Friday, August 28, 2009

အနီရောင်နတ်သမီး(၂)

စတော်ဘယ်ရီခြံကထွက်လာမှပဲ ကျွန်တော်တို့တော်တော်အိပ်ချင်နေကြပြီ.
ခူးနေတုန်းကမသိသာပေမဲ့ နားလိုက်မှပဲဗိုက်ထဲမှာ အစာပြည့်နေတာရယ် ပင်ပန်းတာရယ်ပေါင်းပြီး
အိပ်ငိုက်ချင်နေတာ.ဒါပေမယ့်မကြာပါဘူးလူတွေအများကြီရှိတဲ့နေရာကိုရောက်လာတယ်.
အဲဒါစတော်ဘယ်ရီနဲ့ပါတ်သတ်တာတွေအားလုံးရနိင်တဲ့နေရာပေါ့.ကျွန်တော်တို့အားလုံးကားပေါ်က
ဆင်းပြီးလူအုပ်ကြီးကြားထဲကိုတိုးဝင်လိုက်ကြတယ်.စတော်ဘယ်ရီ ရာသီဖြစ်တာရယ် အလုပ်ပိတ်ရက်ရယ်ပေါင်းပြီး
လူတွေများနေကြတာပါ.အ၀င်ဝမှာပဲစတွေ့လိုက်ရတာက.....

...အဲဒါစားလို့ရဘူးနော်......
အဲဒါကိုတွေ့တော့ မိန်းခလေးတွေ အလုပ်ရှုပ်သွားကြတယ်.ရိုက်ကြမယ်ဟေ့ကောင်းကောင်း လို့ပဲပြောရမယ်.
ဓါတ်ပုံရိုက်ပေးရပြန်တယ်.တယောက်ဆင်းပြီးတယောက်တက်မယ်လုပ်နေတုန်း နောက်တဖွဲ့က ကြားဖြတ်ပြီး
နေရာဦးသွားလို့ ပွစိပွစိပြောပြီး ဆက်ထွက်လာကြတယ်.စိတ်တော့မလျှော့ဘူး..အပြန်မှရိုက်မယ်ဆိုပါတော့ဗျာ.
အ၀င်ဝလမ်းတလျှောက်မှာတန်းစီပြီးရောင်းနေတဲ့စတော်ဘယ်ရီဆိုင်များကိုတွေ့လိုက်ရတော့အပြေးသွားပြီးဓါတ်ပုံ
ရိုက်မိပြန်တယ်.




.....ဆိုင်တွေကများမှများ.....
ပြီးတော့ဆက်လျှောက်ခဲ့ကြတယ်..အဆောက်အဦးထဲဝင်လိုက်တဲ့အခါဆိုင်တွေအများကြီးကိုတွေ့လိုက်ရတယ်.
ဒီဆိုင်တွေကတော့စတော်ဘယ်ရီကိုအစိမ်းလိုက်ရောင်းတာမဟုတ်တော့ဘူး.စတော်ဘယ်ရီနဲ့လုပ်ထားတဲ့ရေခဲမုန့်,
ကိတ်မုန့်, ဖျော်ရည်,စတော်ဘယ်ရီပေါက်ပေါက်ဆုပ်, ၀ိုင် သည်ဖြင့်ပြည့်ပြည့်စုံစုံ ဖြစ်အောင်ရောင်းပေးနေတာကို
တွေ့ရတယ်.

.........အဲဒီလိုဆိုင်လေးတွေပေါ့......

အဲဒီမှာမုန့်တွေစားသောက်ပြီးတော့ ဘေးချင်းကပ်ရပ်အဆောက်အဦးဆီကို ကူးခဲ့ကြတယ်.

......အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ.....
ဆိုင်ထဲမှာဓါတ်ပုံရိုက်ခွင့်မပေးလို့မရိုက်ခဲ့ရဘူး.ရောင်းတာကတော့အစုံပါပဲ.သော့ချိတ် ၊ရင်ထိုး၊ကလစ်၊
ခေါင်းအုံးအသေးစားလေးတွေ ပေါ့ အားလုံးစတော်ဘယ်ရီပုံနဲ့ပါပဲ. စတော်ဘယ်ရီဆပ်ပြာတောင်ရှိသေးတယ်.
ကြည့်လို့ဝတော့ အပြင်ဘက်ပန်းခြံမှာ မီးမီးတို့အကြိုက် ဓါတ်ပုံတွေရိုက်ကြပြီး နေ့လည် နှစ်နာရီ ခွဲ လောက်မှာ
ပြန်လာခဲ့ကြတော့တယ်။
နောက်ဆက်တွဲအနေနဲ့ နဲနဲတော့ဖွလိုက်အုံးမယ်.ပထမပို့စ် ရဲ့  comments မှာ
My Diary က "လာခူးပေးရင် နေ့တွက် ဘယ်လောက်ရမှာလည်းဟင် "ပြောထားလို့သတိရသွားတာပါ.
စနေနေ့ထဲက ကျွန်တော့်အမက သူ့အလုပ်က စတော်ဘယ်ရီယူမယ့်သူတွေကို စာရင်းယူထားပြီးသားလေ.
တင်္နလာနေ့ပြန်ရောက်တော့ ဘူးတွေနဲ့ထည့်ပြီးပြန်ရောင်းတာ အမြတ်တောင်ကျန်သွားသေးဆိုပဲဗျ.
(၀ယ်တုန်းက ဒီကအခေါ်တပိသာ ကို၉၀ ပေးရတယ် သူရောင်းတော့ ၁၅၀ တဲ့ဗျ)
ဒါတောင်အပြင်ထက်သက်သာသေးတယ်. ကဲဘယ်လိုလဲ My Diary ရေ....

ရွှေ လူ လည် F C

ခရီးသွားတဲ့ အကြောင်းလေး ရေးမိတော့ ကျွန်တော်တို့ သွားခဲ့တဲ့ ခရီးလေးတွေ စိတ်ထဲမှာ ပြန်ပေါ်လာတယ်။
အဲဒီထဲက ပေါ့ပေါ့ပါးပါး ဖြစ်မယ့် အကြောင်းလေး ပြန်ဖောက်သည်ချချင် ပါတယ်.
လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်တို့ ပင်လယ် ကမ်းခြေ သွားလည် ဖြစ်ခဲ့တယ်။

ရေကူးလိုက် ဘီယာသောက်လိုက် နဲ့ ထုံစံအတိုင်း ကဲနေကြတာပေါ့ဗျာ. အဲဒီအချိန်မှာ ကျွန်တော်တို့ ရေထဲကကြည့်တာ
ဒီနိင်ငံသား (၄) ယောက် ဘော်လုံး ကန်နေကြတာတွေ့တယ်...။ ကျွန်တော်တို့ကလည်းဘော်လုံး မယူသွားမိလို့
ကန်ချင်နေကြတာဆိုတော့ အတော်ပဲပေါ့။ ချက်ချင်းပဲ သွားရောလိုက်ကြတယ်....။

