်းရိုး တစ်ခုအရှေ့တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြခြင်းဖြစ်သည်။ ထိုခြံစည်းရိုးကို သူမှတ်မိသည်။ အောက်ပိုင်းတဝက်ကို အုတ်ဖြင့် စီထားပြီး အပေါ်ပိုင်း သံပန်းပုံစံတပ်ထားကာ အစိမ်းရောင် သဘောင်္ဆေး သုတ်ထားသော ထို ခြံစည်းရိုးသည် သူတို့ခြံစည်းရိုးဖြစ်ကြောင်း သေသေချာချာ မှတ်မိသည်။ သူတို့ခြံအပြင်ဘက်တွေ သူ မမှတ်မိသော လူတွေက ငွေထုပ်တွေကို ပစ်မြှောက်ကာ ပျော်ရွှင်ခုန်ပေါက် နေကြသည်ကို သူအိပ်မက် မက်ခဲ့ခြင်းဖြစ်သည်။

ထိုသူတွေ အားလုံး နှစ်လုံးထီ ပေါက်ခြင်းကြောင့် ငွေထုပ်တွေကို ပစ်မြှောက်ကာ ပျော်ရွှင်နေကြသည်ကိုလည်း အိပ်မက်ထဲတွင် သိခဲ့သည်။ သို့သော် မည်သည် နံပါတ် ဆိုသည်ကိုတော့ သူသေသေချာချာ မမှတ်မိပါ။ မနက်အိပ်ယာနိုးချိန်မှ စ၍ အိမ်သာတက်ရင်း မျက်နာသစ်ရင်း အဝတ်လဲရင်း သူ အပြင်းအထန် တွေးနေမိသည်မှာ ညက အိပ်မက်ထဲက ဂဏာန်း ဖြစ်သည်။ ဂဏာန်း ၂ လုံးထဲ ဖြစ်ရဲ့နဲ့ သူ မမှတ်မိခြင်းကို အားမလို အားမရ ဖြစ်နေရ၏။ ရှေ့ဂဏာန်းက ၃ နဲ့ စသလိုလို ထင်မိသော် သေသေချာချာ တွေးတော့ မဟုတ်သေးဘူးဟု ထင်မိပြန်သည်။ ဒါဆို ၈ များလား ဆိုတော့လည်း မသေချာ မရေရာ။

ဒီ နံပါတ်ကို သိရမှ ဖြစ်မည်။ ဒီလိုအိပ်မက်မျိုးကို သူယုံကြည်သည်။ အိပ်မက်အရ တစ်ကွက်ထဲထိုးရင်း ပွပေါက်တိုးသွားသော လူများကို သူ အခါခါတွေ့ခဲ့ဖူးသည်။ စဉ်းစားစမ်းး.. ဒီ ဂဏာန်းလေး နှစ်လုံးထဲကို ဘာအတွက် တွေးလို့မရရမှာလဲ။ သူ သိရမှ ဖြစ်မည်။ ဒါ ဘဝ အပြောင်းအလဲ ဖြစ်သွားနိင်သည်မဟုတ်လား။ သူ့အိပ်မက်ကို အစနေရာမှ ပြန်တွေးကြည့်သည်။

အိပ်မက်ထဲမှ လူတွေ လက်ထဲတွင် ဘောက်ချာ အပိုင်းလေးတွေကိုယ်စီ ကိုင်ရင်း လမ်းမပေါ် ထွက်လာကြသည်။ လူတစ်ချို့က အော်ဟစ်နေကြသည်။ တစ်ချို့က ခုန်ပေါက်ရင်း အချင်းချင်း ဘောက်ချာလေးတွေ ပြကာ ပွေ့ဖက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်များဆွဲယမ်းကာ ဝမ်းသာ ရွှင်မြူးနေကြသည်။ လမ်းမတစ်လျှောက်လုံး ဆူညံနေသည်။ ထို့နောက်မြင်ကွင်းက နောက်တစ်ခု ပြောင်းသွားသည်။ ထိုသူတွေ သူ့ခြံရှေ့တွင် စုဝေးနေကြသည်။ လမ်းမမှ ဖြတ်သွားသူတစ်ဦးက ဘာဂဏာန်း ထွက်လဲဟု လှမ်းမေးသံကို ပီပီသသ ကြားရသည်။ လူအုပ်ထဲမှ ပြန်ဖြေသံ တော်တော်များများ ထွက်လာသော်လည်း ထိုနံပါတ်ကို သူ မသဲမကွဲသာ ကြားလိုက်ရ၏။ အခုထိ ထိုနံပါတ်ကို စဉ်းစား၍မရ။

ထို့နောက် ထိုလူအုပ်ရဲ့ လက်ထဲတွင် အစိမ်းရောင် ၊ အနီရောင် ငွေထုပ်များ ပစ်မြှောက်နေသည်ကို တွေ့ရပြန်သည်။ ဘာနံပါတ်လဲ။ ခေါင်းတွေ ပူထူလာအောင် တွေးသော်လည်း ၂ လုံးတွဲ နံပါတ်လေး တစ်ခုကို အစဖော်၍ မရဘူး ဖြစ်နေသည်။ မနက်စာကို မတို့မထိသေး သောကြောင့် သူ့ဇနီးဖြစ်သူက လှမ်းကြည့် သည်ကိုလည်း သူမမြင်။

“ ကော်ဖီတွေ အေးကုန်တော့မယ် ဘာလုပ်နေတာလဲ”
“ ဟာာာ....”
အတွေးထဲ နစ်နေသဖြင့် သူ လန့် သွားမိသည်။

