Friday, May 14, 2010

Hidden Cam


ကျွန်တော် ဘလော့ဂ်စရေးပြီး အရှိန်နဲနဲ ရလာချိန်မှာ အခန်းဖော် မိတ်ဆွေတွေကို နာမည်ဝှက်လေးတွေပေးပြီး သူတို့ရဲ့ အကြောင်းတွေကို တဖွဲ့တနွဲ့ ရေးဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူရဲ့ ငယ်ဘဝက အဖြစ်လေးတွေကို ပြောပြတာနဲ့ ကျွန်တော်က အနီးစပ်ဆုံး ပုံပေါ်အောင် ရေးပေးခဲ့တယ်။ သူ့ရဲ့ နာမည်ဝှက် ကိုတော့ ညောင်ရမ်း လို့ပေးထားတယ်။ ညောင်ရမ်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူ့အကြောင်း တော်တော် များများ ရှိပါတယ်။ ဘာပဲလုပ်လုပ် အတိုင်းအဆ မရှိ အရမ်းလုပ်တတ်လို့ ခေါ်လို့ကောင်းအောင် ညောင်ရမ်းလို့ နာမည်ပေးခဲ့တာပါ။


ညောင်ရမ်းထက်ပိုစောပြီး ဘလော့ဂ်စာမျက်နာပေါ် ရောက်လာသူကတော့ အဖြူလေး ပါပဲ။ အဖြူလေးမှာလည်း ရာဇဝင်ရှိတယ်လို့ ပြောရမယ်။ သူကတော့ ဘယ်ကိစ္စဖြစ်ဖြစ် သူမသိသလို မဆိုင်သလိုနဲ့ အဖြူထည်လေး ၊ ဖြူစင်သူလေး လုပ်တတ်လွန်းလို့ အဖြူလေး လို့နာမည်ပေးဖြစ်ခဲ့တယ်။ တကယ်ရိုးအ တာလား ဟန်ဆောင်တာလားတော့ အစောပိုင်းက မဝေခွဲတတ်ခဲ့ဘူး။ တစ်ခုခုဆွေးနွေးပြီဆို ဒီကိစ္စလေးတောင် မသိဘူးလား ဆိုပြီး အားမလိုအားမရနဲ့ ဝိုင်းအော်ကြရင် သူက ဘာမှမသိတဲ့ အမူအရာမျိုးနဲ့ နေပြတတ်ပြီး နောက်ကွယ်ရောက်မှ ရယ်နေတတ်တဲ့သူပေါ့။ ကြာကြာပေါင်းဖြစ်တော့လည်း သိလာတယ်ပြောရမယ်။


အဖြူလေးရဲ့ နေပုံထိုင်ပုံလေး တွေကို စာအဖြစ်လည်း ရေးခဲ့ဖူးတယ်။ ဟိုအရင်တုန်းက အဖြူလေး ရဲ့ အမူအရာတွေကို အနီးစပ်ဆုံး မြင်လွယ်အောင် ပြောရရင် Mr.Bean ဇာတ်လမ်းတွဲ ကြည့်နေရသလိုပါပဲ။ အဖြူလေးကြောင့် ကျွန်တော်တို့ ညတွေတော်တော်များများ တဝါးဝါး တဟားဟားနဲ့ ရယ်ခဲ့ရဖူးတယ်။ ခင်မင်ရတဲ့သူတွေကို သူရဲ့ ဖျော်ဖြေဟန်လို့ပဲ ပြောရမယ်။ နောက်ပိုင်းတော့ သူလည်း သူ့ခံစားချက်လေးတွေ ရေးတဲ့ အဖြူလေး ဆိုတဲ့ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်လာတော့တယ်။ ကျွန်တော်တို့တွေ စုစုဝေးဝေး ရှိခဲ့စဉ်က မရပ်မနား ရယ်မောခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။


ဟိုးအရင်ကဆို ကျွန်တော်တို့တွေ ညစာစားပြီးတိုင်း အပျင်းပြေ poker ကစားကြပါတယ်။ အနိင်အရှုံးလည်း နဲသလို တစ်စုတဝေးထဲ စကားထိုင်ပြောလို့ ကောင်းတဲ့ ကစားနည်းဖြစ်လို့ ညစဉ်နီးနီး ပိုကာဒေါင်းဖြစ်ကြတယ်။ တစ်ညတော့ ထမင်းစားပြီးလို့ poker ကစားမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာ အဖြူလေးကို ဂျောက်ချဖို့ အကြံတခုရတာနဲ့ တခြားသူတွေနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တော့ အားလုံးကလည်း တက်တက်ကြွကြွ ပါပဲ။ သဘာတူကြတယ်။


ကျွန်တော်တို့က poker ကိုအပျော်ကစားတာ ဆိုပေမယ့် စည်းကမ်းလေးတွေတော့ ထားထားပါတယ်။ စစကစားချင်းမှာ ဘယ်သူ ဘယ်နေရာ ထိုင်ရမယ်ဆိုတာ ဖဲချပ်လေးတွေ လှန်ပြီး ဆုံးဖြတ်တယ်။ အပွင့်အကြီးဆုံး လှန်မိတဲ့သူက ကြိုက်တဲ့နေရာမှာ ရွေးချယ် ထိုင်ခွင့်ရှိတယ်။ သူနေရာရွေးပြီးတော့မှာ ကျန်တဲ့သူတွေက လှန်ထားတဲ့ ဖဲချပ်လေးတွေရဲ့ အပွင့်ကြီးစဉ်ငယ်လိုက်အတိုင်း အစဉ်လိုက် ထိုင်ကြရတယ်။

အဲဒီနေ့ကလည်း ထုံးစံအတိုင်း နေရာ အရင်ရွေးလိုက်တော့ ကိုယ်ဘယ်နေရာမှာ ထိုင်ရမယ်ဆိုတာ သိသွားတဲ့ အချိန်မှာ တစ်ယောက်က တိုင်ပင်ထားတဲ့ အတိုင်း အဖြူလေးကို အခန်းအပြင်ကို အကြောင်းတခုပြပြီး ခေါ်ထုတ်သွားတယ်။
အဖြူလေးလည်း အခန်းအပြင်ထွက်သွားရော ကျွန်တော်က အဖြူလေးထိုင်မယ့် နေရာနောက်မှာ web cam ကို ဖွက်ထားလိုက်ပြီး lap top ကွန်ပြူတာကိုတော့ကျွန်တော်တို့ အားလုံးဘက် လှည့်ထားတယ်။ ခဏနေတော့ အဖြူလေးတို့ ပြန်ဝင်လာကြတယ်။

ဒီလိုနဲ့ဖဲစကစား ကြရော ဆိုပါတော့။ အားလုံးကလည်း ရုပ်တည်တွေနဲ့ ကိုယ့်ဖဲကိုယ် အာရုံ စိုက်ထားသလို ဟန်ဆောင်နေကြပေမယ့် မျက်လုံးတွေက ကွန်ပြူတာ ပေါ်ရောက်နေကြတယ်။ အဖြူလေးရဲ့ အနောက်မှာ ကင်မရာ ထားထားတာဆိုတော့ သူဖဲချပ်တွေ အကုန်လုံး ကွန်ပြူတာပေါ်မှာ ပေါ်နေတာပေါ့။ အဖြူလေး ဖဲတချပ်ဆွဲ လိုက်တိုင်း အသံထွက်ပြီးရယ်မိကြမှာ စိုးလို့
အားလုံးနှုတ်ခမ်းတွေ ကိုက်ထားကြတယ်။


တလှည့်တလေ အဖြူလေး က အပေါ်အိမ်က ပစ်ချတဲ့ ဖဲစားရင် ကောင်းမကောင်း စဉ်းစားနေရင် ကျွန်တော်က ကွန်ပြူတာကြည့်ပြီး စားသင့်တယ်ဗျ ၊ မစားပါနဲ့ဗျာ သိပ်မှ မထူးတာ ဆိုပြီး အကြံပေးလိုက်တိုင်း အဖြူလေး လန့်လန့် သွားတယ်။ ပြီးမှ ကျွန်တော်ရမ်းပြောတာ မှန်တယ်ထင်ပြီး အေးကွ မစားတော့ပါဘူး ကွာ ဆိုပြီး ပြန်ပြောရော။ အဲဒါဆို အားလုံးက ရယ်ကြတာပဲ။ ဘာမှလည်း ရယ်စရာမရှိဘဲ လျှောက်ရယ်နေကြတယ် ဆိုပြီးအဖြူလေးက ဟောက်လိုက်သေးတယ်။ သူဟောက်လေ ပိုရယ်ကြလေပဲ။ အားလုံးမျက်နာမှာ အပြုံးသဲ့သဲ့က တွဲလွဲခိုနေတယ်။ အဖြူလေး တစ်ခုခု လုပ်တာနဲ့ ပြုတ်ကျသွားတော့ မတတ်ပေါ့။


ဒီလိုနဲ့ ဒုတိယမြောက်ပွဲ ရောက်တော့ အရှိန်မြုင့် လိုက်တယ်။ ဘယ်လိုမြုင့်လဲဆိုရင် အဖြူလေးက ဖဲဆွဲ လိုက်တိုင်း
သူဆွဲတဲ့ဖဲ ကို ကျွန်တော်က အော်ပေးတာမျိုး။ ဥပမာ သူဆွဲတာ ၅ ဖဲတက်တယ်ဆို ကျွန်တော်က “မိုက်ရိုင်းတယ်ကွာ ငါလိုချင်တဲ့ ၅ ဖဲလေးတော့ ကုန်ပါပြီ”လို့ ပြောလိုက်ရင် သူတကယ် လန့်သွားပြီး ကျွန်တော့်ကို လှမ်းကြည့်ရင် ၀ိုင်းထဲမှာ ပစ်ချထားတဲ့ ၅ ဖဲတွေကို လက်ညိုးလျှောက်ထိုးပြလိုက်ပြီး ဒီမှာလေကွာ ၄ချပ်တောင်ထွက် နေပြီပဲ ဘာလုပ်ရတော့မှာလဲ ဘာညာနဲ့ ရုပ်ရှင် ရိုက်ပြလိုက်ရင် ယုံသွားရော။ ကျန်တဲ့သူတွေ ကလည်း ကွန်ပြူတာကို ခိုးကြည့်နေကြတော့ တခွိခွိ နဲ့ ကြိတ်ရယ်နေကြတယ်။

နှစ်ခါ သုံးခါလောက် အဲဒီအတိုင်းလုပ်တော့ အဖြူလေး ပါးစပ်က ထုတ်ပြောလာတော့တယ်။ “ဟေ့ကောင် မင်း မဟုတ်သေးပါဘူးကွာ ငါ့ဖဲတွေဘယ်လို သိလဲ” ဆိုပြီးမေးလာရော။ ကျွန်တော်က “ဘယ်လိုလုပ် သိပါ့မလဲဗျ ဒီလောက်မျက်နာချင်း ဆိုင် ထိုင်နေတာ” လို့ ပြန်ပြောလိုက်ရင် သူဘာမှဆက်မပြောတော့ဘူး။ ဒါပေမယ့် သူငြိမ်သွားတယ် ဘာကြောင့် ဒီလို ဖြစ်နေတာလဲ ဆိုတာ စဉ်းစားနေတာနဲ့ တူပါရဲ့ ။


နဲနဲကြာတော့ အဖြူလေး ထရယ်တော့တယ်။
“ဟားဟားဟား ငါသိပြီကွ မောင်ပိုင်ရာ မင်းလောက်တော့ ငါလည်း လည်ပါတယ်ကွ” ဆိုပြီး တပ်ထားတဲ့ မျက်မှန်ကို ဆွဲ ချွတ် ပစ်လိုက်တော့တယ်။ ကျွန်တော်က သူမျက်မှန်ပေါ်မှာ ပေါ်နေတဲ့ ဖဲချပ်ပုံရိပ်တွေကို ကြည့်ပြီး ပြောနေတာလို့ တွေးမိသွားပုံပဲ။ ဒီတခါတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး တင်းထားသမျှ ဖွင့်ချပြီး ရယ်လိုက် ကြတာများ တော်တော်နဲ့ မပြီးဘူး။ ဗိုက်တွေတောင် အောင့်တယ်။


အဖြူကွက်နင်းပြီး သူပါ လိုက်ရယ်နေလို့ သူ့ကြည့်ပြီး ကျွန်တော်တို့မှာ ရယ်လို့ မပြီးဘူး။ ရယ်လို့ ၀တော့ ကျွန်တော်က “အေးဗျာ အဖြူလေးက အကင်းပါးတာကိုး” ဆိုပြီး အချွန်နဲ့ ပင့်ပေးလိုက်တယ်။ အဖြူလေးမှာ ပီတိတွေ ဖြစ်လို့။ သူ့ကိုယ်သူ အဖြေမှန် တွေ့ရှိသွားသူလိုမျိုးပေါ့။


နှစ်လှည့်လောက် အထိ ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေပေးလိုက်တယ်။ အဖြူလေးလည်း သူ့ကိုယ်သူ စိတ်ချ လက်ချ ဖြစ်သွားတဲ့ပုံပဲ။ သုံးလှည့်မြောက် ရောက်တော့ သူဆွဲတဲ့ဖဲက ဒေါင့် တစ်ဆယ် ဖြစ်နေတယ်။ ကျွန်တော်က ဟာသွားပါပြီကွာ အဲဒီ ဒေါင့်တစ်ဆယ် ငါလိုချင်တာကွ လို့လည်း အော်လိုက်ရော အဖြူလေးလည်း ပြူးတူး ပြဲတဲ ဖြစ်သွားပြီး သူကိုင်ထားတဲ့ ဖဲကို နောက်ကျော လှန်ကြည့်ပါလေရော။ နောက်ကျောမှာများ နံပါတ်ရေးထားသလား ထင်လို့လေ။