ငါတို့လည်း ၀င်ကန်လို့ရမလားမေးတော့ သူတို့ကလည်း သဘောတူတယ်..။လေးယောက်ထဲ နှစ်ဖက်ခွဲ ကန်နေတာ
ဆိုတော့ ပိုပင်ပန်းတာကိုး။ ခက်တာက ကျွန်တော်တို့ဘက် က ယောကျာင်္လေးက (၃)ယောက်ပဲ ဖြစ်နေတယ်...။
ဒါနဲ့ ပွဲဖြစ်အောင်လို့ ကျွန်တော့်ချစ်သူကိုပါ ၀င်ကန်ခိုင်းရတဲ့ အခြေအနေ ရောက်ရောပေါ့။

သူ့ကိုတော့ ဂိုးပဲစောင့်လို့ မှာထားတယ် ပြောရရင် ဂိုးကလဲဂိုးကျဉ်းလေးပါ...။အဲဒီလိုနဲ့ ဘောလုံးစကန်တော့
ကျွန်တော်တို့ဘက်က အကို တယောက်က ငါတို့ သိပ်မကန်တတ်ချင် ယောင်ဆောင်ကြလို့ မှာတယ်...။
အချင်းချင်းမြန်မာလိုပြောတော့ ဒီကောင်တွေဘယ်သိပါ့မလဲ။

အဲဒါနဲ့ ကျွန်တော်တို့ လည်း ဟိုကန် ဒီကန် လုပ် လူတွေမှားပေး လိုပေး နဲ့ မကစားတတ်တဲ့ ပုံစံလုပ်ကြတာပေါ့။
သူတို့ကလည်း လူလည်တွေဗျ ကျွန်တော်တို့ ကို မကန်တတ်ဘူးထင်ပြီး လောင်းကြေးလေးနဲ့ကစားရအောင်တဲ့
လာညိုတယ်။အဲဒီတော့ ဆင်ထားတဲ့ ထောင်ချောက်ထဲ တန်းပြီး ၀င်လာတာပေါ့။

ကျွန်တော်တို့ ကလည်း အဲဒါကို စောင့်နေတာ ဆိုတော့ အိုကေပေါ့ ဘာကြေးကစားမလဲ ညိုတော့ မိတ်ဖြစ်ဆွေဖြစ်
ဘီယာ (၁၀)လုံးကြေး ဆိုပြီး သူတို့ဘက်က ကမ်းလှမ်းလာတယ်...။ကိုယ်ကမကန်တတ်ချင်ယောင် ဆောင်ထားတာ
ဆိုတော့သူတို့ညှိတဲ့ကြေးနဲ့ သဘောတူလိုက်ရတယ်...။သူတို့ရဲ့ခြေစွမ်းအမှန်ကို သိထားတော့ အေးရာအေးကြောင်းပဲပေါ့။
ကိုယ်ကတော့ ဘောလုံးကန်ရင်းနဲ့ ဘီယာဗူးတွေ မြင်ယောင်နေမိတယ်..။

ကျွန်တော်တို့ သဘောတူတာနဲ့ ပွဲဖြစ်ရော ဆိုပါတော့။ကစားချိန်ကို (၁၅)မိနစ် သတ်မှတ်လိုက်တယ်....။
တကယ်တော့ အလေ့အကျင့်မရှိဘဲ သဲသောင်ပြင်မှာ ဘောလုံးကန်ရတာမလွယ်ဘူးဗျ။ကျွန်တော်တို့ အတွက်သာတာက
ဒီနိင်ငံက ဘော်လုံးအားမပေးဘူး သူတို့က ဘေ့စ်ဘောရယ် ဘတ်စကတ်ဘောရယ် ပဲအားပေးတော့ ဒီနိင်ငံသား
တော်တော်များများက ဘော်လုံးကန်တတ်ရုံပဲ ရှိကြတာလေ...။

ကျွန်တော်တို့လို ကျောင်းကပြန်ရောက်ရင် လွယ်အိတ်ချွတ်ပြီး ဘော်လုံးကွင်း ရောက်နေတဲ့ သူတွေအတွက်တော့
သူတို့ကို အေးအေးဆေးဆေးကို ကန်လို့ရတာပဲ ။အဲဒါနဲ့ ပွဲစကန်တော့ ပွဲကြီးနဲ့တူအောင် ဘယ်ဘက်က စကန်မယ်ဆိုတာ
ခေါင်းပန်းလှန်ပြီး ရွေးကြသေးတယ်...။သေသေချာချာ ကန်တော့မယ် ဆိုတဲ့အထာနဲ့လေ...။

တကယ်ကန်တော့လည်း သူတို့က ခုနက ခြေစမ်းပွဲက ခြေထက်ပိုမလာဘူး လိမ်ဖယ်လိမ်ဖယ်လောက်ပါပဲ...။
ကျွန်တော်တို့ကလည်း ပထမကန်ထားတာလောက်ထက် နဲနဲ ပိုတဲ့ ခြေစွမ်းလောက်ပဲ ပြဖြစ်သေးတယ် ...။
ပွဲစတာနဲ့ ဇွတ်လာလို့မှမဖြစ်တာလေ...အဲဒီလို လာ လိုက်ရင် လူလည်ကျထားမှန်း သိသွားနိင်တယ်..။

ပထမ (၁၀) မိနစ်လောက်အထိတော့ သူတို့ ကို ထိန်းကစားထားပြီး တစ်ဂိုးသွင်းခွင့် ပေးထားလိုက်တယ်။
စောစောစီးစီး ဂိုးပြတ် သွားရင် ပေါက်သွားနိင်တယ်လေ..။(၁၀)မိနစ်လောက် အချိန်ဖြုန်းပြီးမှ အရှိန်မြှင့်လိုက်ကြတယ်..။
သူတို့ခြေထောက်ထဲ က လုလို့ရတာနဲ့ သူတို့ဂိုးရှေ့ကိုဘော်လုံးကရောက်ပြီးသားပဲဆိုတော့ ဒီကောင်တွေ ရှေ့ပြေး
နောက်ပြေးနဲ့ မောလာတော့ တဖြေးဖြေးခြေကျလာကြတယ်...။

ဘော်လုံးရတာနဲ့ ရှေ့ကိုပို့လိုက်ရင် သူတို့ဂိုးနားအထိ ရောက်သွားတာပဲ ..။ဂိုးဧရိယာက ကျဉ်းတာကိုးဗျ ။
ဘယ်နှဂိုးသွင်းလဲတော့ မမေးနဲ့ဗျို့ ။ကျွန်တော့်ကောင်မလေးတောင် တဂိုးဝင် တက်သွားသေးတယ်ဆို ကိုယ့်ဘာသာပဲ ခန့်မှန်းတော့ပေါ့ဗျာ။

ဒီကောင်တွေလား အမောတောင်မဖြေနိင်ပါဘူးကမ်းခြေနားက 7 eleven မှာ ဘီယာ(၁၀)ဘူး
သွားဝယ်ရတာပေါ့ဗျာ။ကျွန်တော်တို့ကတော့ (၁၀)ဘူးလုံးတထိုင်ထဲ သောက်ပစ်လိုက်တာပဲ။
အရသာက အရင်ထက် ပိုသောက်ကောင်းမယ် ဆိုတာတော့ အားလုံးလည်း သဘောပေါက်မှာပေါ့။


(F C ဆိုတာက football club ကို ပြောတာပါ)
(၁၃.၃.၂၀၀၉)

သင်သည် ပုရွတ်ဆိတ်တစ်ကောင် ဖြစ်ခဲ့လျင်...

