Tuesday, October 26, 2010

အတိတ်စိမ်း


သူ့အရှေ့မှာချထားသည့် ကော်ဖီခွက်နှင့် မနက်စာကို စိုက်ကြည့်နေသော်လည်း သူတကယ်မြင်နေသည်က ငွေ တွေ ဖြစ်သည်။ ငွေတွေမှ အထုပ်လိုက် အထပ်လိုက် မြင်နေရ၏။ ပြီးတော့ ငွေထုပ်တွေကို ပစ်မြှောက်ကာ ခုန်ပေါက် ပျော်မြူးနေကြသော လူတွေကို ပြန်မြင်နေမိသည်။ ညက အိပ်မက်သည် တော်တော်ထင်ရှားသည့် အိပ်မက်ဖြစ်၏။

အိပ်မက်ထဲတွင် လူတွေ အများကြီး တွေ့ရသည်။ ထိုလူတွေ ကိုင်ထားသည့် ငွေထုပ်တွေကိုလည်း မြင်ရသည်။ ထိုလူတွေသည် အစိမ်းရောင် သံပန်းခြံစည်းရိုး တစ်ခုအရှေ့တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြခြင်းဖြစ်သည်။ ထိုခြံစည်းရိုးကို သူမှတ်မိသည်။ အောက်ပိုင်းတဝက်ကို အုတ်ဖြင့် စီထားပြီး အပေါ်ပိုင်း သံပန်းပုံစံတပ်ထားကာ အစိမ်းရောင် သဘောင်္ဆေး သုတ်ထားသော ထို ခြံစည်းရိုးသည် သူတို့ခြံစည်းရိုးဖြစ်ကြောင်း သေသေချာချာ မှတ်မိသည်။ သူတို့ခြံအပြင်ဘက်တွေ သူ မမှတ်မိသော လူတွေက ငွေထုပ်တွေကို ပစ်မြှောက်ကာ ပျော်ရွှင်ခုန်ပေါက် နေကြသည်ကို သူအိပ်မက် မက်ခဲ့ခြင်းဖြစ်သည်။

ထိုသူတွေ အားလုံး နှစ်လုံးထီ ပေါက်ခြင်းကြောင့် ငွေထုပ်တွေကို ပစ်မြှောက်ကာ ပျော်ရွှင်နေကြသည်ကိုလည်း အိပ်မက်ထဲတွင် သိခဲ့သည်။ သို့သော် မည်သည် နံပါတ် ဆိုသည်ကိုတော့ သူသေသေချာချာ မမှတ်မိပါ။ မနက်အိပ်ယာနိုးချိန်မှ စ၍ အိမ်သာတက်ရင်း မျက်နာသစ်ရင်း အဝတ်လဲရင်း သူ အပြင်းအထန် တွေးနေမိသည်မှာ ညက အိပ်မက်ထဲက ဂဏာန်း ဖြစ်သည်။ ဂဏာန်း ၂ လုံးထဲ ဖြစ်ရဲ့နဲ့ သူ မမှတ်မိခြင်းကို အားမလို အားမရ ဖြစ်နေရ၏။ ရှေ့ဂဏာန်းက ၃ နဲ့ စသလိုလို ထင်မိသော် သေသေချာချာ တွေးတော့ မဟုတ်သေးဘူးဟု ထင်မိပြန်သည်။ ဒါဆို ၈ များလား ဆိုတော့လည်း မသေချာ မရေရာ။

ဒီ နံပါတ်ကို သိရမှ ဖြစ်မည်။ ဒီလိုအိပ်မက်မျိုးကို သူယုံကြည်သည်။ အိပ်မက်အရ တစ်ကွက်ထဲထိုးရင်း ပွပေါက်တိုးသွားသော လူများကို သူ အခါခါတွေ့ခဲ့ဖူးသည်။ စဉ်းစားစမ်းး.. ဒီ ဂဏာန်းလေး နှစ်လုံးထဲကို ဘာအတွက် တွေးလို့မရရမှာလဲ။ သူ သိရမှ ဖြစ်မည်။ ဒါ ဘဝ အပြောင်းအလဲ ဖြစ်သွားနိင်သည်မဟုတ်လား။ သူ့အိပ်မက်ကို အစနေရာမှ ပြန်တွေးကြည့်သည်။

