Friday, May 14, 2010

Hidden Cam


ကျွန်တော် ဘလော့ဂ်စရေးပြီး အရှိန်နဲနဲ ရလာချိန်မှာ အခန်းဖော် မိတ်ဆွေတွေကို နာမည်ဝှက်လေးတွေပေးပြီး သူတို့ရဲ့ အကြောင်းတွေကို တဖွဲ့တနွဲ့ ရေးဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူရဲ့ ငယ်ဘဝက အဖြစ်လေးတွေကို ပြောပြတာနဲ့ ကျွန်တော်က အနီးစပ်ဆုံး ပုံပေါ်အောင် ရေးပေးခဲ့တယ်။ သူ့ရဲ့ နာမည်ဝှက် ကိုတော့ ညောင်ရမ်း လို့ပေးထားတယ်။ ညောင်ရမ်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူ့အကြောင်း တော်တော် များများ ရှိပါတယ်။ ဘာပဲလုပ်လုပ် အတိုင်းအဆ မရှိ အရမ်းလုပ်တတ်လို့ ခေါ်လို့ကောင်းအောင် ညောင်ရမ်းလို့ နာမည်ပေးခဲ့တာပါ။


ညောင်ရမ်းထက်ပိုစောပြီး ဘလော့ဂ်စာမျက်နာပေါ် ရောက်လာသူကတော့ အဖြူလေး ပါပဲ။ အဖြူလေးမှာလည်း ရာဇဝင်ရှိတယ်လို့ ပြောရမယ်။ သူကတော့ ဘယ်ကိစ္စဖြစ်ဖြစ် သူမသိသလို မဆိုင်သလိုနဲ့ အဖြူထည်လေး ၊ ဖြူစင်သူလေး လုပ်တတ်လွန်းလို့ အဖြူလေး လို့နာမည်ပေးဖြစ်ခဲ့တယ်။ တကယ်ရိုးအ တာလား ဟန်ဆောင်တာလားတော့ အစောပိုင်းက မဝေခွဲတတ်ခဲ့ဘူး။ တစ်ခုခုဆွေးနွေးပြီဆို ဒီကိစ္စလေးတောင် မသိဘူးလား ဆိုပြီး အားမလိုအားမရနဲ့ ဝိုင်းအော်ကြရင် သူက ဘာမှမသိတဲ့ အမူအရာမျိုးနဲ့ နေပြတတ်ပြီး နောက်ကွယ်ရောက်မှ ရယ်နေတတ်တဲ့သူပေါ့။ ကြာကြာပေါင်းဖြစ်တော့လည်း သိလာတယ်ပြောရမယ်။


အဖြူလေးရဲ့ နေပုံထိုင်ပုံလေး တွေကို စာအဖြစ်လည်း ရေးခဲ့ဖူးတယ်။ ဟိုအရင်တုန်းက အဖြူလေး ရဲ့ အမူအရာတွေကို အနီးစပ်ဆုံး မြင်လွယ်အောင် ပြောရရင် Mr.Bean ဇာတ်လမ်းတွဲ ကြည့်နေရသလိုပါပဲ။ အဖြူလေးကြောင့် ကျွန်တော်တို့ ညတွေတော်တော်များများ တဝါးဝါး တဟားဟားနဲ့ ရယ်ခဲ့ရဖူးတယ်။ ခင်မင်ရတဲ့သူတွေကို သူရဲ့ ဖျော်ဖြေဟန်လို့ပဲ ပြောရမယ်။ နောက်ပိုင်းတော့ သူလည်း သူ့ခံစားချက်လေးတွေ ရေးတဲ့ အဖြူလေး ဆိုတဲ့ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်လာတော့တယ်။ ကျွန်တော်တို့တွေ စုစုဝေးဝေး ရှိခဲ့စဉ်က မရပ်မနား ရယ်မောခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။


ဟိုးအရင်ကဆို ကျွန်တော်တို့တွေ ညစာစားပြီးတိုင်း အပျင်းပြေ poker ကစားကြပါတယ်။ အနိင်အရှုံးလည်း နဲသလို တစ်စုတဝေးထဲ စကားထိုင်ပြောလို့ ကောင်းတဲ့ ကစားနည်းဖြစ်လို့ ညစဉ်နီးနီး ပိုကာဒေါင်းဖြစ်ကြတယ်။ တစ်ညတော့ ထမင်းစားပြီးလို့ poker ကစားမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာ အဖြူလေးကို ဂျောက်ချဖို့ အကြံတခုရတာနဲ့ တခြားသူတွေနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တော့ အားလုံးကလည်း တက်တက်ကြွကြွ ပါပဲ။ သဘာတူကြတယ်။