အားလုံးရယ်လိုက်ကြတာများဗျာ တအုန်းအုန်းပါပဲ။ နောက်ကျောမှာလည်း ဘာမှရေးမထားတာ သိတော့ အဖြူလေး ထလာပြီးကြည့်တာ ကွန်ပြူတာမှာ ပေါ်နေတာ တွေ့သွားတော့တယ်။ စိတ်ဆိုးမယ်ထင်လား လုံးဝစိတ်မဆိုးဘူးဗျ။ ဒါကြောင့် ငါဖဲမဒေါင်းတာကိုးလို့ ချောလဲ ရောထိုင် လုပ်သေးတယ်။

ဂွင်ထဲဝင်လာတော့ ကျွန်တော်က “အေးလေ အဖြူလေးများ မအ ဘူးမှတ်နေကြလား” ဆိုပြီး တစ်လုံးပစ် သွင်း လိုက်တယ်။ အဖြူလေးလား.... လူကြီး ဆိုတော့ ရှက်ရှက်နဲ့ တဟဲဟဲ ရယ်နေတော့တာပဲ။

..............................................................................................................။

အဖြူလေးကလည်း ဂွင်ကြုံတုန်းက ကျွန်တော်ကို အိမ်မှာစာကပ်ပြီးတော့ကို ပြန်နှိပ်ကွပ်သေးတယ်။ တစ်ခါက ကျွန်တော်တို့ မီးဖိုချောင် ရေအသုံးပြုတဲ့ နေရာမှာ ရေပိုက်က ပေါက်သွားလို့ ရေအများကြီး သွန်လိုက်တာနဲ့ ကြမ်းပြင်ပေါ်ကို ရေကလျှံနေတယ်။ အဲဒါကို အဖြူလေးနဲ့ညောင်ရမ်းက ပြန်ပြင်ပေးပြီး ဆီလီကွန်နဲ့ သေသေချာချာ ပိတ်ပေးတယ်..။ ဆီလီကွန် မခြောက်ခင် ရေပြန်သုံးမိတော့ ရေကအနည်းငယ် ပြန်ထွက်ပြန်တယ်။ ဒီတော့ သူတို့ထပ်လုပ်ကြပြန်ရော။


ဒီတခါကျတော့ အဖြူလေးက ပြင်ပြီးတာနဲ့ သတိပေးစာပါ ကပ်ထားလိုက်တယ်။ သတိပေးစာက ကောင်းပါတယ်.. ဒါပေမယ့် အနှောင့်အသွားမလွတ်ဘူး ကျွန်တော့်ကိုပါ ရောပြီးကစ်ထားသလိုပဲ။ သူ့သတိပေးစာက ဒီလို....

သတိ.. “... ခွန်နှစ်ရက်သားသမီး အပေါင်းတို့ ' ရေ ' ကို သတိလေးကပ်ပြီး သွန်ပေးပါ။ သို့မဟုတ်ပါက “ကျိုး” သွားသော “မြစ်” ကဲ့သို့ အမြဲတမ်း “အင်း” ဖြစ်နေပါလိမ့်မည်။”
တဲ့လေ....။

သတိပေးစာ ဆိုတော့လည်း ပြန်ခွါလို့ မဖြစ်တာနဲ့ ခုထိကပ်ထားရတုန်း နေ့တိုင်း မြင်နေရတုန်းပါပဲ....။

......................................................................................။

သိမ်းထားတာကြာတဲ့ ပို့စ်အဟောင်းလေးကို အသစ်ပြန်ရေးပြီး တင်တာပါ။ မဖတ်ဖူးသူတွေ များမယ်ထင်ပါတယ်။
အဖြူလေးရဲ့ ဘလော့ဂ်က ဒီမှာ ပါ။

အဖြူလေးအကြောင်း ရေးခဲ့သမျှ...

အဖြူလေး

အဖြူလေးမျက်လုံးကွယ်သွားခြင်း

Tom & Jerry

Friday, May 7, 2010

ကမ္ဘာပျက်ခြင်း

အခန်း (၁)

အေးချမ်းစွာ ရှာဖွေစားသောက် နေထိုင်ခဲ့သော သူတို့အတွက် နောက်ဆုံးအချိန်အခါသည်ကာ မျှော်လင့်မထားဘဲ ကျရောက်လာလေပြီ။ ပထမဆုံး ဝေါခနဲ အသံကျယ်ကြီးကို ကြားလိုက်ရပြီးနောက် သူတို့နေထိုင်ရာ အရပ်တွင် စူးရှပြင်းထန်သော အလင်းရောင် ထွက်ပေါ်လာသည်။ ကောင်းကင်အမိုးကြီး ပွင့်ထွက်သွားသလိုပင်။ ထိုအလင်းရောင် ထွက်ပေါ်လာရာ မိုးကောင်းကင်ကို ထိတ်လန့်ခြင်း ကြီးစွာဖြင့် မော့ကြည့်လိုက်မိသည်။ တစ်ခြားသူများ အားလုံးလည်း ထိုအလင်းရောင်ကြီးကြောင့် တအံ့တသြ ဖြစ်လို့နေကြသည်။ လှုပ်ရှားဖို့ကို မေ့နေသည်အထိ အလင်းရောင် ထွက်ပေါ်လာရာသို့ မော့ကြည့်နေမိသည်။ ဘာတွေဆက်ဖြစ်မလဲ တွေးနေချိန်မှာပဲ သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားတော့၏။

သူတို့ရဲ့ ကောင်းကင်ပေါ်မှ အမျိုးအမည် မဖော်ပြနိင်စွမ်းသော ကြီးမားသည့် အရာဝတ္ထုများ ပြုတ်ကျလာသဖြင့် အမှောင်ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ကျရောက်လာသော ထိုအရာဝတ္ထုများမှာ လေးလံလွန်းလှသဖြင့် တော်တော်များများ မည်သို့ အသက်ထွက်သွားမှန်းတောင် မသိနိင်တော့ဘဲ သေဆုံးသွားတော့သည်။ အရာဝတ္ထုများ ပိမိနေသဖြင့် ကယ်ပါယူပါ အော်သံများသည်လည်း ဆူညံပွက်လော ရိုက်နေလေသည်။ သို့သော် မည်သူကမှ တစ်ဦးကို တစ်ဦး ကယ်တင်ပေးဖို့ရန် မဖြစ်နိင်တော့ပေ။

မောင်နီ လည်း စားလက်စမုန့်ကို ပစ်ချကာ အသက်ဘေးအတွက် ခြေဦးတည့်ရာ ပြေးရတော့၏။ မည်သည့်အရပ်သို့ ရောက်သွား နိင်မည်ကိုပင် စဉ်းစားချိန် မရလေပြီ။ ကျယ်ဝန်းလှသော ဤအရပ်တွင် ခြေဦးတည့်ရာ ပြေးလွှားနေကြသော ဘဝတူ များစွာကိုလည်း ပြေးရင်းလွှားရင် တွေ့ရပြန်သဖြင့် သွေးပျက်မတက် ခြောက်ခြားလွန်းလှသည်။ သူ့မိဘများနှင့် သူ့မိသားစုလည်း သေဆုံးသွားကြပြီလား ထွက်ပြေးလွတ်မြောက် သွားပြီလား မသိနိင်တော့ပြီ။

ပြေးရင်းလွှားရင်း သူဇနီးနှင့် သားငယ်ကို ရှာဖွေကြည့် မိသည်။ အချိန်ယူကာ ရှာဖွေဖို့ ဆိုသည်မှာတော့ မဖြစ်နိင်ပေ။ လောလောဆယ် မိမိ အသက်ဘေးအတွက် ခြေဦးတည့်ရာသို့ ပြေးနေမိတော့သည်။ သူမည်သို့ပင် အားကုန်စိုက်ကာ ပြေးသော်လည်း မလွတ်မြောက်နိင်ရှာတော့ပေ။ အမှောင်တွေ ဖုံးလွှမ်းပြီးသည့် နောက်တွင် ပြင်းထန်သော လှုပ်ခါမှုတို့စတင်လာသည်။ သူတို့နေထိုင်ရာ အရပ်တွင် တော်လဲသံများ ထွက်ပေါ်ကာ အိုးထိန်းစက်ကဲ့သို့ ချာချာလည် လေပြီ။

“ အားးးး ”
“ကယ်ကြပါ ”

သွေးပျက်ခြောက်ခြားစွာ ထွက်ပေါ်လာသော အော်သံတို့သည်လည်း ဆူညံလွန်းသော တော်လဲ သံများအောက်တွင် နစ်မြုပ် နေလေသည်။ တစ်ဦးကိုတစ်ဦး အော်ခေါ်ကြသည် မိမိတို့ အားကိုးရာကို တိုင်တည်မြည်တမ်းကြသည် သို့သော် တစ်ဝေါဝေါ မြည်ဟီးနေသော တော်လဲ သံများအောက်တွင် မိမိရဲ့ အသံကိုပင် ပြန်ကြားဖို့ရန် မဖြစ်နိင်တော့ပေ။ လှုပ်ခါခြင်းတို့သည် တစ်စထက်တစ်စ တိုး၍သာ ပြင်းထန်လာသဖြင့် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။ သူတို့နေထိုင်ရာ အရပ်တွင် သေခြင်းတရားသည် နီးကပ်စွာ ရှိနေလေပြီ။

အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေမှုကြောင့် သူတို့အရပ်မှ ဆွေမျိုးများ အဝေးကို လွင့်စင်ကုန်ကြတော့သည်။ ကုပ်ကပ် တွယ်ကပ်ထားသော သူ့လက်တို့ ညောင်းညာ လွန်းလှပြီ။ မကြာခင် တွယ်ကပ်ထားသော သူ့ခြေလက်တို့ပြုတ်ထွက်ကာ သူသည်လည်း လွင့်ထွက်သွားရတော့မည်။ သေခြင်းတရားကို သူမြင်လိုက်ရလေပြီ။ အချိန်သိပ်မကြာခင်မှာပဲ သေရတော့မည်ဟု စိတ်ဒုန်းဒုန်း ချလိုက်မိသည်။ သူချစ်သော မိသားစု ၊ သူနေထိုင်ရာ အရပ် ၊ သူ့ဆွေမျိုးများ နှင့် သူနှစ်သက်သော အစားအစာများ အားလုံး ချန်ရစ်ခဲ့ရတော့မည်။

ဝမ်းနည်းလွန်းသဖြင့် သူ့မျက်ရည်တို့ အဆက်မပြတ် တသွင်သွင် ကျဆင်းလေပြီ။ သူတို့အတွက် ကပ်ဘေးကြီးက ဆိုးရွားလွန်းလှသည်။ တဝေါဝေါမြည်သံများ ကြားနေရသဖြင့် သွေးပျက်မတတ် ဖြစ်နေရသည်။ ဘာတွေဖြစ်ကုန်ပြီလဲ။ အပြောင်းအလဲများသည် မြန်ဆန်လွန်းလှသည်။ စောစောက အေးချမ်းရှင်းလင်းနေသော သူတို့ရဲ့ နေရပ်သည် ခုတော့ အရာဝတ္ထုများဖြင့် ပြည့်နှက်နေလေပြီ။ ထိုအရာများအောက်တွင်တော့ သူတို့ရဲ့ အိမ်နီးချင်းများ ဆွေမျိုးများ ပိပြားနေမှန်း တွေးလိုက်မိသည်။ သူသည်လည်း ဘယ်အချိန်တွင် အသက်ထွက်ရတော့မလဲ စောင့်စားနေရတော့သည်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ ချာချာလည်မှုတို့ ရုတ်တရက် ရပ်တန့်သွားသည်။ တော်လဲ သံများပါ ငြိမ်သက် သွားသဖြင့် သူထိတ်ခနဲ ဝမ်းသာသွား၏။ ရုတ်ခြည်းတိတ်ဆိတ်သွားပုံသည် အံ့သြဖွယ် ကောင်းလွန်း လှသည်။ စောစောက ထွက်ပေါ်ခဲ့သော တဝေါဝေါဖြင့် တော်လဲသံ များသည် ခုတော့ ဒီနေရာတွင် မည်သည့်အဖြစ်အပျက်မှ မဖြစ်ခဲ့သလို တိတ်ဆိတ်သွားသည်။ မုန်တိုင်းမလာခင် တဒင်္ဂတိတ်ဆိတ်ခြင်း ဖြစ်နိင်သည်ဆိုကိုပင် သူမတွေးတတ်ခဲ့လောက်အောင် ပျော်ရွှင်သွားမိသည်။

ဒါဆို သူမသေနိင် တော့ဘူးပေါ့။ အိုးးးး ကံကောင်း လိုက်တာ ။ သေခြင်းတရားဆီမှ ကံသီကာ လွတ်မြောက် ခဲ့သဖြင့် သူ စိတ်မထိန်းနိင်စွာ ခြေဦးတည့်ရာ ပြေးလွှားလိုက်တော့သည်။ ဝမ်းသာလွန်းစွာ ဟေးးး ခနဲ အားပါးတရ အော်လိုက်မိပြီးမှ သူ့ဆွေမျိုးများ အတွက် သတိရမိသဖြင့် ချက်ချင်း အသံပြန်ပိတ်လိုက်ရ၏။ သူ့လို ခံစားရ၍ထင်သည် ဟိုနေရာ ဒီနေရာများမှ မသေဘဲ ကျန်ခဲ့သူတို့၏ ဝမ်းသာအားရ အော်သံများ ထွက်ပေါ် လာသည်။

ထို့အတူ နေရာအနှံ့တွင် ငိုကြွေးသူတို့ ရှိနေလေသည်။ ခြေလက် ပိမိသူတို့ရဲ့ ညည်းညူသံများလည်း နေရာ အနှံ့မှ ထွက်ပေါ်နေသည်။ ကပ်ဘေးမိသူနှင့် လွတ်မြောက်လာသူတို့ရဲ့ ခြားနားသော အခြေအနေဖြစ်သည်။ မည်သူမဆို မိမိအသက်ကို တန်ဖိုးထားကြသည် မဟုတ်လား။ ခုတော့ သူလွတ်မြောက်ခဲ့လေပြီ။ သူ့မိသားစုကိုတော့ လောလောလတ်လတ် ရှာဖွေ၍ မရနိင်သေးပေ။ နေရပ်တစ်ခုလုံး အခြေအနေတွေ ရှုပ်ထွေးနေလေသည်။ ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံး တစ်ဦးဦးကို သူဆွဲထုတ် ကယ်တင်ရမည်။ အနီးအနား ကြည့်မိချိန်တွင် ခြေလက် ပြတ်ပြီး လူးလိမ့်အော်ဟစ်နေသူကို တွေ့လိုက်ရသည်။ သူကယ်တင်ပေးဖို့ရန် အနားသို့ တိုးကပ်သွားမိသည်။

