Wednesday, December 1, 2010

အဖေ

အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များကြောင့် မကြာခင် မိုးရွာနိင်သည်ဟု ခန့်မှန်းလိုက်မိသည်။ နေ့လည်ခင်း ကတည်းက တူးထားသော တီကောင်ဗူး ကို လွယ်အိတ်ထဲ ထည့်နေချိန် သားအငယ်တွေ့မြင်သွားသည်။

“ဖေဖေ သားလည်းလိုက်ခဲ့မယ်”
“မိုးရွာလိမ့်မယ်သားရဲ့ အိမ်မှာပဲ ဆော့ရင်း နေခဲ့နော်”
“သားလိုက်ချင်တယ်ဖေဖေ”

ငိုမဲ့မဲ့ မျက်နာဖြင့် ပြောလိုက်သော သားငယ်ရဲ့ ဟန်ပန်ကြောင့် သူဆက်ပြီး မတားမြစ်ချင်တော့ပေ။

“ကဲ ဒါဆိုလည်း လိုက်တော်မူပါဗျာ”

သားငယ်ရဲ့ အလိုပြည့်သွားသဖြင့် ပြုံးရွှင်သွားသော မျက်နာသည် သူအမြဲမြင်ချင်သော မြင်ကွင်းသာ ဖြစ်သည်။
သားသမီးများနှင့် ပါတ်သတ်လျင် အလွယ်တကူ အလိုလိုက်မိတတ်သည်မှာ သူ့ရဲ့ အားနည်းချက်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း သားသမီးများသည် သူ့ကိုသာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပူဆာလေ့ရှိသည်။ တစ်ခုခု ပူဆာတိုင်းလည်း မဖြည့်ဆည်းပေးနိင်မချင်း သူစိတ်ထဲမှာ မည်သို့ ဖြည့်ဆည်းပေးရမလဲဆိုပြီး အချိန်တိုင်း အမြဲတွေး နေတတ်ခဲ့သည်။

လိုအပ်သောပစ္စည်းများကို လွယ်အိတ်ထဲ ထည့်နေချိန် သားငယ်က သူကျန်ခဲ့မှာ စိုးရိမ်နေသည် ထင်၏ အနားကမခွာတော့ပေ။ သားငယ်အတွက် မိုးကာ တစ်ထည်ကိုပါ ထည့်လိုက်သည်။ ကွမ်းရွက်၊ ထုံးနှင့်ဗမာဆေး တို့ထည့်ထားသော အထုပ်ထည့်ပြီးချိန်တွင် လိုအပ်သော ပစ္စည်းများ စုံသွားလေပြီ။ ဂေါက်ထီးအနက်ရောင်ကို လက်တစ်ဖက်က ကိုင်ကာ သားငယ်ကို လက်တွဲရင်း အိမ်က ထွက်လာခဲ့သည်။

ကတ္တီရာ လမ်းမကြီးအတိုင်း လျှောက်လာရင်း ရပ်ကွက်အဆုံးတွင် လမ်းဘေးကို ဖဲ့ဆင်းလိုက်သည်။ သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံရဲ့ ရေကန်ကြီးတွေ ရှိသော လမ်းသွယ်ဘက်ကို ချိုးဝင်ကာ တဲအိမ်တို့ရဲ့ အရှေ့မှ မြေလမ်းလေး အတိုင်း လျှောက်ဝင်လာခဲ့သည်။ ထိုလမ်းသွယ်ထဲတွင် မောင်ထွန်း၏ အိမ်ရှိသည်။ မောင်ထွန်းတို့ အိမ်ရှေ့အရောက်တွင် အသံပြုလိုက်သည်။

“မောင်ထွန်းရေ မောင်ထွန်း”

ခဏအကြာတွင် အိမ်အတွင်းပိုင်းမှ မောင်ထွန်းထွက်လာသည်။

“ဆရာပါလား ငါးသွားမျှား မလို့လား”
“အေးကွ ပျင်းတာနဲ့ ထွက်လာတာ”
“ထိုင်အုံးမလား ဆရာ”
“မထိုင်တော့ပါဘူး ငါးမျှားတံတွေ ဝင်ယူတာ”
“ဟုတ်ကဲ့ဆရာ ကျနော် သွားယူပေးမယ်”