ကျွန်တော်တို့က poker ကိုအပျော်ကစားတာ ဆိုပေမယ့် စည်းကမ်းလေးတွေတော့ ထားထားပါတယ်။ စစကစားချင်းမှာ ဘယ်သူ ဘယ်နေရာ ထိုင်ရမယ်ဆိုတာ ဖဲချပ်လေးတွေ လှန်ပြီး ဆုံးဖြတ်တယ်။ အပွင့်အကြီးဆုံး လှန်မိတဲ့သူက ကြိုက်တဲ့နေရာမှာ ရွေးချယ် ထိုင်ခွင့်ရှိတယ်။ သူနေရာရွေးပြီးတော့မှာ ကျန်တဲ့သူတွေက လှန်ထားတဲ့ ဖဲချပ်လေးတွေရဲ့ အပွင့်ကြီးစဉ်ငယ်လိုက်အတိုင်း အစဉ်လိုက် ထိုင်ကြရတယ်။

အဲဒီနေ့ကလည်း ထုံးစံအတိုင်း နေရာ အရင်ရွေးလိုက်တော့ ကိုယ်ဘယ်နေရာမှာ ထိုင်ရမယ်ဆိုတာ သိသွားတဲ့ အချိန်မှာ တစ်ယောက်က တိုင်ပင်ထားတဲ့ အတိုင်း အဖြူလေးကို အခန်းအပြင်ကို အကြောင်းတခုပြပြီး ခေါ်ထုတ်သွားတယ်။
အဖြူလေးလည်း အခန်းအပြင်ထွက်သွားရော ကျွန်တော်က အဖြူလေးထိုင်မယ့် နေရာနောက်မှာ web cam ကို ဖွက်ထားလိုက်ပြီး lap top ကွန်ပြူတာကိုတော့ကျွန်တော်တို့ အားလုံးဘက် လှည့်ထားတယ်။ ခဏနေတော့ အဖြူလေးတို့ ပြန်ဝင်လာကြတယ်။

ဒီလိုနဲ့ဖဲစကစား ကြရော ဆိုပါတော့။ အားလုံးကလည်း ရုပ်တည်တွေနဲ့ ကိုယ့်ဖဲကိုယ် အာရုံ စိုက်ထားသလို ဟန်ဆောင်နေကြပေမယ့် မျက်လုံးတွေက ကွန်ပြူတာ ပေါ်ရောက်နေကြတယ်။ အဖြူလေးရဲ့ အနောက်မှာ ကင်မရာ ထားထားတာဆိုတော့ သူဖဲချပ်တွေ အကုန်လုံး ကွန်ပြူတာပေါ်မှာ ပေါ်နေတာပေါ့။ အဖြူလေး ဖဲတချပ်ဆွဲ လိုက်တိုင်း အသံထွက်ပြီးရယ်မိကြမှာ စိုးလို့
အားလုံးနှုတ်ခမ်းတွေ ကိုက်ထားကြတယ်။


တလှည့်တလေ အဖြူလေး က အပေါ်အိမ်က ပစ်ချတဲ့ ဖဲစားရင် ကောင်းမကောင်း စဉ်းစားနေရင် ကျွန်တော်က ကွန်ပြူတာကြည့်ပြီး စားသင့်တယ်ဗျ ၊ မစားပါနဲ့ဗျာ သိပ်မှ မထူးတာ ဆိုပြီး အကြံပေးလိုက်တိုင်း အဖြူလေး လန့်လန့် သွားတယ်။ ပြီးမှ ကျွန်တော်ရမ်းပြောတာ မှန်တယ်ထင်ပြီး အေးကွ မစားတော့ပါဘူး ကွာ ဆိုပြီး ပြန်ပြောရော။ အဲဒါဆို အားလုံးက ရယ်ကြတာပဲ။ ဘာမှလည်း ရယ်စရာမရှိဘဲ လျှောက်ရယ်နေကြတယ် ဆိုပြီးအဖြူလေးက ဟောက်လိုက်သေးတယ်။ သူဟောက်လေ ပိုရယ်ကြလေပဲ။ အားလုံးမျက်နာမှာ အပြုံးသဲ့သဲ့က တွဲလွဲခိုနေတယ်။ အဖြူလေး တစ်ခုခု လုပ်တာနဲ့ ပြုတ်ကျသွားတော့ မတတ်ပေါ့။