အစာရှာတဲ့အဖွဲ့ထဲက ရှေ့ပြေးတပ်သား မောင်နီ အူယားဖားယားနဲ့ ကျုပ်တို့ကို လာအကြောင်းကြားချိန်က လူတွေရဲ့
သတ်မှတ်ချက်နဲ့ဆိုရင် ညအချိန်ပေါ့ဗျာ...။ကျုပ်တို့ ရဲ့အကြိုက်ဆုံး စားစရာတွေထဲမှာပါတဲ့ ပေါင်မုန့်အကြီးကြီးကို
တွေ့ခဲ့တယ်တဲ့လေ။ဒါနဲ့ပဲ ကျုပ်တို့လည်း လူတွေလို နေ့ရယ်ညရယ် ရွေးမနေတော့ပါဘူး အဖွဲ့ဝင်တွေ ချက်ချင်းစုပြီး
မောင်နီအနောက်က တန်းစီပြီး ထလိုက်လာကြတာပဲ...။

ကျုပ်တို့အတွက်တော့ နေ့ရယ်ညရယ်လို့ မရှိပါဘူး...။အစာရှာဘို့အတွက်ဆို အချိန်မရွေးထကြွလုံ့လ ရှိရမယ်မဟုတ်လား။
ဘာကြောင့်ဆိုတော့ နေအိမ်တည်ဆောက်ဘို့နဲ့ အစာရှာဘို့ တာဝန်က ကျုပ်တို့တာဝန်ပဲလေ...။
ကျုပ်တို့က ခင်များတို့လို လူတွေ အမြင်နဲ့ကြည့်ရင် မလောက်လေးမလောက်စားဆိုတဲ့အဆင့်ထက်တောင် နိမ့်နိင်ပေမယ့်
ကျုပ်တို့ရဲ့ ဖွဲ့စည်းပုံက လူတွေထက်တော့ စနစ်တကျရှိတယ်ဆိုတာ သေချာပေါက်ပြောရဲတယ်ဗျာ...။

အရေးဟယ်အကြောင်းဟယ်ဆို ခင်များတို့လူတွေမှာ လူစုရတာနဲ့ တာဝန်ခွဲဝေရေး ကော်မတီ အရင်ဖွဲ့ရတာနဲ့ ဒီကြားထဲ
သက်သောင့်သက်သာနဲ့ နာမည်ကောင်းရမယ့်နေရာတွေများဆို ပေးရကမ်းရပြီး နေရာရဘို့ ၀ိုင်းအုံနေကြတာပဲ...။
ဒါတောင်ပြောချင်ကြသေးတယ် ပျားရည်စက်မှာ ပုရွတ်ဆိတ်အုံနေတဲ့ အတိုင်းပဲတဲ့...။ဥပမာကတော့ မြင်သာထင်သာ
ရှိပါရဲ့ဗျာ..။ဒါပေမယ့် ကျုပ်တို့ ပုရွတ်ဆိတ်တွေနဲ့ နှိုင်းတာကိုတော့ နည်းနည်းလေးမှမကျေနပ်ဘူး...။

ကျုပ်တို့ပုရွတ်ဆိတ်တွေမှာ အကောင်သေးပေမယ့် ကိုယ့်တာဝန်ကိုယ်ကျေကြတာပဲဗျ..။လူတွေရဲ့ စိတ်အတိုင်းသာဆို
သားဖောက်ဘို့တာဝန်ယူရတဲ့ နေရာမှာ ၀ိုင်းအုံနေကြမှာပဲ...။ကျုပ်တို့ကတော့ စိတ်ထဲမှာဘာမှမထားဘူး ကိုယ့်တာဝန်
ကိုယ်ကျေဘို့ပဲသိတယ်...။သားဖောက်တဲ့တာဝန်ယူရတဲ့ မောင်နက်တို့ အဖွဲ့ကိုလည်း ဘာမှမမြင်ဘူး...။
ရန်သူတွေကို တိုက်ခိုက်ရေးတာဝန်ယူရတဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင်ရတာပဲ....။

ယုတ်စွအဆုံးဗျာ မျိုးဆက်ပြန့်ပွားဘို့ တချိန်လုံး ကလေးတွေမွေးပေးနေရတဲ့ ပုရွတ်ဆိတ် အမတွေကိုလည်း ကျုပ်က
ကြံဖန်ကျေးဇူးတင်တာပါပဲ..။သူတို့ကမွေး ကျုပ်တို့က ကျွေးပေါ့ဗျာ...။အားလုံးကိုယ့်တာဝန်ကိုယ်ကျေကြသလို
ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူရတာပါပဲ...။

အခုတော့ မောင်နီက သူတွေ့ခဲ့တယ်ဆိုတဲ့ အစာကို လာပြောတာနဲ့ ကျူပ်တို့ လည်းချက်ချင်းထလိုက်လာကြတာ
ခရီးတောင်အတန်ငယ်ပေါက်ရောပေါ့...။ကျုပ်တို့ရှေ့နဲ့နောက်မှာလည်း တိုက်ခိုက်ရေးအဖွဲ့ဝင်တချို့ ၀ိုင်းရံပြီး
လိုက်ပါလာကြတယ်..။ကျုပ်တို့အဖွဲ့အတွက်တော့ အသေခံတပ်သားတွေပေါ့ဗျာ...။ရန်သူတွေ့ရင် တိုက်ခိုက်သလို
လမ်းခရီးမှာ ကျဆုံးသွားတဲ့ မျိုးနွယ်တွေ ကိုလည်း နေတဲ့နေရာအထိ ရောက်အောင်ပြန်သယ်တဲ့ တာဝန်ယူကြတယ်လေ.။