မောင်ထွန်း အိမ်အတွင်းပိုင်း ပြန်ဝင်သွားပြီး ခဏအကြာတွင် တာလပါတ်စကို အိတ်ချုပ်ကာ ထည့်ထားသော ငါးမျှားတံများ ယူလာပေးသည်။ မောင်ထွန်းရဲ့ အိမ်သည် ကတ္တီရာလမ်းမ မှချိုးဝင်ကာစနေရာတွင် ရှိသည့်အပြင် ရေကန်တွေဆီ သွားသည့်လမ်းပေါ်တွင် ရှိသဖြင့် ငါးမျှားတံများကို မောင်းထွန်းရဲ့ အိမ်တွင်သာ အပ်ထားလေ့ ရှိ၏။ ထို့ကြောင့် ယခု ဝင်ယူခြင်းဖြစ်သည်။ မောင်ထွန်းမှ သားငယ်ရဲ့ ပါး ကို လိမ်ဆွဲရင်း

“ငါ့ကောင်ကြီးရော ငါးလိုက်မျှားတာလားကွ”
“ဟုတ်ဘူး သားက ဖေဖေ့ကို ငါးလိုက်သယ်ပေးတာ”

သားငယ်ရဲ့ အဖြေစကားကြောင့် ရယ်ကြရသည်။

“ဆရာ့သားကတော့ အားကိုးရပြီးပဲဗျ”

မောင်ထွန်းစကားကြောင့် သူပြုံးလိုက်မိသည်။

“ကဲ သွားပြီဟေ့ ညနေမှပဲ အပြန်ဝင်ထားတော့မယ်”
“ဟုတ်ကဲ့ဆရာ”

ငါးမျှားတံအိတ်ကို ပုခုံးပေါ်ထမ်းရင် ထွက်လာခဲ့သည်။ တကယ်တော့ မောင်ထွန်းကို ပြောခဲ့သလို အပျင်းပြေ ငါးမျှားထွက်လာခြင်းမဟုတ်။ ဒီရက်ပိုင်းတွင် ငွေဝင်ဖို့ အလုပ်တခုခု မလုပ်နိင်သည့်အတွက် ဟင်းစားရလို ရငြား ထွက်လာခြင်းဖြစ်သည်။ ငွေဝင်နိင်သည့် အလုပ်တခုခု ရှာမရချိန်တိုင်း အိမ်အတွက် တစ်ဖက်တလမ်းက အဆင်ပြေစေရန် ငါးလာမျှားလေ့ရှိ၏။ သူက မိသားစုကို ပုခုံးနဲ့ရော ခေါင်းနဲ့ပါ  ဘဝတလျှောက်လုံး ထမ်းရွက်ပြီး ရှာဖွေ ကျွေးမွေးခဲ့သူ ဖြစ်သည်။ ကလေးတွေ ငယ်စဉ်တုန်းကတော့ သူအဆင်ပြေခဲ့ဖူးသည်။ သန်လျင်မြို့တွင် သူ့လ္ဘက်ရည်ဆိုင် အအောင်မြင်ဆုံး အရောင်းရဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်ကတော့ တပည့်တပန်းများလည်း စည်စည်ကားကားပေါ့။ မောင်ထွန်းက သူ့ဆိုင်ရဲ့ နံပြားဖုတ်သမား ဖြစ်ခဲ့သည်။

သို့သော် အကြောင်းကြောင်းတွေ တိုက်ဆိုင်ပြီး သူ့ဆိုင် ယိုင်သထက်ယိုင်လာသည်။ တစ်နေ့တာ စာရင်းကိုလည်း သူမစစ်ချင်။ အဖမဲ့သားအဖြစ် အချိန်ကြာစွာ သူတစ်ယောက်ထဲ ကြီးပြင်းလာပြီးမှ ရလာသော အမေတူ အဖေကွဲ မောင်နှမများကို သူချစ်သည်။ ရောင်းအားကျလာချိန်မှာ လူတစ်အုပ်တစ်မကြီးရဲ့ စားစရိတ်က သိသိသာသာ ဖိစီးလာသော်လည်း သူအပြုံးမပျက်အောင် ဟန်ဆောင်ထားခဲ့သည်။ တစ်ရွေ့ရွေ့နဲ့ ရောင်းအားကျလာပြီး နောက်ဆုံး သူဆိုင်ပိတ်လိုက်ရတော့သည်။