“ ငြိမ်ငြိမ်လေး နေပေးကွာ ဒီမှာအရေးကြီးတာ တွေးနေလို့ ”
“ ရှင် ရုံး နောက်ကျအုံးမယ်နော်”
“ ကျ..ကျ ကွာ”

နားမလည်နိင်စွာ ကြည့်ပြီး သူ့ဇနီးဖြစ်သူ မနက်စာကို ဆက်စားနေသည်။ သူကတော့ တွေးကောင်းတုန်း။ ဒီနံပါတ် မြန်မြန်သိရမှ ဖြစ်မည်။ တစ်မြို့လုံးမှ ဒိုင်တွေဆီကို ထို ဂဏာန်းကို အောထိုးခိုင်းရမည်။ ရှိသမျှ ပုံထိုးခိုင်းရမည်။ နိင်ငံခြား ရောက်နေသည့် သူ့အတွက် မိသားစုကိုဖုန်းဆက်ကာ တမြို့လုံးမှ ဒိုင်တွေထံ သွားထိုးခိုင်းရမည်။ တခြားမြို့တွေအထိပါ ထပ် ထိုးခိုင်းရမည်။ နံပါတ်ထွက်လာချိန် ဒိုင်တွေ အကုန် ပက်လက်လန်ကာ သူ့ ဘဏ်စာရင်းထဲသို့ ငွေတွေ ရောက်လာတော့မည်။

ဒိုင်တွေထံမှ ငွေ သူ့ဆီရောက်ဖို့ လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။ ငွေတွေ... ငွေတွေ... ဟာားးး သို့သော် နံပါတ်ကို ဖော်မရသဖြင့် သူ မချင့်မရဲ ဖြစ်နေရသည်။ ငွေထုပ်တွေကို မြင်နေရလျက်နှင့် သူ နံပါတ် မဖော်နိင်တာကြောင့် ဒေါသတွေပါ ထွက်လာသည်။

နာရီကို ကြည့်လိုက်တော့ သူအလုပ်သွားဖို့ အချိန်ကျော်လွန်နေပြီ။ သို့သော် ကိစ္စမရှိ။ ဒီနံပါတ်ကိုသာ ဖော်နိင်ခဲ့ရင် သူတို့ မြန်မာပြည်ပြန်ပြီး အခြေချနိင်ပြီ မဟုတ်လား။ ချမ်းသာခြင်းက လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။ ဒိုင်တွေထံမှ ငွေတွေ ... ဒါ သူ့ ပိုက်ဆံတွေပဲ မဟုတ်လား။ သို့သော် ဖော်မရသဖြင့် သူ စိတ်တွေတိုလာသည်။ သူမြင်နေသည်မှာတော့ သူတို့ခြံရှေ့က ပျော်ရွှင်နေကြသော လူတစ်စုဖြစ်သည်။ ထို့ပြင် အစိမ်းရောင် အနီရောင် ငွေထုပ်များဖြစ်၏။

နံပါတ်ကို ဖော်နိင်မလား ဆိုပြီး သူ ကော်ဖီ တစ်ငုံသောက်လိုက်သော်လည်း ထူးခြားမလာ။ အချိန်တွေ တရွေ့ရွေ့ကုန်လာသဖြင့် သူ ဂဏာမငြိမ်ဖြစ်လာသည်။ ချမ်းသာခြင်းရဲ့ လက်တကမ်းထိ ရောက်ပြီးမှ သူလက်လွှတ်ရတော့မည် ထင်သည်။ ဧည့်ခန်းတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ရင်း သူ အကြောင်းအရာ တစ်ခုစဉ်းစားလိုက်မိ၏။ ထိုအခါ သူ့ရင်တစ်ခုလုံး ဟိုက်ခနဲဖြစ်ကာ အေးသွားသည်။ လက်ဖျားများပင် ချက်ချင်း အေးစက်လာ၏။


ထို့နောက် အိမ်ဖုန်း ရှိရာကို အပြေးအလွှား သွားမိသည်။ မြန်မာပြည်မှ သူ့အိမ်ဖုန်းနံပါတ်ကို နှိပ်နေရင်း အချိန်မှီပါ့မလား ဟု သူ့ခေါင်းထဲမှာ တရံမလပ် တွေးနေမိသည်။ အရေးထဲမှ မြန်မာပြည်၏ ဖုန်းလိုင်းများက ချက်ချင်းမဝင်။ အထပ်ထပ်ခေါ်ဆိုနေရင်း သူ စိတ်လှုပ်ရှားနေမိသည်။ ၄ ကြိမ်မြောက်လား ၅ ကြိမ် မြောက်လားဟု သူ သတိမထားနိင်သည့် အကြိမ်မှာ ဖုန်းလိုင်းဝင်သွားသည်။

“ဟယ်လို..”

တစ်ဘက်မှ ဖုန်းလာကိုင်သူသည် သူ့အစ်မ ဖြစ်နေသည်။

“ မမ.. ကျွန်တော်ပါ ကိုကိုရှိနေလား မြန်မြန်ခေါ်ပေး”
“ မောင်လေးလား နင်နေကောင်းလား”
“ အဲဒါတွေ နောက်မှ ပြော ကိုကို့ ကိုမြန်မြန်ခေါ်လိုက်”
“အေး.. အေးး”

