Friday, December 31, 2010

အသဲကွဲတိမ်တိုက်

အခန်း(၁)

သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်မိသည်။ သူတည်ငြိမ်နေအောင် ကြိုးစားသော်လည်း မရနိင်တော့။ အခန်းထဲက ဆိုဖာပေါ် မွန်းကျပ်စွာထိုင်ချလိုက်သည်။ အစွန့်ပစ်ခံထားရတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ ၅ ရက်လား။ တပါတ်လား သူသေသေချာချာ မသိတော့။ သူသိသည်မှာ ဟန်နီ့ကို သိပ်လွမ်းနေတာပဲ ဖြစ်သည်။ အချိန်တိုင်း တွေ့ဆုံခဲ့ရသောသူတို့နှစ်ယောက် မတွေ့ရသည်မှာ တော်တော် ကြာသွားပြီ။ ထိုရက်တွေ အတွင်းမှာ သူဘယ်ကိုမှ မထွက်ဖြစ်။  သူ့အခန်းထဲကနေ ဟန်နီ ရောက်လာချိန်ကို အရင်လိုပဲ စောင့်နေခဲ့သည်။

ညနေရုံးဆင်းချိန် ကျော်လွန်လာတိုင်း အိမ်တံခါးဖွင့်သံကို ပို၍ နားစိုက်ထောင်မိသည်။ သို့သော် တိတ်ဆိတ်အေးစက်နေသော သူ့အိမ်လေးကတော့ အရင်လိုငြိမ်သက် မှုန်မှိုင်းနေမြဲပါပဲ။ ဧည့်ခန်းကို ဖြတ်လျှောက်လာမည့်ခြေသံ၊ သူ့အခန်းတံခါးကို ညင်သာစွာ သော့ဖွင့်သံတွေကို သူ မကြားရ။ သူရရှိနေသည်က မွန်းကျပ်သော ရှင်သန်မှုနှင့် အခန်းထဲတွင် အချိန်ပြည့် ရှိနေသာ လွမ်းဆွတ်နာကျင်မှုသာ ဖြစ်သည်။ ထိုအငွေ့အသက်များဖြင့် ဘဝက ရုတ်တရက် အမှောင်ကျသွားသလို သူ့ရဲ့ပျော်ရွှင်ချိန်တွေ ပြတ်တောက်ရပ်တန့်သွားသည်။





မင်းဘာလို့ အခုချိန်အထိ မရောက်လာနိင်သေးတာလဲ ဟန်နီရယ်။ ငါသိပ်လွမ်းနေမှာကို မင်း မသိတော့ဘူးလား။

အလွမ်းဒဏ်ကို သက်သာမလားဆိုပြီး သူ့အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်သည်။ နေ့ရက်ပေါင်းများစွာ မတွေ့ဆုံခဲ့ရသည့် နာကျင်ဝမ်းနည်းစိတ်ကြောင့် သူ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရသည်။ မင်းရောက်လာသင့်ပြီ ဟန်နီ။ ငါတို့ ဘယ်တုန်းက ဒီလောက်အထိ ဝေးခဲ့ကြဖူးလို့လဲ။ မင်းဘာတွေ လုပ်နေလဲကွာ။ ဘာလို့ငါတို့တွေ့ဆုံခြင်းကို ငြင်းပယ်နေတာလဲ။ သူအသံထွက်ပြီး ဒါမှမဟုတ် အသံမဲ့ အကြိမ်ကြိမ်ရေရွတ်သော်လည်း သူ့အခန်းထဲကို မည်သည့်နွေးထွေးမှုမှ ရောက်မလာ။ မကြာခင်ဆို ရုံးကနေမင်းပြန်လာချိန် ရောက်တော့မယ်။ ဒီနေ့ရော ငါ့မျှော်လင့်ချက်တွေ အချည်းနှီး ဖြစ်ရအုံးမှာလားကွာ။။

အခန်း(၂)

သူမဘဝတွင် မည်သည့်အခါကမျှ မရှိခဲ့ဖူးသော သတ္တိဖြင့် မောင့်အခန်းလေးဆီ ခဏသွားဖို့ ဆုံးဖြတ် လိုက်တော့သည်။ ဓါတ်လှေကားထဲ ဝင်ပြီး အထပ် ၁၂ ကို နှိပ်ပြီးချိန်အထိ သူမရဲ့ လုပ်ရပ်မှားသွားလား တွေးနေမိသေးသည်။ သို့သော် အားကောင်းလွန်းသော လွမ်းဆွတ်နာကျင်စိတ် တစ်ခုထဲဖြင့် သူမ လုပ်ရပ်  မမှားဘူးဟု ယုံကြည်လိုက်သည်။ မောင်မရှိရင်တောင် မောင့်ရဲ့ နွေးထွေးတဲ့ အငွေ့အသက်လေးတော့ ရချင်သည်။ ဒီရက်ပိုင်း ဝမ်းနည်းနာကျင်စိတ်ဖြင့် ဘာမှ မလုပ်နိင်ခဲ့။