သို့သော် သူမမှုခဲ့။ ကြုံရာအလုပ်ကို ရှာဖွေ လုပ်ကိုင်ကာ ဇနီးနှင့် သားသမီးများကို ဝမ်းဝစေခဲ့သည်။ ငယ်စဉ်ထဲက အဖေမဲ့သူ ဖြစ်ခဲ့ရတာ ကြောင့် သူ့သားသမီးများကို ဘာမဆို အလိုလိုက်ချင်စိတ် အမြဲ ရှိနေခဲ့သည်။ တခြားအလုပ်ရှာမရလို့ ငါးမျှားထွက်ခဲ့ ရပေမယ့် သူ့သားသမီးများ အားငယ်မှာ စိုးတာကြောင့် မောင်ထွန်းအိမ်တွင်သာ ငါးမျှားတံတွေ သိမ်းထားလေ့ရှိသည်။ အိမ်အထိ ပြန်မသယ်သွားပေ။ အရွယ်ရောက်နေသော သူ့သားသမီးများ ရှက်ရွံ့အားငယ်မှာကို မလိုလားပေ။ သဲလမ်းလေးအတိုင်း လျှောက်လာရင်း မုန့်ဆိုင်လေးကို မြင်သဖြင့် သားငယ်က သူ့ကိုမော့ကြည့်သည်။

“ သားဘာစားချင်လို့လဲ ”

သူ့အမေးကြောင့် သားငယ် မျက်လုံးလေး အရောင်လက်သွားသည်။

“ဇီးထုပ် စားမယ် ဖေဖေ”
“ အင်း.. ဒါဆို.. သားစားချင်တဲ့ ဇီးထုပ်ရွေးပေတော့ ”

သားငယ်လက်ကို ဆွဲရင်း အိမ်ဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ သားငယ်ကတော့ သူစားချင်သော ဇီးထုပ်များ ရွေးနေချိန် သူက ဆေးပေါ့လိပ် ၃ လိပ်ကို သေသေချာချာ ရွေးလိုက်သည်။ ငါးမျှားရင်း ဆေးလိပ်လေး ဖွာရသည်မှာ စိတ်ကူးအသစ်လေးတွေ ထွက်လာသလို နောက်တစ်နေ့အတွက် ဘယ်လို ငွေရပေါက် ရလမ်းများ ရှိလာနိင်မှာကို တွေးလို့ကောင်းသည်။ အချိန်တိုင်း နာရီတိုင်း မိသားစု စားဝတ်နေရေးအတွက် သူအမြဲ တွေးနေရသည်။

သူ့လက်ကို ဆွဲကိုင်းရင်း ဝယ်လာသော ဇီးထုပ်လေးကိုကြည့်ကာ သားငယ် ရွှင်မြူးနေသည်။

“ ဖေဖေ ဖောက်ပေးရမလား ”
“ ဟိုရောက်မှ စားမယ် ”
“ အေး..အေး ”

မကြာခင်မှာပဲ ရေကန်ကြီးဆီ ရောက်လာသဖြင့် ကန်စောင်းတစ်နေရာတွင် နေရာယူလိုက်သည်။ ဒီကန်မှာက နှစ်ချို့ငါးတွေ ရှိသည်။ ရေကန်တွေကလည်း အင်္ဂလိပ်ခေတ်ထဲက တူးထားသည့် ကန်တွေ ဖြစ်တာကြောင့် ဒိုက်များ ကြာပင်များဖြင့် ကန်ရေပြင်က စိမ်းမှောင်နေသည်။ လွယ်အိတ်ထဲ ထည့်လာသည့် ပလပ်စတစ် အခင်းလေးကို ခင်းကာ တုတ်တိုတစ်ချောင်း စိုက်ပြီး ထီးကို ချည်ထားလိုက်သည် သားငယ်ကတော့ ထီးရိပ်ထဲထိုင်ကာ သူ့ဇီးထုပ်ကို စဖောက်နေပြီ။