ထို့နောက် လှမ်းခေါ်သံများ ကြားလိုက်ရသည်။ ခဏကြာပြီးနောက်

“ဟဲ..လို ညီညီ ပြော ဘာဖြစ်လို့လဲ”
“ညီပြောတာ သေသေချာချာနားထောင်... ကြားရလား”
“ အေး ကြားရတယ်ကွ ပြောလေ ”
“ နံပါတ်တွေ ရောင်းပြီးပြီလား ”
“မင်းကလည်း အစောကြီး ရှိသေးတာ ဘယ်လို ရောင်းရအုံးမလဲ”
“ တော်သေးတယ်.. ဒါဆိုရင် ဒီနေ့ မကိုင်နဲ့တော့ အကုန် ပိတ်ထားလိုက်”
“ ဘာဖြစ်လို့တုန်း စီမံချက် ရှိလို့လား”
“ အာာ... မဟုတ်ဘူး.. ဒါပေမယ့် ဒီနေ့ ပိတ်ထားလိုက်ကွာ အရေးကြီးတယ် ”
“ အေး..အေး ပြီးတာပဲ ”

ဖုန်းခွက်ကို ချပြီးနောက် သူသက်ပြင်းမောကြီး ချလိုက်မိသည်။ တော်သေးတယ် အချိန်မှီသေးလို့...။
မဟုတ်ရင် သူ့ ပိုက်ဆံလေးတွေ ပါသွားနိင်သည်။ ဒိုင်တွေထံမှ ငွေကို ရယူဖို့သာ တွေးနေမိသဖြင့် ကိုယ့်ငွေပါသွားနိင်တာကို စောစောကသတိမရမိ။ အချိန်မှီသတိရတာ ကံကောင်းသည်။ သူအလုပ်သွားဖို့ ပြင်ဆင်နေရင်း စိတ်လက်ပေါ့ပါးစွာ လေတစ်ချက်ချွန်လိုက်၏။ နံပါတ်မဖော်နိင်သော်လည်း သူနှင့် သူ့အကို နှစ်ယောက်စပ်တူ လုပ်ကြသော ချဲဒိုင်အတွက် အခုတော့ သူစိတ်ချရပြီ မဟုတ်လား။

Thursday, October 14, 2010

အသက်လေးဆယ်


သူတို့ရောက်လာချိန်က ကိုရီးယား ဇာတ်လမ်းတွဲ ပြီးခါစ အချိန်ဖြစ်သည်။  သတင်း လာချိန်မို့ တီဗီကို ပိတ်ရင်း ကုလားထိုင် ပေါ်မှာ ကျွန်တော် ခါးကြောဆန့်  နေချိန်မှာ ရောက်လာကြခြင်း ဖြစ်၏။ သူတို့ဆိုတာက ဥက္ကာတို့ မိသားစုပါပဲ။ ဥက္ကာ ရယ် သူ့ဇနီးနှင်းနှင်း နှင့် ကလေး နှစ်ယောက်ပေါ့။ လက်ထဲမှာလည်း အထုပ်တွေ ဆွဲ လို့ ကျွန်တော့် အိမ်ပေါ်ကို တက်လာကြသည်။  လမ်းမ က ဗျောက်အိုးဖောက်သံ မီးရှူး မီးပန်းသံတွေကိုလည်း မရပ်မနား ကြားနေရ၏။ ဒီနေ့က သီတင်းကျွတ် လပြည့် နေ့ ရောက်ပြီလေ။

“ ကိုကြီးပိုင် ကို ...ကျနော်တို့ လာကန်တော့တာ”
“ လုပ်ပြန်ပြီ ညီရာ... ကန်တော့ဖို့ မလိုပါဘူးဆို.... ဒီလို ပြောနေရတာလည်း ဘယ်နှစ် နှစ်ရှိပြီတုန်း”

ကျွန်တော့်စကား ကြားတော့ ဥက္ကာတို့ ဇနီးမောင်နှံ ပြုံးရယ်ကြ၏။

“ မှတ်ရ လွယ်ပါတယ် ကိုကြီးရ .. အခု အကြီးကောင်က ၆ နှစ်လေ ဒီတော့ ဒီတခါလာကန်တော့တာ ၇  ကြိမ်ပေါ့”

“အကြီးကောင် တောင် ၆ နှစ်ရှိပြီကိုးး အချိန်တွေက အကုန်မြန်လိုက်တာကွာ အရာရာက မနေ့တနေ့ကလိုပဲ ဒါနဲ့... အငယ်မလေးရော ဘယ်အရွယ်တုန်း”

“ သမီးလေးက ၃ နှစ်ပြည့်ပြီးပြီ ကိုကြီးရ အိမ်မှာတော့ သူ့အသံကြီးပဲ... အဖိုးအဖွားတွေရဲ့ အသဲစွဲပေါ့ ”

ကျွန်တော့်အမေးကို နှင်းနှင်းမှ ဝင်ဖြေ၏။ ထိုဖြေသံထဲတွင် ပျော်ရွှင်ကြည်နူးခြင်း နှင့် လန်းဆန်းတက်ကြွခြင်း များပါဝင်နေမည်။ ထို့နောက် သူတို့ လင်မယား ကိုယ်တိုင် မီးဖိုခန်းမှ စတီးလင်ဗန်း ယူကာ ဝယ်လာသော မုန့်များ ထည့်၍ မိသားစု ကန်တော့ကြတော့သည်။ သူတို့ကို ကြည့်ရင်း ပီတိစိတ်ကြောင့် ဝေ့တက်လာသော မျက်ရည်တစ်စကို မျက်တောင်ပုတ်ခတ်ကာ ပြန်ထိန်းလိုက်ရ၏။ ယခင်နှစ်များအတိုင်း ဆုတောင်းပေးခြင်းကို ခံယူပြီးနောက် ဥက္ကာတို့ မိသားစု ပြန်သွာကြသည်။

ဥက္ကာတို့ ကန်တော့ခဲ့သော မုန့် ဗန်းကို ကြည့်ရင်း ကျွန်တော့်ရဲ့ စိတ်သည်  လွန်ခဲ့သည် ၈ နှစ်က သီတင်းကျွတ် ကာလကို ပြန်ရောက်သွားသည်။

