Wednesday, June 2, 2010

ဒီလိုနေ့မျိုးရောက်မှာကို ကြိုတင်ပြီးစိုးရိမ်ခဲ့ဖူးသည်။ အမှတ်တရ ဆိုတာတွေရဲ့ အဝေးကို ရောက်ချင် နေမိတာ ကြာနေခဲ့ပြီလေ။ ဒါပေမယ့် နာရီလက်တံတွေရဲ့ တိကျသေချာမှုတွေကို ရှောင်ဖယ်ပြေးလို့ မရနိင်ခဲ့သော ကျွန်တော့်အတွက် အမှတ်တရ နေ့များစွာထဲက တစ်နေ့ကို ပြန်ရောက် လာခဲ့ပြန်ပြီ။ မနက်ဖြန် ကျွန်တော့်မွေးနေ့ရောက်ပြီ။ ဒီလိုမှတ်မှတ်ရရနေ့တွေ ရောက်တိုင်း ရင်ခွင်ရဲ့ ဘယ်ဘက် အခြမ်းက စစ်ခနဲ နာနေတတ်တာ ဝဋ်ကြွေးနာ လို့ပဲ သတ်မှတ်ထားမိသည်။

တစ်စုံတစ်ယောက် အပေါ် အပြစ်တင်ချင်ငှာ တစိုးတစေ့မျှ မရှိတာကိုလည်း ဘယ်သူ့ကိုမှ မပြောပြချင်ခဲ့ပေ။ မေ့လိုက်ပါတော့ကွာ ဆိုတဲ့ နှစ်သိမ့်တဲ့စကားသံတွေကို မကြားချင်တာလည်း ပါမည်။ မေ့နေပါပြီလို့ ပြန်မပြောနိင်တာ သေချာသိနေခဲ့သည်ပဲ။ မွေးနေ့မရောက်ခင် တပါတ်လောက် အလိုထဲက မွေးနေ့ရဲ့ တစ်နေ့လုံးစာ အစီအစဉ်တွေကို မမောပန်းနိင်အောင် ပြောနေတတ်ခဲ့သူသည် ဒီတကြိမ်တွင်တော့ အနားမှာ မရှိခဲ့တော့ပေ။ ပြန်မဆုံနိင်လောက်အောင် အဝေးဆုံးကို ထွက်သွားခဲ့သည်မှာ ကြာနေခဲ့လေပြီ။ စိတ်အာရုံထဲဝင်လာတတ်သည့် သတိရခြင်းတွေကို တွန်းဖယ်ရင်းဘာသာ ရှေ့ဆက်နေခဲ့ရသည်။

ဒီလိုနှင့် အချိန်တွေနဲ့ ခံစားချက်တစ်ချို့ လဲလှယ်ပြီး ချိန်တွင်တော့ ချစ်သူဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသမီးလေး တစ်ယောက် ကျွန်တော်ဘဝထဲ ထပ်မံ တိုးဝင်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးလေး ကြောင့် ကျွန်တော်ရဲ့ ဝဋ်ကြွေးနာ တစ်ချို့ ပြေပျောက်ခဲ့ရသလို တိုက်ဆိုင်သော အပြုအမူများအတွက် သတိရခြင်း အသစ်တွေလည်း ထပ်ရခဲ့ဖူးသည်။ အရင်အကြိမ်ရဲ့ ကျွန်တော်ဘက်က လိုအပ်ချက်တွေ ကိုလည်း ဒီအမျိုးသမီးလေး အလှည့်မှာတော့ ဂရုတစိုက်ဖြင့် ဖြည့်ဆည်းနိင်အောင် ကြိုးစားခဲ့မိသည်။

သူမလည်း ပျော်ရွှင်ခဲ့ရမည်ဟု ထင်ပါသည်။ သာယာကြည်လင်စွာ အတူတကွ စီးဆင်းနိင်အောင် ကြိုးစားခဲ့ပေမယ့် အမှန်တရား တစ်ခုကတော့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးသူကို မေ့မရခြင်းပါပဲ။ သဘောထားပြည့်ဝ လွန်းသော လက်ရှိအမျိုးသမီးလေးသည် ကျွန်တော့်ရဲ့ ရင်ဖွင့်မှုတွေကို နားထောင်ပေးနေချိန် သူမရင်ထဲတွင် မည်သို့သော ဝမ်းနည်းမှုမျိုး ရှိနိင်မှန်း ကျွန်တော် မတွေးမိခဲ့ပေ။ ကျွန်တော့်နံဘေးက လိုနေတဲ့ ကွက်လပ်ကို သူမဖြည့်စွမ်းခဲ့သလို ကျွန်တော့်ရင်ထဲက ပိုနေသော လွမ်းဆွတ် ဒဏ်ရာတွေကိုလည်း ဖယ်ရှားပေးခဲ့သည်။ ကျွန်တော်သည် ချစ်သူအသစ်လေးကို အနားတွင် ထားကာ ချစ်သူဟောင်းကို သတိရနေသော ခပ်လွဲလွဲ လူတစ်ယောက် ဖြစ်နေမှန်း သတိမပြုနိင်ခဲ့ပါ။