ကျုပ်တို့ ပုရွတ်ဆိတ်တွေရဲ့သက်တမ်းက လူတွေရဲ့ ပြက္ခဒိန်နဲ့ဆို ၁၀ နှစ်သက်တမ်း ကနေ နှစ် ၅၀ထိ ရှိတယ်ဆိုပဲ။
တောနက်တွေထဲမှာနေတဲ့ ကျုပ်တို့အမျိုးတွေဆိုလည်း အဲဒီလောက် အသက်ရှည်ကြတယ် ...။
ကျုပ်တို့က အမျိုးများတယ်...လက်ဆင့်ကမ်းသယ်လာခဲ့တဲ့ မှတ်တမ်းတွေအရဆို ကျုပ်တို့ ပုရွတ်ဆိတ် အမျိုးပေါင်း ကိုးထောင်ကျော်ရှိတယ်ဆိုပဲ...။တချို့ကလည်း မျိုးနွယ်ပေါင်း ၁၂၀၀၀အထိရှိတယ်ဆိုပြီးပြောကြပြန်တယ်...။

ကျုပ်တို့သက်တမ်းက ဆယ်နှစ်ဆိုပေမယ့် ကျုပ်တို့လို အစာရှာတဲ့ အဖွဲ့နဲ့ တိုက်ခိုက်ရေးတာဝန်ယူရတဲ့ အဖွဲ့တွေ
အတွက်တော့နေ့မြင်ညပျောက်ပါပဲဗျာ...။ကျုပ်တို့ခန္ဓာကိုယ်လောက်ရှိတဲ့ အစာလေးအတွက်နဲ့ ကျုပ်တို့ခန္ဓာရဲ့
ဆယ်ဆလောက်ရှိတဲ့ လူတွေရဲ့ လက်နဲ့ဖိသတ်ခြင်းခံရတာပါပဲ...။

သားဖောက်တာဝန်ယူရတဲ့မောင်နက်တို့အဖွဲ့ကတော့ အဲလောက်အသက်ရှည်တယ်...။ကျုပ်တို့ကတော့စောစော
သေသွားလို့လည်းဝမ်းနည်းမနေပါဘူး..။နေခွင့်ရတဲ့အချိန်လေးမှာ ကိုယ့်မျိုးနွယ်စုအပေါ်တာဝန်ကျေခဲ့တယ်ဆို
ပြီးတာပါပဲ...။ကိုယ့်အမျိုးအပေါ်ကိုယ်စောင့်ရှောက်မယ် ရှာဖွေကျွေးမွေးမယ် ဒုက္ခမပေးဘူးဆို ကျုပ်တို့
ပုရွတ်ဆိတ် ဖြစ်ရကျိုးနပ်ပါတယ်လေ။

ခက်တာက ကျုပ်တို့နေတာက လူနေထူထပ်တဲ့မြို့မှာဆိုတော့ စားစရာ ရှာရလွယ်သလို သေဘို့လည်း လွယ်တယ်
ဆိုပါတော့..။ဒါပေမယ့်ဗျာ သေမှသာသေရော မသေခင်တော့ အစာကိုရအောင်ရှာရမှာပဲ...။
ကျုပ်တို့တ၀မ်းတခါးအတွက်များတော့မပူပါဘူးလေ...။အခုဟာက ကျုပ်တို့ရဲ့တာဝန်အရ မျိုးဆက်လေးတွေအတွက်
အစာရှာပေးရတော့ နေ့ရယ်ညရယ် မရွေးနိင်ပါဘူး..။

ကျုပ်တို့က အစာကိုတွေ့ရင် အရည်အဖြစ်သာသယ်ဆောင်သွားကြတယ်...။ကလေးတွေကိုတော့ ကျုပ်တို့သယ်လာတဲ့
အရည်တွေ ပြန်အန်ထုတ်ပြီး ကျွေးမွေးရတာပါပဲ...။အစာခဲလိုက်ကို သယ်သွားပြီး ကျုပ်တို့ အသိုက်အမြုံရောက်မှ
အရည်ထုတ်ပြီး စားကြတဲ့အခါလည်း ရှိတာပေါ့လေ...။

ရှေ့ပြေးတပ်သားမောင်နီတို့အဖွဲ့ လူးလားခေါက်တုန့်နဲ့ အလုပ်တွေများနေကြတယ်...။သူတို့ခင်မျာ ချီတက်လာတဲ့
လမ်းတလျှောက်က အဖွဲ့ဝင်တွေကို စိတ်မလျှော့ဘို့ မကြာခင်မှာ ကျုပ်တို့လိုချင်တဲ့ အစာကို တွေ့တော့မယ် ဆိုပြီး
တကောင်ချင်းစီကို လိုက်ပြီးအားပေးနေကြတာပါပဲ...။

စားပွဲခုံအမြင့်ကြီးပေါ်မှာ ရှိတဲ့ အစာအတွက် ကျုပ်တို့သွားရတဲ့ခရီးလမ်းက ပင်ပန်းလွန်းတယ်...။
တောက်လျှောက်တက်လာရတာ ကျုပ်ကောင်တွေလည်း မောပန်းနေလောက်ရောပေါ့...။ ကျုပ်တို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ
ခေါင်းပိုင်း ရင်ဘက်ပိုင်း နဲ့ ၀မ်းဗိုက်ပိုင်းဆိုပြီး သုံးပိုင်းရှိတဲ့အထဲမှာမှ ၀မ်းဗိုက်ပိုင်းက ပိုလေးလွန်းတယ်။
ပြင်ညီပေါ်မှာသွားနေရင်မသိသာပေမယ့် အခုလို့ မတ်စောက်တဲ့ နေရာတွေကို တက်ရတာ ပင်ပန်းလွန်းပါတယ်...။

နာမကျန်းဖြစ်နေရဲ့နဲ့ အစာသယ်ဘို့ လိုက်လာတဲ့ အဖွဲ့ဝင်နှစ်ယောက်လည်း လမ်းတ၀က်မှာတင် ပြုတ်ကျသွားပြီလို့
အဆင့်ဆင့်သတင်းပေးလို့ ကြားလိုက်ရသေးတယ်...။စိတ်မကောင်းဖြစ်မိပေမယ့် ဒါဟာ ဘ၀ပဲ မဟုတ်လား...။
အခုလောက်ဆို တိုက်ခိုက်ရေးအဖွဲ့ဝင်တွေက အသိုက်အမြုံတွေဆီ ပြန်သယ်သွားလောက်ရောပေါ့...။
ကျုပ်တို့အမျိုးတွေကို သေဆုံးသွားသည်ဖြစ်စေ ဒဏ်ရာရ သွားသည်ဖြစ်စေ အသိုက်အမြုံဆီတော့ ရအောင်ပြန်ခေါ်ကြတာ
ကျုပ်တို့ရဲ့ ဓလေ့ပေါ့..။