ဒီလိုနဲ့ ဒုတိယမြောက်ပွဲ ရောက်တော့ အရှိန်မြုင့် လိုက်တယ်။ ဘယ်လိုမြုင့်လဲဆိုရင် အဖြူလေးက ဖဲဆွဲ လိုက်တိုင်း
သူဆွဲတဲ့ဖဲ ကို ကျွန်တော်က အော်ပေးတာမျိုး။ ဥပမာ သူဆွဲတာ ၅ ဖဲတက်တယ်ဆို ကျွန်တော်က “မိုက်ရိုင်းတယ်ကွာ ငါလိုချင်တဲ့ ၅ ဖဲလေးတော့ ကုန်ပါပြီ”လို့ ပြောလိုက်ရင် သူတကယ် လန့်သွားပြီး ကျွန်တော့်ကို လှမ်းကြည့်ရင် ၀ိုင်းထဲမှာ ပစ်ချထားတဲ့ ၅ ဖဲတွေကို လက်ညိုးလျှောက်ထိုးပြလိုက်ပြီး ဒီမှာလေကွာ ၄ချပ်တောင်ထွက် နေပြီပဲ ဘာလုပ်ရတော့မှာလဲ ဘာညာနဲ့ ရုပ်ရှင် ရိုက်ပြလိုက်ရင် ယုံသွားရော။ ကျန်တဲ့သူတွေ ကလည်း ကွန်ပြူတာကို ခိုးကြည့်နေကြတော့ တခွိခွိ နဲ့ ကြိတ်ရယ်နေကြတယ်။

နှစ်ခါ သုံးခါလောက် အဲဒီအတိုင်းလုပ်တော့ အဖြူလေး ပါးစပ်က ထုတ်ပြောလာတော့တယ်။ “ဟေ့ကောင် မင်း မဟုတ်သေးပါဘူးကွာ ငါ့ဖဲတွေဘယ်လို သိလဲ” ဆိုပြီးမေးလာရော။ ကျွန်တော်က “ဘယ်လိုလုပ် သိပါ့မလဲဗျ ဒီလောက်မျက်နာချင်း ဆိုင် ထိုင်နေတာ” လို့ ပြန်ပြောလိုက်ရင် သူဘာမှဆက်မပြောတော့ဘူး။ ဒါပေမယ့် သူငြိမ်သွားတယ် ဘာကြောင့် ဒီလို ဖြစ်နေတာလဲ ဆိုတာ စဉ်းစားနေတာနဲ့ တူပါရဲ့ ။


နဲနဲကြာတော့ အဖြူလေး ထရယ်တော့တယ်။
“ဟားဟားဟား ငါသိပြီကွ မောင်ပိုင်ရာ မင်းလောက်တော့ ငါလည်း လည်ပါတယ်ကွ” ဆိုပြီး တပ်ထားတဲ့ မျက်မှန်ကို ဆွဲ ချွတ် ပစ်လိုက်တော့တယ်။ ကျွန်တော်က သူမျက်မှန်ပေါ်မှာ ပေါ်နေတဲ့ ဖဲချပ်ပုံရိပ်တွေကို ကြည့်ပြီး ပြောနေတာလို့ တွေးမိသွားပုံပဲ။ ဒီတခါတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး တင်းထားသမျှ ဖွင့်ချပြီး ရယ်လိုက် ကြတာများ တော်တော်နဲ့ မပြီးဘူး။ ဗိုက်တွေတောင် အောင့်တယ်။


အဖြူကွက်နင်းပြီး သူပါ လိုက်ရယ်နေလို့ သူ့ကြည့်ပြီး ကျွန်တော်တို့မှာ ရယ်လို့ မပြီးဘူး။ ရယ်လို့ ၀တော့ ကျွန်တော်က “အေးဗျာ အဖြူလေးက အကင်းပါးတာကိုး” ဆိုပြီး အချွန်နဲ့ ပင့်ပေးလိုက်တယ်။ အဖြူလေးမှာ ပီတိတွေ ဖြစ်လို့။ သူ့ကိုယ်သူ အဖြေမှန် တွေ့ရှိသွားသူလိုမျိုးပေါ့။