လွယ်အိတ်ထဲမှ တီကောင်ဗူးကို ထုတ်ပြီး ငါးမျှားချိတ်တွင် တီတစ်ပိုင်း တပ်လိုက်သည်။ အချိန်မရတာကြောင့် ပိုးဟပ်တော့ သူမဖမ်းနိင်ခဲ့။ ပိုးဟပ်နှင့် မျှားလျင်တော့ ငါးဖယ် တွေ အကြိုက်ဖြစ်သည်။ တီကောင်ကိုတော့ ငါးတော်တော်များများ ကြိုက်သည်။ အဓိကက တီလားဗီးယား ငါးတွေ နှစ်သက်ကြ၏။ ဒီကန်ထဲမှာ တီလားဗီးယား နှစ်ချို့ငါးတွေ ရှိသည်။ တော်ရုံလူ လာမမျှားတာကြောင့် ငါးတွေက ပွားများနေသည်။ သို့သော် ကန်က ကျယ်လွန်းတာကြောင့် အချိန်မြန်မြန်နှင့်တော့ သူငါးရဖို့ မသေချာ။

အိတ်ထဲမှ နောက်ထပ် ငါးမျှားတံ အသေးတစ်ချောင်း ထပ်ထုတ်ကာ ငါးစာတပ်လိုက်သည်။ ဒီအသေးကတော့ ငါးဖျင်းသလပ်များ ငါးပဲဖြူများလို ငါအသေးလေးတွေ အတွက်ဖြစ်သည်။ ထိုငါးလေးတွေကို ကြော်စားလျင်လည်း ဟင်းတခွက်ပဲ မဟုတ်လား။ ငါးမျှားတံ ထိပ်ဖျားဖြင့် ရေထဲမှ ဒိုက်နှင့် ကြာဖက် အနည်းငယ်ကို ဖယ်လိုက်သည်။ ကွက်လပ်ဖြစ်သွားသော ထိုနေရာကို ငါးမျှားကြိုး ချလိုက်သည်။ ငါးမျှားတံ အရင်းကိုတော့ သူ့ဘေးနားက မြေကြီးတွင် စိုက်ကာ ရေပေါ် ပေါ်နေသော ဖော့တံလေးကို ကြည့်နေလိုက်သည်။ မကြာမကြာ လိုက်လာဖူးသည့် သားငယ်ကလည်း ဖော့တံများကို ဝိုင်းကြည့်နေသည်။ အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ပြီး တစ်ယာ ယာ စားလိုက်သည်။

“ဖေဖေ ဇီးထုပ်စားမလား ”
“ ကွမ်းစားနေပြီကွ မစားတော့ဘူး ”

ကွမ်းနှစ်ယာနှင့် ဆေးလိပ်တစ်လိပ် ကုန်ပြီးချိန်အထိ ကိုင်းတံအသေးမှ ငါးအသေးလေးများသာ ရသေးသည်။ ခုထိ ငါးအကြီး တစ်ကောင်မှ မမိသေး။ သားငယ်ကတော့ သူ့ပေါင်ကို ခေါင်းအုံးကာ အိပ်ပျော်နေပြီ။ ငါးမျှားလိုက်လာတိုင်းလည်း ခဏလောက်ပဲ သားငယ်က နေနိင်သည် ကြာလာတော့ ပျင်းရိတာကြောင့်နဲ့ တူသည် အရိပ်ထဲတွင် အိပ်သွားတတ်သည်မှာ ညနေပြန်ခါနီး နှိုးမှ ထလာမြဲ ဖြစ်၏။ ခုတော့ မိုးစက်များ ကျလာတာကြောင့် သားငယ်ကို နှိုးကာ မိုးကာ ဝတ်ပေးလိုက်သည်။

မိုးစိုသော်လည်း ငါးမျှားနေချိန် မိုးရွာလာလျင် သူကျေနပ်သည်။ မိုးသံ မိုးနံ့ ကြောင့် ငါးများ ကမ်းစပ်ကို ရောက်လာတတ်၏။ ဒီအချိန်က ငါးမျှား၍ အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးက တဖြည်းဖြည်း သဲလာသည့်အတွက်သားငယ်ကို ထီးအောက်တွင် လုံလုံခြုံခြုံ ထားလိုက်ရတာကြောင့် သူ့ကိုယ်တစ်ခြမ်း ရွဲရွဲဆိုလာသော် သူ့မျက်လုံးကို ဖော့တံမှ မဖယ်ရှားဝံ့ စူးစိုက်ပြီး ကြည့်နေရသည်။