စနေနေ့မှာ ကျရောက်မယ့် ကျွန်တော့်မွေးနေ့အတွက် အမျိုးသမီးလေး စိတ်လှုပ်ရှား တက်ကြွနေတာ မြင်နေခဲ့ပေမယ့် ကျွန်တော့်ရဲ့ စိတ်အာရုံကို အမှတ်တရ နေ့ဟောင်းက စီးမိုးထားခဲ့သည်။ ဒီတစ်နှစ်ရဲ့ မွေးနေ့ပွဲကို ကျွန်တော် အေးစက်စက် ဖြတ်သန်းရတော့မည်ထင်သည်။ အမျိုးသမီးလေးကတော့ ထိုနေ့ကို မည်သို့ ဖြတ်သန်းမည်ကို ကျွန်တော့်ကို ပြောပြနေခဲ့သည်။ သူမ အတွက် ပထမဆုံးကြုံတွေ့ရသည့် နေ့ဖြစ်တာ ကြောင့်ထင်သည်။ စိတ်လှုပ်ရှား တက်ကြွနေ၏။

သူမရဲ့ တက်ကြွမှုတွေကို ကျွန်တော် အလိုက်သင့်ပဲ စီးမျော နေဖြစ်ခဲ့သည်။ ပထမဆုံး အစီအစဉ်အဖြစ် မြို့ထဲက ရုပ်ရှင်ရုံတွင် ည ၁၀ နာရီခွဲ ပွဲသွားကြည့်ဖြစ်သည်။ ကျွန်တော်က ဇာတ်လမ်းထဲ တွင် စိတ်ဝင်စားနေချိန် အမျိုးသမီးလေး ကတော့ နာရီ တကြည့်ကြည့် ဖြစ်နေခဲ့သည်။ ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံ ခန့် အရောက်တွင်တော့ ကျွန်တော့်လက်လေးကို တစ်ချက် ဆုပ်ကိုင်ကာ ညာဘက်ပါးပြင်လေးကို ဖွဖွ နမ်းရင်း

“happy birthday ပါ ချစ်သောမောင်”

စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသော သူမရဲ့ အသံကြောင့် ကျွန်တော့်ရင်ထဲ လှပ် ခနဲ တစ်ချက် ဖြစ်ပေါ် သွားရသည်။ ည ၁၂ နာရီတောင် ထိုးသွားပြီပေါ့။ အမျိုးသမီးလေးရဲ့ ခေါင်းကို ပွေ့ဖက်လိုက်ရင်း တိုးတိုးလေး ပြန်ပြော ဖြစ်ခဲ့သည်။

“ ကျေးဇူးပါ အချစ်ရယ် ”

တဒင်္ဂလှပ်ခနဲ ဖြစ်သွားသောစိတ်ကို အတိတ်ဟောင်းက စီးမိုးသွားပြန်သည်။ အရင်နှစ်က ဒီလိုအချိန်ဆိုရင်..
ကျွန်တော် ဆက်မတွေးချင်သဖြင့် ဇာတ်ကားထဲ အာရုံပြန်စိုက်နေလိုက်သည်။ အေးစက်စက် ဖြတ်သန်း ရမည် ထင်ထားသည့် နေ့အတွက် ယခုလို တဒင်္ဂလေး ဖြစ်ဖြစ် ခံစားချက် တစ်ခု ရရှိစေခဲ့ခြင်းအတွက် အမျိုးသမီးလေးကို ရင်ထဲက တိတ်တိတ်လေး ကျေးဇူးတင်ကြောင်း ပြောဖြစ်ခဲ့၏။