ထိုအချိန်တွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီး ဒုတိယ အကြိမ် ပေါ်ထွက် လာပြန်တော့သည်။ ဒီတစ်ကြိမ် တွင်တော့ မြင့်ရာ အရပ်မှ ရေများ တစ်ဝေါဝေါဖြင့် စီးဆင်းလာခြင်းဖြစ်သည်။ ရေလုံးကြီးများ ရောက်လာပုံမှာ မြန်ဆန်လွန်းလှသဖြင့် သူဘေးဘက်ရှိ အမြင့်တစ်နေရာသို့ အလျင်အမြန် ပြေးတက်လိုက်ရသည်။ ရေများ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် တစ်ဖြည်းဖြည်း မြင့်တက်လာသဖြင့် ပို၍မြင့်ရာဆီသို့ အတင်းကုပ်ကပ် တွယ်တက်နေမိသည်။

နားခိုရာ နေရာတစ်ခုကို ရောက်သွားသဖြင့် ရေပြင်ကြီးကို ကြည့်လိုက်နေမိသည်။ ထိုရေများထဲတွင်တော့ သေဆုံးသွားသူတို့ ပေါလော မျောပါနေသည်ကို တွေ့လိုက်ရသဖြင့် သူ့ခြေလက်တို့ အားအင်ကုန်ခမ်း မတတ်ဖြစ်သွားရသည်။ အစုအဝေးလိုက် သေဆုံး မျောပါနေသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်လွန်းစွာ ရှိုက်ကြီး တစ်ငင် ငိုကြွေးနေမိသည်။ သူသည်လည်း မကြာခင် ထိုအစုအဝေးထဲတွင် ပါဝင်ရတော့မည် ထင်သည်။

အဆက်မပြတ် ဝင်ရောက်လာသော ရေလုံးကြီးများကြောင့် သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး ရေမြုပ်သွားလေပြီ။ သူခိုကပ်နေသော နေရာဆီသို့ မကြာခင် ရေများရောက်လာတော့မည်ကို ခန့်မှန်းမိသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေမိသည်။ ပြေးစရာ နေရာ မရှိတော့မှန်း သူသိနေလေပြီ။ ဒီတစ်ကြိမ်တွင်တော့ သေခြင်းတရား ထံမှ သူလွတ်မြောက်ဖို့ရန် မဖြစ်နိင်တော့ပေ။ သေချာနေသော သေခြင်းတရာကို ထိုင်စောင့်နေရသူရဲ့ ခံစားချက်သည် သွေးပျက်ဖွယ်ရာသာ ဖြစ်သည်။ ခြောက်ခြားတုန်လှုပ် ဖို့လည်း ကောင်းလှသည်။ တစ်ဖြည်းဖြည်းနှင့် ရေများ ပို၍မြင့်တက်လာသည်မှာ သူခိုလုံရာ နေရာအထိပင် ရောက်လာတော့မည်။ အပေါ်သို့ ထပ်တက်ဖို့ရန်လည်း မလွယ်ကူတော့ပေ။

တစ်စထက်တစ်စ မြင့်တက်လာသော ရေများကို ကြည့်ရသည်မှာ ခြောက်ခြားဖို့ ကောင်းလွန်းလှသည်။ သေမင်းသည် သူ့ခံတွင်းကို ဖွင့်ဟရင်း သူ့အနားသို့ တိုးကပ်လာသလို ခံစားလိုက်ရသည်။ အစွယ်ဖြူဖြူများကိုပင် မြင်လိုက်ရသလိုလိုပင် ....။ ရှင်သန်ဖို့ အတွက် နောက်ဆုံးအနေဖြင့် အပေါ်ထပ်တက်ရန် နေရာရှာနေချိန်တွင် သူ့ခြေထောက် အေးခနဲ ဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်မိသည်။

အိုးးးး ရေတွေ

သေမင်းရဲ့ လက်အေးကြီးဖြင့် သူ့ခြေထောက်ကို ဖမ်းဆုပ်ကိုင်ခံလိုက်ရသလို သူ့နှလုံးသား ထိတ်ခနဲဖြစ်ကာ အမြင်အာရုံများ ပြာထွက်သွားသည်။ သူသေရတော့မှာပါလား။ နောက်ဆုံးလက်ကျန် အင်အားကို ညစ်ထုတ်ကာ ကြောက်လန့်တစ်ကြား အပေါ်သို့ ထပ်မံကုတ်တက်ရန် ကြိုးစားနေချိန်မှာပဲ သူ့ခန္ဓာကိုယ် တစ်ခုလုံး ရေထဲကို မျောပါသွားတော့သည်။ သူ့ရဲ့ ထိတ်လန့်တကြား အော်သံ သည်လည်း ဆူညံစွာ ဝင်ရောက်နေသော ရေလုံးကြီးများရဲ့ အသံအောက်တွင် နစ်မြုပ်သွားလေပြီ။

မကြာခင် ရေများ စီးဝင်လာမှု ရပ်တန့်သွားသော်လည်း သူတို့အရပ်သည်ကား တစ်ခဏအတွင်းတွင် ပင်လယ်ပြင်ကြီး ဖြစ်သွားလေပြီ။ မှီတွယ်ရာ အရာဝတ္ထုတစ်ခုခုကို ဖမ်းကိုင်ဖို့ရန် ကြိုးစားသော်လည်း ပင်လယ်ပြင်ကြီး သဖွယ် ဖြစ်နေသော ရေပြင်ကျယ်ကြီး ထဲတွင် သူ့ခန္ဓာကိုယ် သေးသေးလေးမှာ အဆီးအတားမရှိ မျောလွင့်နေလေသည်။ သူ့လိုပဲ သေအံ့ဆဲဆဲ မှီတွယ်ရာ တစ်ခုခုကို ဖက်တွယ်ထားသော ဘဝတူများကိုလည်း ဖျတ်ခနဲ ဖျတ်ခနဲ တွေ့လိုက်ရသည်။

ထိုအချိန်တွင် တော်လဲသံများ နောက်တစ်ကြိမ် ထပ်မံကြားရကာ သူတို့နေထိုင်ရာ အရပ်သည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်လေသည်။ ရေများ ဘောင်ဘင်ခတ်နေသော လှိုင်းထန်လွန်းသည့် ပင်လယ်ပြင်ကျယ် ထဲတွင် သေဆုံးသွားသော သူ့ခန္ဓာနှင့် မျိုးနွယ်စုများ အားလုံး မျောပါနေကြတော့သည်။
နောက်ဆုံးတွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီးကြောင့် သူတို့အားလုံး သေဆုံးခဲ့လေပြီ။ အသက်ရှင် ကျန်ရစ်ခဲ့သူ ဆို၍ မည်သူမှ မရှိတော့ပေ..။

........................................။

.............................................................။

.....................................................................................။

အခန်း(၂)

ကျကျန်ရစ်သော အင်္ကျီတစ်ထည်ကို ထပ်ထည့်ရန် အဝတ်လျှော်စက် အဖုံးကို ဖွင့်လိုက်မိချိန် ရေထဲတွင် မျောပါနေသော ပုရွတ်ဆိတ်များကို တွေ့လိုက်ရသည်။ သူ သေသေချာချာ မကြည့်မိလိုက်သဖြင့် အဝတ်လျှော် စက်ထဲတွင် သေဆုံးသွားသော ပုရွတ်ဆိတ်များဖြစ်သည်။ လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က နောက်ဆုံး လျှော်ခဲ့ ပြီးချိန်တွင် အံကျအောင် ပြန်မပိတ်ခဲ့မိသဖြင့် ဝင်နေသော ပုရွတ်ဆိတ်များ ဖြစ်ဟန်တူသည်။ ရာသီဥတု ပူပြင်းနေသဖြင့် အေးပြီး မှောင်နေသော အဝတ်လျှော်စက်ထဲ ဝင်နေပုံရသည်။ ပုခုံးတစ်ချက်တွန့်ကာ အဖုံးကို ပြန်ပိတ်လိုက်၏။ အဝတ်လျှော်စက်သည်ကား တာဝန်ကျေစွာ လည်နေ လေပြီ။

.....................................................................................။

Saturday, May 1, 2010

အငြိမ့် ၎

မီးရောင်တို့ဖြင့် ထိန်လင်းနေသော ပွဲတော်ကျင်းပရာ လမ်းမကြီး ပေါ်တွင် လူများ ပြည့်ကျပ်စွာ သွားလာနေကြသည်။ များပြားလှသော လူအုပ်ကြီးရဲ့ ဦးတည်ရာကတော့ တူညီနေသည်ကို တွေ့ရမည်။ သူတို့ တရွေ့ရွေ့ဦးတည်ရာကာ ဘလောဂ်ဂါအငြိမ့် ရုံဆီသို့ ဖြစ်သည်။ မကြာခင်မှာ ဘလောဂ်ဂါ အငြိမ့် စတင်တော့ပေမည်။ လုပ်ငန်းခွင်မှ မောပန်းနွမ်းနယ် မှုများကို ပြေပျောက်စေရန်နှင့် စိတ်လက်ပေါ့ပါးစွာ ရယ်မောပျော်ရွှင်နိင်စေဖို့ အတွက် ဘလောဂ်ဂါအငြိမ့် ရုံတော်ကြီးထဲသို့ သူတို့ တစ်ရွေ့ရွေ့ တိုးဝင်နေကြတော့သည်။

ဘလောဂ်ဂါ ရုံတော်မင်္ဂလာကြီး အတွင်းတွင်ကာ ဖျာခင်းထားသော အလယ်ဝန်းရဲ့ ဘေးနှစ်ဖက်မှ ဆယ်ပေခန့်စီ ခွာပြီး စိုက်ထားသော မီးတိုင်တို့ရဲ့ အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေ၏။ အငြိမ့်စင်ကို ကြက်သွေးရောင် ဖဲကတ္တီပါ ဖြင့် ဖုံးကွယ်ထားသည်။ အငြိမ့်စင်ရဲ့ အပေါ်ဘက်တွင်တော့ ရွှေအိုရောင် နဖူးစီး လိုက်ကာ ချိတ်ဆွဲထားသည်။ ထိုနဖူးစီး ပေါ်တွင်တော့ ကျွန်သစ်သားပြားပေါ်တွင် ထွင်းထုထားသော စာတန်း တစ်ခုရှိနေ၏။ မီးဆလိုက် ထိုးထားသော ထိုစာတန်းသည်ကာ “ ဘလောဂ်ဂါအငြိမ့် ” ဖြစ်သည်။

မြန်မာ့ဆိုင်းဝိုင်းမှ နှဲ နှင့် ဗုံသံတို့ ပေါင်းစပ်ကာ အပျိုးတီးသံ ထွက်ပေါ်လာသဖြင့် မီးကိုရေနှင့်ဖျန်းလိုက်သလို ပွဲရုံအတွင်း ငြိမ်သက်သွားသည်။ မိမိတို့နေရာများတွင် အတည်တကျ ထိုင်လိုက်ကြရင်း ဆိုင်းသံကို နားစွင့် နေကြသည်။ ထိုအချိန်တွင် ဘေးနှစ်ဖက်မှာ မီးတိုင်တို့ မှိတ်သွားသဖြင့် ဇာတ်ရုံတစ်ခုလုံး အမှောင်ကျသွား တော့သည်။ ထို့နောက် ဇာတ်စင်ရဲ့ ဘယ်ညာအပေါ် နှစ်ဖက်မှ ဆလိုက်မီးရောင် နှစ်ခု ကြက်သွေးရောင် ကတ္တီပါလိုက်ကာ ကြီးပေါ် ထိုးစိုက်ကာ ဝေ့ကာ ဝိုက်ကာဖြင့် တစ်စုံတစ်ရာ ကိုရှာနေဟန် ပြုပေးနေသည်။ ပွဲခင်းထဲမှ ပရိတ်သတ်များရဲ့ မျက်လုံးအစုံသည်လည်း ဆလိုက်မီးရောင်တို့နှင့် အတူ အာရုံစူးစိုက်ကာ စောင့်နေကြတော့သည်။

ထို့နောက်တွင်တော့ ဆိုင်းဝိုင်းကြီးမှ ဆိုင်းသံထွက်ပေါ်လာပြီး ကြက်သွေးရောင် လိုက်ကာကြီး အပေါ်သို့ တစ်ရွေ့ရွေ့တက်သွားတော့သည်။ ဆလိုက်မီးရောင် နှစ်ခုသည် အငြိမ့်စင်ရဲ့ အလယ်ဗဟိုတွင် စုစည်းကာ ကျရောက်သွား၏။ အငြိမ့်စင်သည်ကာ ပီပီပြင်ပြင် ပေါ်ထွက်လာပြီဖြစ်သည်။ ဆလိုက်မီးရောင် အောက်တွင် တော့ အပြာနုရောင် ပုဆိုးကွက်တုံး၊ အင်္ကျီအဖြူရောင်နှင့် ပန်းနုရောင် ပုဝါများကို ခေါင်းပေါင်းကာ လက်အုပ်ချီ ထားသည့် လူရွှင်တော် သုံးယောက်ကို တွေ့လိုက်ရ၏။

လူရွှင်တော်များမှ ညီညာဖျောင်းဖြစွာ လက်အုပ်ချီ၍ ပရိသတ်ကို ဂါရဝပြု ကန်တော့လိုက်ကြသည်။ ထို့နောက် အလယ်တွင်ရပ်နေသော လူရွှင်တော်မှ ခွန်းထောက် စဆိုလိုက်သည်။

ပွဲတော်လာမိတ်သဟာတွေ အပန်းတော်ပြေစေဖို့ အငြိမ့်တော်မဟာဖိတ်ခေါ်ကာ အသုံးတော်ခံလို့ရယ်
ကြွလာသူဆွေသဟာ ပန်းရွှေကြာနှယ် လန်းဖြာကြစေကြောင်းရယ်လို့ ညီတူစွာကျွန်တော်တို့ လူရွှင်တော်အပေါင်းရယ်က ခွန်းခြွေဆုတောင်း… ”

“မင်္ဂလာရှိပါပေတယ် ကိုဇော်ရေ”
“ဂျစ်တူးလား ခင်မျာ”
“ကိုဇော်ရေ”
“ဟိုဘက်က ကိုဏီလင်းညို လားဗျ”
“အမှုတော်ထမ်းရွက်လျက်ပါဗျာ”

ကိုဇော်။......။ “ပရိတ်သတ်ကြီးကို ဖျော်ဖြေဖို့ အချိန်အခါ ကျရောက်လာပြန်ပြီ မဟုတ်လားခင်မျ”
ဂျစ်တူး။......။ “လေ့လာဆည်းပူးထားတဲ့ ပညာလေးနဲ့ အလုပ်အကျွေးပြုရမယ့် အချိန်အခါပါပဲဗျာ”
ကိုဇော် ။.......။ “အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း အားရစရာပါပဲ တကယ့်ကို သောင်းသောင်းဖျဖျ နဲ့....”

