Saturday, January 29, 2011

ဥာဏ်များတဲ့ ဘကြီးမြစ်

ကိုယ့်လူတို့ကို ကျနော့်ဘကြီး အကြောင်း ပြောပြချင်သေးတယ်။ ကျနော်ဖြင့် ဘကြီးအကြောင်းတွေးမိတိုင်း ပြုံးစေ့စေ့ဖြစ်ရတယ်ဗျာ။ ကျနော်တင်မဟုတ်ပါဘူး ဘကြီးအကြောင်း ကြားရတဲ့သူတိုင်း သဘောတွေကျပြီး လေးစားသွားကြတာချည်းပဲ။ ဒါပေမယ့် ဘကြီးရဲ့ အကြောင်းပြန်ပြောတိုင်း မခံချိမခံသာ ဖြစ်ကြတဲ့ လူတစ်စုတော့ ရှိတယ်ဗျ။ ကိုယ့်လူတို့ကတော့ အဲဒီလူတစ်စုက ဘကြီးရဲ့ ရန်သူတွေလို့ထင်ကြမှာပဲ။ အဲဒီလိုထင်ရင်တော့ တက်တက်စင်အောင် လွဲပြီခင်ဗျ။ အဲဒီလူတစ်စုဆိုတာ ကျနော့်ရဲ့ အကိုတွေ အစ်မတွေပါပဲ။ ကျနော့် အကိုတွေ အစ်မတွေဆိုမှတော့ ဘကြီးရဲ့ တူ ၊ တူမ အရင်းကြီးတွေပေါ့ဗျာ။ ဖြစ်ပုံကဒီလိုခင်ဗျ။ 

ကျနော်တို့မှာ အဖေ့ရဲ့အစ်ကိုတစ်ယောက်ရှိတယ်။ သူနာမည်က ကိုမြစ်တဲ့ အသက်ကြီးလာတော့ ဦးမြစ်၊ ဘကြီးမြစ် လို့ ပါတ်ဝန်းကျင်က ခေါ်ကြပေမယ့် ကျနော်တို့ မောင်နှမတွေကတော့ ဘကြီးလို့ပဲ ခေါ်ကြတာပါပဲ။ ဘကြီးက တစ်ကိုယ်တည်း လူပျိုကြီးခင်ဗျ။ ကျနော်တို့ မိဘနှစ်ပါးလုံး ဆုံးပါးသွားတော့ ဘကြီးက ကျနော်တို့နဲ့လာနေတယ်။ အဲဒီအချိန် သူ့အသက်က ၆၀ ကျော်ပြီ။ ဘကြီး ကျနော်တို့အိမ် ရောက်တော့ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော့်အသက်က ၁၃နှစ်ကျော်ကျော်ပဲ ရှိအုံးမယ်။ 

ဘကြီးက လူပေလူတေကြီးဗျ။ ကျနော်တို့နဲ့နေမှသာ အတည်တကျ အိမ်နဲ့ယာနဲ့ နေဖြစ်ပေမယ့် သူငယ်စဉ်က နိင်ငံအနှံ့လျှောက်သွားနေတာတဲ့၊ ၁၂ပွဲဈေးသည်တွေနဲ့ ကူဖော်လောင်ဖက် လိုက်သွားရင်းကနေ ဇာတ်အဖွဲ့နဲ့ခင်ပြီး ဇာတ်အဖွဲ့ထဲ ရောက်ရင်ရောက်သွားပြန်ရော။ ဇာတ်ထဲမှာ နေရင်းကနေ အဖော်အပေါင်းကောင်းရင် ရွှေတူးတဲ့နေရာ ရောက်ချင်ရောက်သွားပြန်တာတဲ့။ လွယ်လွယ်ပြောရရင် ပျော်သလိုနေတဲ့ ဘကြီးပေါ့ဗျာ။ အသက်အရွယ်ရလာတာရယ် ကျနော်တို့ မိဘတွေ မရှိတော့တာ ရယ်ကြောင့် ကျနော်တို့နဲ့ လာနေတာနဲ့တူပါရဲ့။