ကျုပ်တို့ရဲ့ အစာဆီကိုတော့ မကြာခင်မှာရောက်တော့မယ်လို့ မောင်နီက ခုနက လာပြောထားလို့ ကျုပ်တို့
တက်ကြွနေမိတယ်။ ကျုပ်စိတ်ထဲမှာ စိုးရိမ်နေတာက အလင်းရောင်တွေ မရောက်ခင် ကျုပ်တို့ ရည်ရွယ်ရာကို
ရောက်နိင်ပါ့မလား ဆိုတာပါပဲ...။

ကျုပ်မကြိုက်ဆုံးအချိန်တွေက မနက်လင်းခါစနဲ့ ညမိုးချုပ်ခါစ အချိန်တွေပဲ...။အဲဒီအချိန်တွေမှာ အစာရှာရခက်သလို
ကျုပ်တို့သေဘို့လည်း ရာခိုင်နှုန်းများတယ်လေ...။ညနက်သန်းခေါင်နဲ့ နေ့ခင်းနေ့လည် အချိန်တွေကတော့ အစာရှာဘို့
အကောင်းဆုံး အချိန်တွေပါပဲ...။စိတ်အေးလက်အေးရှာ နိင်သလို အစာကိုလည်း များများစုမိတတ်တယ်..။

အခုရောင်နီရဲ့ အအေးဒဏ်ကို ခံစားရစပြုလာပြီ မကြာခင်မှာမိုးလင်းတော့မှာ သေချာနေပြီပေါ့ ကျုပ်တို့
အချိန်မှီနိင်ပါ့မလား...။။။
ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကိုမျှော်နေမယ့် ဆာလောင်နေတဲ့ကလေးငယ်တွေအတွက် ကျုပ်တို့ ရှေ့ဆက်နေရအုံးမှာပဲ...။

..............................................................................................................................................................


alarm ရဲ့စူးစူးရှရှမြည်သံကြောင့် နိုးလာမိသည် ..။စိတ်ပျက်ပျက်နဲ့ ကျွတ်ခနဲ ရေရွတ်လိုက်မိသည်...။
နောက်ထပ်နာရီဝက်လောက်အိပ်ခွင့်ရသေးရင် တော်တော်ကောင်းမှာပဲ တွေးမိပေမယ့် မဖြစ်နိင်မှန်းသိလို့
ရေချိုးခန်းထဲ ၀င်လိုက်ရတော့သည်။ကြည်လင်လန်းဆန်းသွားအောင် ခေါင်းကိုပါရေလောင်းချိုးလိုက်သည်...။

အလုပ်သွားဘို့ ဖိနပ်စီးရင်း ထမင်းစား စားပွဲပေါ်က ညကလက်ကျန်ပေါင်မုန့် အပိုင်းအစ တချို့တွင် ပုရွတ်ဆိတ်တို့
ဝိုင်းအုံခဲနေကြတာကို တွေ့လိုက်ရသည်။တော်တော်အနံ့ခံကောင်းတာပဲ တွေးမိရင်း လက်နဲ့တောက်ထုတ်ပစ်လိုက်မိသည်။
ပေါင်မုန်းအပိုင်းအစတချို့နှင့် ပုရွတ်ဆိတ်တို့ လေထဲမှာ ၀ဲပျံသွားတော့သည်...။


..........................................................................................................................................................


တနေ့သောမနက်ခင်းမှာ တန်းစီပြီးသွားနေတဲ့ ပုရွတ်ဆိတ် တချို့ကို မြင်မိရာကနေ ဒီဝတ္ထုတိုလေးကိုရေးဘို့ စိတ်ကူး
ရခဲ့ပါတယ် အဲဒီတနေ့လုံးကျွန်တော်တွေးနေမိတာက ပုရွတ်ဆိတ်တွေနဲ့ တူတဲ့ မြန်မာပြည်သူပြည်သား တချို့ကိုပါပဲ...။

မ၀ရေစာလေးအတွက် ရုန်းကန်နေရတဲ့ ဘ၀တွေကို တွေးမိပါတယ်...။
ရှင်သန်မှုအတွက် ဖိသတ်ရက်တဲ့ လက်မည်းတွေကိုလည်းတွေးမိပါတယ်...။
လွတ်မြောက်မှုအတွက် တောက်ထုတ်ခံရတဲ့ ဘ၀တွေကိုလည်း တွေးမိပါတယ်။

ဆက်ပြီးတွေးမိတာကတော့ ကျွန်တော်တို့တွေလည်း တနေ့နေ့တချိန်ချိန်မှာ ကြွယ်ဝချမ်းသာလာနိင်ပါတယ်
အရာရာကို ဖန်ဆင်းနိင် တောက်ထုတ်နိင်တဲ့ လက်တစုံကိုလည်း ပိုင်ဆိုင်လာနိင်ပါတယ်...။
အဲဒီအချိန်ရောက်ခဲ့ရင် ကိုယ့်ရဲ့မတော်တဆမှုနဲ့တောင် ဘယ်ဘ၀တွေကိုမှ မတောက်ထုတ်ပစ်ဘို့ပါပဲ...။

ဘာကြောင့်ဆိုတော့ အခုချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်တောင် အစာရေစာ ပေါကြွယ်ဝတဲ့နေရာ လာပြီး ရှာဖွေနေရတဲ့
ဘ၀တူ ပုရွတ်ဆိတ်တကောင်ပဲ မဟုတ်လား....။

အရေးမကြီးဘူးထင်ရသောလုပ်ရပ်တခုသည် တခြားသူတို့၏ ပုတ်ထုတ်ခံလိုက်ရသော ဘ၀ လည်းဖြစ်တတ်သည်...။

(ပုရွတ်ဆိတ်တွေနှင့်ပါတ်သတ်သော အချက်အလက်တချို့ကို ဘာသာပြန်ပြီး ရယူထားပါတယ်...
အဓိက ပေးချင်တဲ့ အကြောင်းအရာက ရုန်းကန်ရင်း နှစ်မြုပ်နေရတဲ့ ဘ၀တွေ အကြောင်းမို့လို့
ပုရွတ်ဆိတ်တွေနှင့် ပါတ်သတ်သော အချက်အလက်မှားယွင်းခဲ့ လိုအပ်ခဲ့ပါက သီးခံစေချင်ပါတယ်...။)

သင်္ချိုင်းအကြောင်း

ကျုပ်ဘ၀မှာ ထူးထူးခြားခြားနာမည် တလုံးကို လူပျိုပေါက် အရွယ်အထိရခဲ့ဖူးတယ်....။ အဲဒီနာမည်က လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး...။ ထူးထူးခြားခြားတွေ ဖြစ်လေ့ရှိတဲ့ ကျုပ်အတွက် ဒါဟာလည်း အမှတ်တရ အဖြစ်အပျက် တခုနဲ့ပါတ်သတ်ပြီး ရခဲ့တာပါပဲ...။ ကမြင်းကျော အထလွန်ပြီး ရခဲ့တဲ့ နာမည်လို့ပြောရမှာပဲ...။

