Saturday, April 30, 2011

အတိတ်စိမ်း

အတိတ်စိမ်း

သူ့အရှေ့မှာချထားသည့် ကော်ဖီခွက်နှင့် မနက်စာကို စိုက်ကြည့်နေသော်လည်း သူတကယ်မြင်နေသည်က ငွေ တွေ ဖြစ်သည်။ ငွေတွေမှ အထုပ်လိုက် အထပ်လိုက် မြင်နေရ၏။ ပြီးတော့ ငွေထုပ်တွေကို ပစ်မြှောက်ကာ ခုန်ပေါက် ပျော်မြူးနေကြသော လူတွေကို ပြန်မြင်နေမိသည်။ ညကမက်သည့် အိပ်မက်သည် တော်တော်ထင်ရှားသည့် အိပ်မက်ဖြစ်၏။

အိပ်မက်ထဲတွင် လူတွေ အများကြီးကို တွေ့ရသည်။ ထိုလူတွေ ကိုင်ထားသည့် ငွေထုပ်တွေကိုလည်း မြင်ရသည်။ ထိုလူတွေသည် အစိမ်းရောင် သံပန်းခြံစည်းရိုး တစ်ခုအရှေ့တွင် ဝမ်းသာအားရခုန်ပေါက် ပျော်မြူးနေကြခြင်းဖြစ်သည်။ ထိုခြံစည်းရိုးကို သူမှတ်မိသည်။ အောက်ပိုင်းတဝက်ကို အုတ်ဖြင့် စီထားပြီး အပေါ်ပိုင်း သံပန်းပုံစံတပ်ထားကာ အစိမ်းရောင် သဘောင်္ဆေး သုတ်ထားသော ထို ခြံစည်းရိုးသည် သူတို့အိမ်မှခြံစည်းရိုးဖြစ်ကြောင်း သေသေချာချာ မှတ်မိသည်။ သူတို့ခြံအပြင်ဘက်တွင် သူ မမှတ်မိသော လူတွေက ငွေထုပ်တွေကို ပစ်မြှောက်ကာ ပျော်ရွှင်ခုန်ပေါက် နေကြသည်ကို သူအိပ်မက် မက်ခဲ့ခြင်းဖြစ်သည်။

ထိုသူများအားလုံးမှာ နှစ်လုံးတွဲ ကုဒ်နံပါတ်လေးနှင့် ပါတ်သတ်၍ ထိုသို့ ပျော်ရွှင်နေကြသည်ကိုလည်း အိပ်မက်ထဲတွင် သိခဲ့သည်။ သို့သော် မည်သည် နံပါတ်ဂဏန်း ဆိုသည်ကိုတော့ သူသေသေချာချာ မမှတ်မိပါ။ မနက်အိပ်ယာနိုးချိန်မှ စ၍ အိမ်သာတက်ရင်း၊ မျက်နာသစ်ရင်း အဝတ်လဲရင်း သူ အပြင်းအထန် တွေးနေမိသည်မှာ ညက အိပ်မက်ထဲမှ ကုဒ်နံပါတ်ကို ဖြစ်သည်။ ဂဏန်း နှစ်လုံးထဲ ဖြစ်လျက်နှင့် သူ မမှတ်မိခြင်းကို အားမလို အားမရ ဖြစ်နေရ၏။ ရှေ့ဂဏန်းက သုံးနှင့်စသလိုလို ထင်မိသော် သေသေချာချာ တွေးတော့ မဟုတ်သေးဘူးဟု ထင်မိပြန်သည်။ ဒါဆို ရှစ်ဂဏန်းများလား ဆိုတော့လည်း မသေချာ မရေရာ။