ကိုဇော်ရဲ့ စကားမဆုံးခင် ဂျစ်တူးနှင့် ဏီလင်းညို မှ စက္ကူလိပ်များ ဖြင့် ရိုက်ကြကုန်သည်။
“ ဟ ဘာလို့ ရိုက်တာတုန်း ”
“ ဘာသောင်းသောင်းဖျဖျ လဲ တခြားစကားလုံးနဲ့ ပြန်ပြော ”
“ ကိုဇော် ခုတစ်လော ဘလောဂ်တွေ စာလိုက်မဖတ်ဘူးနဲ့တူတယ် ”
“ အမ် ဘာဆိုင်လို့တုန်းဗျ ”
“ ဆိုင်ဆိုင်မဆိုင်ဆိုင် တစ်ခြားစကားနဲ့ ပြောင်းပြော သောင်းသောင်းဖျဖျ တော့ မသုံးနဲ့”
ကိုဇော်မှ ခေါင်းကုတ်ကာ
“ အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း အားပါးတရ ဆိုတော့ ကျွန်တော်တို့ လူရွှင်တော်တွေ ဖျော်ဖြေခွင့်ရတာ ဝမ်းသာစရာပဲ မဟုတ်လား ”

ဂျစ်တူး ။......။ “ ပရိတ်သတ်ကြီး ရယ်မော ပျော်ရွှင်သွားအောင် အစွမ်းကုန် ဖြည့်ဆည်းပေးရမယ်ပေါ့ဗျာ ”

ဏီလင်းညို ။......။ “ဒါဆို အခု လူရွှင်တော် သုံးယောက်စုံပြီဆိုတော့ ဘာစလုပ်ကြမတုန်း”
ဂျစ်တူး ။.......။ “ ကျွန်တော် အကြံရပြီဗျ”
ကိုဇော် ။.......။ “ ကြားပါရစေဗျာ ”

ဂျစ်တူး ။........။ “ ဒီလိုလေ သုံးယောက်ရှိပြီဆိုတော့ ပါတီထောင်ကြတာပေါ့”

ဂျစ်တူးရဲ့ ခေါင်းပေါ်သို့ စက္ကူလိပ် များဖြင့် ဝိုင်းရိုက်ကြတော့သည်။

ကိုဇော် ။.....။ “ဘာပါတီ ထောင်တာတုန်း သူကလည်း အရေးထဲ ဖျာဝင်ခင်းချင်နေသေးတယ်”
ဂျစ်တူး ။.....။ “ဟုတ်ဘူးလေကွာ သုံးယောက်ရှိပြီ ဘာလုပ်ကြမလဲ မေးတာကိုး”
ဏီလင်းညို ။.....။ “ပျက်လုံး အရင်ထုတ်မလား မင်းသမီး အရင်ခေါ်မလား မေးတာဟ”

ကိုဇော်။.......။ “ကျွန်တော်တို့က မြန်မာလူမျိုးတွေ ဖြစ်တော့ ဘယ်နေရာ ရောက်နေနေ ကိုယ့်မြေ ကိုယ့်ရေ အကြောင်းလည်း အမြဲ မပြတ် စုံစမ်းဖြစ်တယ်ဗျ”

ဏီလင်းညို ။......။ “ဒါပေါ့ဗျာ ကျနော်တို့ဆိုလည်း ကိုယ့်နိင်ငံရဲ့ ကောင်းသတင်းလေးတွေ ကြားချင်တာကိုးဗျ”

ဂျစ်တူး ။......။ “ဒါဆို ကျုပ်ကြားထားတဲ့ အပြောင်းအလဲလေးတွေ ပြောပြအုံးမှပဲ”

ကိုဇော် ။......။ “ဂျစ်တူးမှာ သတင်းတွေ ရှိတယ်ဆိုပါတော့ လုပ်စမ်းပါအုံးဗျ”

ဂျစ်တူး ။......။ “ရှိတာပေါ့ဗျ အပြောင်းအလဲ ဖြစ်တဲ့ သတင်းလေးတွေပေါ့”

ဏီလင်းညို ။.......။ “ပရိသတ်ကြီးလည်း သိရအောင် ပြောပြပါဗျာ

ဂျစ်တူး ။.......။ “ပထမဆုံး အပြောင်းအလဲက ဈေးနှုန်း အပြောင်းအလဲဗျ”

ကိုဇော် မှ ဝမ်းသာအားရဟန်ဖြင့် မေးလိုက်သည်။
“ကုန်ဈေးနှုန်းတွေ ကျသွားတာလား”

ဂျစ်တူး ။......။ “မဟုတ်ဘူး တည်းခိုခန်းသွားလို့ ကင်မရာ ပါလာရင် ဈေးပိုပေးရတာပါ”

ဂျစ်တူးခေါင်းကို စက္ကူလိပ်များဖြင့် ဝိုင်းရိုက်ကြကုန်သည်။ ဂျစ်တူးရဲ့ ပျက်လုံးကို ပီပြင်စေရင် ဏီလင်းညိုမှ ပို့ ပြန်သည်။

“ အကိုက အခုရိုက်ထားတာတွေ ပြန်ဖျက်ပေးမှာပါ ညီမရယ် ”

ဏီလင်းညို ကို စက္ကူလိပ်ဖြင့် ရိုက်ကြတော့သည်။

ဂျစ်တူး ။......။ “နောက်ထပ် ပြောင်းလဲတာ ပြောရအုံးမယ်”

ဏီလင်းညို ။......။ “ရှိသေးတယ်ပေါ့”

ဂျစ်တူး ။.......။ “ရှိတာပေါ့ဗျ အခုဆိုရင် မီတာ စာရွက်လာရင် အရင်လို တစ်စောင်ထဲ မဟုတ်တော့ဘူး နှစ်စောင်ဖြစ်သွားပြီ”

ကိုဇော် ။........။ “စနစ်ပြောင်းသွားတာများလား”

ဂျစ်တူး ။.......။ “မဟုတ်ဘူးဗျ တစ်စောင်က လျှပ်စစ်ရုံးမှာ ဆောင်ရတာ”

ဏီလင်းညို ။.......။ “ဒါဆို နောက်တစ်စောင်ကရော”

ဂျစ်တူး ။.........။ “နောက်တစ်စောင်က ဈေးထဲက ဖရောင်းတိုင်ဆိုင်မှာ ဆောင်ရတာ”

ဏီလင်းညို + ကိုဇော် ။......။ “ဒါပြောစရာလား.....ပြောစရာလား ”
ဟု ပြိုင်တူရေရွတ်ကာ ဂျစ်တူးကို စက္ကူလိပ်များဖြင့် အားပါးတရ ဝိုင်းရိုက်ကြပြန်သည်။
ကိုဇော် ။........။ “ပရိတ်သတ်ကြီး အမောအပန်းပြေအောင် ရွှေပြည်ကြီးရဲ့ ကောင်းသတင်းလေး တွေ ပျက်လုံးထုတ်ကြပါဗျာ”

ဏီလင်းညို ။......။ “ဒါဆို ကျနော် ဖတ်လိုက်ရတဲ့ သတင်းကောင်းလေး ပြောပြမယ်”

ကိုဇော် ။......။ “အဲဒီလို လုပ်ပါဗျ”

ဂျစ်တူး ။.....။ “ကိုညို့ သတင်းလေး ပြောပြပါအုံးဗျာ”

ဏီလင်းညို ။.......။ “အခုဆိုရင် ရွှေပြည်ကြီးမှာ ခိုးပြေးတဲ့ စုံတွဲတွေ အင်မတန် နည်းသွားပြီတဲ့လေ”

ကိုဇော် ။......။ “ကောင်းလိုက်တာဗျာ သတင်းကောင်းလေးပါပဲ”

ဂျစ်တူး ။.......။ “မိသားဖသား ပီပီ တောင်းရမ်းကြတယ်လား”

ဏီလင်းညို ။.......။ “မဟုတ်ဘူးဗျ ညဘက်တွေ မီးလာတာစောင့်ပြီး ရေတင်ရ အဝတ်လျှော်ရနဲ့ မို့လို့ ခိုးပြေးချိန် မရှိတော့တာတဲ့...”

ဏီလင်းညိုရဲ့ ပျက်လုံးဆုံးလျင် စက္ကူလိပ်များ ဖြင့် ဝိုင်းရိုက်ကြကုန်သည်။ ဏီလင်းညို ပျက်လုံးကြားလျင် ဂျစ်တူးမှ သီချင်း တစ်ပိုင်းတစ်စ ကောက်ဆိုလိုက်သည်။

“ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင် အတိုင်းထက် အလွန်ပဲ”

ဏီလင်းညို ။.......။ “နောက်ထပ် သတင်းတစ်ခု ဖတ်လိုက်ရသေးတယ်ဗျ”
ဂျစ်တူး ။......။ “ဘာသတင်းများပါလိမ့်”
ဏီလင်းညို ။.......။ “ ရွှေဆိုင်တွေက အထည်ဆိုင်တွေ ပြောင်းဖွင့်ကြပြီတဲ့ ”
ကိုဇော် ။.....။ “ရွှေဈေးတွေ ကျလို့များလား”
ဏီလင်းညို ။.......။ “၂၀၁၀ ရောက်ပြီ ဆိုတော့ ပုဆိုး အဝယ်များလာလို့တဲ့လေ ”

ဏီလင်းညို ပျက်လုံးကို ပီပြင်စေရန် ဂျစ်တူးမှ ဗိုလ်အောင်ဒင် ဟန်ပန်ဖြင့် ခါးထောက်ကာ
“မကြောက်ပါနဲ့ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ပါတီထောင်.. အဲ..မှားလို့ ရေချိုးမလို့ပါ” ဟုပြောလိုက်သည်။

ကိုဇော်+ဏီလင်းညို ။.......။ “ ဒါပြောစရာလား ... ဒီလိုပြောစရာလား ” ဟုဆိုကာ စက္ကူလိပ်များဖြင့် ရိုက်ကြတော့သည်။

ကိုဇော် ။.......။ “တော်...တော်ကြ သတင်းကောင်းပြောပါဆို ဘာတွေပြောနေလဲမသိဘူး ကျွန်တော့်မှာ သတင်းကောင်း လေးတွေ ရှိတယ်ဗျ”

ဂျစ်တူး ။.......။ “ကိုဇော်ကလည်း သတင်းကောင်း ကြားထားတယ်ပေါ့”

ကိုဇော် ။......။ “ဒါပေါ့ဗျ”

ဏီလင်းညို ။......။ “ပြောပြပါအုံးဗျာ”

ကိုဇော် ။.......။ “ရွှေပြည်ကြီးမှာ ဘောလုံးပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြတာ သိတယ် မဟုတ်လား”
ဏီလင်းညို ။......။ “သိတယ်လေ ဆုကြေးစား စနစ် စတင်နေပြီလေ”

ဂျစ်တူး ။.......။ “အာဖရိက က ကြေးစားကစား သမားတွေပါ ခေါ်ပြီး ကန်တာတဲ့”

ကိုဇော် ။......။ “အဲ့ဒါကို ပြောပြချင်တာဗျ အာဖရိက ကစားသမားတွေလည်း ရောက်လာပြီး မကြာပါဘူး သူတို့ကို အားကိုးလိုက်ကြတာများ အားရစရာပါပဲဗျာ”

ဏီလင်းညို ။.....။ “အော်...ပရိတ်သတ်တွေကလား”

ကိုဇော်။......။ “မဟုတ်ဘူး မြန်မာမလေးတွေ”

ကိုဇော့်ကို စက္ကူလိပ်ဖြင့် ရိုက်လိုက်ကြသည်။

ဏီလင်းညို ။......။ ဧကန္တတော့ သူတို့ ဟိုဟာ ကြိုက်လို့နေမှာ
ဂျစ်တူး ။.......။ စင်ပေါ်မှာနော် ပေါက်ကရ မပြောနဲ့
ဏီလင်းညို ။......။ ဒီလိုလေကွာ အာဖရိက ကစားသမားတွေဆိုတော့ မဲတယ်လေ အဲဒါကြောင့် ဟိုဟာကြိုက်တယ်လို့ ထင်တာ”
ကိုဇော် ။.......။ “ ဘာ....ဘာကြီးလဲ ဟင်”
ဏီလင်းညို ။......။ “ ချောကလက် ကြိုက်တာလို့ ပြောမလို့ပါ”

ကိုဇော်မှ လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ ဖြူဖြူကျော်သိန်း ဆိုဟန်ဖြင့် “ ငါတော့ မေ့လို့ မရနိင်ဘူး ” ဆိုလိုက်ချိန်တွင် ဂျစ်တူးမှ

“ချောကလက်စားမယ် ..... ချောကလက်စားမယ်” ဟုခြေဆောင့်ကာ အော်နေတော့သည်။
ကိုဇော်မှ ဂျစ်တူးကို စက္ကူလိပ်ဖြင့် ရိုက်ရင်း