ကျနော်တို့အိမ်ကို ဘကြီးရောက်ပြီး တစ်ပါတ်လောက် ကြာတော့ ကျနော်နဲ့ ကိုငယ်ကို မြို့ထဲခေါ်သွားတယ်။ မြို့ထဲရောက်တော့ သူ့ဘေးလွယ်အိတ်ထဲက ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲထုတ်လိုက်တယ်။ အဲဒီ အိတ်ရှုံ့လေးထဲကနေ လက်စွပ်တစ်ကွင်းကို ထုတ်ပြီး ရွှေဆိုင်မှာရောင်းလိုက်တယ်။ အဲဒီလက်စွပ် မရောင်းခင် အိတ်ရှုံ့ထဲက တခြားလက်စွပ်တွေ ဆွဲကြိုးတွေ ထုတ်ကြည့်ပြီးမှ စိတ်ကြိုက်တစ်ကွင်းကိုပဲ ရောင်းလိုက်တဲ့ ပုံစံခင်ဗျ။ လက်စွပ်ရောင်းပြီးတော့ ဘဲကင် တစ်ကောင်ဝယ်တယ်။ ပြီးတော့ အိမ်ကို ပြန်လာကြတယ်။ 

အိမ်ရောက်တော့ ကျနော်တို့ မောင်နှမ ၆ ယောက်လုံးကို ဧည့်ခန်းကို လာခိုင်းတယ်။ ပြီးတော့ ခုနက လက်စွပ်ရောင်းလို့ ရလာတဲ့ ငွေတွေကို မောင်နှမ ၆ ယောက်ကို ခွဲဝေပေးတယ်။ မင်းတို့ကို ဘကြီးမုန့်ဖိုးပေးတာလို့ပဲ ပြောတယ်ဗျ။ ဒီငွေတွေ ဘယ်ကရလာတာကိုတော့ ထုတ်မပြောဘူး။ အဲဒီတော့ ဘကြီးအခန်းထဲလည်း ဝင်ရော အကိုအမတွေက ကျနော်နဲ့ ကိုငယ်ကို ဝိုင်းမေးကြတော့တာပဲ။ ဒီနေ့ဘကြီးနဲ့ ဘယ်သွားတာလဲ၊ ဘာဝယ်ပေးလဲနဲ့ စုံနေအောင်ကို မေးကြတာပဲ။ ဒီတော့ ကျနော်တို့ကလည်း ဘကြီး လက်စွပ်ရောင်းတာတွေ အိတ်ရှုံ့ထဲက တခုပြီးတခုထုတ်ကြည့်ပြီးမှ လက်စွပ်ကို ရွေးပြီး ရောင်းလိုက်တာတွေကို အားပါးတရ ဖောက်သည်ချတော့တာပဲ။ 

အခုလို အသက်ကြီးမှ တွေးမိတာက အဲဒီလို ပြန်ပြောစေချင်လို့ ကျနော်တို့လို နှုတ်မလုံတဲ့ ကလေးတွေကို အဖော် ခေါ်သွားမှန်း သဘောပေါက်တော့တယ်။ အဲဒီတုန်းကတော့ ဘယ်သိပါ့မလဲ။ ကျနော်မသိသလို ကျနော့်အကိုတွေနဲ့ အမတွေလည်း သိပုံမပေါ်ပါဘူး။ အဲဒီနောက်ပိုင်းရက်တွေမှာတော့ ကျနော်တို့ အိမ်မှာ တီးတိုး တီးတိုးနဲ့ ကျိတ်ပြောတာတွေ ရှိလာတယ်။ အဲဒီအချိန်မှာ ကျနော်က ကလေးဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်နားထောင်ရင်းနဲ့ သူတို့ပြောတာတွေ တစွန်းတစ ကြားရတာပေါ့။ 

ပစ္စည်းတွေက မနဲဘူးဟဲ့ ဆိုပြီး အမအကြီးဆုံးက ပြောတော့ အစ်မလတ်က အေးလေ ငါချောင်းကြည့်တာ တွေ့သွားလို့ အထုတ်ထဲ ချက်ချင်းပြန်ထည့်လိုက်တာဟ ဆိုပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြသလို ကျနော့် အကိုတွေကလည်း ဘကြီးအခန်းဝနားမှာ ဝေ့လည်လည်လုပ်ပြီး အခန်းထဲ ချောင်းချောင်းကြည့်ကြတယ်ဗျ။ 