ကိုင်းတံကို ရုတ်ခနဲ အသုတ်မှာ ငါးတစ်ကောင်ပါလာတိုင်း သူ့သားရဲ့ ပျော်ရွှင်စွာ ဟေးခနဲ အော်သံသည် သူ့အပေါ်ထားသည့် ယုံကြည်ကိုးစားမှု ပဲဖြစ်သည်။ သားငယ်ပါလာသည့်နေ့တိုင်း အရင်ထက် သူ ငါးပိုရချင်သည်။ သားသမီးတွေအတွက် ဘာမှ မလုပ်ပေးနိင်ရင်တောင် ယုံကြည်အားကိုမှုတော့ သူပေးနိင်ချင်သည်။ ထို့ခံစားချက်ကြောင့် ငါးမျှားတံကို စူးစူးစိုက်စိုက်ကြည့်နေရသည်။

မိုးရေစက်များကြောင့် ကိုင်းတံတွေကို လက်ထဲသို့ ပြောင်းကိုင်ထားလိုက်သည်။ ထို့မှ ငါးတွတ်လျင် သူချက်ချင်းသိနိင်မည်။ သည်းသည်းထန်ထန် မိုးရွာသွန်းနေတာကြောင့် ငါးများမြူးကာ ကန်ထဲတွင် ဟိုမှာ ဒီမှာ ထခုန်နေကြသည်။ သို့သော် သူ့ကိုင်းတံကိုတော့ လာမဆွဲကြသေး။ ကမ်းစပ်ကို ကပ်လာသော ငါးသေးသေးလေးများသာ တစ်ကောင်ပြီး တစ်ကောင်ရနေခဲ့သည်။ သားငယ်ကတော့ အကြီးအသေး မခွဲဘဲ ငါးတစ်ကောင် ရတိုင်း ပျော်ရွှင်နေသဖြင့် အသေးတွေပဲ ရသော်လည်း သူကျေနပ်ရသည်။ မိုးရွာနေသဖြင့် ညနေခင်းသည် စောစီးစွာ မှောင်စ ပြုနေပြီ။

ထိုအချိန်တွင် ကိုင်ထားသော ကိုင်းတံ အကြီးမှ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားမှုကို ခံစားရသဖြင့် သူ အသက်ကိုမျှင်းရှူကာ အာရုံစိုက်နေလိုက်သည်။ ငါးတော့သေချာသည်။ သို့သော် သွေးတိုးစမ်း နေသေးဟန်တူသည်။ လာမဟပ်သေး။ စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်သည်။ ဒီလိုအချိန်မှာ စိတ်ရှည်မှ ဖြစ်မှာကို သူသိသည်။ သူ့ဘက်က မလှုပ်ဘဲ ငြိမ်နေလိုက်တာကြောင့် ရေထဲမှ ငါးက ငါးစာကို သဘာဝအစာ မှတ်ကာ ဆွဲဟပ်လိုက်သည်။ တင်းခနဲဖြစ်သွားသော ငါးမျှားကြိုးကြောင့် ဒီငါး အကောင်ကြီးနိင်သည်ကို တွက်မိသည်။

ငါးမျှားချိတ် ချိတ်မိသွားသဖြင့် ငါးက အတင်းရုန်းကန်နေသည်။ ငါးမောအောင် သူအလိုက်သင့် လျှော့ပေးမှ ဖြစ်မည်။ သူဆွဲကိုယ်ဆွဲ ဆိုလျင် ကြိုးပြတ်သွားနိင်သည်။ သို့သော် သူ့ ကိုင်းတံက သာမန်ဝါးချောင်းသာ ဖြစ်တာကြောင့် ကြိုးကို အလျော့အတင်း လုပ်၍မရ။ ထို့ကြောင့် သူ ထိုင်ရာမှ ခပ်မြန်မြန်ထကာ ကိုင်းတံကို ကိုင်ထားရင်း ရှေ့သို့ လိုက်တိုးပေးရသည်။ ငါးကလည်း နောက်ကို လှည့်ကာ အားအင်ကုန်သုံး၍ ရုန်းကန်နေ၏။ ဒီငါးမိဖို့ အရေးကြီးသည်။ အကောင်ကြီးနိင်တာကြောင့် အိမ်ပြန်မျက်နာပန်းလှသလို ဟင်းစား တစ်နှပ် နှစ်နှပ်စာလောက် လည်း ဖူလုံသွားနိင်သည်။