“ အဲဒါ ချောကလက် မဟုတ်ဘူး အညာထန်းညက်ခဲ ” ဟုပြောလိုက်သဖြင့် မည်သို့သဘောပေါက်သည် မသိဘဲ ပရိတ်သတ်များ ရယ်ကြလေ တော့သည်။

ဂျစ်တူး ။......။ “ ကဲ..ကဲ..အပြောင်အပျက်လေးတွေ လျော့ပြီး ပရိတ်သတ်ကြီးကို ကျုပ်တို့ရဲ့ ရှေ့ထွက်မင်းသမီးလေးနဲ့ မိတ်ဆက်ပေးကြပါအုံးစို့”

ဏီလင်းညို ။.....။ “ ကျနော်တို့ရဲ့ ရှေ့ထွက်မင်းသမီးလေးကို ကိုဇော်ပဲ ခေါ်ဗျာ”

ကိုဇော် ။......။ “ အထူးအချိန်အခါ ကျရောက်ပြန်ပြီမို့ ဦးနှိမ်ကာ နှုတ်ဆက်ရင်း ဟိုးဝတိံသာက ယမင်းရုပ်လေးလို
မြင်သူဘဝင်ခိုက်အောင် လှရက်လွန်းပါတဲ့ အို..ဘယ့် နှမငယ် ဂျူနီယာ လေးကို ခေါ်ထုတ်ဖို့ ရွာစား အိုက်ခီလောက်ရေ အကြိုတော် ထောက် စေဗျာ.......”
မြန်မာ့ဆိုင်းဝိုင်းကြီးမှ ဆိုင်းဆရာ အိုက်ခီလောက်ရဲ့ လေပြေထိုး တီးသံ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဇာတ်စင်ရဲ့ ညာဘက်အခြမ်းမှ အဖြူရောင်ဝတ်စုံဖြင့် မင်းသမီးလေး ဂျူနီယာ ယပ်တောင်ကိုင်ကာ ထွက်ပေါ်လာသည်။ ထို့နောက် ပရိတ်သတ်ကြီးကို လက်အုပ်ချီကာ အလေးအမြတ် ဂါရဝ ပြုလိုက်ပြီးနောက် လူရွှင်တော်များဘက် လှည့်ကာ

“ မင်္ဂလာညချမ်းပါ အစ်ကိုတို့ရေ”
လူရွှင်တော်များ ။.........။ မင်္ဂလာပါ ညီမလေးရေ

ဂျူနီယာ။.....။ ဟိုးဘက်က ကိုဇော် မဟုတ်လားရှင်
ကိုဇော်။......။ ဟုတ်ပါတယ် ညီမလေးရေ
ဂျူနီယာ။......။ ဒီဘက်က ကိုဂျစ်တူးလားရှင့်
“ဟုတ်ပါတယ် ဂျူနီယာ ... ဇဗ္ဗူဒီပါမှာ မတူညီတာတွေ လိုက်ပြောနေရင် လူရီစရာ ဖြစ်သွားလိမ့်မယ် ဂျူနီယာ ဒါကြောင့် မင်းကိုကိုယ် အရေးကြီးတာ ပြောမယ် ...ငွေတစ်ရာလောက် ကူညီပါ”

“ အရေးထဲ ပိုက်ဆံလာချေးနေသေးတယ် ”
ဟုဆိုကာကိုဇော် နှင့် ဏီလင်းညို မှ ဝိုင်းတီးလိုက်ကြသည်။

ဂျူနီယာ ။.......။ “ ဟိုဘက်က ကိုဏီလင်းညို မဟုတ်လား ”

ဏီလင်းညို ။.......။ “ ဟုတ်ပါတယ် ညီမလေးရေ ပရိတ်သတ်ကြီးက ညီမလေး ဘယ်လိုဆိုမယ် ဘယ်ပုံကမယ် ဆိုတာကို စောင့်မျှော်နေကြတယ်ဗျ”

ဂျူနီယာ ။.......။ “ ဒီနေ့က May Day နေ့ အလုပ်သမားနေ့ ဖြစ်လို့ ညီမလေးတို့လို ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းခွင် လေးကို ဆိုပြချင်ပါတယ် သီချင်းလေး နာမည်ကတော့ သူဌေးမျက်ရည် ပါတဲ့ရှင်”

လူရွှင်တော်များ သံပြိုင်ညီညာစွာဖြင့်
“ကြားပါရစေဗျာ”
ဇာတ်စင်ပေါ်မှ မီးရောင်များ မှေးမှိန်သွားကာ စင်ရဲ့ အရှေ့တည့်တည့်မှ အနုမြူ မီးများ ထွန်းလင်းလာသဖြင့် မင်းသမီးရဲ့ အဖြူရောင် ဝတ်စုံမှာ ပြာလဲ့လဲ့ တောက်ပ သွားသည်။ ဆိုင်းဆရာကြီး အိုက်ခီလောက်ရဲ့ လက်စွမ်းပြသံ ထွက်ပေါ်လာပြီးနောက် မင်းသမီးရဲ့ အချိုးညီညီ အကအလှတို့ စတင်လေပြီ ။ သာယာသော တေးသံနှင့် နွဲ့ပျောင်းသော အကတို့မှာ စည်းချက်ညီနေပေသည်။

“ xxx မနက်ဆို အိမ်က ထွက်လို့လာပါတယ် ရုံးကို အရောက်မယ် ကော်ဖီတစ်ခွက်ကိုဖျော်ကာရယ် ကွန်ပျူတာလေး ဖွင့်ပါတယ်xxx အလုပ်ကိစ္စတော့ ခဏထားကွယ် အာရုံလေးတွေ လန်းဆန်းဖို့ရယ်
ဘလော့ဂ် ပေါင်းစုံအလည်ထွက်ကြမယ်xxx စီဘောက်မှာလဲ နှုတ်ဆက်မယ် ပို့စ်ကလေးများလည်း အသစ်တင်တယ် တို့ရဲ့မနက်ခင်း တစ်ခုလုံး မအားလပ်ရပြီကွယ်xxx”

ဆိုင်းဆရာ ခီလောက်ရဲ့ ခပ်ကြမ်းကြမ်း တီးဟန်နှင့် အတူ မင်းသမီးရဲ့ အက တို့ ပို၍မြူးကြွ လာလေပြီ။

“xxx ထမင်းစားချိန်လေးတော့ ခဏ အိပ်မယ်... ရုံးပြန်တက်မှ ဘလော့အလည်ပြန်ထွက်မယ်..
စီဘောက်ကိုတော့ ဖွင့်ထားတယ် နေ့လည်ဘက်မှ တို့ပြန်ဆုံကြမယ် ....အားလုံးလာကြကွယ်...
တို့စီဘောက်မှာ လူပိုစုံတယ် ထွေရာလေးပါး ပြောကြမယ် သာကြောင်းမာကြောင်းပါဦးမယ်..
မအားမလပ်နဲ့ ချက်တင်လေးလည်း ခိုးတက်ရသေးတယ်xxx”

ဆိုင်းဝိုင်းနှင့် သီချင်းသံတို့ လမိုင်းကပ်သွားလေပြီ။ ပရိတ်သတ်ကြီးသည်လည်း ဆိုဟန် တီးဟန် ထဲတွင် မျောပါနေပေတော့သည်။
“xxx ဒီညနေတော့ အချိန်ပိုရှိတယ်…. အလုပ်ကိုပဲကြိုးစားမယ်..စီဘောက်မှာလည်း လူကုန်ပြီကွယ်.
သူဌေးကြည်ဖြူအောင်လဲ အလုပ်လုပ်ပြရဦးမယ်..အိမ်ပြန်ရောက်မှ ပြန်ဆုံမယ် စီဘောက်ကနေမျှော်ပါဟယ် ညနက်တော့မှ အိပ်ပေါ့ကွယ်..... ဒါဟာ ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ တစ်နေ့တာ ဝတ္တရားပဲxxx”

သီချင်းသံရဲ့ အပိတ်ကို ဆိုင်းဝိုင်းမှ ပတ်မ ချသံဖြင့် အဆုံးသတ်ပေးလိုက်သည်။ သီချင်းသံ နောက်သို့ စီးမျောလိုက်ပါသွားသော ပရိတ်သတ်ကြီး ဆီမှာ သက်ပြင်းချသံ ဟင်းးး ခနဲ တူညီစွာ ထွက်ပေါ်လာသည်။ မင်းသမီး ဂျူနီယာမှ ပရိတ်သတ်ကြီးကို လက်အုပ်ချီ ကန်တော့ကာ အငြိမ့်စင် အတွင်းသို့ ဝင်သွားလေသည်။

ကိုဇော် ။.......။“မင်းသမီးလေး ကသွားတာ အချိုးကျ ပြေပြစ်တယ် မဟုတ်လားဗျာ”
ဂျစ်တူး ။.........။ “ ဆိုဟန်လေးကလည်း အပြစ်ပြောစရာ မရှိဘူးကိုးးဗျ”
ဏီလင်းညို ။.........။“မင်းသမီးရဲ့ သီချင်းလေး နားထောင်မှ သူ့မှာ တစ်နေ့တစ်နေ့ မအားလပ် ရှာပဲကိုး”
ကိုဇော် ။.......။“ သူ့သီချင်းနားထောင်ပြီးမှာ သနားစိတ် ဝင်မိတယ်ဗျာ”
ဏီလင်းညို ။........။ “ ဘလော့ဂ်ဂါတွေကိုလား ”
ကိုဇော် ။.......။ “ မဟုတ်ပါဘူး အလုပ်ရှင် သူဌေးကိုပါဗျာ ”

လူရွှင်တော်များမှ သီချင်းတစ်ပိုင်းတစ်စကို သံပြိုင် ညီညာစွာ သီဆိုကြလေသည်။
“xxxကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်....ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်xxx”

ကိုဇော် ။.......။ “ မင်းသမီးခင်မျာ မအားလပ်တဲ့ ကြားထဲက ဇာတ်ဆရာကို ခင်လို့ လာကပေးရရှာတာ ”
ဂျစ်တူး ။.......။ “ ဒါတော့ အမှန်ပဲ ကျနော်ဆိုလည်း မအားဘူးဗျ ခင်လို့သာ လာကူညီရတာ ”
ဏီလင်းညို ။........။ “ ဂျစ်တူးက ဘာတွေ အလုပ်များနေလို့လဲ ”
ဂျစ်တူး ။......။ “ ဓါတ်ပုံဆရာ ဆိုတော့သင်္ကြန်မတိုင်မှီ ရေကူးကန်တွေမှာ ကင်မရာ လိုက်တပ်နေရတာလေ”

ကိုဇော် ။......။ “ဘာလို့ ကင်မရာ တပ်တာလဲ”

ဂျစ်တူး။.......။ “အရင်တစ်နှစ်က ရေကူးကန်ထဲမှာ စုံတွဲတွေ မဖွယ်မရာတွေ ဖြစ်တယ်လေ”

ဏီလင်းညို ။.......။ “ အော်ဒါကြောင့် မဖြစ်သင့်တာ မဖြစ်အောင် ကင်မရာ တပ်တာပေါ့ ”
ဂျစ်တူး ။......။ “ မဟုတ်ပါဘူး အခွေထုတ်ရောင်းစားမလို့ ”

စက္ကူလိပ်များ ဖြင့် ဝိုင်းတီးကြကုန်သည်။

ဏီလင်းညို ။......။ “ ကျနော်ဆိုလည်း နေမကောင်းတဲ့ ကြားထဲက လာကူညီပေးတာ ”
ဂျစ်တူး ။.......။ “ကိုညိုလည်း နေမကောင်းဘူးပေါ့ ”
ဏီလင်းညို ။......။ “ အင်း နှာစေးချောင်းဆိုး လောက်ပါပဲ”

ကိုဇော် ။......။ “ နင်နေမကောင်းဘူးဆို အိုင်ကု ပေးမယ်လေ ”
ဏီလင်းညို မှ လက်တကာကာဖြင့် “ နေနေ...နင် အိုင်ကုရင် ငါ တက်သွားလိမ့်မယ် ”

ကိုဇော်မှ ဏီလင်းညိုကို စက္ကူလိပ်ဖြင့် ရိုက်ရင်း “ နေမကောင်းရင် ငါကု ပေးမယ်လို့ပြောတာ ဘာတွေ တွေးနေတာတုန်း ”

ဏီလင်းညို ။......။ “မသိဘူးလေ နင်က အိုင်ကု ဆိုတော့ ...”
ကိုဇော် ။......။ “ အဲဒီတော့ ဘာဖြစ်လဲ”
ဏီလင်းညို ။....။ “အဲ... နင်ကုမှာလို့ ထင်တာပေါ့”

“ရှင်းနေတာကို မရှုပ်ရှုပ်အောင် လုပ်တယ်” ဟုပြောရင်း ဂျစ်တူးမှ ဝင်ရိုက်လိုက်သည်။

ကိုဇော် ။......။ “ဟိုတစ်လောက တိုက်ပြို တဲ့ အကြောင်းလေး ပြောပြချင်သေးတယ်”
ဏီလင်းညို ။.....။ “ကိုဇော်လည်း ရှိတယ်ပေါ့”
ကိုဇော် ။......။ “ဖြစ်ဖြစ်ချင်းကို ရောက်သွားတာ”
ဂျစ်တူး ။.......။ “ဒါများဗျာ သတင်းဦးလေး ဖြစ်အောင် ဓါတ်ပုံ ရိုက်တာ မဟုတ်ဘူး

ကိုဇော် ။.......။ “ဂျစ်တူး လူတွေ အကြောင်း မသိပါဘူးဗျာ ဖြစ်ဖြစ်ချင်းချင်း ဓါတ်ပုံရိုက်လို့လည်း မဖြစ်ပြန်ဘူးဗျ”
ဏီလင်းညို ။.......။ “ဘာဖြစ်လို့တုန်း”
ကိုဇော် ။......။ “ဖြစ်ဖြစ်ချင်း ဓါတ်ပုံရိုက်တော့ သက်ဆိုင်ရာ ဘက်ကလို့ ထင်ကြအုံးမယ်”
ဂျစ်တူး ။......။ “ဒါဆိုလည်း နဲနဲကြာမှ ရိုက်ပေါ့”
ကိုဇော် ။......။ “ဒါလည်း မဖြစ်ပြန်ဘူးဗျ”
ဏီလင်းညို ။......။ “အမျိုးမျိုးပါလား”
ကိုဇော် ။......။ “နဲနဲကြာမှ ရိုက်တော့ အဖမ်းခံရရော”