အိမ်ပြန်လမ်းတွင် လမ်းမတစ်လျှောက် ရှင်းလင်းနေ၏။ ညလေအေးသည် ကျွန်တော်တို့ နှစ်ယောက်ကို ပွေ့ဖက်ကျီစယ် နေလေသည်။ နောက်ကျောကို ပါးအပ်ထားကာ ငြိမ်သက်နေသော အမျိုးသမီးလေး အတွက် ကျွန်တော် ဆိုင်ကယ်ကို ဖြေးဖြေးပဲ မောင်းနေပေးလိုက်သည်။ လမ်းရဲ့ တစ်နေရာ အရောက်တွင်တော့

“ မောင် ခဏလေး ရပ်အုံး ”

လမ်းဘေး တစ်နေရာတွင် ရပ်ပေးလိုက်သည်။ သူမရဲ့ အိတ်ထဲကို ငုံ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေသည်။ လက်ပြန်ထုတ်လိုက်ချိန်တွင် ဆင်စွယ်ရောင် စာအိတ်လေး တစ်ခု ပါလာ၏။

“ရော့ မောင့် အတွက်”

ကျွန်တော် စာအိတ်လေးကို ဖွင့်ကာ အထဲက အရာကို ထုတ်ကြည့်လိုက်သည်။ ပို့စ်ကတ်လေး တစ်ခု ဖြစ်နေသည်။ သူမကတော့ ကျွန်တော့် မျက်နာကိုသာ မော့ကြည့်နေ၏။ ပို့စ်စကတ်လေးကို ဖွင့်လိုက်ချိန် အထဲတွင် ခေါက်ထားသော ကြောင်ရုပ်လေးသည် စပရိန် အရှိန်ဖြင့် မျက်နာကို ပြေးဆောင့်လေသည်။ လန့်ဖြန့်ကာ နောက်သို့ တလှမ်း ဆုတ်လိုက်သော ကျွန်တော့်ကို ကြည့်ပြီး အမျိုးသမီးလေး လွတ်လပ်စွာ ရယ်မောလေတော့သည်။ ကျွန်တော်ပါ စိတ်လွတ်ကိုယ်လွတ် ရယ်မောမိတော့၏။ ညသန်းခေါင်ရဲ့ လမ်းမ တစ်နေရာတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ မွေးနေ့ကို ကြိုဆိုရမည်လို့ ကျွန်တော် တခါမျှ မတွေးခဲ့ဖူးပေ။

အမျိုးသမီးလေးရဲ့ ပါးနှစ်ဘက်ကို လိမ်ဆွဲလိုက်ချိန်တွင် သူမရဲ့ အိတ်ထဲသို့ နောက် တစ်ကြိမ် ထပ်နှိုက် ပြန်လေသည်။လက်ပြန် အထုတ်တွင်တော့ အပြာရောင်ဖဲကြိုးလေး ပါတ်ထားသော အနက်ရောင်ဘူးလေး ပါလာသည်။

“အာ... ဘာလုပ်တာလဲ မယူဘူး ”

ကျွန်တော့်ရဲ့ တုန့်ပြန်ပုံကြောင့် သူမ မျက်နာ တချက် ညိုးသွားသည်။

“ ဘာလဲ ဆိုတာ အရင် ဖွင့်ကြည့်ပါအုံး မောင်ရယ်”

ဒီနှစ်အတွက် ကျွန်တော့် စိတ်အာရုံထဲတွင် ဘာမျှ မတွေးထားသဖြင့် လက်ဆောင် ဆိုသော အရာသည် ကျွန်တော့်အတွက် ထူးဆန်းနေသည်။ သူမရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် ဥပေက္ခာ မပြုချင်တော့သဖြင့် ဖဲကြိုးလေးကို ဖြည်လိုက်သည်။ အတွင်းမှ နောက်ထပ် ဘူးလေးတစ်ခု ထပ်ထွက်လာသည်။ အနည်းငယ် လေး သောကြောင့် အရာဝတ္ထု တစ်ခုခု ဖြစ်မှန်း ခန့်မှန်းမိသည်။ ဘူးလေးကို ဖြည်ဖြည်းချင်း ဖွင့်လိုက်၏။ လင်းမီးရောင်များဖြင့် လက်ခနဲ ဖြစ်သွားသော အရာဝတ္ထုလေးသည် အကောင်းစား နာရီ တစ်လုံးဖြစ်နေလေသည်။

“ဟာ မယူဘူး ဒါတွေ မလိုဘူး မောင့်မှာ ရှိတယ်လေ”