ကျုပ်တို့လေးတန်းရောက်တော့ အစိုးရစစ်စာမေးပွဲနဲ့တိုးတယ်...။ အစိုးရစစ်ဆိုတော့ ကျုပ်တို့လည်း သိပ်ပေါ့ပျက်ပျက် မလုပ်ရဲဘူး သေသေချာချာစာကျက်ရတယ်...။ ကျောင်းကဆရာမတွေကလည်း ညဘက်တွေမှာ ရပ်ကွက်တွေကို အလှည့်ကျ စာလိုက်သင်ပေးတယ်..။

ဆရာမတွေနေတဲ့ရပ်ကွက်က ကျုပ်တို့ရပ်ကွက်ရဲ့ ဘေးရပ်ကွက်ပေါ့...။ အခုချိန်မှာ ရပ်ကွက်လို့သာပြောပေမယ့် အဲဒီအချိန်ကတော့ ရွာသာသာပါပဲ...။ မီးမရှိတဲ့အပြင် အဆိုးဆုံးက ကျုပ်တို့ရပ်ကွက်နဲ့ ဆရာမတွေနေတဲ့ ရပ်ကွက်ရဲ့ကြားမှာ သင်္ချိုင်းကုန်းတခုရှိတယ်။ အထင်ကရ သင်္ချိုင်းကြီးပေါ့...။

အဲဒီသင်္ချိုင်းဝင်းကြီးက အကျယ်ကြီးပဲ.။အဲဒီဝင်းထဲမှာမှ တရုတ်သင်္ချိုင်းရော မြန်မာရော မွန်ရော သူ့အပိုင်းနဲ့သူခွဲထားတာ ၀င်းကြီးကကျယ်လွန်းပြီး တချို့နေရာတွေမှာ အပင်တွေကတောအုပ်အသေးစားလောက်တောင် ပေါက်နေလို့ ဟိုးအရင် တုန်းက ကျားမတကောင်တောင် သားလာပေါက်ဖူးတဲ့အထိပဲ...။

ညဘက်တွေမှာ ဆရာမတွေက စာသင်ပြီး ပြန်ရင် ကျုပ်တို့ကျောင်းသားတွေက သင်္ချိုင်းဘေးက လမ်းမအတိုင်း ပြန်လိုက် ပို့ကြရတယ်...။ ကျောင်းသားကျောင်းသူ အယောက် ၂၀ကျော်ပေါ့...။ လူများတော့လည်း မကြောက်ကြပါဘူး...။ တချို့ညတွေမှာ ဆရာမတွေ ပြန်ပို့ပြီးလို့ ပြန်လာရင် အဲဒီသင်္ချိုင်းနေရာရောက်တာနဲ့ ကျုပ်နဲ့ရွှေတိုးနဲ့ လောင်းကြေး စားကြေး လုပ်ကြတာပဲ....။

အဲဒီဝင်းကြီးရဲ့ အလယ်လောက်မှာ မြန်မာသင်္ချိုင်းတခုရှိတယ်..။ဇရပ်တခုရှိပြီး ကိုးတောင်ပြည့် စေတီလေးတဆူလည်း ရှိတယ်။ ကျုပ်တို့လောင်းတာက အဲဒီစေတီဘေးက ဇီးသီးပင်ကနေ ဇီးသီးတလုံးခူးပြီး ပြန်ထွက်လာဘို့ လောင်းကြတာ...။ ကျုပ်တို့လောင်းတော့ ကျန်တဲ့ သူငယ်ချင်းတွေက ၀ိုင်းတားကြတာပေါ့...။ညကြီးမိုးချုပ် မ၀င်စေချင်ဘူးလေ..။

ကျုပ်အတွက်ကတော့ နေ့ခင်းနေ့လည်တိုင်း အဲဒီ ဇီးသီးသွားခူးပြီ ကစားနေကြဆိုတော့ ကြောက်ရကောင်းမှန်းလည်း မသိပါဘူး။ မြေပုံအဟောင်းတွေက ခွေးတွေဖော်ထားတဲ့ အရိုးခေါင်းတွေ ကောက်ပြီး မျက်လုံးနှစ်လုံးနေရာမှာ ဇီးသီးနှစ်လုံး ထည့်ပြီး အဲဒီခေတ်က နာမည်ကြီးတဲ့ သိုက်သမိုင်းကားတွေထဲက စုန်းဆရာကြီးတွေ လုပ်တမ်းကစားကြ တာကိုးဗျ..။

အဲဒီဇီးပင်ကလည်း ရေခံမြေခံ ကောင်းလို့လားမသိဘူး...။အပင်အောက်ဝင်ပြီး လက်ကိုသာ အပေါ်ဆန့်လိုက်ရင် ဇီးသီးတလုံးတော့ စမ်းမိတာပါပဲ...။ အဲဒီလောက်အထိကို ပြွတ်ခဲနေအောင်သီးတာ...။ ရွှေတိုးကလည်း အဲဒီလိုပဲ သူကလည်း ၀င်ခူးရဲတယ်ပေါ့...။ အဲဒါနဲ့ ၅ ကျပ်ကြေး လောင်းဖြစ်ကြရော။

ပထမနေ့တွေမှာ သူရောကျုပ်ရော ဇီးသီးဝင်ခူးတာ နှစ်ယောက်လုံးဇီးသီးခူးလို့ရတော့ လောင်းကြေးက ဘယ်သူ့ ဘယ်သူမှ မနိင်ဘူး ဖြစ်နေတယ်..။ ညတိုင်းတော့ ၀င်ခူးဖြစ်တာမျိုးမဟုတ်ပါဘူး..။ နှစ်ယောက်လုံး စိတ်ပါတဲ့နေ့မှပါ...။ အားတိုင်းယားတိုင်း သင်္ချိုင်းထဲ ၀င်ဘို့အတွက်တော့လည်း စိတ်မသန့်ဘူးပေါ့...။

တစ်ညတော့ ပြဿနာ တက်မယ့်ညမို့လို့နဲ့တူပါရဲ့ နှစ်ယောက်စလုံး လောင်းကြေးအတွက် တက်ကြွနေလိုက်ကြတာ..။ ရွှေတိုးက စပြီးစိန်ခေါ်တာနဲ့ ပွဲက ဖြစ်ရောဆိုပါတော့ ပေါ့...။ ဒီတညတော့ အရှုံးအနိင်ပေါ်အောင်ဆိုပြီး အချိန်မှတ်ဘို့ပါ ရွှေတိုးက ပြောလာတယ်...။သဘောက ဇီးသီးခူးရုံနဲ့တင်မရသေးဘူး ... ဘယ်သူအမြန်ဆုံး သင်္ချိုင်းထဲက ပြန်ထွက်လာ မလဲဆိုတာကိုပါ ထည့်တွက်ရမယ်ပေါ့...။ အချိန်ပိုမြန်ပြီး ဇီးသီးလည်းပါလာမယ့် သူက အနိင်ဆိုပြီး လောင်းကြတယ်...။