အိပ်မက်ထဲမှ လူတွေ လက်ထဲတွင် ဘောက်ချာ အပိုင်းလေးတွေကိုယ်စီ ကိုင်ရင်း လမ်းမပေါ် ထွက်လာကြသည်။ လူတစ်ချို့က အော်ဟစ်နေကြသည်။ တစ်ချို့က ခုန်ပေါက်ရင်း အချင်းချင်း ဘောက်ချာလေးတွေ ပြကာ ပွေ့ဖက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်များဆွဲယမ်းကာ ဝမ်းသာ ရွှင်မြူးနေကြသည်။ လမ်းမတစ်လျှောက်လုံး ဆူညံနေသည်။ ထို့နောက်မြင်ကွင်းက နောက်တစ်ခု ပြောင်းသွားသည်။ ထိုသူတွေ သူ့ခြံရှေ့တွင် စုဝေးနေကြသည်။ လမ်းမမှ ဖြတ်သွားသူတစ်ဦးက ဘာဂဏာန်း ထွက်လဲဟု လှမ်းမေးသံကို ပီပီသသ ကြားရသည်။ လူအုပ်ထဲမှ ပြန်ဖြေသံ တော်တော်များများ ထွက်လာသော်လည်း ထိုနံပါတ်ကို သူ မသဲမကွဲသာ ကြားလိုက်ရ၏။ အခုထိ ထိုနံပါတ်ကို စဉ်းစား၍မရ။

ထို့နောက် ထိုလူအုပ်ရဲ့ လက်ထဲတွင် အစိမ်းရောင် ၊ အနီရောင် ငွေထုပ်များ ပစ်မြှောက်နေသည်ကို တွေ့ရပြန်သည်။ ဘာနံပါတ်လဲ။ ခေါင်းတွေ ပူထူလာအောင် တွေးသော်လည်း ၂ လုံးတွဲ နံပါတ်လေး တစ်ခုကို အစဖော်၍ မရဘူး ဖြစ်နေသည်။ မနက်စာကို မတို့မထိသေး သောကြောင့် သူ့ဇနီးဖြစ်သူက လှမ်းကြည့် သည်ကိုလည်း သူမမြင်။

“ ကော်ဖီတွေ အေးကုန်တော့မယ် ဘာလုပ်နေတာလဲ”
“ ဟာာာ....”
အတွေးထဲ နစ်နေသဖြင့် သူ လန့် သွားမိသည်။

“ ငြိမ်ငြိမ်လေး နေပေးကွာ ဒီမှာအရေးကြီးတာ တွေးနေလို့ ”
“ ရှင် ရုံး နောက်ကျအုံးမယ်နော်”
“ ကျ..ကျ ကွာ”

နားမလည်နိင်စွာ ကြည့်ပြီး သူ့ဇနီးဖြစ်သူ မနက်စာကို ဆက်စားနေသည်။ သူကတော့ တွေးကောင်းတုန်း။ ဒီနံပါတ် မြန်မြန်သိရမှ ဖြစ်မည်။ တစ်မြို့လုံးမှ ဒိုင်တွေဆီကို ထို ဂဏာန်းကို အောထိုးခိုင်းရမည်။ ရှိသမျှ ပုံထိုးခိုင်းရမည်။ နိင်ငံခြား ရောက်နေသည့် သူ့အတွက် မိသားစုကိုဖုန်းဆက်ကာ တမြို့လုံးမှ ဒိုင်တွေထံ သွားထိုးခိုင်းရမည်။ တခြားမြို့တွေအထိပါ ထပ် ထိုးခိုင်းရမည်။ နံပါတ်ထွက်လာချိန် ဒိုင်တွေ အကုန် ပက်လက်လန်ကာ သူ့ ဘဏ်စာရင်းထဲသို့ ငွေတွေ ရောက်လာတော့မည်။

ဒိုင်တွေထံမှ ငွေ သူ့ဆီရောက်ဖို့ လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။ ငွေတွေ... ငွေတွေ... ဟာားးး သို့သော် နံပါတ်ကို ဖော်မရသဖြင့် သူ မချင့်မရဲ ဖြစ်နေရသည်။ ငွေထုပ်တွေကို မြင်နေရလျက်နှင့် သူ နံပါတ် မဖော်နိင်တာကြောင့် ဒေါသတွေပါ ထွက်လာသည်။

နာရီကို ကြည့်လိုက်တော့ သူအလုပ်သွားဖို့ အချိန်ကျော်လွန်နေပြီ။ သို့သော် ကိစ္စမရှိ။ ဒီနံပါတ်ကိုသာ ဖော်နိင်ခဲ့ရင် သူတို့ မြန်မာပြည်ပြန်ပြီး အခြေချနိင်ပြီ မဟုတ်လား။ ချမ်းသာခြင်းက လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။ ဒိုင်တွေထံမှ ငွေတွေ ... ဒါ သူ့ ပိုက်ဆံတွေပဲ မဟုတ်လား။ သို့သော် ဖော်မရသဖြင့် သူ စိတ်တွေတိုလာသည်။ သူမြင်နေသည်မှာတော့ သူတို့ခြံရှေ့က ပျော်ရွှင်နေကြသော လူတစ်စုဖြစ်သည်။ ထို့ပြင် အစိမ်းရောင် အနီရောင် ငွေထုပ်များဖြစ်၏။