ကျွန်တော် ခပ်သွက်သွက် ငြင်းဆန်လိုက်တော့ သူမ အိတ်ထဲက နောက်ထပ် ဘူးတစ်ခု ထုတ်ပြန်သည်။

“ ဘာ လုပ်အုံးမလို့ လဲ ”
ကျွန်တော့်အမေးကို မဖြေဘဲ ဘူးအဖုံးကို ဖွင့်လိုက်သည်။

“ဒီမှာကြည့်လေ ”

ဘူးထဲက ဆွဲထုတ်လိုက်သော အရာသည် မိန်းမပါတ် နာရီ တစ်လုံး ဖြစ်နေသည်။

“ မောင်နဲ့ ဆင်တူ ဝတ်ချင်လို့လေ မောင်မယူရင် ဆင်တူ မပါတ်ရတော့ဘူးပေါ့ ”

အမျိုးသမီးလေးရဲ့ စကားဆုံးတော့ ကျွန်တော် သက်ပြင်းကို ကျိတ်ချလိုက်သည်။ ကျွန်တော့်အတွက် ရည်ရွယ်ထားသော နာရီလေးကို ဆွဲထုတ်လိုက်သည်။ အိုးးး ကျွန်တော် မှတ်မိသွားပြီ။ လွန်ခဲ့သည့် ၃ လခန့်က ကျွန်တော်တို့ ဈေးပါတ်ရင်း ဒီနာရီ ဆင်တူလေးကို လာဝယ်မည်ဟု ပြောထားခဲ့ဖူးသည်။ နောက်တော့ ကျွန်တော် ပြန်မေ့သွားတာ ကြာပြီ။ ခုထိ သူမ မမေ့သေးပါလား။ ကျွန်တော့်အပေါ် သူမ သိပ်ကောင်းလွန်းနေသည်။

ထိုအတွေးသည် ပစ္စည်ဥစ္စာကြောင့် မဟုတ်ပေ။ ကျွန်တော့်အပေါ် ထားသည့် သူမရဲ့ လှိုက်လှဲ မှုတွေကြောင့် ဖြစ်သည်။ ကျွန်တော် နှင့် အတူ ရှိနေစဉ် နေ့ရက်ပေါင်းများစွာ ကျွန်တော့်မျက်နာကို တကြည့်ကြည့်ဖြင့် လိုအပ်ချက် အားလုံး ဖြည့်ပေးခဲ့သည်။ ရင်ခွင်ဗလာတွင် ကျန်ရစ်ခဲ့သော ကွက်လပ်များကို ဖြည့်စွမ်းပေးခဲ့သည်။ အတိတ်ရဲ့ အရိပ်တွေ ဝင်လာတိုင်း ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော်သည်လည်း ဒီအမျိုးသမီးလေးသာ ဖြစ်၏။ ကျွန်တော် ငြိမ်နေတာ ရက်ကြာလာလျင်လည်း “ စိတ်ထဲမှာ တင်းကျပ်လာတာ ရှိရင် ရင်ဖွင့်နော် အားမနာနဲ့ ” ဟု အလိုက်တသိဖြင့် လိုလိုလားလား တောင်းခံသူလည်း ဖြစ်သည်။

“ ကျေးဇူးပါ အချစ်ရယ် ”

လမ်းမအလယ်မှာပဲ သူမရဲ့ ပါးလေးကို ဖွဖွလေး နမ်းလိုက်သည်။ လှိုက်လှဲသော အနမ်းကြောင့်ထင်သည်။ အမျိုးသမီးလေး မျက်ရည် ဝဲသွားရ၏။ ထိုည အိမ်ပြန်ရောက်တော့ ကျွန်တော် တော်တော်နှင့် အိပ်မပျော်ပေ။ မေ့ထားချင်ပေမယ့် အတိတ်ရဲ့ အရိပ်တွေကလည်း ဝင်ရောက်လာနေသေးသည်။ မနက်ဖြန် မိုးသောက်လျင် ကျွန်တော့် မွေးနေ့ ရောက်လေပြီ။ သူ သတိရ နိင်မည်လို့ ထင်ပါသည်။ ဤကဲ့သို့သော နှစ်ပါတ်လည် ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ပြီးမှ ဒီနေ့ကို မေ့လျော့နေသည် ဆိုလျင် မေ့လွယ်လွန်းလှသူလို့ ကျွန်တော် သတ်မှတ်ရတော့မည်။