အဲဒီနောက်ပိုင်းကစပြီး ကျနော်တို့အိမ်မှာ ကတ္တီပါအိတ်ရှုံ့လေးက ဟော့အဖြစ်ဆုံး သတင်းဖြစ်သွား တော့တာပဲ။ ဘကြီးကိုလည်း တစ်အိမ်လုံး ဂရုစိုက်လိုက်တာများ ပြောမနေနဲ့တော့  ကော်ဖီဖျော်တိုက်တဲ့အစ်မနဲ့ နွားနို့ကျိုပေးတဲ့ အစ်ကိုလည်း သူ့ကော်ဖီ နဲ့ ငါ့နွားနို့ ဘယ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး ငြင်းကြခုန်ကြ၊ မိုးလေးနဲနဲအေးတာနဲ့ ဘကြီးရေချိုးဖို့ ရေနွေးအိုး တည်ပေးတဲ့သူနဲ့ ဘကြီးဘာစားချင်လဲဆိုပြီး အမြဲမေးတဲ့သူနဲ့ အပြင်က ပြန်လာရင် ဘကြီးအတွက် မုန့်ဝယ်လာပေးတဲ့သူနဲ့ ဝိုင်းဂရုစိုက်လိုက်ကြတာများ ပြောမဆုံးပေါင်ပဲ။ အုန်းနို့ခေါက်ဆွဲ ဝယ်လာပေးတဲ့ အမလတ်တောင် ဘကြီးကိုသွေးတိုးအောင် လုပ်တာလားဆိုပြီး ဝိုင်းဆူတာ ခံလိုက်ရသေးတယ်။  

ဘကြီးနဲ့ အမြဲအတူတူရှိတဲ့ ကျနော့်ကိုလည်း အိတ်ရှုံ့ထဲမှာ ပစ္စည်းတော်တော်များလား၊ အထဲမှာ ဘာတွေတွေ့လဲ ဆိုပြီး တစ်ယောက်တစ်လှည့် အပြင်ခေါ်ထုတ်ပြီး မေးကြတာ။ ဘကြီးကလည်း ဘကြီးပဲဗျ ကျနော်ကို သူငယ်ငယ်က အကြောင်းတွေ ပြောရင်းကနေ နေအုံးငါ့ပစ္စည်းတွေ ရှိသေးရဲ့လားဆိုပြီး သူ့ဘီဒိုကို သော့ဖွင့်ပြီး အိတ်ရှုံ့လေးကို ဖွင့်ကြည့်လားကြည့်ရဲ့နဲ့၊ မလုံတလုံ လုပ်မှ လူပိုစိတ်ဝင်စားမှာကို သဘောပေါက်တဲ့ ဘကြီးက သူ့အိတ်ရှုံ့လေးထဲမှာ ရတနာတွေ ရှိတာကို ပါးပါးလေးနဲ့ အားလုံးသိအောင် လုပ်သွားမှန်း အသက်ကြီးမှ သိတာပဲ။ အဲဒီတုန်းကတော့ သူအိတ်ရှုံ့လေးကို မသိမသာဖွင့်ပြတာတွေကို  ကျနော် ဖောက်သည်ချတာနဲ့ အိမ်ကလူတွေ အကုန်သိတာပါပဲ။ ဒီတော့ အိတ်ရှုံ့လေး တန်ခိုးနဲ့ ဘကြီးလည်း အနေအစား ဇိမ်ကိုကျလို့။ 