................................................................................။

ရပ်ကွက်ထိပ်က လ္ဘက်ရည်ဆိုင်တွင် ကျွန်တော်တို့ အဖွဲ့ ထိုင်နေကြခြင်းဖြစ်သည်။ မကြာခင် ရောက်လာတော့မယ့် သီတင်းကျွတ် အတွက် အစီအစဉ် တစ်ခုခု လုပ်ရန် တိုင်ပင်နေကြခြင်း ဖြစ်သည်။

“ကိုပိုင်.. ဒီနှစ် ဘာလုပ်မယ် တွေးထားလဲ ”
“ ဒီနှစ်တော့ အရင်နှစ်တွေထက်ပိုပြီး ထူးထူးခြားခြား လုပ်ချင်တယ်ကွ ”

ကျွန်တော့် စကားကို တစ်ဖွဲ့လုံး စိတ်ဝင်စားဟန်ဖြင့် သောက်လက်စ ရေနွေးခွက်များကို ချကာ အာရုံစိုက် နားထောင်နေကြသည်။ ရပ်ကွက်အတွက် သာရေး နာရေးနှင့် ရာသီအလိုက် ပွဲတော်များအတွက် ကျွန်တော်မှ လူငယ်တွေကို ဦးဆောင်ပြီး လုပ်လေ့ရှိသဖြင့် ယခုလည်း တိုင်ပင်နေကြခြင်း ဖြစ်သည်။

“ အရင်နှစ်တိုင်းလည်း ရပ်ကွက်ထဲမှာ စည်ကားအောင် လုပ်တာပဲ။ ဒါပေမယ့် ဒီနှစ်တော့အရင်နှစ်နဲ့ မတူအောင် လုပ်ချင်တယ်။ အပူကပ် တဲ့ကောင်ရှိလို့လေ”

“ ဘယ်သူလဲ ”
“ ဟိုကောင်ပေါ့...ဥက္ကာလေ ”

ကျွန်တော်စကားကြောင့် ဝိုင်းကြည့်ကြသဖြင့် ဥက္ကာမှ ဟီး ခနဲ ရယ်ကာအားလုံးကို မျက်နာချိုသွေး ပြသည်။ ဥက္ကာက အသက် ၂၀ ကျော်ခန့်သာ ရှိသေးသော ရပ်ကွက်ထဲမှ လူငယ်လေး ဖြစ်၏။ ရပ်ကွက် ကိစ္စများတွင် တက်တက်ကြွကြွ ပါဝင်သဖြင့် ကျွန်တော်တို့မှ ညီငယ်လေး တစ်ယောက်လို ချစ်ခင်ရသူ ဖြစ်သည်။

“ ဒီလိုပါ အကိုတို့ရာ.. ကျွန်တော့်မှာ ကျောင်းပြီးထဲက နှင်းနှင်းကို မတွေ့ရတော့တာ.. သူ့အိမ်က အပြင်ကို လုံးဝ ပေးမထွက်ဘူးဗျာ.. ကျွန်တော်တို့ ချစ်သူဖြစ်နေတာ သိသွားလို့လား မသိဘူး။ အဲဒါကြောင့် သီတင်းကျွတ် ပွဲတော်ကို စည်စည်ကားကားလေးများ လုပ်နိင်ခဲ့ရင် သူ့ညီမ ဝမ်းကွဲတွေနဲ့ဖြစ်ဖြစ် အပြင်ထွက်ရင် ထွက်လာနိင်တယ်လေ။ ဒါကြောင့် ကိုကြီးပိုင် ကို အကူအညီ တောင်းထားရတာ... သူ့ကိုလွမ်းလှပြီ အကိုတို့ရာ”

“ အော်... ရည်ရွယ်ချက် ကြီးပါပေ့ကွာ ”
“ ကိုယ်ချင်းစာ လိုက်ပါ ငဖြိုးရာ ရပ်ကွက်လည်း စည်သွားတာပေါ့ ”  ကျွန်တော့်စကားကြောင့်

“ အေးပါ ကိုယ့်ညီလေး အတွက်ရော ရပ်ကွက် အတွက်ရော ဆိုတော့ လုပ်ပေးရမှာပေါ့ ”

ငဖြိုး နှင့် တခြားသူများ၏ သဘောတူညီမှု ရသဖြင့် ဥက္ကာ ပျော်ရွှင်တက်ကြွ နေတော့သည်။ ထို့နောက် စိတ်ကူးထားသည့် အစီအစဉ်ကို ပြောပြလိုက်၏။ ယခင်နှစ်များနှင့် မတူသော အစီအစဉ်မို့ အားလုံး သဘောကျကြသည်။ ထို့နောက် အသေးစိတ် ညှိနှိုင်းမှုများ၊ တာဝန်ခွဲဝေ မှုများကို ဆွေးနွေးတိုင်ပင်ကြသည်။ ရာသီအလိုက် ပွဲတော်များအတိုင်း သီတင်းကျွတ်ပွဲတော် အတွက် ရပ်ကွက်ထဲ အလှူခံထွက်ကြသည်။ အလှူငွေများ နှင့် ကျွန်တော်တို့ ထည့်ဝင်ငွေများကို စုပေါင်းလိုက်ချိန်တွင် ရန်ပုံငွေ အင်အား တောင့်တင်းသွားပြီ။ ထို့နောက်ရပ်ကွက်စတိုးဆိုင်မှ ကိုဝကြီးကို ကျွန်တော်တို့ ဖြစ်ချင်သော အစီအစဉ် ကိုပြောပြကာ အကူအညီသွားတောင်းကြသည်။ ကိုဝကြီးက ပုံတူပန်းချီဆွဲ တော်သူဖြစ်သည်။ ယခုလည်း ပန်းချီ ဆွဲဖို့ရန် အကူအညီတောင်းကြခြင်းဖြစ်သည်။