ရုံးမှ ခွင့်ရက်ရှည်ယူကာ အခန်းပိတ်ပြီး ငိုနေခဲ့ရသည်။ ပထမရက်တွေကတော့ သူမအတွက် ငရဲကျတဲ့ အချိန်တွေပဲ ဖြစ်သည်။ နေ့နဲ့ည မသိတော့အောင် အသိတရားတွေ လွတ်ကင်းမတတ်ဖြစ်ခဲ့သည်။ တစ်ပါတ်တိတိ အမှန်တရားတစ်ခုကို လက်ခံဖို့ သူမ အသိစိတ်က ငြင်းဆန်ချင်နေခဲ့သည်။ ဟင်အင်း မောင်နဲ့ ဘယ်တော့မှ မဝေးဘူး။ ဓါတ်လှေကားထဲမှ ထွက်ပြီး မောင်းအခန်းနားနီးလာလေ ရင်တွေ ခုန်လာရလေဖြစ်သည်။ ဟန်နီလာပြီ မောင်ရေ။ ဘယ်လိုပုံစံနဲ့ ကြိုဆိုနေမလဲ။ အချိန်တွေက သိပ်နည်းနေပြီ မောင်ရယ် အရင်လို မစနောက်ပါနဲ့တော့။ နွေးထွေးမှု တစ်ခုခုကို ပေးပါနော်။

အိမ်တံခါးဖွင့်သံ သဲ့သဲ့လေး ကြားလိုက်ရသဖြင့် လဲလျောင်းနေရာမှ သူ ခေါင်းထောင်လိုက်မိသည်။ တံခါးဖွင့်သံ ..။ ဒါဆို ဟန်နီ လာပြီပေါ့။ သူပျော်ရွှင်လွန်းသဖြင့်ထခုန်လိုက်သည်။ ဒီလိုအချိန်ရောက်ဖို့ အကြာကြီး စောင့်ခဲ့ရတာကိုတော့ သိအောင်ပြောပြရမည်။ ဒီလိုသာ ရက်တွေအကြာကြီး ခွဲနေနိင်တယ်ဆိုရင် သူ့ဘဝရဲ့ မရှိမဖြစ် ဖြစ်အောင် ဘာအတွက်များ နှောင်တွယ်ခဲ့တာလဲ ဆိုပြီး အပြစ်တင်ပြစ်ရမည်။

ဧည့်ခန်းကို ဖြတ်လျှောက်လာသည့် ခြေသံတိုးတိုးဖွဖွလေးကို ကြားလိုက်ရသဖြင့် သူငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် အခန်းဝတွင် ခြေသံ ရပ်သွားသည်။ မည်သည့်အသံမှ ထွက်မလာဘဲ ခဏငြိမ်သက်နေသည်။ ဘာလုပ်နေတာလဲ။ တံခါးဖွင့် ဝင်ခဲ့တော့လေ။ အထဲမှာ မင်းကို လွမ်းဆွတ်နေတဲ့သူ တစ်ယောက် ရှိနေတယ်လေ။ 

ချောက် ခနဲမြည်သွားသော သော့ဖွင်သံ တစ်ခုသည် သူ့ရင်တစ်ခုလုံးကိုပါ ဆွဲဖွင့်လိုက်သလို ပွင့်ထွက် သွားစေသည်။ ထို့နောက် တံခါးချပ်လေး ဖြေးညင်းစွာ ပွင့်လာသည်။ အခန်းဝတွင် သူသိပ်ချစ်ရသော ဟန်နီရဲ့ ခန္ဓာကိုယ် လေး ပေါ်လာသည်။ မတွေ့ရတဲ့ ရက်အတွင်းမှာ မင်း ပိန်သွားတယ်နော်။ သူ ခပ်တိုးတိုးလှမ်းပြောလိုက်သည်။ သူမကတော့ မဝင်သေးဘဲ အခန်းထဲကို ဝေ့ကြည့်လိုက်သည်။ အခန်းထဲကို လှမ်းဝင်ပြီးနောက် တံခါးကို ပြန်ပိတ်လိုက်သည်။ မီးခလုတ်ဆီသို့ လက်အလှမ်းမှာပဲ

“မဖွင့်နဲ့”

သူကမန်းကတမ်း လှမ်းတားလိုက်သည်။ မီးခလုတ်ပေါ် ရောက်သွားသော သူမရဲ့ လက်ကလေး ရပ်တန့်ကာ စဉ်းစားဟန်ပြုသည်။ ထို့နောက် သက်ပြင်းတစ်ချက် ရှိုက်ပြီးမီးမဖွင့်တော့ဘဲ အခန်းထဲ လျှောက်လာကာ သူ့ဘေးက ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် မျက်နာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကာ သည်းသည်းထန်ထန် ငိုကြွေးနေတော့သည်။ သူမရဲ့ ပုခုံးလေးကို ပွေ့ဖက်ကာနှစ်သိမ့်လိုက်သော်လည်း ခေါင်းငုံ့ကာ ငိုကြွေးနေဆဲပဲ ဖြစ်သည်။ သူကတော့ ညင်သာသော စကားများဖြင့် ချော့မော့ပေးနေလိုက်သည်။
အခန်း(၃)