ကျနော်တို့အိမ် ဘကြီးရောက်ပြီး တစ်နှစ်လောက်နေတော့ အိတ်ရှုံ့ထဲက ဆွဲကြိုးခပ်သေးသေး တစ်ကုံးထုတ်လာပြီး အစ်မအကြီးဆုံးကို သွားရောင်းခိုင်းတယ်။ ရလာတဲ့ငွေလည်း ကျနော်တို့မောင်နှမ ၆ ယောက်လုံးကို ခွဲပေးတာပါပဲ။ ခက်တာက ဘကြီးက သူ့အိတ်ရှုံ့လေး အကြောင်းကို စကားအစကိုမခံတာဗျ။ အစ်မတွေကလည်း သွေးတိုးစမ်းတယ်လေ။ ထမင်းစားရင်းနဲ့ ဘကြီးအရှေ့မှာ အချင်းချင်း အတိုင်အဖောက် ညီညီနဲ့ ပြောကြတယ်။ မနက်ဖြန်အလှူက မသွားလို့ကလည်း မကောင်း သွားဖို့ကလည်း လက်ဝတ်လက်စားက မရှိနဲ့ ငါတော့ စိတ်ညစ်တာပါပဲဟယ် ဆိုပြီး ညည်းပြလည်း ဘကြီးက မသိချင်ယောင်ဆောင်ပြီး ထမင်းသာ ငုံ့စားနေတာပဲ။ 

ဘကြီးစိတ်ကွက်မှာစိုးလို့ ဇွတ်လည်းမပြောရဲဘူး။ သူတို့ကိုယ်တိုင်လည်း ကတ္တီပါအိတ်ရှုံ့လေးကို မသိချင်ယောင် ဆောင်ပေးကြတယ်။ သဘောကတော့ ဘကြီးမှာ ဘာရတနာပဲ ရှိရှိမရှိရှိ တူ၊တူမတွေက တကယ်ချစ်တာပါဆိုတဲ့ စတိုင်ဖမ်းထားကြတာဗျ။ ဒါတွေကလည်း အခုလို အသက်ကြီးလာမှ လူတွေရဲ့ သဘောမနောကို သိလာပြီး အဲဒီတုန်းက အထာတွေကို သဘောပေါက်မိတာပါ။ ဒီလိုနဲ့ တစ်သက်လုံး ပေပေတေတေနေတုန်းက မဖျားမနာတဲ့ ဘကြီးခင်ဗျာ  ကျနော်တို့အိမ်မှာ ဇိမ်နဲ့နေမှပဲ ၃နှစ်မြောက်မှာ သေသွားတယ်။ 

ဘကြီးသေတော့ ကျနော့်အသက်က ၁၆နှစ် ပြည့်တော့မယ်။ သေတာကတော့ ဥဏှောက်သွေးကြော ပြတ်တယ်လို့တော့ ပြောတာပဲ။ မနက်စာ ထွက်မစားလို့ ဝင်ကြည့်တော့ အိပ်ယာထဲမှာ ဘကြီးက သေနေပြီ။ ဘကြီးသေပြီလည်း ကြားရော ဘကြီးအလောင်းကို ဘေးနားထားပြီး သူ့ဘီဒိုသော့ကို အသဲအသန် ရှာကြတော့တာပဲ။ ကျန်တဲ့သူတွေကလည်း ဘေးကနေ ညီညီမျှမျှနော် မတရားမလုပ်ကြနဲ့ ဆိုပြီး ဝင်ဝင်ပြောတယ်။ 

သော့လည်းတွေ့ရော အစ်မအကြီးဆုံးက ဖြတ်ခနဲ ဆွဲယူပြီး အခုမကြည့်နဲ့အုံး ဘကြီးအလောင်း မြေကျပြီးမှ ခွဲဝေမယ်တဲ့။ ဒီတော့ အကိုလတ်က ဒါဆိုသော့သူသိမ်းထားမယ်တဲ့ ဝင်ပြောတယ်။ ငါအကြီးဆုံး ငါပဲသိမ်းမယ်ဆိုပြီး အစ်မက ထပ်ပြောတော့ ဒါဆို အခန်းတံခါးကို သော့ခတ်ပြီး သူသိမ်းထားမယ်တဲ့ အကိုလတ်က ပြန်ပြောတယ်။ ကျန်တဲ့သူတွေကလည်း အဲဒါကောင်းတယ်ဆိုပြီး  ဝိုင်းထောက်ခံကြတာနဲ့ အစ်မကြီးက ဘီဒိုသော့သိမ်းပြီး အကိုလတ်က အခန်းသော့ သိမ်းထားတယ်။ ကျနော့်ကိုတော့ အကိုငယ်က ခပ်တိုးတိုး တိုင်ပင်တယ်။ သူတို့နှစ်ယောက်ကို သတိထားကြည့်ထားတဲ့။ ဒါနဲ့ ကျနော်လည်း ဘကြီးနာရေး ဝေယျာဝစ္စတွေလုပ်ရင်း သူတို့ကိုလည်း အကဲခတ်ရတာပေါ့။ 