“ ဖေဖေ ငါးကြီးမိပြီကွ... ဟေးး ဖေဖေငါးကြီးမိပြီ ”

ကန်စပ်အထိသူဆင်းသွားတာကြောင့် သားငယ်က သဘောပေါက်ပြီး ပျော်ရွှင်နေ၏။ သားငယ်၏ ဝမ်းသာ တက်ကြွသံ ကြားသဖြင့် ဒီငါးကို မရ ရအောင် ဖမ်းရတော့မည်ဆိုတာ သူ သဘောပေါက်သည်။ ငါးကလည်း သေဘေးကြောင့် အတင်းရုန်းကန်နေသည်။ ကြိုးပြတ်သွားမှာ စိုးတာကြောင့် ငါးခေါ်ရာ နောက်ကို သူလိုက်နေရသည်မှာ ရေထဲသို့ ဒူးတဝက်ပင် မြုပ်နေပြီ။ သူ့အာရုံတစ်ခုလုံး ဒီငါးရဖို့ပဲ အာရုံစိုက်ထားသည်။ ဒါဟာ ငါးတကောင်ထက် ပိုသည်။ သူ့သားရဲ့ ယုံကြည်မျှော်လင့်ချက်ကို အပျက်စီးမခံနိင်။ အကောင်ကြီးသည့် ငါးဖြစ်တာကြောင့် ခုထိ မမောသေးတာ ဖြစ်မည်။

သူစိတ်ရှည်ရှည်ပဲ ရေကန်ထဲမှာ ရှေ့တိုးရင်း ငါးဆွဲရာ နောက်ကို လိုက်နေသည်။ မကြာခင်မှာ ဒီငါး ရုန်းရတာ မောသွားမည် မဟုတ်လား။ ထိုအချိန်ရောက်မှ တဖြည်းဖြည်း ဆွဲတင်လိုက်ရင် ထိုငါးကြီး ကုန်းပေါ်ရောက်လာမည်။ ရေအနက်က သူ့ပေါင်ရင်းလောက် အထိ ရောက်နေသော်လည်း ငါးက ရုန်းကန်နေတုန်းပဲ ဖြစ်သည်။ စွန့်စားသည့် အနေနဲ့ သူကြိုးနဲနဲ ပြန်ဆွဲရမည်။ မဟုတ်လျင် သူပါ ရေထဲ မြုပ်သွားနိင်သည်။ ကိုင်းတံကို မလျော့မတင်းဆုပ်ကိုင်ကာ သူ့ဘက်ကို ပြန်ဆွဲလိုက်သည်။

ငါးမောသွားပြီ ထင်သည်။ သူပြန်ဆွဲခေါ်ရာ လိုက်လာသည်။ ထိုအချိန်မှာပဲ ငါးက ဖြုန်းခနဲ အတင်းရုန်းကာ လှည့်ပြေးသည်။ သူ့ဘက်ကို အဆွဲနှင့် ငါးရဲ့ ရုန်းကန်မှုကြောင့် သူ့လက်ထဲက ကိုင်းတံ တင်းခနဲဖြစ်သွားသဖြင့် ကိုင်းတံကို လွှတ်ပေးလိုက်မိသည်။ ထို့နောက် လွတ်သွားသော ကိုင်းတံကို လှမ်းဆွဲဖို့ ရှေ့ကို အလောတကြီး တိုးလိုက်စဉ် သူ့ခြေဖဝါးတွင် ပူခနဲ ဖြစ်သွားသည်။ အကောင်တခုခု ကိုက်တာလား တခုခုစူးမိတာလား မသိပေမယ့် သူ့ခြေဖဝါးတွင် နာကျင်သွားသည်။