ဒီ ကုဒ်နံပါတ်ကို သိရမှ ဖြစ်မည်။ ဒီလိုအိပ်မက်မျိုးကို သူယုံကြည်သည်။ အိပ်မက်အရ ထို ကုဒ်နံပါတ်ကို နှိပ်ရင်း ချမ်းသာခြင်း တံခါးပွင့်သွားသူတွေအကြောင်း သူတစ်စွန်းတစ်စ ကြားဖူးသည်။
စဉ်းစားစမ်းး.. ဒီ နံပါတ်နှစ်လုံးထဲကို ဘာအတွက် တွေးလို့မရရမှာလဲ။ သူ သိရမှ ဖြစ်မည်။ ဒါ ဘဝ အပြောင်းအလဲ ဖြစ်သွားနိင်သည်မဟုတ်လား။ စာရွက်တစ်ရွက်ကို ရှေ့ချကာ သူ့အိပ်မက်ကို အစနေရာမှ ပြန်တွေးကြည့်သည်။

အိပ်မက်ထဲမှ လူများ လက်ထဲတွင် လက်တစ်ဝါးစာ ဘောက်ချာ အပိုင်းလေးတွေကိုယ်စီ ကိုင်ရင်း လမ်းမပေါ် ထွက်လာကြသည်။ လူတစ်ချို့က ပျော်ရွှင်စွာအော်ဟစ်နေကြသည်။ တစ်ချို့က ခုန်ပေါက်ရင်း အချင်းချင်း ဘောက်ချာလေးတွေ ပြကာ ပွေ့ဖက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် လက်များဆွဲယမ်းကာ ဝမ်းသာ ရွှင်မြူးနေကြသည်။ လမ်းမတစ်လျှောက်လုံး မှာလည်း ဆူညံနေ၏။ထို့နောက်မြင်ကွင်းက နောက်တစ်ခု ပြောင်းသွားပြန်သည်။ ထိုသူတွေ သူ့ခြံရှေ့တွင် စုဝေးနေကြသည်။ လမ်းမမှ ဖြတ်သွားသူတစ်ဦးက ဘာ ထွက်လဲဟု လှမ်းမေးသံကို ပီပီသသ ကြားရသည်။ လူအုပ်ထဲမှ ပြန်ဖြေသံ တော်တော်များများ ထွက်လာသည်။ ပြဿနာက လူအများပြန်ဖြေလိုက်သော နံပါတ်လေးကို မသဲမကွဲသာ ကြားလိုက်ရခြင်းဖြစ်၏။ အခုထိ ထိုကိန်းဂဏာန်းကို စဉ်းစား၍မရ။ ဖြစ်နိင်မည်ထင်သော နံပါတ်များကို စာရွက်ပေါ်တွင် ချရေးထားသည်မှာလည်း တော်တော်များနေခဲ့ပြီ။ ထိုနံပါတ်တွေ တစ်ခုမှ မဖြစ်နိင်ဘူးဟုလည်း စိတ်ထဲတွင် ထင်နေမိပြန်သည်။

ထိုလူအုပ်၏ လက်ထဲတွင် အစိမ်းရောင် ၊ အနီရောင် ငွေထုပ်များ ပစ်မြှောက်နေသည်ကို တွေ့ရသည်။ ဘာနံပါတ်လဲ။ ခေါင်းတွေ ထူပူလာအောင် တွေးသော်လည်း နှစ်လုံးတွဲ ကုဒ်နံပါတ်လေး တစ်ခုကို အစဖော်၍ မရနိင် ဖြစ်နေသည်။ မနက်စာကို မတို့မထိ ရသေးသောကြောင့် သူ့ဇနီးဖြစ်သူက လှမ်းကြည့် သည်ကိုလည်း သူမမြင်။

“ ကော်ဖီတွေ အေးကုန်တော့မယ် ဘာလုပ်နေတာလဲ”
“ အာာ....”
အတွေးထဲ နစ်နေသဖြင့် သူ လန့် သွားမိသည်။

“ ငြိမ်ငြိမ်လေး နေပေးကွာ ဒီမှာအရေးကြီးတာ တွေးနေလို့ ”
“ ရှင် ရုံး နောက်ကျအုံးမယ်နော်”
“ ကျ..ကျ ကွာ”