ဒီလိုနဲ့ ဘကြီးအလောင်းမြေကျပြီး ညနေမှာပဲ မောင်နှမ ၆ ယောက်လုံး ဘကြီးအခန်းထဲမှာ စုမိကြတယ်။ အခန်းတံခါးကို ပိတ်လိုက်ပြီး ဘီဒိုဖွင့်ဖို့ပြင်ကြတယ်။ ဒီလောက်ရေးပြထားရင် ဒီကတ္တီပါအိတ်ရှုံ့မှာ လှည့်ကွက်တစ်ခုခုရှိနေမယ်ဆိုတာ ကိုယ့်လူတို့ သဘောပေါက်နေပါပြီ။ အမှန်ပဲဗျ။ အဲဒီအိတ်ရှုံ့မှာ လှည့်ကွက်ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ပြီးအောင်တော့ဖတ်ဗျာ။ ကိုယ့်လူတို့ထဲမှာ လူပျို အပျို ကြီးဘဝနဲ့ တူ၊ တူမတွေနဲ့ ဘဝနေဝင်ချိန်ကို ဖြတ်သန်းရမယ့်သူ ပါလာခဲ့ရင် ဘကြီးရဲ့ အကွက်လေး အသုံးဝင်လို ဝင်ငြားပေါ့။ 

ဆက်ရရင် အမကြီးက ဦးဆောင်ပြီး ဘီဒိုဖွင့်လိုက်တယ်။ ပြီးတော့ ဘီဒိုအပေါ်ဆုံးအထပ်က သေတ္တာ အသေးလေးကို ဆွဲထုတ်တယ်ခင်ဗျ။ အဲဒီသေတ္တာထဲမှာ ကတ္တီပါအိတ်ရှုံ့ကို ထည့်သိမ်းထားတာလေ။ အဲဒါနဲ့ သေတ္တာကို မောင်နှမ ၆ ယောက်အလယ်မှာ ချပြီး အမကြီးက ဖွင့်လိုက်တယ်။ အဲဒီသေတ္တာထဲမှာ အားလုံးမျှော်လင့်ထားတဲ့ ကတ္တီပါ အိတ်ရှုံ့လေးရှိနေတယ်။ ကတ္တီပါအိတ်ရှုံ့လေးကို ဆွဲယူလိုက်တဲ့ အစ်မရဲ့ လက်က တုန်နေတာ ကျနော်အခုထိ မျက်စိထဲက မထွက်သေးဘူး။ သူက လက်တုန်နေသလို ကျနော်တို့အားလုံးလည်း ကိုယ်စီကိုယ်စီ ရင်တုန်နေကြတာပါပဲလေ။ အိတ်လေးကို ဟပြီး သွန်ချလိုက်တော့ အထဲကနေ ဆွဲကြိုးတွေ လက်စွပ်တွေ အစိမ်းရောင် အနီရောင်ကျောက်အသေးလေးတွေ ထွက်လာတယ်။ 