“မင်းတို့ လုပ်ချင်တဲ့ မီးထွန်းပွဲ ပုံစံမျိုးကို ဟိုးအရင်က ရန်ကုန်က လမ်းတချို့မှာ လုပ်ခဲ့ဖူးတယ်ကွ”

ကိုဝကြီး စကားကြောင့် ကျွန်တော် စိတ်ဓါတ်ကျသွားသည်။ စိတ်ကူး အသစ်အဆန်းဟု ကျွန်တော်က ထင်ထားခြင်းကြောင့် ဖြစ်သည်။

“ ဟုတ်လား ကိုဝကြီးရာ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ဒါဆို ကျွန်တော်တို့ လုပ်လို့ ကောင်းပါ့မလား”

“ဘာမှမဖြစ်ဘူးလေ။ လုပ်ပေါ့။ ဒီမှာက ဘယ်သူမှ မလုပ်ဖူးသေးတော့ ထူးထူးခြားခြား အစီအစဉ် ဖြစ်မှာပါ။”

“ ဒါဆို ပန်ချီတွေကို ကိုဝကြီး ဆွဲပေးဗျာ လိုမယ့် ပစ္စည်းတွေကိုပြောလေ”

“အဓိက လိုတာက ဆီစိမ် စက္ကူရောင်စုံပဲ။ ငါ ရန်ကုန်မှာ ပစ္စည်းသွားဝယ်ရင်း ဝယ်လာခဲ့လိုက်မယ်။ မင်းတို့သာ မီးပုံးတွေ လုပ်ထားကြပေါ့”
“ ဟုတ်ပြီ ကိုဝကြီး.. ဒါဆို မီးပုံးတွေရိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားလိုက်မယ်။”

ဒီနှစ်အတွက်က ယခင်နှစ်များကလို ရပ်ကွက်လမ်းမကြီးတလျှောက် ဝါးတိုင်စိုက်ကာ မီးပုံများ ထွန်းကြခြင်းထက် ပို၍ထူးခြားစွာ စီစဉ်ထားသည်။ ကျွန်တော်တို့ စီစဉ်ထားပုံက အလျား တစ်ပေခွဲ  အနံ တစ်ပေ ခန့်ရှိသည့် ခပ်ရှည်ရှည် မီးပုံးများ လုပ်ကြ၏။ ထူးခြားသည်က မီးပုံးရဲ့ မျက်နာစာကို  ဆီစိမ် စက္ကူ ကာထားကာ ထို ဆီစိမ် စက္ကူပေါ်တွင်တော့ ကိုဝကြီး၏ လက်ရာ တကွက် ကာတွန်းများကို ဆွဲစေသည်။


ကာတွန်း(ဦး)ငွေကြည် နှင့် အခြား ကာတွန်း ဆရာများ၏ ဟာသ တကွက်ကာတွန်းများကို ပုံတူပြန်ဆွဲသလို ကိုဝကြီးနှင့် ကျွန်တော်တို့၏ စိတ်ကူးသက်သက် ဟာသ လေးများကို ကာတွန်းဖြင့် သရုပ်ဖော် ပုံ ဆွဲထားခြင်းဖြစ်သည်။  မီးပုံး၏ ဘေးနှစ်ဘက်ကို အရောင်မတူသော ဆီစိမ်စက္ကူများဖြင့် ကာထားပြီး အနောက်ဘက်ကိုတော့ ကတ်ထူ စက္ကူဖြင့် ကာရံထားသည်။ ဆီစိမ်စက္ကူ ရောင်စုံများကြောင့် အဝေးမှ ကြည့်လိုက်လျင် မီးပုံးရောင်စုံများ ဖြစ်သွားသလို အနီးကပ် ကြည့်လျင်တော့ ရယ်မောရသော စာသားများနှင့် ကာတွန်းပုံ များကို တွေ့ရမည် ဖြစ်သည်။

ကျွန်တော်တို့မှ မီးပုံး များ အားသွန်ခွန်စိုက် ရိုက်ကြသလို ကိုဝကြီးမှလည်း ကျွန်တော်တို့ ရှာဖွေပေးသော ကာတွန်း စာအုပ်များမှ ရယ်ရသော တကွက်ကာတွန်းများကို ကြည့်ကာ ညဥ့်နက်သည်အထိဆွဲ ပေးသည်။ မီးထွန်းပွဲနေ့ရောက်မှ ရပ်ကွက်မှ လူများကို အံ့သြသွားစေချင်စိတ်ကြောင့် ကျွန်တော်တို့ လုပ်ဆောင်နေမှုများကို တတ်နိင်သမျှ သတင်း မထွက်အောင် သိုသိုသိပ်သိပ် လုပ်ကြသည်။ ထိုသို့ဖြင့် သီတင်းကျွတ် ပွဲတော်ရောက်ရန် တဖြည်းဖြည်း နီးကပ်လာသည်။ မငြီးမညူ တက်တက်ကြွကြွ လုပ်သူကတော့ ဥက္ကာဖြစ်သည်။ ပစ္စည်း တစ်ခုခု လိုသည် နှင့် အပြေးအလွှား ရှာဖွေပေးသဖြင့် သူ့ကိုကြည့်ကာ စကြနောက်ကြရင်း အားလုံး ပျော်ရွှင်တက်ကြွ နေကြသည်။