နားမလည်နိင်စွာ ကြည့်ပြီး သူ့ဇနီးဖြစ်သူ မနက်စာကို ဆက်စားနေသည်။ သူကတော့ တွေးကောင်းတုန်း။ ဒီနံပါတ် မြန်မြန်သိရမှ ဖြစ်မည်။ အချိန်မှီသိရမှ တစ်မြို့လုံးပတ်ပြီး သူလှုပ်ရှားနိင်မည်။ နိင်ငံခြား ရောက်နေသည့် သူ့အတွက် မိသားစုကိုဖုန်းဆက်ကာ ထိုကုဒ်နံပါတ်ဖြင့် ငွေတံခါးများစွာကို သော့ကြီးကြီးနှင့် လိုက်ဖွင့်ခိုင်းရမည်။ တဖက်မြို့က ဦးကျင်ဟုတ် ထံလည်း သွားခိုင်းရမည်။ နောက်... မောင်ကျော်။ သူတို့တွေက စိတ်ကြိုက်သော့ဖြစ် ဖွင့်ချင်သလောက် ဖွင့်ခွင့်ရသည့် သူများဖြစ်သည်။ ညနေရောက်လျှင်တော့ ငွေတံခါးကြီး ပွင့်သွားလိမ့်မည်။

ငွေတွေ သူ့ဆီရောက်ဖို့ လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။
“ငွေတွေ... ငွေတွေ... ဟာားးး”
သို့သော် နံပါတ်ကို ဖော်မရသဖြင့် သူ မချင့်မရဲ ဖြစ်နေရသည်။ ငွေထုပ်တွေကို မြင်နေရလျှက်နှင့် သူ နံပါတ် မဖော်နိင်တာကြောင့် ဒေါသတွေပါ ထွက်လာသည်။ အချိန်မှီ သိရမှဖြစ်မည်။နာရီကို ကြည့်လိုက်တော့ သူအလုပ်သွားဖို့ အချိန်ကျော်လွန်နေပြီ။ သို့သော် ကိစ္စမရှိ။ ဒီလျှို့ဝှက် ကုဒ်နံပါတ်ကိုသာ ဖော်နိင်ခဲ့လျှင် သူတို့ လင်မယားနှစ်ယောက်မြန်မာပြည်ပြန်ပြီး အခြေချနိင်ပြီ မဟုတ်လား။ ချမ်းသာခြင်းက လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။ သို့သော် နံပါတ်ဖော်မရသဖြင့် သူ စိတ်တွေတိုလာသည်။ သူမြင်ယောင်နေသည်ကတော့ သူတို့ခြံရှေ့က ပျော်ရွှင်နေကြသော လူတစ်စုဖြစ်သည်။ ထို့ပြင် အစိမ်းရောင် အနီရောင် ငွေထုပ်များဖြစ်၏။

နှစ်လုံးတွဲကုဒ်နံပါတ်ကို ဖော်နိင်မလား ဆိုပြီး သူ ကော်ဖီ တစ်ငုံသောက်လိုက်သော်လည်း ထူးခြားမလာ။ အချိန်တွေ တရွေ့ရွေ့ကုန်လာသဖြင့် သူ ဂဏာမငြိမ်ဖြစ်လာသည်။ ချမ်းသာခြင်း၏ လက်တကမ်းထိ ရောက်ပြီးမှ သူလက်လွှတ်ရတော့မည် ထင်သည်။ ဧည့်ခန်းတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ရင်း သူ အကြောင်းအရာ တစ်ခုစဉ်းစားလိုက်မိ၏။ ထိုအခါ သူ့ရင်တစ်ခုလုံး ဟိုက်ခနဲဖြစ်ပြီး အေးသွားသည်။ လက်ဖျားများပင် ချက်ချင်း အေးစက်လာကာ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာ၏။