သို့သော် ဘာဖြစ်တာလဲဆိုသည်ကို လောလောဆယ် သတိမထားနိင် လွတ်ထွက်သွားသော ကိုင်းတံကိုသာ ရအောင် လှမ်းဆွဲလိုက်သည်။ ကိုင်းတံက သူ့လက်ထဲကို ပေါ့ပါးစွာ ပါလာသည်။ သူ့ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ ကိုင်းတံကို တဖြည်းဖြည်း ဆွဲမလိုက်သည်။  ငါးမျှားကြိုးပြတ်စလေးက လေထဲတွင် တန်းလန်းလွှဲနေသည်။ ငါးတစ်ကောင်နှင့် အားပြိုင်မှုတွင် သူရှုံးသွားခဲ့ရပြီ။

သူ့မျက်နာကို ခပ်ပြုံးပြုံးလုပ်ကာ သားငယ်ဘက်လှည့်လိုက်သည်။

“ ကြိုးပြတ်သွားတယ် သားရဲ့ နောက်တကောင် ထပ်ဖမ်းမယ်ကွာ ဒီတခါ ပိုကြီးတာ ဖမ်းပေးမယ်။”

သားငယ်ကို အာရုံပြောင်းစေရန် ပြောပြီး သူကမ်းပေါ်တက်လာသည်။ သားငယ်ကတော့ ငါးမျှားကြိုးပြတ်စ လေးကိုသာ ကြည့်နေ၏။ မြေကြီးပေါ် ခြေအချမှာပဲ သူ့ခြေထောက် မခံနိင်အောင် နာကျင်သွားသဖြင့် ငုံ့ကြည့် လိုက်သည့်အခါ ညာဘက်ခြေဖဝါးမှ သွေးများ ထွက်နေသည်ကို တွေ့လိုက်၏။ မြေပြင်ပေါ်ထိုင်ပြီး ခြေဖဝါးကို မ ကြည့်မှ ခြေဖဝါးတွင် ၅ လက်မခန့် ပြတ်ရှရာကြီးကို တွေ့ရသည်။ ရွာနေသော မိုးနှင့်အပြိုင် သွေးများကတော့ ဒလဟော ထွက်လာ၏။

“ ဖေဖေ သွေးတွေ... ဖေဖေ ဘာဖြစ်တာလဲ ”

သားငယ်က ပြောရင်း သူ့အနားကို ရောက်လာသည်။ မခံမရပ်နိင်အောင် နာကျင်လာသဖြင့် ဒဏ်ရာ ဘေးနားကို ခပ်တင်းတင်း ဖိထားလိုက်၏။ သွေးများက မနားတမ်း ထွက်နေခဲ့သည်။ ရေကန်ထဲမှ သံပြားပြတ်စ တခုခုကို နင်းမိခဲ့တာ ဖြစ်မည်။

“ အီးး..ဟီးး.. သွေးတွေ အများကြီးပဲ ”

မရပ်မနားထွက်လာသော သွေးများကို မြင်သဖြင့် သားငယ် ငိုလေတော့သည်။ နာကျင်မှု ခဏမေ့ကာ

“ သား.. မငိုနဲ့ သေးသေးလေး ရှတာကွ ဘာမှမဖြစ်ဘူး ခဏနေရင် ကောင်းသွားမှာ ”

သားငယ်က ခြေထောက်ကို ကိုင်ကြည့်ကာ ဆက်တိုက်ထွက်နေသော သွေးများကို ကြည့်ပြီး အငိုမတိတ်တော့။ သူပုဆိုးအောက်နား ပါတ်လည်ကို ဆွဲဖြဲကာ ပါတ်တီးအဖြစ် ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်းလိုက်သည်။ သွေးထွက်လျော့သွားပေမယ့် နာကျင်မှုက ပို၍ပို၍ တိုးလာသည်။ ဒဏ်ရာက ကြီးသည့်အပြင် ရှရာကလည်း နက်မည်ထင်သည်။ ခြေဖျားထောက်ကာ လျှောက်ရင်း ကိုင်းတံအသေးကို သိမ်းလိုက်သည်။ ငါးအသေးလေးများ ထည့်ထားသော အိတ်ကို ဟကြည့်လိုက်သည်။ သိပ်တော့မနဲလှ။ ကြော်လိုက်လျင်တော့ မိသားစု စားလောက်နိင်မည်။ ဒီညအတွက် ဟင်းတနှပ်စာရသဖြင့် သူ အနည်းငယ် စိတ်အေးသွားသည်။