ညက အတွေးများဖြင့် ညဥ့်နက် သွားသောကြောင့် နေ့လည် ရောက်မှ ကျွန်တော် အိပ်ယာ နိုးလာသည်။ မျက်နာသစ်ပြီးနောက် မိသားစုထံ ဖုန်းဆက်ဖြစ်သည်။ ထို့နောက် ကျွန်တော့်ရဲ့ အမျိုးသမီးလေး ထံကို ဖုန်းဆက်လိုက်သည်။

“ မောင်က အအိပ်ကြီးတယ်ကွာ ဘယ်အချိန် ဖုန်းဆက်လာမလဲ စောင့်နေတာ မနက်ထဲက ”

ကျွန်တော် အိပ်ပျော်နေချိန် ဖုန်းလာလျင် စိတ်တိုတတ်မှန်း သိထားသော သူမသည် မွေးနေ့ ဆိုသည့် အကာအကွယ် ဖြင့်ပင် ဖုန်းမဆက်လာခဲ့ပေ။

“ တစ်ခုခု သွားစားမယ်လေ အခုထွက်လာခဲ့ ”
“ အင်း အခု လာခဲ့မယ် ”

ကျွန်တော်တို့ နှစ်ယောက် အတူတကွ နေ့လည် စာ စားပြီးချိန်တွင် ကျွန်တော့်ရဲ့ အခန်းသို့ ပြန်လာခဲ့သည်။ နာရီ အသစ်လေး ပါတ်သွားဖို့တော့ ကျွန်တော် မမေ့ပေ။ ကျွန်တော့်လက်ကို ဆွဲယူကြည့်ကာ အမျိုးသမီးလေး ပျော်ရွှင်နေ၏။ ဒီနှစ် အတွက် မွေးနေ့ပွဲလေးကို ကျွန်တော့်ထက် သူမ ပိုတက်ကြွ ပိုပျော်ရွှင်နေကြောင်း သေချာပေါက် ပြောရဲပါသည်။ ကျွန်တော့် အတွက် ဒီလောက် စိတ်လှုပ်ရှား ခဲ့ရမှုသည်ပင် မျှော်လင့်မထားသော ဆုလာဘ် လည်းဖြစ်၏။

ထိုနေ့ကိုတော့ ဧည့်ခန်းတွင် ဂစ်တာတီးရင်း အခွေကြည့်ရင်း ကုန်ဆုံး စေလိုက်သည်။ သူမ အိမ်အောက်ထပ်တွင် အအေးဆင်းဝယ်သည်မှ တပါး ကျွန်တော်နှင့် အတူတကွ ရှိနေပေးသည်။ ည ၇ နာရီခန့် အရောက်တွင်တော့ ကျွန်တော်လည်း ကိစ္စ တစ်ခုဖြင့် အိမ်အောက်သို့ တစ်ယောက်ထဲ ဆင်းသွားလိုက်၏။ ကျွန်တော့် အတွက် ဒီနေ့သည် သာမန်နေ့တစ်နေ သာ ဖြစ်သည်ဟူသော အတွေးသည် ခဏအကြာ အိမ်ပေါ် ပြန်ရောက်လာ ချိန်တွင်တော့ ပျောက်ကွယ်သွားရတော့သည်။

ကျွန်တော် အိမ်ပေါ် ပြန်တက်လာချိန်တွင်တော့ ဖွင့်ထားခဲ့သော အိမ်မကြီး တံခါးသည် ပိတ်လျက်သား ရှိနေလေသည်။ တံခါးမကြီးကို ဆွဲအဖွင့်မှာပဲ လက်ခုပ်သံပြိုင်တူဖြင့် Happy Birthday ဆုတောင်းသီချင်းသံကို ကြားလိုက်ရသည်။ အမှောင်ချထားသော အခန်းထဲတွင် မွေးနေ့ကိတ်မုန့် ပေါ်မှ ဖယောင်းတိုင် အလင်းရောင်သာ ရှိနေလေသည်။ မွေးနေ့ ကိတ်မုန့် ..။ ထိုအရာသည် ကျွန်တော် မေ့နေသော အရာဖြစ်၏။ ကာယကံရှင်ထက် ပြီးပြည့်စုံစွာ ဖန်းတီးချင်စိတ်သည် သူမရဲ့ ကျွန်တော့်အပေါ် ထားသည့် အချစ် သက်သက်သာ ဖြစ်မည်။