ကိုဝကြီး ဆွဲပြီးသော ကာတွန်းများကို မီးပုံးများတွင် ကပ်ကြသည်။ လပြည့်နေ့ မတိုင်ခင် နေ့လည်ခင်းတွင် ရည်ရွယ်ထားသော မီးပုံးအလုံး ၁၀၀ အဆင်သင့်ဖြစ် နေလေပြီ။ လပြည့်နေ့ ရောက်တော့ မနက်ထဲက ကျွန်တော်တို့အဖွဲ့ ရပ်ကွက်၏ လမ်းမကြီး တစ်လျှောက် ဘေးနှစ်ဖက်လုံးတွင် ပေ ၂၀ စီ ခြားပြီး ဝါးတိုင်စိုက်ရန် တွင်းတူးကြသည်။

“ ကိုကြီး.. ကျနော့် ကောင်မလေး ထွက်လာလို့ ရပါ့မလား မသိဘူးနော် ”

တွင်းတူးနေရင်း ဥက္ကာမှ စိတ်လှုပ်ရှားစွာ မေးသဖြင့် ကျွန်တော်လည်း တွေဝေ သွားရသည်။ သူ့မျက်နာကို ကြည့်မိတော့ စိုးရိမ်စိတ်ဖြင့် အနည်းငယ် နွမ်းလျနေသည်။


“ ထွက်လာမှာပါကွာ။ သေချာအောင်လို့ ညနေကျရင် ငါ သူ့အမေကြီးကို သွားပြောပေးထားပါ့မယ် ”

“ တကယ်လား ကိုကြီး ... ဘယ်လိုပြောမှာလဲဟင် ”

“ နှင်းနှင်းကို ဒီညမီးထွန်းပွဲ လွှတ်လိုက်ပါလို့ ဥက္ကာ စောင့်နေရှာတယ် လို့ ပြောလိုက်မှာပေါ့ ”

“ ဟာ... ကိုကြီးကလဲ အဲဒီလို ပြောလိုက်မှ လုံးဝကို မတွေ့ရတော့ဘူး ဖြစ်သွားမှာပေါ့ ”

“ အလကား နောက်တာပါကွာ... ဒီညမီးထွန်းပွဲရှိတယ် အန်တီတို့ လာခဲ့ကြပါအုံးလို့ ပြောမှာပေါ့ ”

“ သူ့အမေပါရင်တော့ မလွယ်ဘူး ကိုကြီးရ... အင်းလေ..ဘယ်တတ်နိင်မလဲ နှင်းနှင်း မျက်နာကို မြင်ရရင် ကျေနပ်ရမှာပဲ ”

“ အေး ပေါ့ကွ မတွေ့ရတာထက်တော့ တော်သေးတာပေါ့ ”

“ဟုတ်ကဲ့ ကိုကြီး ”

ညနေပိုင်းရောက်တော့ ကျွန်တော်နှင့် သူငယ်ချင်း တစ်ချို့မှ ယနေ့ည ရပ်ကွက်ထဲတွင် မီးထွန်းပွဲ ရှိကြောင်း အရင်နှစ်များနှင့် မတူကြောင်း လမ်းလျှောက်ထွက်ခဲ့ကြဖို့ လိုက်ပြောကြသလို ကျန်သည့် သူများကလည်း တူးထားသော တွင်းများတွင် ဝါးတိုင် စိုက်ကြသည်။ ထိုဝါးတိုင်များတွင် မီးပုံးများ လိုက်ချိတ်ကြသည်။ ထို့ပြင် ဝါးတိုင်များ၏ ကြား တွင် တွင်းငယ်ကလေးများ တူးကာ ဗန်ဒါ ရွက် ၄ ရွက်ကို တွင်းထဲသို့ တဝက်ခန့် ကန်တော့ ထိုး ထိုးကာ အလယ်တွင် ဖယောင်းတိုင်များ စိုက်ကြသည်။ ဗန်ဒါရွက်များ ကာရံထားသည့် အတွင်းမှ ထွက်ပေါ်လာသော ဖယောင်းတိုင် မီးရောင်သည် အဝေးမှ ကြည့်လိုက်လျင် ဆီမီးခွက်များ ထွန်းထားသကဲ့သို့ လှပ နေ၏။ အစိမ်းရောင် နှင့် အနီရောင် အရွက်များကို မျှပြီး ထည့်ထားသည့်အတွက် ပို၍ ကြည့်ကောင်းခြင်း ဖြစ်မည်။


နေဝင်သွားပြီးသည့်နောက် အမှောင် ရောက်လာချိန်တွင် မီးပုံးများနှင့် ဗန်ဒါရွက်များ အတွင်းမှ ဖယောင်းတိုင်များကို မီးညှိလိုက်ကြတော့သည်။ မီးပုံးရောင်စုံ တန်းကြီးကို အဝေးမှ ကြည့်ကာ ကျွန်တော်တို့ ပီတိဖြစ်နေကြသည်။ ည ၇ နာရီခန့်တွင်တော့ လမ်းမတစ်လျှောက် လူ များ တဖြည်းဖြည်း စည်ကားလာပြီ။
ရပ်ကွက်ထဲမှ လူများလည်း မိသားစု လိုက် လမ်းလျှောက်ကာ ကိုဝကြီး၏လက်ရာ ကာတွန်းများကို ဖတ်ပြီး တခွီးခွီး ရယ်မောကြတော့၏။ သူတို့ရယ်မောသည်ကို မြင်သဖြင့် ကျွန်တော်တို့ လည်း ကြည်နူး ပျော်ရွှင်ကြရသည်။