နံပါတ်ကို ဖော်နိင်မလား ဆိုပြီး သူ ကော်ဖီ တစ်ငုံသောက်လိုက်သော်လည်း ထူးခြားမလာ။ အချိန်တွေ တရွေ့ရွေ့ကုန်လာသဖြင့် သူ ဂဏာမငြိမ်ဖြစ်လာသည်။ ချမ်းသာခြင်းရဲ့ လက်တကမ်းထိ ရောက်ပြီးမှ သူလက်လွှတ်ရတော့မည် ထင်သည်။ ဧည့်ခန်းတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ရင်း သူ အကြောင်းအရာ တစ်ခုစဉ်းစားလိုက်မိ၏။ ထိုအခါ သူ့ရင်တစ်ခုလုံး ဟိုက်ခနဲဖြစ်ကာ အေးသွားသည်။ လက်ဖျားများပင် ချက်ချင်း အေးစက်လာ၏။


ထို့နောက် အိမ်ဖုန်း ရှိရာကို အပြေးအလွှား သွားမိသည်။ မြန်မာပြည်မှ သူ့အိမ်ဖုန်းနံပါတ်ကို နှိပ်နေရင်း အချိန်မှီပါ့မလား ဟု သူ့ခေါင်းထဲမှာ တရံမလပ် တွေးနေမိသည်။ အရေးထဲမှ မြန်မာပြည်၏ ဖုန်းလိုင်းများက ချက်ချင်းမဝင်။ အထပ်ထပ်ခေါ်ဆိုနေရင်း သူ စိတ်လှုပ်ရှားနေမိသည်။ ၄ ကြိမ်မြောက်လား ၅ ကြိမ် မြောက်လားဟု သူ သတိမထားနိင်သည့် အကြိမ်မှာ ဖုန်းလိုင်းဝင်သွားသည်။

“ဟယ်လို..”

တစ်ဘက်မှ ဖုန်းလာကိုင်သူသည် သူ့အစ်မ ဖြစ်နေသည်။

“ မမ.. ကျွန်တော်ပါ ကိုကိုရှိနေလား မြန်မြန်ခေါ်ပေး”
“ မောင်လေးလား နင်နေကောင်းလား”
“ အဲဒါတွေ နောက်မှ ပြော ကိုကို့ ကိုမြန်မြန်ခေါ်လိုက်”
“အေး.. အေးး”

ထို့နောက် လှမ်းခေါ်သံများ ကြားလိုက်ရသည်။ ခဏကြာပြီးနောက်

“ဟဲ..လို ညီညီ ပြော ဘာဖြစ်လို့လဲ”
“ညီပြောတာ သေသေချာချာနားထောင်... ကြားရလား”
“ အေး ကြားရတယ်ကွ ပြောလေ ”
“ နံပါတ်တွေ ရောင်းပြီးပြီလား ”
“မင်းကလည်း အစောကြီး ရှိသေးတာ ဘယ်လို ရောင်းရအုံးမလဲ”
“ တော်သေးတယ်.. ဒါဆိုရင် ဒီနေ့ မကိုင်နဲ့တော့ အကုန် ပိတ်ထားလိုက်”
“ ဘာဖြစ်လို့တုန်း စီမံချက် ရှိလို့လား”
“ အာာ... မဟုတ်ဘူး.. ဒါပေမယ့် ဒီနေ့ ပိတ်ထားလိုက်ကွာ အရေးကြီးတယ် ”
“ အေး..အေး ပြီးတာပဲ ”

ဖုန်းခွက်ကို ချပြီးနောက် သူသက်ပြင်းမောကြီး ချလိုက်မိသည်။ တော်သေးတယ် အချိန်မှီသေးလို့...။
မဟုတ်ရင် သူ့ ပိုက်ဆံလေးတွေ ပါသွားနိင်သည်။ ဒိုင်တွေထံမှ ငွေကို ရယူဖို့သာ တွေးနေမိသဖြင့် ကိုယ့်ငွေပါသွားနိင်တာကို စောစောကသတိမရမိ။ အချိန်မှီသတိရတာ ကံကောင်းသည်။ သူအလုပ်သွားဖို့ ပြင်ဆင်နေရင်း စိတ်လက်ပေါ့ပါးစွာ လေတစ်ချက်ချွန်လိုက်၏။ နံပါတ်မဖော်နိင်သော်လည်း သူနှင့် သူ့အကို နှစ်ယောက်စပ်တူ လုပ်ကြသော ချဲဒိုင်အတွက် အခုတော့ သူစိတ်ချရပြီ မဟုတ်လား။