ဂျစ်တူးနှင့် ဏီလင်းညိုမှ
“ဒါပြောစရာလား ....ဒီလို ပြောစရာလားး ”
ဟုဆိုကာကိုဇော့်ကို စက္ကူလိပ်များဖြင့် ဝိုင်းရိုက်ကြတော့သည်။

ကိုဇော် ။......။ အဲဒီနေ့က တိုက်ပြိုတယ် ကြားတော့ ကျွန်တော်လည်း အပြေးအလွှားရောက်သွားတာပေါ့
ဂျစ်တူး ။.......။ “စိတ်ဝင်စားစရာပါပဲ ပြောပြပါအုံးဗျာ”

ကိုဇော်။.........။ “တိုက်ပြိုတဲ့နေရာရောက်တော့ လူတွေအုံနေတာပဲ”
ဏီလင်းညို ။........။ “အင်းပေါ့ စိတ်ဝင်စားကြတာပေါ့”
ကိုဇော် ။........။ “တိုက်ပြိုပြီး ခဏကြာတော့ ပျာပျာ ပျာပျာနဲ့ ရောက်လာကြပါတယ်”
ဂျစ်တူး ။.......။ “ကယ်ဆယ်ရေး အဖွဲ့တွေလား”
ကိုဇော် ။........။ “မဟုတ်ဘူး အုတ်ဝယ်တဲ့သူတွေ

“ဒါပြောစရာလား ....ဒီလို ပြောစရာလားး ”

ဟုဆိုကာ ကိုဇော့်ကို စက္ကူလိပ်များဖြင့် ဝိုင်းရိုက်ကြတော့သည်။

ဏီလင်းညို ။.......။ “ကျွန်တော်တို့က ဝါသနာ အရ ကတဲ့ ဘလော့ဂ်ဂါ လူရွှင်တော်တွေဆိုတော့ အမှားပါရင်လည်း ခွင့်လွှတ်စေချင်သလို အားနည်းချက်လေးတွေလည်း ရှိမယ် မဟုတ်လားဗျာ”
ကိုဇော် ။......။ “မှန်ပါတယ် ချစ်သော မျက်စိနဲ့ ကြည့်စေချင်ပါတယ်”
ဂျစ်တူး ။........။ “ပရိတ်သတ်ကြီးကို ရယ်မော ပျော်ရွှင်အောင် အသုံးတော်ခံ ရုံသက်သက်ပါပဲဗျာ”

ဏီလင်းညို ။......။ “ဟုတ်ပါတယ် ဒါကြောင့် ရှေးယခင်က လူရွှင်တော်ကြီးတွေရဲ့ ပျက်လုံး ပျက်ဟန်တွေ အတိုင်း ခင်များတို့နဲ့ ပြိုင်ပွဲလေး လုပ်ချင်တယ်ဗျာ”
ဂျစ်တူး ။..........။ “ဘယ်လိုများပါလိမ့်”

ဏီလင်းညို ။.......။ “ကျွန်တော်က အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ် ခင်များတို့က အဲဒီ အဖြစ်အပျက်နဲ့ လိုက်ဖက်တဲ့ သီချင်းလေး ဆို ပြရမယ်”

ကိုဇော် နှင့် ဂျစ်တူး မှ အင်္ကျီ လက်မောင်းကို ပင့်တင်ပြီး ပုဆိုးကို ခါးတောင်းကျိုက်ကာ တက်ကြွသည့် ဟန်ဖြင့်
ဂျစ်တူး ။........။ “ဒါမျိုးစိန်ခေါ်လို့ကတော့ သိပ်ကြိုက်တာပေါ့ဗျ”
ကိုဇော် ။........။ “လုပ်လေ ကြာသလားလို့”

ဏီလင်းညို ။......။ “အိုကေ ဒါဆို အခုစမေးမယ် ကျနော်တို့ မြန်မာ ဗီစီဒီ အခွေတွေ စစဖွင့်တာနဲ့ ကြားရတဲ့ အဖြစ်လေးကို လိုက်ဖက်တဲ့ သီချင်း ဆိုပြဗျာ မှန်တယ် မမှန်ဘူးဆိုတာတော့ ပရိတ်သတ်ကြီး ဆုံးဖြတ်ပါစေ”

ကိုဇော် ။......။ “ဒါလေးများ ဗျာ”
ဏီလင်းညို ။......။ “သိတယ်ပေါ့”
ကိုဇော် ။......။ “သိဘူး စဉ်းစားအုံးမယ်”
ကိုဇော်နှင့် ဂျစ်တူး တို့နှစ်ယောက် အငြိမ့်စင်ထောင့်ကို သွားကာ ခေါင်းချင်းဆိုင်ပြီး စဉ်းစားနေကြလေသည်။ ပရိတ်သတ်ကြီးသည်လည်း ကိုယ်စီ ကြိတ်ကာ မည်သည့်သီချင်း ဖြစ်နိင်မလဲဟု တွေးနေကြလေသည်။ ထို့နောက် အဖြေရှာဖွေ တွေ့ရှိဟန်ဖြင့် တက်ကြွစွာ အငြိမ့်စင် အလယ်သို့ ပြန်လျှောက်လာကြသည်။

ကိုဇော် ။......။ “ဘယ်သီချင်း ဆိုဆိုရတယ်နော်”
ဏီလင်းညို ။......။ “ဗီစီဒီ စစဖွင့်ချင်း ကြားရတဲ့ အဖြစ်နဲ့ တူရင် ရတယ် ကြိုက်တာဆို”

ဏီလင်းညို စကားဆုံးလျင် ကိုဇော်မှာ ဂျစ်တူးကို မျက်စ ပစ်ကာ အချက်ပြလိုက်သဖြင့် ဂျစ်တူးလည်း ခြေထောက် နှစ်ချောင်းကို ခပ်ကားကားရပ်ကာ လက်က ဂစ်တာတီးဟန်ဖြင့် အဆိုတော် မျိုးကြီး ပုံစံ အတိုင်း အသံကို ညစ်ကာ သီချင်း တစ်ပိုင်း တစ်စ ကို သီဆိုလိုက်လေတော့သည်။

“ စကားတစ်ခွန်းကို အခါခါ မပြောချင်စမ်းနဲ့ နားကွဲမယ် တော်ပါတော့ ဒီရက်လွန်နေတဲ့ အကြောင်းနဲ့
မင်းရဲ့ ဓါတ်ပြားဟောင်းကြီး ငါရိုက်ခွဲပစ်မိတော့မယ် မင်းရဲ့ ဓါတ်ပြားဟောင်းကြီး တော်ပါပြီ နားငြီးသွားပြီ ”

မျိုးကြီးရဲ့ ဓါတ်ပြားဟောင်းကြီး သီချင်းသံ ကြားလိုက်ရချိန်တွင် ပရိတ်သတ်များမှ လက်ခုပ်တီးကာ အားပေးကြတော့သည်။

ဏီလင်းညို ။......။ “ ဟုတ်ပါပြီ ဒါဆိုနောက်တစ်ခု ထပ်မေးမယ်”
ဂျစ်တူး+ ကိုဇော် ။.......။ “လုပ်လေ ရတယ် ဟင်းဟင်း”

ဏီလင်းညို ။......။ “ကျွန်တော်တို့ မြန်မာဘောလုံးအသင်း နိင်ငံခြားသွားကန်တဲ့ ပွဲတွေကို ပြည်သူတွေက တီဗီမှာ ကြည့်ပြီးတိုင်း ပွဲပြီးတဲ့အခါ ရတဲ့ခံစားချက်လေးသိတယ်မဟုတ်လား အဲဒါနဲ့ လိုက်ဖက်တာ ဆိုပြပါအုံး”

ကိုဇော် နှင့် ဂျစ်တူး လည်း တိုးတိုး တိုးတိုးဖြင့် တိုင်ပင်ကြလေသည်။ ပရိတ်သတ်ကြီးသည်လည်း လိုက်ဖက်သော သီချင်းများကို စဉ်းစားနေလေသည်။ ထို့နောက် လူရွှင်တော် နှစ်ယောက် အဖြေရသွားဟန်ဖြင့် အငြိမ့်စင် အလယ်သို့ ပြန်လျှောက် လာကြသည်။

ဂျစ်တူးမှ မိုက် ကို ကိုင်ကာ ဟန်ပါပါဖြင့် လေးဖြူရဲ့ သံယောဇဉ် သီချင်းကို သီဆိုလေသည်။
“သံယောဇဉ် သံယောဇဉ် ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ် ”

ပရိတ်သတ်များရဲ့ တုန့်ပြန်မှု အနည်းငယ်သာ ရရှိသဖြင့် ကိုဇော်မှ မိုက်ကရိုဖုန်း ကို ဆွဲယူကာ ထူးအိမ်သင် သီချင်းကို ဆိုပြလေသည်။

“ မျှော်လင့်ချက်သာ မထားခဲ့ရင် ငါဒီလို ခံစားရမယ် မထင်ဘူး xxx မျှော်လင့်ချက်သာ မထားခဲ့ရင် ငါဒီလို ကြေကွဲရမယ် မထင်ဘူး ”

ဒီတစ်ကြိမ်တွင်တော့ ပရိတ်သတ်များနှင့် ခံစားချက်ချင်း တူညီသွား၍ထင်ရသည် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ဏီလင်းညို ။......။ “ဒါဆို နောက်တစ်ခု ထပ်မေးအုံးမယ်ဗျာ မြန်မာပြည်မှာ နေ့လည် ၁၂ နာရီကျော် နဲ့
ညနေ ၄ နာရီ ကျော်ပြီးတိုင်း လူတွေရဲ့ မချင့်မရဲ အသံကြားရတယ်လေ ဒီတစ်ခါလည်း လွဲသွားပြန်ပြီ တော်ပါပြီ နောက်တစ်ခါတော့ ဆိုပြီး ပြောတတ်ကြတယ်ဗျ သိချင်တာက သူတို့ရဲ့ နောက်တစ်နေ့ မြင်ကွင်းလေး ကို လိုက်ဖက်တာလေး ဆိုပြပါအုံး”
ဂျစ်တူး နှင့် ကိုဇော်လည်း ထုံးစံအတိုင်း ခေါင်းခါ လက်ခါရင်း တိုင်ပင်ကြပြန်လေသည်။ ထို့နောက် အဖြေရသွား ဟန်ဖြင့် ပြန်လျှောက်လာကြသည်။ ကိုဇော်မှ မိုက်ကရိုဖုန်းကို ကိုင်ကာ ကနွဲ့ကယဖြင့် ဝိုင်းစုခိုင်သိန်း သီချင်းကို ဆိုပြလေတော့သည်။

“ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ ”

ပရိတ်သတ်ရဲ့ လက်ခုပ်သံကြောင့် ဂျစ်တူးကလည်း မိုက် ကိုဆွဲယူကာ သီချင်း တစ်ပုဒ် ဆိုပြလေသည်။
စည်သူလွင်ရဲ့ နင်ကြိုက်သလို လုပ်ပါ ဆိုသည့် သီချင်းကို ခံစားချက် အပြည့်ဖြင့် ဆိုလေတော့သည်။

“ အချိန်တန်ရင်လေ မင်းအနားဘဲ ပြန်ပြန်လာခဲ့ မသွားတော့ဘူး ငါစိတ်တို့အကြိမ်ကြိမ်တွေးထားပေမယ့် ငါ့ရဲ့သွေးသားထဲက ဆာလောင်တောင့်တ နေတယ် အချိန်တွေ ကုန်လာပြီလေ လုံးပါးပါးမှာ သေချာပြီပဲ ငါ့ခြေလှမ်းများ ရှေ့ဆက်ဝင်လာခဲ့ မင်းဆီကို ”

ပရိတ်သတ်သည်ကား အားပါးတရ အားပေးကြလေတော့သည်။ ထို့နောက် လူရွှင်တော်များ အငြိမ့်စင် အလယ်တွင် ညီညာစွာ ရပ်လိုက်ကြသည်။
ဏီလင်းညို ။......။ “ပရိတ်သတ်ကြီးကို ဖျော်ဖြေရတာလည်း အားပါးတရ ရှိပါတယ်၊ ဒါပေမယ့်လည်း မင်းသမီး လေးခင်မျာ ကချင်ရှာလို့ အငြိမ့်စင်ထောင့်က ချောင်းကြည့်နေတယ်ဗျ”
ကိုဇော် ။......။ “မင်းသမီးလေးရဲ့ အကအလှလေးလည်း ပရိတ်သတ်ကို ရှုစားခွင့် ပေးမှ မျှတမယ် မဟုတ်လား”
ဂျစ်တူး ။......။ “မှန်ပါတယ်ဗျာ အလှည့်လေး ပေးလိုက်ကြပါစို့”

ကိုဇော် ။.......။ “ဒီတစ်ခါတော့ ကိုဏီလင်းညို ခေါ်ထုတ်ပေးဗျာ”

ဏီလင်းညို ။.......။ “အပြော အဆို အငို အနွဲ့ နဲ့ စာဖွဲ့လောက်ပါလို့ မမုန်းရက်အောင် အပြုံးယှက်ဆောင်တဲ့ မင်းသမီးလေး အနော်ကို ခေါ်ထုတ်ဖို့ ရွာစားကျော် အိုက်ခီလောက်က ရတနာ စိန်ထုပ်ကို ကြဲပက်စေဗျာ...”
ရွာစား အိုက်ခီလောက်ရဲ့ ဆိုင်းဝိုင်းတော်ကြီးမှ ငြိမ့်ညောင်းသောသံစဉ် စတင်လေပြီ။ အငြိမ့်စင် ရဲ့ ဘယ်ဘက်အခြမ်းမှ ပန်းနုရောင် ဝတ်စုံဖြင့် မင်းသမီးလေး အနော် ယပ်တောင်လေးကိုင်ကာ ထွက်ပေါ်လာသည်။ ပရိတ်သတ်ကို လက်အုပ်ချီဂါရဝ ပြုလိုက်၏။