အဲဒီအချိန်မှတ်ဘို့ကလည်း ရွှေတိုးပဲ အစဆွဲတာပါပဲ...။ သူက ဒီတခါတော့ အဖြေပေါ်အောင် အချိန်နဲ့လုပ်မယ်ဆိုပြီး ပြောတာနဲ့ကျုပ်လည်းလက်ခံလိုက်တာလေ..။ ကျုပ်ကတော့ ရှုံးတာနိင်တာနောက်မှထား စိန်ခေါ်ရင်တော့ ပြိုင်လိုက်ချင် တာ ဘာဗီဇမှန်းမသိပါဘူး...။ ဒါနဲ့ပွဲဖြစ်ပါလေရော...။

အရင်ပွဲတွေလိုပဲ သင်္ချိုင်းထဲ ကျုပ်ကအရင်ဝင်တယ်...။ သင်္ချိုင်းထဲဝင်ပြီးတာနဲ့ ကျုပ်ကနေ့ခင်းနေ့လည်ဘက် သွားနေကြ လမ်းတွေအတိုင်း အုတ်ဂူတွေကြားကနေ ကွေ့ပါတ်ပြေးတော့တာပဲ...။ တချို့မြေပုံအဟောင်းတွေကိုတော့ ကျော်လွှားရ တာပေါ့...။မြေပုံအသစ်ရှိတဲ့ဘက်ကတော့ မသွားဘူး ဒါတော့စိတ်မသန့်ဘူးလေ...။

ဇီးပင်အောက်ရောက်တော့ ခပ်မြန်မြန်တလုံးခူးပြီး သင်္ချိုင်းဝကို ပြန်ပြေးရပြန်ရော...။ အချိန်မှတ်တာဆိုတော့ မြန်လေကောင်းလေပဲပေါ့...။ ကျုပ်အ၀င်ဝကို ပြန်ရောက်တော့ အားလုံးပေါင်း ၆ မိနစ်နဲ့ စက္ကန့်စွန်းတယ်လေ...။ ကျုပ်ရဲ့စံချိန်ကိုကြည့်ပြီး ရွှေတိုးက ပြုံးတယ်...။ သူ့အတွက်တော့ ဒီပွဲက အေးဆေးဆိုတဲ့ အပြုံးလားတော့မသိဘူး..။

လေကိုအားရပါးရ တချက်ရူပြီး ရွှေတိုးသင်္ချိုင်းထဲ ပြေးဝင်သွားတော့တယ်..။ သိပ်မကြာပါဘူး ခန့်မှန်းခြေ တစ်မိနစ် ကျော်ကျော် လောက်မှာပဲ ရွှေတိုးရဲ့ အော်သံနက်ကြီး ထွက်လာတယ်....။

“အားးးးးးးး ”
“ကြောက်ပါပြီဗျ” ဆိုပြီး အော်သံကြားတော့ ကျုပ်တို့လည်း ထိတ်ထိတ်ပြာပြာဖြစ်သွားရတယ်..။ ဘာများဖြစ်တာပါလိမ့် သရဲများဂုတ်ချိုးပြီလား ဆိုပြီး ဟိုတွေးဒီတွေးနဲ့ပေါ့...။

ပါလာတဲ့သူငယ်ချင်းတွေလည်း ကြောက်လန့်ပြီး ဘုရားစာရွတ်တဲ့သူကရွတ်ကြ အော်တဲ့သူက အော်ကြနဲ့ ခဏလောက် တော့ကမ္ဘာပျက်သလိုပါပဲ...။ ကျုပ်လည်းဘယ်သူမှ ထိန်းလို့မရတော့ဘူး...။ တချို့ကလူကြီးတွေ ပြေးခေါ်ကြတယ်...။ ခဏလောက်နေတော့ ကျုပ်တို့ရပ်ကွက်ထဲက လူကြီးတွေရောက်လာကြတယ်..။

ရွှေတိုးဆီကလည်း အော်သံနက်ကြီးထွက်လာပြီးတဲ့နောက်ပိုင်း ဘာသံမှ မကြားရတော့ဘူး...။ အဲဒီတော့မှ ကျုပ်လည်း တွေးကြောက်မိတော့တာ...။ ရွှေတိုးတခုခုဖြစ်သွားရင် ကျုပ်လည်းမချောင်ဘူးလေ..။ အဖိုးက အမှန်အကန်ရိုက်တော့မှာ သိနေတယ်..။

လူကြီးတွေလည်း လက်နှိပ်ဓါတ်မီးတွေနဲ့ သင်္ချိုင်းထဲဝင်သွားတော့ ကျုပ်လည်းဘုရားတပြီး လိုက်သွားရတယ်..။ ရွှေတိုးကို ဂုတ်ကျိုးပြီးများ တွေ့ရမလားလို့ တွေးမိသေးတယ်..။ လက်နှိပ်ဓါတ်မီးတွေ မီးအိမ်တွေနဲ့ ဟိုရှာဒီရှာလုပ်နေလို့ နောက်ဆုံးတော့ ကျုပ်ကပဲ အရှေ့ကနေလမ်းပြရတော့တယ်..။

ဇီးပင်ဆီသွားရာလမ်းတလျှောက် ကျုပ်ကရှေ့ကခေါ်သွားရင်း ဘေးဘီဝဲယာကိုလည်း ရှာကြတာပေါ့...။ လက်နှိပ်ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးရင်း တယောက်က ဟိုမှာ သရဲသရဲလို့ အော်လိုက်တော့ အားလုံးဝိုင်းကြည့်လိုက်ကြတယ်။

အုတ်ဂူတလုံးထဲကနေ ကုန်းထလာတဲ့ မဲမဲကောင်ကြီးကို လက်နှိပ်ဓါတ်မီးရောင်အောက်မှာ တွေ့လိုက်ရတာ ဖြုန်းခနဲ ခေါင်းမွှေးတွေတောင် ထောင်ထပြီး ခေါင်းလည်းပုတ်လောက်ကြီးဖြစ်သွားတယ်..။ ရင်ထဲမှာလည်း တဆတ်တဆတ်နဲ့ကို တုန်နေတာပါပဲ...။ အုတ်ဂူထဲကနေ သရဲကြီး ကုန်းထလာတယ်ထင်ပြီး လူကြီးတွေရဲ့ တဂတ်ဂတ်နဲ့ မေးရိုက်သံတွေ ထွက်လာတယ်..။ ကျုပ်လည်း မျက်လုံးတွေပြာပြီး ဒူးတွေချောင်ကုန်လို့ အနားကလူကြီးတယောက်ရဲ့ လက်ကိုအတင်း ဖမ်းဆွဲ ထားရတယ်။