တဆင့်စကား တဆင့်နားဖြင့် လမ်းမတွင် လူများ ပို၍စည်ကားလာသည်။ ညနေခင်းဖွင့်လေ့ရှိသော မစိုး၏ အကြော်စုံဆိုင်မှာလည်း ခုချိန်ထိ လူစည်ကားနေဆဲ ဖြစ်သလို  ရပ်ကွက်ထိပ် လ္ဘက်ရည်ဆိုင်မှလည်း  မနက်ခင်းတွင်သာ ကြော်လေ့ရှိသော ပလာတာ ၊စမူဆာ များကိုကြော်ကာ ရောင်းချပေးသည်။ ငဖြိုးနှင့်မင်းသူ တို့နှစ်ယောက်က မီးရှူးမီးပန်း ဆိုင်ကိုစပ်တူ ဖွင့်ကြသည်။

ကလေးများလွှတ်ကြသော မီးရှူးမီးပန်းများနှင့် လူငယ်များလွှတ်ကြသော မီးပုံပျံများမှာ တစ်လုံးပြီးတစ်လုံး ကောင်းကင်ပေါ်သို့ လွှင့်တက်နေတော့သည်။ လမ်းတလျှောက် အိမ်များမှ ထွန်းထားသော မီးရောင်စုံများကြောင့် ရပ်ကွက်လမ်းမ တစ်လျှောက်လုံး လှပလင်းထိန်နေတော့သည်။ ရပ်ကွက်ထဲတွင် ညတိုင်း လမ်းလျှောက်ကာ လိုက်ရောင်းလေ့ ရှိသော ပြောင်းဖူးပြုတ်၊ မုန်ဖက်ထုပ်သည် ကြီးကလည်း မီးပုံးတိုင်များကြားတွေ  ထိုင်ရောင်းနေသည်။ ကိုဝကြီးမှ သူ၏ စတိုးဆိုင်ရှေ့တွင် စားပွဲခုံ တစ်လုံးချကာ ဖယောင်းတိုင် အထုပ်များကို တင်ထားသည်။ မီးထွန်းပွဲ အတွက် ဖယောင်းတိုင်များ လှူဒါန်းနိင်သည်ဟု ရေးထားသဖြင့် ရပ်ကွက်ထဲမှ လူအချို့ ဖယောင်းတိုင်အထုပ်များ ဝယ်ကာ ကျွန်တော်တို့ အဖွဲ့ကို လှူကြသည်။ လူငယ်များက ကုန်ခါနီး ဖယောင်းတိုင်များကို အသစ်လဲလှယ်ကြသဖြင့် မီးရောင်စုံတန်းကြီးမှာ အလင်းရောင် လျော့ကျသွားရသည် မရှိတော့။

ရယ်မော ပျော်ရွှင်ခြင်းသည် စိတ်နှလုံးသားများကို နုညံ့စေမှန်း ကျွန်တော်သိသည်။ ထို့ကြောင့် မိခင်နှင့် အတူ လမ်းလျှောက် ထွက်လာသော နှင်းနှင်းတို့ ညီမ ဝမ်းကွဲများ လက်သို့  ဖယောင်းတိုင် အထုပ်များ ထည့်ပေးကာ ကုန်ခါနီး ဖယောင်းတိုင်များကို လဲလှယ် ပေးဖို့ အကူအညီ တောင်းလိုက်သည်။ ထူးခြားသော မီးထွန်းပွဲနှင့် ရယ်မော ပျော်ရွှင်ရခြင်းကြောင့် သမီးနှင့် ပါတ်သတ်လျင် သဘောထား တင်းမာတတ်သော သူ့အမေ ကိုယ်တိုင်ပင် ဖယောင်းတိုင် အထုပ်များ ဝယ်ပြီး ကျွန်တော့်လက်သို့ ပေးအပ်ရင်း သူ့သမီးနှင့် တူမများကို မီးကူထွန်းပေးရန် ထားခဲ့ကာ အိမ်သို့ ပြန်သွားလေသည်။ 

ဥက္ကာတစ်ယောက်မှာ ဝမ်းသာလွန်း၍ ကျွန်တော့်လက်ကို ကိုင်စွဲကာ အကြိမ်ကြိမ် ကျေးဇူးတင်ကြောင်း ပြောနေတော့၏။ ဥက္ကာတို့ ကဲ့သို့ ရပ်ကွက်ထဲမှ အဆင်ပြေစ ပြုနေသော စုံတွဲလေးများသည်လည်း  မီးပုံးများကြားတွင် ဖယောင်းတိုင်များ ထွန်းညှိကြရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်နေကြသည်။ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ကြည်နူးနေဟန်ကို မြင်တွေ့ရသဖြင့် ကျွန်တော်ပါ ကြည်နူးနေမိတော့သည်။ သို့သော် ကျွန်တော့်၏ ကြည်နူး ရမှုသည် နောက်တစ်နေ့တွင် ပျောက်ဆုံး သွားရတော့သည်။ ဥက္ကာရော နှင်းနှင်း ပါ ရှာ မတွေ့တော့။ သူတို့ ခိုးပြေးကြလေပြီ။

ကျွန်တော်လည်း ဒေါသထွက်သလို နှင်းနှင်း အမေလည်း သွေးတက် နေတော့သည်။ နှင်းနှင်းအမေမှာလည်း ကျွန်တော့်ကို အပြစ်မတင်ရဲ တင်ရဲ ဖြစ်နေသဖြင့် သူ့တူမများကိုသာ ဆူပူနေတော့သည်။ နောက် ၁၀ ရက်ခန့် ကြာမှ သူတို့ နှစ်ယောက်လုံးကို ပြန်ရှာတွေ့သည်။ တခြားရွေးချယ်ဖွယ်ရာ နည်းလမ်းမရှိတော့သဖြင့် လက်ထပ်ပေးလိုက်ရတော့၏။ ချစ်သူစုံတွဲများ ခိုးပြေးခြင်းကို အနည်းငယ်သဘောမကျသော ကျွန်တော်ကတော့ ဥက္ကာကို တော်တော် စိတ်ဆိုးနေမိသည်။ နှင်းနှင်းကို သူ့မိဘများထံ ပြန်အပ်သည့် နေ့တွင် ဥက္ကာ ကျွန်တော့်ထံ ရောက်လာသည်။