“မင်္ဂလာညချမ်းပါ အကိုတို့ရေ”
“ မင်္ဂလာရှိတဲ့ ညလေးပါပဲ ညီမလေးရေ”

ဏီလင်းညို ။.........။ “ပရိတ်သတ်ကြီးကလည်း မင်းသမီးလေးရဲ့ တေးသံနဲ့ ဆိုဟန် ကဟန်ကို စောင့်မျှော်နေကြတယ် ဘယ်သီချင်းလေးနဲ့ ဖျော်ဖြေမယ် စိတ်ကူးထားလဲ ပြောပေးပါအုံး ”

မင်းသမီး ။........။ “ညီမလေးတို့ ဘလော့ဂ် လောကမှာ အမြဲလိုလို ကြုံတွေ့နေရတာလေးကို ဇာတ်ဆရာက သီချင်းလေး ရေးပေးထားပါတယ် သီချင်းရဲ့ အလိုက်ကလေးကတော့ ဟိုတစ်ချိန်က နာမည်ကြီး သီချင်း တစ်ပုဒ်ဖြစ်တဲ့ လောပန်လောင်း ဆိုတဲ့ သီချင်းအလိုက်ကလေး အတိုင်းပါပဲ ”

လူရွှင်တော်များ ။.......။ “““နားဆင်ပါရစေဗျာ”””
လူရွှင်တော်များ နောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် မီးရောင်တို့ မှေးမှိန်ကာ ဆလိုက်မီးတန်း နှစ်ခုတို့ မင်းသမီးရဲ့ ခန္ဓာကိုယ် ရှိရာသို့ စုစည်းကာ ကျရောက်လာသည်။ မြန်မာ့ဆိုင်းဝိုင်းမှ အဖွင့်တီးလုံးသံ ထွက်ပေါ်လာပြီးနောက် မင်းသမီးရဲ့ အက တို့ စတင်လေသည်။

xxxဘလော့ဂ်ဂါလေးတို့ရယ် အဆဲခံရလို့ စိတ်မပျက်ပါနဲ့ကွယ်..
ဒီလောကရဲ့အလယ်မှာ ဆဲတတ်သူရယ်၊ အားပေးသူရယ် အမျိုးမျိုးရှိပါတယ်xxx

xxxတစ်ခါတစ်လေမှာ ပိုစ့်အသစ်တင်ရင် အမှားလိုက်ရှာတယ်..
တွေ့ပြန်ရင်ကွယ်… အမည်မဖော်လိုတဲ့ စေတနာရှင်ကြီး သူရောက်လို့လာတယ်..
ဆဲသွားပြန်တယ်.. ရိုင်းလိုက်တာကွယ်… ဒီလိုလူမျိုးလည်းရှိပါတယ်xxx

xxxဒီလောကမှာကွယ် မမြင်နိုင်တဲ့ ရန်သူများလည်း ၀ိုင်းဝိုင်းလည်နေတယ်..
အမြင်မတူပြန်ရင်ကွယ် ကော်မန့်တွေမယ် ဆဲကြပြန်တယ်.. စိတ်ညစ်ရပါတယ်xxx

xxxတစ်နေကုန်အောင် စီဘောက်ပြောင်း၊ ဟိုနေရာ ဒီနေရာ စုံအောင်ဆဲတဲ့
ဒီလူမျိုးတော့ တို့လည်း လက်မခံပါ။ ရှုံ့ချပါတယ်.. ဝေးဝေးနေကွယ်.. အဝေးကြီး သွားပါကွယ်.

တကယ်တော့ လိုက်ဆဲတဲ့သူဟာ အောက်တန်းကျသူပါxxx

သီချင်းတစ်ခေါက် ဆုံးသွားချိန်တွင် ညက်ညောသော အကများဖြင့် ဖြည့်စွက်ပြီးနောက် နောက်တစ်ကျော့ ပြန်သီဆိုရင်း ပျော့ပျောင်းသော ကဟန်လေးကို အဆုံးသတ်လိုက်တော့သည်။ ထို့နောက် ပရိတ်သတ်ကို နှုတ်ဆက်ရင်း အတွင်းသို့ ဝင်သွားလေတော့သည်။ အငြိမ့်စင်ထောင့်တွင် ထိုင်နေကြသော လူရွှင်တော်တို့ ထလာကြကုန်၏။

ကိုဇော် ။.......။ “မင်းသမီးလေး အနော်ကသွားတာ အပြစ်ပြောစရာကို မရှိပါလား”
ဂျစ်တူး ။.......။ “သီချင်းလေးကလည်း ယခုခေတ်ကို ထင်ဟပ်စေတဲ့ သီချင်းလေးဆိုတော့ ကွင်းကွင်းကွက်ကွက် ရှိပါပေတယ်”
ဏီလင်းညို  ။.......။ “ဇာတ်ဆရာ ရေးတယ်ဆိုလို့ သူ့အကြောင်းလေး ပြောပြချင်သေးတယ် ကျနော်တို့ ဇာတ်ဆရာက တအားရှက်တတ်တာဗျ”

ကိုဇော် ။......။ “ကိုညိုက ဘယ်လိုလုပ်သိတာတုန်း”
ဏီလင်းညို ။.......။ “တစ်ရက် သူ့အိမ်သွားလည်လို့ သိလိုက်ရတာဗျ”
ဂျစ်တူး ။......။ “ပြောပြပါအုံးဗျာ”
ဏီလင်းညို ။.......။ “မပြောရဲဘူးကွ ညကြေး အဖြတ်ခံနေရအုံးမယ်”
ကိုဇော် ။......။  “လူရွှင်တော်ဆိုတာ ပရိတ်သတ် မျက်နာပဲ ကြည့်ရမယ်လေ ပြောသာပြောပါဗျာ”
ဏီလင်းညို ။......။ “ဒီလိုဆိုတော့လည်း ပြောပြရမှာပေါ့ တစ်နေ့ သူ့အိမ်သွားလည်ရင်း ဇာတ်ဆရာ အရှက်ကြီးတာ သိလိုက်ရတာဗျ”
ကိုဇော်+ဂျစ်တူး ။......။ “ဘယ်လိုများပါလိမ့်ဗျာ”
ဏီလင်းညို  ။......။ “ဇာတ်ဆရာ အိမ်သာတက်တာ တံခါးကြီး ပိတ်ထားတယ်လေ”

ဏီလင်းညို ကို စက္ကူလိပ်များဖြင့် ဝိုင်းတီးကြတော့သည်။

ဂျစ်တူး ။......။ “ဇာတ်ဆရာ အကြောင်းပြောလို့ သူနဲ့ ပါတ်သတ်တဲ့ သင်္ကြန်က အဖြစ်လေး တစ်ခု သွားသတိရမိတယ်”

ဏီလင်းညို ။......။ “ပြောပါဦးဗျာ”

ဂျစ်တူး ။.......။ “တခြားတော့ မဟုတ်ဘူးဗျ။ သင်္ကြန်မှာ ဘလော့ဂါတွေ စုပြီး လုပ်တဲ့ အလှူကို သွားသတိရတာ”

ကိုဇော် ။......။ “စားခဲ့တာတွေကိုလား”

ဂျစ်တူး ။......။  “စားခဲ့တာ တွေ ဆိုတာထက် ကျွန်တော့်တို့ ဘလော့ဂ်ဂါအငြိမ့် ဇာတ်ဆရာ မြစ်ကျိုးအင်း အကြောင်းကိုပေါ့ဗျာ”

ဏီလင်းညို ။......။ “ဟုတ်လား လုပ်စမ်းပါဦး။ သူက ဘာတွေ ဖြစ်ခဲ့လို့လဲ”

ဂျစ်တူး ။......။  “သူများတွေဗျာ အလှူအတွက် အရှေ့မှာ ပြင်ဆင် နေတဲ့ အချိန်မှာ သူက ဘေးက ချောင်လေး တစ်ခုမှာ ဘလော့ဂ်ဂါ  ကောင်မလေး နှစ်ယောက်နဲ့ “ လုံး ” နေတာဗျ”

ကိုဇော် ။........။ “ဟုတ်လား ကိုဂျစ်တူး သေချာ တွေ့လိုက်လို့လား”

ဂျစ်တူး ။......။ “ တွေ့တာပေါ့ဗျာ။ တွေ့တာမှ ဒီမျက်လုံးနဲ့ကို သေချာ တွေ့တာ။ ကျွန်တော်က ဒါမျိုးဆို ဝါသနာကြီးတယ်လေ။ အရင်ကဆို ကန်တော်ကြီးမှာ ထမင်းဗူးနဲ့ ချောင်းနေကြဗျ”

ဏီလင်းညို ။.......။ “ လုပ်ပါဦး . .လုပ်ပါဦး . .ဒီတော့ သူတို့ ဘယ်လို လုံးနေတာကို တွေ့ခဲ့လဲ”

ဂျစ်တူး ။........။ “ သူလေ.... မြစ်ကျိုးအင်း ချွေးသံ တရွှဲရွှဲနဲ့ကို လုံးနေတာဗျ”

ကိုဇော် ။.......။ “ဟာ...ကောင်းခန်းရောက်လာပြီ ကောင်းခန်း ၊ ဒီတော့အနားနား ရောက်တော့ ဘာထပ်တွေ့လဲ”

ဂျစ်တူး ။.......။ “တွေ့တာပေါ့ဗျာ။ သူ ချွေးသံ တရွှဲရွှဲ နဲ့ လုံးနေတာ “ မုန့်လုံး ရေပေါ် ” တွေဗျ”

ဏီလင်းညို + ကိုဇော် ။....။ “တောက်. . ကဲကွာ. . .ကဲကွာ . .ငါတို့ ထင်ထားတာလည်း မဟုတ်ဘူး။”

ဏီလင်းညို နှင့် ကိုဇော်တို့ ဂျစ်တူး ခေါင်းကို ဝိုင်းရိုက်ကြတော့သည်။

ဏီလင်းညို ။.........။ “မုန့်လုံးရေပေါ်သာ ဝင်မရှုပ်ရင် ငါထင်တာ မှန်လောက်တယ် ”
ကိုဇော် ။.......။ “ မုန့်လုံးရေပေါ် ကယ်သွားလို့ပေါ့ကွာ ”

ဏီလင်းညို ။.....။  “သူများတွေ သင်္ကြန် အကြောင်းပြောနေကြတော့ ဒီနှစ် ကျွန်တော် ကြုံခဲ့ရတဲ့ ရန်ကုန်သင်္ကြန် အကြောင်း ပြောပြချင်သေးတယ်ဗျာ”

ဂျစ်တူး ။......။ “ ဒီနှစ် ရန်ကုန် သင်္ကြန် လို့ ဆိုတော့ ကိုဏီက ရောက်ခဲ့လို့လား”

ဏီလင်းညို ။......။ “အေးဗျာ. . သွားချင်တာနဲ့ သူဌေးဆီမှာ ခွင့်တောင်းပြီး တစ်ပတ်လောက် သင်္ကြန် အလည်ပြန်ဖြစ်တယ်ဗျ”

ကိုဇော် ။......။ “ ဟုတ်လား . .ဒီတော့ ရန်ကုန်သင်္ကြန်မှာ ဘာတွေ တွေ့တုန်း”

ဏီလင်းညို ။......။ “ သူများတွေ ပြောပြောနေတာဗျာ ရန်ကုန် သင်္ကြန်က မစည်တော့ဘူး ၊ မစည်တော့ဘူး ဘာညာ နဲ့ အခုများ စည်လိုက်တာဗျာ”

ဂျစ်တူး ။.....။ “ လူတွေလားဗျာ”

ဏီလင်းညို ။.......။ “မဟုတ်ဘူး. . .အရက်ပုလင်းတွေ”

ဏီလင်းညိုခေါင်းကို ဝိုင်းရိုက်လိုက်ကြသည်။

ကိုဇော်။.....။ “ ပြောစရာလား. . .ဒီလို ပြောစရာလား”

ဏီလင်းညို ။.......။ “အရက်ပုလင်းတွေ မဟုတ်ပါဘူးလို့ ပြောမလို့ပါ။ တကယ်ကို စည်ကားတာဗျာ... ရေပက်ခံ ကားတွေဆိုရင် တန်းစီ နေတာပဲ”

ဂျစ်တူး ။....။ “ ရေပက်တဲ့ လူတွေ များလို့ပေါ့”

ဏီလင်းညို ။......။ “ မဟုတ်ဘူး . . မဏ္ဍပ်က ရန်ကုန်မှာ ဒီတစ်ခုပဲ ရှိလို့ ၊ ကိုယ့်ကားကို ရေပက်အောင် တန်းစီနေကြတာလေ”

ဏီလင်းညို ခေါင်းကို ဝိုင်းရိုက်လိုက်ကြပြန်သည်။

ကိုဇော် ။......။ “ပြောစရာလား. . .ဒီလို ပြောစရာလား”

ဂျစ်တူး ။.......။ “မဏ္ဍပ်တွေက ရန်ကုန် တစ်မြို့လုံးမှာ ဒီတစ်ခုတည်း ဆိုတော့ ကျန်တဲ့ မဏ္ဍပ်တွေ ဘယ်ရောက်သွားလို့လဲ”

ဏီလင်းညို ။........။ “ ဟို. . .ဟို . . .ဟို . . .သူ့ဘာသာ ဘယ်ရောက်ရောက် နင့်အပူလား. . .တန်းမစီချင်ပြန်  ရေမပက်ဘူး. . .ဒါပဲ”

ကိုဇော် ။....။ “အေးလေ. . .ပြောစရာလား .. .ဒီလို ပြောစရာလား”

ဆိုင်းဝိုင်းမှပါတ်မကြီး  တီသံကို ခပ်ကြမ်းကြမ်းလေး ထွက်ပေါ်လာသည်။


ကိုဇော် ။......။ “ခင်များတို့က သင်္ကြန် အကြောင်းပြောတော့ ကျွန်တော့် ရဲ့ အဖြစ်အပျက်လေး တစ်ခုကို သတိရတယ်ဗျ”