မောင့်ရဲ့အခန်းထဲတွင် သူမ မျှော်လင့်ထားသလို နွေးထွေးမှုကို အကြာကြီး မရရှိလိုက်ပါ။ မောင့်ရဲ့ အငွေ့အသက်တစ်ချို့ကို ခံစားမိပေမယ့် ကြည့်လေရာ ပစ္စည်းတိုင်းက သူမကို ဝမ်းနည်းစေခဲ့သည်။ အတူတူကစားခဲ့ကြတဲ့ ဂိမ်းစက်လေးကလည်း နောက်ဆုံး အကြိမ်ကစားခဲ့စဉ်က အတိုင်းပဲ တည်ရှိနေသည်။ ဘယ်ကိုကြည့်ကြည့် မြင်လေရာတိုင်းက နာကျင်မှုသာ ဖြစ်သည်။ သူမ သည်းသည်းထန်ထန် ငိုကြွေး မိတော့သည်။ အရာဝတ္ထုတိုင်းရဲ့ နောက်ခံသမိုင်းကြောင်းထဲတွင် သူမနှင့် မောင့်ရဲ့ ပျော်ရွှင်ခဲ့ရသော ပုံရိပ်များသာ ရှိသည်။ သူမ ကြာကြာ ရပ်တည်နိင်စွမ်း မရှိတော့။

မောင့်အခန်းကို တဒင်္ဂလေး ရောက်လာရုံနှင့် အတိတ်ရဲ့ အရိပ်တွေ အားလုံး စုပြုံကာ သူမရင်ကို တိုးဝှေ့ဝင်လာကြသည်။ ထိုပုံရိပ်တွေသည် ညပေါင်းများစွာ လပေါင်းများစွာ သူမကို ဝမ်းနည်း နာကျင်နေအောင် နှိပ်စက်နေကြအုံးမည်။ ဝမ်းနည်းလွန်းသဖြင့် သူမ ပြန်ရန် ထရပ်လိုက်သည်။ အခန်းတံခါးဆီ လျှောက်သွားရင်း နောက်ဆုံးအကြိမ်အဖြစ် အခန်းထဲကို တစ်ချက် ကြည့်လိုက်သည်။ အရာရာ ရှင်းလင်း တိတ်ဆိတ်နေသော အခန်းသည် အထီးကျန်စွာ တည်ရှိနေသည်။ ဒီအခန်းကို သူမ နောက်ထပ် ထပ်ရောက်လာဖြစ်မည် မထင်တော့။ 
နှုတ်ဆက်ပါတယ် မောင်ရယ်။ မောင်လည်း ရောက်တဲ့နေရာမှာ ငြိမ်းချမ်းအေးမြပါစေ။

“ဘုတ်”

အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာပဲ ဆိုဖာပေါ်တွင် တင်ထားသော မွှေးပွ ရုပ်ကလေးက အောက်ပြုတ်ကျ လာသည်။ အခန်းပြတင်းပေါက်များ ပိတ်ထားပြီး မည်သူမျှ မရှိသော အခန်းထဲတွင် မွှေးပွရုပ်လေး ပြုတ်ကျလာနိင်သည့် အကြောင်းရင်းကို သူမ မရှာချင်တော့။ အခန်းထဲ ပြန်ဝင်ကာ ထိုမွှေးပွရုပ်လေးကို ကောက်ယူလိုက်သည်။ ထိုအရုပ်လေးသည် သူမ ဖက်ဖို့ မောင်ဝယ်ပေးထားသော အရုပ်လေး ဖြစ်သည်။ မောင်ဘာဖြစ်စေချင်သည်ကို သူမ နှလုံးသားထဲက သိသည်။

“ဟုတ်ကဲ့ပါမောင် ဟန်နီ ယူသွားပါ့မယ်”

တိုးတိုးလေး ပြောပေမယ့် မောင်ကြားနိင်မည် ထင်ပါသည်။ မွှေးပွရုပ်လေးကို ပွေ့ဖက်ကာ အခန်းတံခါးဆီ ပြန်လျှောက်သွားသည်။ အခန်းတံခါး မပိတ်မှီ သူမ ပြောလိုက်သော စကားလေးကတော့ ထိုအခန်းထဲတွင် အချိန်ပေါင်းများစွာ တည်ရှိနေအုံးမည်။

“ ဟန်နီ့ရင်ထဲမှာ မောင် အမြဲ ရှင်သန်နေမှာပါ ”

အခန်းတံခါး ပိတ်ပြီးနောက် ထွက်ခွာသွားသောခြေသံ တစ်ဖြေးဖြေး ဝေးကွာသွားသည်။ အခန်းထဲတွင်တော့ ဆို့နှစ်ကြေကွဲနေသော ဒြပ်မဲ့တစ်ခုသာ ကျန်နေခဲ့တော့သည်။