“ ကျနော်လည်း အစီအစဉ် မရှိပါဘူး ကိုကြီးရာ။ နှင်းနှင်းကို သူ့အဒေါ်တွေဆီ ပို့ဖို့ လုပ်နေတယ် ပြောတာနဲ့  ခိုးပြေးလိုက်ရတာပါ။ စိတ်မဆိုးပါနဲ့ ကိုကြီး ကျနော် တောင်းပန်ပါတယ်။ အခုလို ကျနော်တို့ ပေါင်းခွင့်ရတာလည်း ကိုကြီး ကျေးဇူးပါ”


ကျွန်တော်ကို သူတို့ရဲ့ ဖူးစာရေးနတ်ဟု သတ်မှတ်လိုက်ကြကာ နောက်တစ်နှစ် သီတင်းကျွတ်မှ စ၍ နှစ်စဉ် နှစ်တိုင်း သူတို့ မောင်နှံ ကျွန်တော့်ကို လာကန်တော့ကြသည်။  ခုတော့လည်း ဥက္ကာတစ်ယောက် အချိန်ကာလ တစ်ခုကို ကျော်လွန်ခဲ့ပြီးသည့်အတွက် ယောက္မတွေနှင့် ပြေလည်နေလေပြီ။ သဘောထား တင်းမာပါသည် ဆိုသော အဖွားကြီး ကိုယ်တိုင်ပင် မြေးများကို လက်က မချတော့။ သဲသဲလှုပ်ချစ်နေကြပြီ။

။........................................................................။

ကျွန်တော့် ဘဝတွင် ကြုံခဲ့ရသော သင်ခန်းစာနှင့် အဆင်ပြေပြေဖြစ်နေသော ဥက္ကာတို့ ဖြစ်စဉ်ကို ကြည့်ကာ ချစ်သူတွေ ခိုးပြေးခြင်းကို သဘောမကျသော ကျွန်တော်လည်း အမြင်တွေ ပြောင်းခဲ့ရပြီပေါ့။  ချစ်သူ နှစ်ယောက်လုံး စိတ်ထား မပြောင်းလဲရင် ဘယ်သူက ဘယ်လို ခွဲ လို့ရပါ့မလဲဟု အရင်ကတော့ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ဖူးသည်။ ဒါပေမယ့် ဘယ်လိုပဲ ပေါင်းပေါင်း မြန်မြန်ပေါင်းရတာ အသေချာဆုံးပဲ အဆင်ပြေခြင်းကို နောက်မှ ဖန်တီးယူမည် ဆိုသော ဥက္ကာ၏ လုပ်ရပ်ကို ခုတော့ ကျွန်တော် သဘောကျစ ပြုနေပြီ။

အတူတူနေခွင့် ဆိုတာ ဘဝခရီးလမ်းကို အတူတူသွားခြင်း ဆိုလျင် ဥက္ကာ နှင်းနှင်းကို ခိုးပြေးသည့်အဖြစ်က ဘဝခရီးလမ်းအတွက် ကားပေါ်အရင်တက်ပြီးမှ လက်မှတ်ကို နောက်မှ ဝယ်သလိုမျိုးပါပဲ။ အစီအစဉ်က အနည်းငယ် ရှေ့ရောက်နေသော်လည်း ကားပေါ်ရောက်နေတာထက် ဘာသေချာအုံးမလဲလေ။ ခုံနေရာ မရရင်တောင် သွားချင်တဲ့ ခရီးလမ်းပေါ်မှာ လိုက်ပါခွင့် ရနေပြီမဟုတ်လား။  ကိုယ့်ဆရာတို့လည်း မစာနာတတ်တဲ့ ခပ်တင်းတင်း ယောက္ခမလောင်းတွေနဲ့ ကြုံနေခဲ့ရင် ကားပေါ်သာ အရင်တက်ကြဗျ။ လက်မှတ်ကတော့ နောက်မှ ဝယ်တာပေါ့လေ။ ခဏလောက် မတ်တပ်ရပ် စီးရမှာတော့ မကြောက်နဲ့ပေါ့။

ကျွန်တော်လား....ကျွန်တော်ကတော့ ကားလက်မှတ် အရင်ဝယ်ဖို့ ကြိုးစားရင်း ထွက်ခွာသွားသော ကားကို ငေးကြည့် ကျန်ခဲ့ရသူပါ။

ကန်တော့ပြီး ပြန်ခါနီးတွင် ကျွန်တော့် အနား ကပ်ခါ ဥက္ကာ တိုးတိုးလေး ပြောသွားသော စကားကို ကြားယောင်လိုက်မိသည်။ “ သီတင်းကျွတ်ပြီနော် ကိုကြီး ဒီအတိုင်းပဲ နေတော့မှာလား ” တဲ့လေ။ ထိုအချိန်တွင် ဘေးအိမ်မှ ထွက်ပေါ်လာသော သီချင်းသံက ကျွန်တော့် နားစည်ထဲကို ဖြတ်သန်းကာ နှလုံးသား တည့်တည့်သို့ ဝင်ရောက်သွားတော့သည်။

“ အသက်လေးဆယ် ... လူတွေမေးတယ်
ဘယ်တော့များမှ စားရမှာလဲ....။
ဟန်ဆောင်ရပြီ .... လူတွေမသိအောင်
အပြုံးလေးနဲ့ လိမ်ရပြီ...။ ”