ဏီလင်းညို ။.....။ “ ပြောပါဦး ကိုဇော်ရေ”

ဂျစ်တူး ။......။ “လုပ်ပါဦးဗျာ”

ကိုဇော် ။......။ “ကျွန်တော့် ချစ်သူနဲ့ ကွဲသွားရတဲ့ အကြောင်းလေးကို သတိရမိတာဗျ”

ဏီလင်းညို ။.......။ “ဒါနဲ့များ ဘလော့မှာ ပို့စ်တွေ တင်တော့ ချစ်သူ မရှိဘူးဆိုဗျ”

ကိုဇော် ။......။ “ဒါကတော့ ဝှက်ဖဲလေဗျာ”

ဂျစ်တူး ။......။ “ ဒါဆို အဲဒီ ဝှက်ဖဲလေး ပြပါဦးဗျာ”

ကိုဇော်။.......။ “ဝှက်ရင်း ဝှက်ရင်း နဲ့ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူးဗျာ”

ကိုဇော် ခေါင်းကို ဝိုင်းရိုက်လိုက်ကြသည်။

ကိုဇော် ။......။ “ တကယ်ပြောတာပါဗျ။ ကျွန်တော်နဲ့ ချစ်သူက သင်္ကြန် ရောက်ခါနီးမှာ သင်္ကြန်နဲ့ ပတ်သတ်ပြီး ကွဲသွားရတာ”

ဂျစ်တူး ။.....။ “ ဒါဆို လုပ်ပါဦး ဖြစ်ပုံလေး”

ကိုဇော် ။......။ “သင်္ကြန် နားနီးတော့ ချစ်သူနဲ့ ကျွန်တော် ချိန်းတွေ့ဖြစ်တယ်။ ဒီမှာ ချစ်သူက ပြောတယ်”

ဏီလင်းညို ။.......။ “ အကြွေးတွေ ပေးတဲ့လား”

ကိုဇော် ။.....။ “ နှစ်သောင်းကျော်နေပြီနော်.တဲ့...ဟာဗျာ. . မဟုတ်ပါဘူး။ ကိုကိုရေ ချစ်တော့ သင်္ကြန်မှာ ရိပ်သာဝင်မယ် တဲ့”

ဂျစ်တူး ။......။ “ အလဲ့. . . . လိမ္မာလိုက်တဲ့ ကောင်မလေးပဲဗျာ”

ကိုဇော် ။.....။ “ဒီတော့ ကျွန်တော်ကလည်း ချစ်သူ မရှိပဲ ဒီသင်္ကြန်မှာ ဘယ်လို ပျော်မလဲဗျာ”

ဏီလင်းညို ။.......။ “ဟုတ်တာပေါ့။ ဘယ်ပျော်မလဲ”

ကိုဇော် ။.......။ “ ဒါကြောင့် ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်”

ဂျစ်တူး ။.....။ “ဘာပြန်ပြောလိုက်လဲ”

ကိုဇော် ။......။ “ချစ်သူရယ် ချစ်သူ မရှိပဲနဲ့တော့ ကိုယ်လည်း ဒီအတိုင်း မနေချင်ဘူး။ ကိုယ်လည်း ရိပ်သာ ဝင်မယ် . . .လို့ပေါ့ဗျာ”

ဏီလင်းညို ။.......။ “ဟာ ကောင်းတာပေါ့ဗျာ။ ချစ်သူနဲ့ အတူတူ ဝင်မယ်ပေါ့”

ကိုဇော် ။.....။ “မကောင်းဘူးဗျ။ သူက မေးတယ်လေ ချစ်က မိုးကုတ် ရိပ်သာ မှာ ဝင်မှာ ၊ ကိုကိုက ဘယ်မှာ ဝင်မှာလဲ...တဲ့”

ဂျစ်တူး ။........။ “ဒီတော့ ကိုဇော်က ဘယ်မှာ ဝင်မှာလို့ ပြောလိုက်လဲ”

ကိုဇော် ။.....။ “ အဲဒါပေါ့ဗျာ။ ကျွန်တော် ဝင်မယ့် ရိပ်သာကိုလည်း ပြောလိုက်ရော ကျွန်တော့်ခေါင်းကို သူ့လက်ထဲက ထီးနဲ့ ဆော်ပြီး လှည့်ထွက်သွားတာ တစ်ခါတည်း ပြတ်ပါလေရောဗျာ”

ဏီလင်းညို + ဂျစ်တူး ။......။ “ဟင်. . . ကိုဇော်က ဘယ်ရိပ်သာ ဝင်မယ် လို့ ပြောလိုက်လို့လဲ”

ကိုဇော် ။.......။ “ ဧည့်ရိပ်သာ  လေဗျာ”

ဏိလင်းညို နဲ့ ဂျစ်တူးမှ ကိုဇော် ခေါင်းကို ဝိုင်းရိုက် လိုက်ကြလေသည်။

ဂျစ်တူး ။......။ “ကဲဗျာ. . ကျွန်တော်တို့ ပြောရတာလည်း ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ချည်းပဲ မပြီးသေးဘူးဗျ။ အခု နောက်ဆုံး အလှည့်ကျတဲ့ မင်းသမီးတွေကို ခေါ်ထုတ်ပေးကြပါစို့

ဏီလင်းညို ။......။ “ဒီတစ်ခါတော့ အထူးအစီအစဉ်အနေနဲ့ မင်းသမီး သုံးလက်က ဖျော်ဖြေမှာပါတဲ့ဗျာ”
ကိုဇော် ။.......။ “စောင့်မျှော်အားပေးကြပါစို့ ”
ဂျစ်တူး ။.......။ “ မောသမျှတွေ အဝေးကိုပြေး လန်းဆန်းခြင်းတွေ ပေးရအောင် ကဲ...မင်းသမီး  ချောမြအေး တို့ရေ ရွှေကြာတင့်သလို အသရေဖြာ လန်းစွင့်ရအောင်လို့ ရွာစားရေ ရတနာစိန်ထုပ်ကို ဖွင့်....”


ဆိုင်းဆရာကြီး အိုက်ခီလောက်ရဲ့ အကြိုတော်ထောက် တီးသံနှင့်အတူ မင်းသမီး သုံးယောက် ထွက်ပေါ်လာကြသည်။ မင်းသမီး များသည်ကား ချောမြအေး ဟု လျှမ်းလျှမ်းတောက် ကျော်ကြားနေသော မချော ၊ မမြသွေးနီ နှင့် မချစ်ကြည်အေး တို့ ဖြစ်ကြလေသည်။ ဆင်ယင်ထားသော ရတနာများနှင့် သူတို့ဝတ်စုံများ သည်ကာ လိုက်ဖက်လှစွာ ကြွားကြွားဝံ့ဝံ့ ရှိနေလေသည်။ ပရိတ်သတ်များကို ဂါရဝ ပြုနှုတ်ဆက် ပြီးနောက် လူရွှင်တော်များဘက်လှည့်ကာ နှုတ်ဆက်လေသည်။

ချောမြအေး ။.......။ မင်္ဂလာညချမ်းလေးပါရှင်
လူရွှင်တော်များ ။.........။ မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ညလေးပါပဲ အစ်မတို့ရေ

မမြသွေးနီ ။........။ ခေါင်းခါးခြေလက် ဤလေးချက် မပျက်စေရ သုခမ လို့ စာဆိုရှိတယ် မဟုတ်လားရှင်
လူရွှင်တော်များ ။.......။ မှန်ပါတယ် အစ်မရေ
မချစ်ကြည်အေး ။.......။ ဒါကြောင့် ကျွန်မတို့က အနုအရွသုခုမ နဲ့ ပီပြင်စွာ ဒီလိုလေး အသုံးတော်ခံချင်ပါတယ်ရှင်
လူရွှင်တော်များ ။.......။ ကြားပါရစေဗျာ

မင်းသမီး သုံးလက် ကိုယ်စီနေရာယူကာ အဖွင့်တီးသံကို စောင့်ခေါ်နေလေသည်။ မြန်မာ့ဆိုင်းဝိုင်းမှ ဗုံသံ နှဲသံ များစတင်သည်နှင့် ခေါင်းခါးခြေလက်တို့ ပျော့ပျောင်းစွာ အက တို့စတင်လေပြီ။ အကြိမ်ကြိမ် ပွဲဝင်ဖူး၍ထင့် အကတို့သည်ကာ ညီညီညာညာဖြင့် ကြည့်ကောင်းလေသည်။

“xxx အလုပ်သမားနေ့ကို ဂုဏ်ပြုကာကြို သီချင်းလေးတစ်ပုဒ်နဲ့ ကပါရစေဆို
လေးစားထိုက်သူတွေမို့ စင်မြင့်ထက်က ဂါဝရပန်းကလေးနဲ့
ကမ်းလင့်ပါရစေ အစ်ကို.....

ပျိုတို့မောင် အလုပ်သမား ကာယဥာဏ အင်အားအပြည့်နဲ့
တိုင်းပြည်က အားကိုးရစေဖို့ စွမ်းအားရှိသမျှ ကြိုးစားကြစေလို
ဒီမေဒေးနေ့မှာ ဘလော့ဂ်ဂါများအဖွဲ့ကတေးသီချင်းလေးနဲ့ ဂုဏ်ပြုကာသီဆို …xxx”

မင်းသမီးတို့ရဲ့ အကအလှများ ပေါ်လွင်စေရန် ဆလိုက်မီးရောင်များက အငြိမ့်စင်ပေါ်တွင် ပြေးလွှားလှုပ်ရှား ပေးနေသလို အိုက်ခီလောက်ရဲ့ လက်စွမ်းပြသံကလည်း ပရိတ်သတ်အားလုံးကို တစ်သားထဲ သီချင်းထဲတွင် စီးမျောသွားစေသည်။

“xxx ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် ဘလော့ဂ်ဂါတို့ရဲ့ အငြိမ့်သဘင်
အာရုံတွေလန်းရွှင်စေဖို့အဆန်းထွင်ကာ ကပြဖြေဖျော်
မေဒေးနေ့ကိုနော်.. အားလုံးလည်းပျော်.. ဘလော်ဂါတွေလည်းပျော်..
ပွဲလာသူတွေလည်းပျော်.. ပျော်ပျော်ရွှင်ရွှင် ဘလော်ဂါတို့ရဲ့ အငြိမ့်သဘင် ဒီပွဲတော်..xxx”

မင်းသမီးတို့ ကပြ၍ မဝသည် ထင်ရသည် ။ နောက်တစ်ကျော့ပတ်ကာ သီဆိုလေသည်။ ဆိုင်းဝိုင်းကြီးကလည်း အလိုက်တသိဖြင့် မြူးမြူးကြွကြွ တီးပေးလေသည်။

“xxx ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် ဘလော့ဂ်ဂါတို့ရဲ့ အငြိမ့်သဘင်
အာရုံတွေလန်းရွှင်စေဖို့အဆန်းထွင်ကာ ကပြဖြေဖျော်
မေဒေးနေ့ကိုနော်.. အားလုံးလည်းပျော်.. ဘလော်ဂါတွေလည်းပျော်..
ပွဲလာသူတွေလည်းပျော်.. ပျော်ပျော်ရွှင်ရွှင် ဘလော်ဂါတို့ရဲ့ အငြိမ့်သဘင် ဒီပွဲတော်..xxx”


သီချင်းသံ အဆုံးနှင့် ဆိုင်းဝိုင်းရဲ့ တီးသံတို့ တစ်ထပ်တည်း ကျကာ ပြီးဆုံးလေပြီ။ ပရိတ်သတ်ကြီးသည်လည်း ယခုမှ လက်ခုပ်တီးဖို့ရန် သတိရ၍ထင်ရသည်။ အားပါးတရ လက်ခုပ်တီးသံများ ဘဝဂ်သို့ ညံ လေပြီ။ ထိုအချိန်တွင် အရှေ့က ကသွားသော မင်းသမီး ဂျူနီယာ နှင့် အနော်တို့ ပါ ထွက်ပေါ်လာကာ ပရိတ်သတ်ကို လူရွှင်တော်များနှင့်အတူ လက်အုပ်ချီကန်တော့ကာ နှုတ်ဆက်လိုက်လေတော့သည်။

ကြက်သွေးရောင် လိုက်ကာကြီး တစ်ရွေ့ရွေ့ ကျလာကာ အနုပညာရှင်နှင့် သူ့ပရိတ်သတ်တို့ကို စည်းခြားလိုက်လေပြီ။

ဤတွင် ဘလော့ဂ်ဂါ အငြိမ့် ပြီးပါပြီ။
...................................။

ွှဤအငြိမ့်တွင်ပါဝင်သော ပျက်လုံးများအားလုံး မည်သည့်စာမျက်နာတွင်မှ မရှိသေးသော ကိုယ်ပိုင်ပျက်လုံးများ ဖြစ်ပါကြောင်းနှင့် ပျက်လုံးတစ်ချို့ကို ကိုဇော်မှ ဝိုင်းဝန်းစဉ်းစား အကြံဥာဏ် ပေးပါသည်။
နာမည်အသုံးပြုခွင့် ပေးခဲ့ကြသော မင်းသမီးများ ဖြစ်သည့်

မမြသွေးနီ
မချစ်ကြည်အေး
မချော
ဂျူနီယာ နှင့်
အနော်

လူရွှင်တော်များအဖြစ်
ဂျစ်တူး(မုံရွာ)
ဏီလင်းညို
ကိုဇော်

ဆိုင်းဆရာကြီး အဖြစ်
အိုက်ခီလောက်

တို့ကို ကျေးဇူးတင်ရှိပါကြောင်း နောက်ထပ်လည်း ပျော်ရွှင်ဖွယ်ရာ အငြိမ့်ခန်းလေးများကို တင်ဆက်နိင်ရန် ကြိုးစားပါအုံးမည်။

ရေးခဲ့ပြီးသော
ဘလော့ဂ်ဂါ အငြိမ့် (၃)
ဘလော့ဂ်ဂါ အငြိမ့် (၂)
ဘလော့ဂ်ဂါ အငြိမ့် (၁)