ထို့နောက် အိမ်ဖုန်းရှိရာကို အပြေးအလွှား သွားမိသည်။ မြန်မာပြည်မှ သူ့အိမ်ဖုန်းနံပါတ်ကို နှိပ်နေရင်း အချိန်မှီပါ့မလား ဟု သူ့ခေါင်းထဲမှာ တရံမလပ် တွေးနေမိသည်။  ဖုန်းလိုင်းများက ချက်ချင်းမဝင်။ အထပ်ထပ်ခေါ်ဆိုနေရင်း သူ စိတ်လှုပ်ရှားနေမိ၏။ ၄ ကြိမ်မြောက်လား ၅ ကြိမ် မြောက်လားဟု သူ သတိမထားနိင်သည့် အကြိမ်မှာ ဖုန်းလိုင်းဝင်သွားသည်။

“ဟယ်လို..”

တစ်ဘက်မှ ဖုန်းလာကိုင်သူသည် သူ့အစ်မ ဖြစ်နေသည်။

“ မမ.. ကျွန်တော်ပါ ကိုကိုရှိနေလား မြန်မြန်ခေါ်ပေး”
“ မောင်လေးလား... နင်နေကောင်းလား”
“ အဲဒါတွေ နောက်မှ ပြော.. ကိုကို့ ကိုမြန်မြန်ခေါ်လိုက်”
“အေး.. အေးး”

ထို့နောက် လှမ်းခေါ်သံများ ကြားလိုက်ရသည်။ ခဏကြာပြီးနောက်

“ဟဲ..လို ညီညီ.. ပြော... ဘာဖြစ်လို့လဲ”
“ညီပြောတာ သေချာနားထောင်... ကြားရလား”
“ အေး ကြားရတယ်ကွ.. ပြောလေ ”
“ နံပါတ်တွေ ရောင်းပြီးပြီလား ”
“မင်းကလည်း အစောကြီး ရှိသေးတာ ဘယ်လို ရောင်းရအုံးမလဲ”
“ တော်သေးတယ်.. ဒါဆိုရင် ဒီနေ့ မကိုင်နဲ့တော့ အကုန် ပိတ်ထားလိုက်”
“ ဘာဖြစ်လို့တုန်း စီမံချက် ရှိလို့လား”
“ အာာ... မဟုတ်ဘူး.. ဒါပေမယ့် ဒီနေ့ ပိတ်ထားလိုက်ကွာ အရေးကြီးတယ်။ နောက်မှရှင်းပြမယ်။
ငါအလုပ် နောက်ကျနေလို့ ”
“ အေး..အေး ပြီးတာပဲ ”

ဖုန်းခွက်ကို ချပြီးနောက် သူသက်ပြင်းမောကြီး ချလိုက်မိသည်။ တော်သေးတယ် အချိန်မှီသေးလို့...။
မဟုတ်လျှင် သူ့ ပိုက်ဆံလေးတွေ ပါသွားနိင်သည်။ ဘဝတူ တခြားသူတွေထံမှ ငွေကို ရယူဖို့သာ တွေးနေမိသဖြင့် ကိုယ့်ငွေပါသွားနိင်တာကို စောစောကသတိမရမိ။ အချိန်မှီသတိရတာ ကံကောင်းသည်။ အနည်းငယ် နောက်ကျနေသည့် အလုပ်ကို သွားဖို့ ပြင်ဆင်နေရင်း သူစိတ်လက်ပေါ့ပါးစွာဖြင့် လေတစ်ချက် ချွန်လိုက် မိသည်။ အိပ်မက်ထဲက ကုဒ်နံပါတ်ကို မဖော်နိင်သော်လည်း သူနှင့်သူ့အကို နှစ်ယောက်စပ်တူ လုပ်ကြသော  လုပ်ငန်းအတွက် အခုတော့ သူစိတ်ချရပြီ မဟုတ်လား။ သူ့ထံမှ ငွေတံခါးကို လာဖွင့်မည့် သော့တံများကို သူ ကာကွယ်လိုက်နိင်ပြီလေ။