အဓိကပစ္စည်းတစ်ခုလည်း ထွက်ကျလာတယ်။ အဲဒါက စာရွက်ခေါက်လေးပါပဲ။ ဒါပေမယ့် ကျနော်အပါအဝင် ဘယ်သူမှ စာရွက်ခေါက်ကို ဂရုမစိုက်နိင်ပါဘူး။ ရတနာတွေကိုပဲ မျက်တောင်မခတ် ငေးနေမိကြတယ်။ တခုစီကိုင်ကြည့်ကြတယ်။ ကျနော်လည်း ကိုင်ကြည့်တာပါပဲ။ နောက်တော့ အကိုငယ်က စာရွက်ကို ဆွဲယူပြီး ဖွင့်လိုက်တယ်။ ပြီးတော့ အားလုံးကြားအောင် ဖတ်ပြတယ်။ အဲဒီစာလည်း ဆုံးရော အကိုတွေ အမတွေဆိုတာ ဒေါသတွေ ထွက်လိုက်ကြတာများ အံတကြိတ်ကြိတ်နဲ့ ဖြစ်ကုန်ပြီး အခန်းထဲက ထွက်သွားကြတော့တာပဲ။ ပစ်ချထားခဲ့တဲ့ အဲဒီစာကို ကျနော် သိမ်းထားလို့ အခုထိရှိသေးတယ်။ အထဲမှာ ရေးထားတာက ဒီလိုခင်ဗျ။

ဘကြီးကို သိပ်ချစ်ကြတဲ့ တူ၊တူမကြီးတို့ရေ...
ဒီစာဖတ်နေချိန်မှာ ဘကြီးလူ့လောကမှာ မရှိနိင်တော့ပါဘူး။ ဘကြီးမသေခင်မှာ ဂရုတစိုက်နဲ့ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာအတွက် ဘကြီးသိပ်ကျေးဇူးတင်ပါတယ်။ တူ၊တူမကြီးတို့လည်း ကုသိုလ်တွေ အများကြီး ရမှာသေချာပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်တဲ့ ဘကြီးအတွက် အိုကံကောင်းဖို့ဆိုတာ ဥာဏ်ကူမှ ရမှာကို သိလို့ ဘကြီးပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး အပေါင်ဆုံး လက်စွပ်တကွင်းနဲ့ ဆွဲကြိုးတကုံး ဝယ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေလည်း ဘကြီး ပြန်ရောင်းချပြီး တူ တူမကြီးတို့ကို ခွဲဝေပေးခဲ့တာ အားလုံးအသိပါ။ ဒီထဲမှာ ကျန်နေသေးတဲ့ ပစ္စည်းတွေက အစစ်တွေမဟုတ်ပါဘူးကွယ်။ ဒါကြောင့် ကိုယ့်မိဘအမှတ်နဲ့ ကျွေးမွေးပြုစုခဲ့တယ်မှတ်ပြီး သာဓုခေါ်ရစ်ကြပါ။ တူ တူမကြီးတို့လည်း အိုကံကောင်းပါစေကွယ်။

မင်းတို့တတွေသိပ်ချစ်တဲ့ ဘကြီးမြစ်


တဲ့လေ။ ကဲ.. ဘယ်လောက်ပိုင်လိုက်တဲ့ ဘကြီးလဲဗျာ။ အစစ် နှစ်ခုကို ရင်းပြီး ဇိမ်ကျကျနေသွားတာများ ကြားရသူတိုင်း သဘောတွေကျလို့ အဲ..ကျနော့် အမတွေ အကိုတွေတော့ မပါဘူးပေါ့ဗျာ။ ကျနော်လည်း သဘောကျတာပါပဲ။ ဘကြီးကို ကျနော်က ဘာမှ ဝယ်မကျွေးလိုက်ရဘူးလေ၊ ကပ်ပြီးတော့တောင် စားလိုက်ရသေးလို့ ဘကြီးကို သဘောကျတဲ့သူတွေထဲမှာ ကျနော်လည်း ပါတာပေါ့။ အကိုလတ်ကတော့ သူ့သူငယ်ချင်း ပန်းထိမ်ဆရာဆီမှာ အဲဒီရတနာအတုတွေကို တကယ့်အတုဟုတ်မဟုတ် သွားစစ် လိုက်သေးတယ်။ သိပ်သစ္စာရှိတဲ့ ဘကြီးပါဗျာ။ အတုဆိုမှ အကုန်အတုတွေချည်းပဲ။

ကဲ...ဘကြီးအကြောင်းကြားပြီးတော့ ကိုယ့်လူရော သဘောမကျသွားဘူးလား။