“ အရမ်းနာနေလား ဖေဖေ ”
“ မနာပါဘူးသားရယ် ”

သူ့ခြေထောက်ကို ငုံ့ငုံ့ကြည့်ရင်း သားရဲ့ မျက်နာ နွမ်းနွမ်းလေး ဖြစ်နေရသည်ကို စိတ်မကောင်း ဖြစ်လွန်းလှသည်။  သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသော သားရဲ့လက်လေး အေးစက်နေသည်။ သူနာကျင်နေမည် ထင်ပြီး သူ့မျက်နာကို ခဏခဏ မော့ကြည့်နေသော သားမျက်ဝန်းသည် မျက်ရည်စက် များကြောင့် ရွှန်းလဲ့နေ၏။ သားငယ် စိတ်မကောင်းဖြစ်မှာစိုး၍  ခြေဖဝါးမှ တစစ်စစ်ကိုက်လာသော ဒဏ်ကို အားတင်းကာ ခြေဖျားထောက်ပြီး အိမ်ပြန်လာခဲ့သည်။ ခြေတလှမ်း အကြွအချတိုင်း သူ အသံမထွက်အောင် တင်းထားရသည်။ သူ့ဒဏ်ရာကို မြင်သဖြင့် မောင်ထွန်း ဆိုက်ကားငှားကာ သူ့အိမ်အထိ လိုက်ပို့ပေးသဖြင့် အနည်းငယ် သက်သာသွားရသည်။

ဒဏ်ရာကြီးကို မြင်သဖြင့် တစ်အိမ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။

“  ဆေးခန်းသွားမယ် ”

သူ့ဇနီးက စိုးရိမ်တကြီးဖြစ်ကာ ဆေးခန်းသွားပြရန် ပြောသည်။ ဆေးခန်းတော့ သွား၍မဖြစ်။ နောက်ရက်တွေ ဝင်ငွေ မရှိလျင် ဒုက္ခပိုများနိင်တာကြောင့် ဆေးခန်းသွား၍ မဖြစ်။

“ မလိုဘူး.. ငါပြောသလိုသာ လုပ်ပေး။ ကြက်သွန်နီတစ်လုံးကို သကြားနဲ့ ရောထောင်းပြီး အုံထားရင် ရပြီ”

သူ့လိုပဲ တွေးမိတာကြောင့်ထင်သည်။ ဇနီးဖြစ်သူ သက်ပြင်းတစ်ချက်ချကာ သကြားနှင့်ကြက်သွန်နီ ကို ရောထောင်းနေ၏။ တော်ရုံထိခိုက်ရှနာ မှန်သမျှ သူဒီလိုသာ ကုခဲ့သည်။

“ ဆေးထည့်ရအောင် ”

ဇနီးဖြစ်သူ သူ့အနားတွင် ထိုင်ကာ ခြေထောက်ကို ဆွဲယူရင်း ဒဏ်ရာကို ဆေးအုံပေးနေသည်။ ဒဏ်ရာနေရာမှ အေးခနဲဖြစ်ကာ အနည်းငယ် စပ်သွားရသည်။ ဆေးအုံပေးပြီးနောက် ပါတ်တီးကို ခပ်တင်းတင်းစည်းပေးနေချိန် မှာပဲ သူစိတ်မကောင်းပြီး မျက်ရည်ဝဲသွားရသည်။ ဇနီးဖြစ်သူ သူ့ကို မော့အကြည့်မှာပဲ သူမျက်ရည်ဝဲနေသည်ကို မြင်သွားခဲ့သည်။

“ တော်တော် နာနေလို့လား ဟင် ”
“ ဟင်အင်း.. မနာပါဘူး ”
“ ဒါဖြင့်..”
“ ငါဒဏ်ရာ ရတော့ သားလေး အားငယ်သွားတာ တွေးပြီး စိတ်မကောင်းတာပါ ”
“ သြော် ”

သူ့ဇနီးထံမှ မည်သည့် အသံမျှ ထပ်မထွက်လာတော့။ ကိုယ်စီကိုယ်စီ ကြိတ်ကာ သက်ပြင်းချလိုက် မိတော့သည်။

။..........................................................................။