မွေးနေ့ကိတ်မုန့်ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက် တစ်ခုဖြင့် လှိုက်လှိုက် တက်လာသည်။ ကျွန်တော့်ရဲ့ စိတ်အာရုံကို လက်ရှိဘဝတွင် ပျော်ဝင်နေအောင် အမျိုးသမီးလေး တတ်စွမ်းသရွေ့ ကြိုးစားနေကြောင်း သံသယ မရှိပါ။ မည်သည့်အချိန်က စီစဉ်လိုက်မှန်း မသိရအောင် ကျွန်တော် ဘာတွေကို တွေးနေခဲ့သည်လဲ။ ဘယ်အရာတွေမှာ နစ်မျော ပျော်ဝင်နေခဲ့သည်လဲ။ ကျွန်တော် အမှားတွေ များနေလေပြီ။

မွေးနေ့သီချင်းကို ဝင်ရောက် သီဆိုပေးသော ကျွန်တော့် အသံတို့ တုန်ယင်နေ၏။ လက်ခုပ် နှစ်ဖက်တီးသံသည် နှလုံးသားဖြင့် တီးခတ်နေရသလို နာကျင်လှိုက်မော နေမိသည်။ ကျွန်တော် ပျောက်ဆုံးနေသော အရာထက် ပိုပြီး ရရှိလိုက်သလို ပီတိဖြင့်လည်း လွင့်မျောနေမိသည်။

“ မောင် မီး မှုတ် လိုက် လေ”

သတိပေးသံကြားမှ အသိပြန်ဝင်လာသည်။ ကမန်းကတန်း ခေါင်းငုံ့ကာ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ တတိယမြောက် ဖယောင်းတိုင်မီးမှုတ်လိုက်ချိန်တွင် ထိန်းထားလျက်နှင့် မျက်ရည်တစ်စက် ကျသွား လေသည်။ တလှိုက်လှိုက်တက်လာသော ပီတိကြောင့် သာဖြစ်မည်။ လျော့နည်းသွားသော အလင်းရောင်ကြောင့် မည်သူမျှ သိလိုက်မည် မထင်ပေ။ ထို့နောက် တစ်တိုင်ပြီး တစ်တိုင် မီး ဆက်မှုတ်နေလိုက်၏။။

ထိုအရာများကို ဖယောင်းတိုင်ဟု မမြင်တော့ပေ။ ကျွန်တော်မြင်နေသည်မှာ အတိတ်က အလွမ်းမီးတောက် များကို တခန်းပြီး တခန်း မှုတ်ငြိမ်းနေရသည်ဟုသာ ထင်နေလေသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းသွားတိုင်း အတိတ်ရဲ့ အရိပ်တွေ တခန်းပြီး တခန်း ကွယ်ပျောက်သွားရသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းပြီးတိုင်း ကျွန်တော်ရင်ခွင်သည် ပို၍ ပို၍ လတ်ဆတ်ပေါ့ပါးလာ၏။ တစ်တိုင်ပြီးတစ်တိုင် ငြိမ်းပြီးတိုင်း ဝဋ်ကြွေးနာ တို့သည် အမာရွတ်မျှပင် မကျန်ချင်တော့ပေ။ နောက်ဆုံး ဖယောင်းတိုင်ကို မှုတ်ပြီးချိန်တွင်တော့ အလုပ်သင့်ဆုံး အလုပ်ကို ကျွန်တော် လုပ်လိုက်တော့သည်။

ကျွန်တော့် နံဘေးက ထိတွေ့ကိုင်တွယ်၍ရသော၊ ပစ္စုပ္ပန်တွင် တည်ရှိနေသော ၊ ကျွန်တော့်ရဲ့ အဖော်မွန်ကောင်း အမျိုးသမီးလေးကို တင်းကျပ်စွာ ဖက်ထားလိုက်မိတော့၏။ ထို့နောက် နားရွက်နားလေး ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ ကိုယ့်ရဲ့ မနက်ဖြန်တိုင်းဟာ မင်းပါပဲ အချစ်ရယ် ”

ကွယ်ပျောက်သွားသော လရောင်ကို တမ်းတနေဖို့ ကျွန်တော့်ရဲ့ မနက်ခင်းကို မကုန်ဆုံးစေတော့ပေ။ နေရောင်ခြည်အောက်တွင် ကျွန်တော်တို့ အတူတကွ သာယာကြည်လင်စွာ စီးဆင်းကြပါမည်။

.........................................................................................။