သရဲအကြောင်းတွေးနေချိန်မှာ မဲမဲကောင်ကြီးကို အုတ်ဂူထဲက ကုန်းထနေတဲ့ပုံမြင်ရတာ ဖြုန်းခနဲဆိုတော့ လိပ်ပြာလွင့် မတတ်ပါပဲ။ ကြောက်ကြောက်နဲ့ လက်နှိပ်ဓါတ်မီး ၀ိုင်းထိုးတော့မှ သရဲမဟုတ်ဘဲ ကျုပ်တို့လိုက်ရှာနေတဲ့ ရွှေတိုးဖြစ်မှန်း သိလိုက်ရတော့တယ်..။

ရွှေတိုးပုံစံကိုမြင်အောင်ပြောရရင် အုတ်ဂူထဲမှာ ကိုယ်တပိုင်းမြုပ်နေပြီး အပေါ်ပိုင်းက ကုန်းကုန်းကြီး ဖြစ်နေတာလေ..။ လူကြီးတွေလည်း အပြေးအလွှားပြေးကြည့်ကြတော့ ရွှေတိုးက သတိမေ့နေတယ်...။ ဒါနဲ့ ရွှေတိုးကို အုတ်ဂူထဲက ကမန်းကတမ်း ဆွဲထုတ်ပြီး သင်္ချိုင်းအပြင်ကိုသယ်သွားကြတော့တယ်...။

ရပ်ကွက်ထဲအထိသယ်သွားပြီးရွှေတိုးအိမ်ရောက်တော့ ဒီကောင့်ကို နှာနှပ်တဲ့သူက နှပ်ပေးတယ်..။ သောက်တော်ရေတွေ ပရိတ်ရေတွေဖြန်းပေးကြ လည်ပင်းပုတီးစွပ်ပေးနဲ့ တော်တော်ကြာတော့ ရွှေတိုးသတိရလာတယ်..။ အဲဒီတော့မှ သတိထားမိတာ ရွှေတိုးရဲ့ ညာဘက်လက် ကျိုးသွားတာလား အဆစ်လွဲသွားတာလား မသိဘူး...။ တညည်းညည်း တညူညူနဲ့ အော်နေတော့တာပဲ...။

အဲဒီမှာရွှေတိုးကို လူကြီးတွေက ဘာဖြစ်တာလည်း သရဲနဲ့တွေ့ခဲ့တာလား မေးကြတာပေါ့...။ အဲဒီမှာ ရွှေတိုးက သူ့ရဲ့ သင်္ချိုင်းတွင်းခရီးစဉ်ကို ပြန်ပြောပြတော့တာပဲ...။ ကျုပ်နဲ့လောင်းထားတာနိင်ချင်လို့ ရွှေတိုးက သင်္ချိုင်းထဲရောက်တော့ ကျုပ်ပြေးသလို မြေပြင်တွေပေါ်က မပြေးဘူး..။ မြေပြင်ပေါ်ကဆို အုတ်ဂူတွေရှောင်ရတော့ ကြာတယ်ဆိုပြီး အုတ်ဂူတလုံးကနေ နောက်တလုံးကို ခုန်ကူးပြီးပြေးတာကိုးဗျ..။

သူပြောမှ ကျုပ်စဉ်းစားမိတာ အဲလိုသွားရင် ဇီးပင်ဆီရောက်တာ တော်တော်မြန်တယ်ဗျ...။ ဒီကောင်က အဲလိုသွားဘို့ စိတ်ကူးရထားလို့ ကျုပ်ကို အချိန်နဲ့မှတ်ပြီး လောင်းမယ်လို့စိန်ခေါ်တာကိုးဗျ..။ အဲဒါရွှေတိုးခမျာပြေးရင်းနဲ့ အုတ်ဂူတခု ကနေ နောက်တလုံးကို ခုန်ကူးတာ နောက်အုတ်ဂူက သက်တမ်းကြာပြီဆိုတော့ ဆွေးမြေ့နေတာ တခါတည်း အုတ်ဂူထဲ ကျွံကြတော့တာပဲ...။

သူ့စိတ်ထဲမှာ သရဲက သူ့ခြေထောက်ကို အောက်ကနေဆွဲချလိုက်တယ်ထင်ပြီး ငယ်သံပါအောင် အော်ပြီးမေ့သွား တာဗျ..။
အုတ်ဂူထဲ အရှိန်နဲ့ ကျတော့ လက်ထောက်လိုက်မိတာ လက်ပါကျိုးသွားတဲ့ကိန်း ဆိုက်တော့တာပဲ..။ ရပ်ကွက်ထဲမှာ လည်း အဲဒီအကြောင်း အုတ်အော်သောင်းနင်းဖြစ်နေတော့ ကျုပ်အဖိုးကိုယ်တိုင်ရောက်လာပြီး ကျုပ်ကို လာခေါ်သွား တော့တယ်...။

အိမ်ရောက်တော့ ဘာပြောကောင်းမလဲ တိုင်မှာကြိုးတုပ်ပြီး ရိုက်တာများ ၄ /၅ ရက်နေမှ အရှိုးရာတွေပျောက်တော့တယ်။ အရိုက်ခံရတဲ့ အရှိုးရာတွေက ၅ရက်လောက်နဲ့ပျောက်သွားပေမယ့် သင်္ချိုင်းထဲဝင်ရတာ ၀ါသနာပါလို့ဆိုပြီး ကျုပ်ကို သူငယ်ချင်းတွေက နာမည်တခု ပေးလိုက်တာ ကျုပ်လူပျိုပေါက် ရောက်တဲ့အထိ အဲဒီနာမည်သွားတော့တယ်။ အဲဒီနာမည်က “သင်္ချိုင်း” တဲ့လေ..။

ကျုပ်ကို မြင်ရင် သင်္ချိုင်းလို့ပဲ ခေါ်ကြတော့တယ်..။ သူငယ်ချင်းတွေကို ခင်တတ်တဲ့ကျုပ်လည်း ခေါ်ချင်ရာခေါ်ဆိုပြီး လွှတ်ထား လိုက်တာ ကြားပါများတော့ နားထဲမှာပါ ချောနေတော့တယ်...။ အဲဒီနာမည်ရပြီး ကျုပ်ပြန်ဆုံးရှုံးသွားတာ တခုရှိတယ်...။

အဲဒါက ကောင်မလေးတွေမြင်ရင် အရင်လို ပြီတီတီ မလုပ်ရဲတော့ဘူး...။ ကျုပ်ကသူတို့သွားစရင် သူတို့က ပေးထားတဲ့ နာမည်ထပ် နောက်တလုံးပိုပြီး သင်္ချိုင်းကုန်းဆိုပြီး အော်ကြတော့တာကိုးဗျ...။
............................................................................................................................................................

(ညောင်ရမ်းရဲ့ ငယ်ဘ၀လေးပါ)