နှစ်လှည့်လောက် အထိ ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေပေးလိုက်တယ်။ အဖြူလေးလည်း သူ့ကိုယ်သူ စိတ်ချ လက်ချ ဖြစ်သွားတဲ့ပုံပဲ။ သုံးလှည့်မြောက် ရောက်တော့ သူဆွဲတဲ့ဖဲက ဒေါင့် တစ်ဆယ် ဖြစ်နေတယ်။ ကျွန်တော်က ဟာသွားပါပြီကွာ အဲဒီ ဒေါင့်တစ်ဆယ် ငါလိုချင်တာကွ လို့လည်း အော်လိုက်ရော အဖြူလေးလည်း ပြူးတူး ပြဲတဲ ဖြစ်သွားပြီး သူကိုင်ထားတဲ့ ဖဲကို နောက်ကျော လှန်ကြည့်ပါလေရော။ နောက်ကျောမှာများ နံပါတ်ရေးထားသလား ထင်လို့လေ။


အားလုံးရယ်လိုက်ကြတာများဗျာ တအုန်းအုန်းပါပဲ။ နောက်ကျောမှာလည်း ဘာမှရေးမထားတာ သိတော့ အဖြူလေး ထလာပြီးကြည့်တာ ကွန်ပြူတာမှာ ပေါ်နေတာ တွေ့သွားတော့တယ်။ စိတ်ဆိုးမယ်ထင်လား လုံးဝစိတ်မဆိုးဘူးဗျ။ ဒါကြောင့် ငါဖဲမဒေါင်းတာကိုးလို့ ချောလဲ ရောထိုင် လုပ်သေးတယ်။

ဂွင်ထဲဝင်လာတော့ ကျွန်တော်က “အေးလေ အဖြူလေးများ မအ ဘူးမှတ်နေကြလား” ဆိုပြီး တစ်လုံးပစ် သွင်း လိုက်တယ်။ အဖြူလေးလား.... လူကြီး ဆိုတော့ ရှက်ရှက်နဲ့ တဟဲဟဲ ရယ်နေတော့တာပဲ။

..............................................................................................................။

အဖြူလေးကလည်း ဂွင်ကြုံတုန်းက ကျွန်တော်ကို အိမ်မှာစာကပ်ပြီးတော့ကို ပြန်နှိပ်ကွပ်သေးတယ်။ တစ်ခါက ကျွန်တော်တို့ မီးဖိုချောင် ရေအသုံးပြုတဲ့ နေရာမှာ ရေပိုက်က ပေါက်သွားလို့ ရေအများကြီး သွန်လိုက်တာနဲ့ ကြမ်းပြင်ပေါ်ကို ရေကလျှံနေတယ်။ အဲဒါကို အဖြူလေးနဲ့ညောင်ရမ်းက ပြန်ပြင်ပေးပြီး ဆီလီကွန်နဲ့ သေသေချာချာ ပိတ်ပေးတယ်..။ ဆီလီကွန် မခြောက်ခင် ရေပြန်သုံးမိတော့ ရေကအနည်းငယ် ပြန်ထွက်ပြန်တယ်။ ဒီတော့ သူတို့ထပ်လုပ်ကြပြန်ရော။


ဒီတခါကျတော့ အဖြူလေးက ပြင်ပြီးတာနဲ့ သတိပေးစာပါ ကပ်ထားလိုက်တယ်။ သတိပေးစာက ကောင်းပါတယ်.. ဒါပေမယ့် အနှောင့်အသွားမလွတ်ဘူး ကျွန်တော့်ကိုပါ ရောပြီးကစ်ထားသလိုပဲ။ သူ့သတိပေးစာက ဒီလို....

သတိ.. “... ခွန်နှစ်ရက်သားသမီး အပေါင်းတို့ ' ရေ ' ကို သတိလေးကပ်ပြီး သွန်ပေးပါ။ သို့မဟုတ်ပါက “ကျိုး” သွားသော “မြစ်” ကဲ့သို့ အမြဲတမ်း “အင်း” ဖြစ်နေပါလိမ့်မည်။”
တဲ့လေ....။

သတိပေးစာ ဆိုတော့လည်း ပြန်ခွါလို့ မဖြစ်တာနဲ့ ခုထိကပ်ထားရတုန်း နေ့တိုင်း မြင်နေရတုန်းပါပဲ....။

......................................................................................။

သိမ်းထားတာကြာတဲ့ ပို့စ်အဟောင်းလေးကို အသစ်ပြန်ရေးပြီး တင်တာပါ။ မဖတ်ဖူးသူတွေ များမယ်ထင်ပါတယ်။
အဖြူလေးရဲ့ ဘလော့ဂ်က ဒီမှာ ပါ။

အဖြူလေးအကြောင်း ရေးခဲ့သမျှ...

အဖြူလေး

အဖြူလေးမျက်လုံးကွယ်သွားခြင်း

Tom & Jerry