Sunday, November 28, 2010

တစ်ကားပေါင်း မိုးအလင်း

ရှိရင်းစွဲထက် ပို၍ အိုမင်းနေပုံရသော ညသည် အချိန်မတိုင်ခင် တိတ်ဆိတ်နေခြင်းကြောင့် ဖြစ်မည်။ မြို့ပြတခုအတွက် ည ၁၀ နာရီ အချိန်သည် တိတ်တဆိတ် ဖြစ်နေရမည့် အချိန်မဟုတ်သော်လည်း မှောင်မိုက်ခြင်း လွှမ်းခြုံထားသဖြင့် အရာရာသည် တိတ်ဆိတ်နေခဲ့သည်။ နောက်ကျောအောက်က ပူလောင်လာသည့် အတွက် ဘေးတစ်ဖက်စောင်းကာ လှည့်အိပ်လိုက်သော်လည်း တဒင်္ဂအတွင်း ပြန်ပူလာသဖြင့် အိပ်ယာထက်တွင် ကျွန်တော် အလူးအလိမ့်ဖြစ်နေ၏။ ညလေအေးဝင်ရောက်လာဖို့ကို မျှော်လင့်လို့ မရသည့် အတွက် ရေထချိုးရင် ကောင်းမလား တွေးနေမိသည်။

မီးပျက်နေသော ဒီလိုနွေညတိုင်းသည် ပူလောင်ခြင်းနှင့် မှောင်မိုက်ခြင်းကို ရောမွှေကာ လူတိုင်းအပေါ်ကို အပြည့်အဝ ဖြန့်ကျက်ထားသည်။ ပန်ကာလေး တစ်လုံးပင် ဖွင့်ခွင့်မရသဖြင့် ပူလောင်မှု ရဲ့ အရသာကို မချိမဆန့် ခံနေရ၏။ လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းက မြို့ပြရဲ့ တမ်းချင်း တစ်ခု ဖြစ်သည့် လျှပ်စစ်မီး ပြန်လာဖို့ပါပဲ။ ဒီအချိန် မီး ပြန်လာလျှင်သိပ်ကောင်းမည်။ အနည်းဆုံး ပန်ကာ တစ်လုံး ဖွင့်နိင်လောက်ရုံ ပမာဏလောက် ဖြစ်ဖြစ် ပြန်လာလျှင် အဆင်ပြေပြီ။ အတ္တနှင့်ယှဉ်သော ကိုယ့်အတွေးကိုယ် သဘောကျ သွားသဖြင့် ပြုံးလိုက်မိသည်။

တောင့်တနေချိန်မှာပဲ အခန်းထဲတွင် လင်းခနဲ ဖြစ်သွားသည်။ မီး ပြန်လာပြီးနောက် ဟေး ခနဲ အော်သံတွေကိုပါ တပြိုင်ထဲ ကြားလိုက်သည်။ မြန်မာနိင်ငံတွင် ဘာသာမတူသူများ ၊အသားအရောင် မတူညီသူများ ၊ စိတ်အတွေး မတူညီသူများအားလုံးကို တစုတစည်းထဲ တညီတညွတ်ထဲ တစ်သံတည်း ထွက်စေနိင်သော အချိန်မှာ မြန်မာဘောလုံးအသင်း ဂိုးသွင်းချိန်နှင့် မီးပြန်လာ ချိန်သာရှိသည်။ နာရီကို ကြည့်မိတော့ ၁၀ နာရီခွဲ။ လျှပ်စစ်မီးကို အသုံးချပြီး တခုခု လုပ်ဖို့ရန်တော့ အချိန်နှောင်းနေပြီ။ မနက် ၆ နာရီတိုင်း ထ ရသော ကျွန်တော့် အတွက် အိပ်သင့်ချိန်ကို ကျော်လွန်နေခဲ့ပြီ။ ထို့ကြောင့် အခန်းမီးကို ထပိတ်ကာ ပန်ကာဖွင့်လိုက်ခြင်းဖြင့် အိပ်ဖို့ရန် ပြင်ဆင်ပြီး ဖြစ်သွားတော့သည်။

ထိုအချိန်မှာပဲ  ကျယ်လောင်သော အသံ တစ်ခုထွက်ပေါ်လာသည်။ နိင်ငံရေးဦးတည်ချက် လေးရပ် ဆိုသော ကြားနေကျ အသံ ဘေးကပ်ရပ်အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မီးပြန်လာခိုက် အချိန်ရတုန်းလေး ငှားထားသည့် အခွေ ဖွင့်ကြည့်ကြခြင်း ဖြစ်မည်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်တွင် အချိန်ကိုလည်း စနစ်တကျ စီမံခန့်ခွဲ ကြရတာပဲ မဟုတ်လား။ နောက်တနေ့ မီးလာဖို့ ဆိုသည်မှာ မသေချာသဖြင့် အချိန်အနည်းငယ် နောက်ကျနေသော်လည်း ယခုလို မီးလာချိန်တွင် ဖွင့်ကြည့်ကြခြင်းကို အပြစ်လို့တော့ ဆိုလို့မရနိင်ပါ။

သို့သော် အခွေဖွင့်စက်ကို စပီကာနှင့် တွဲထားသည့်အတွက် လိုအပ်သည်ထက် ပိုကျယ်နေသော အသံ ကြောင့် ကျွန်တော် အနည်းငယ် စိတ်ညစ်သွားသည်။ အသံလျော့ဖို့ လက်မအားကြတာများလား ဆိုပြီး စောင့်နေပေးသော်လည်း လူမှုရေး ဦးတည်ချက် လေးရပ် ရောက်သည်အထိ အသံက ကျယ်လောင်စွာ ထွက်ပေါ်နေတုန်းပဲ ဖြစ်သည်။

ထို့နောက်... ထို့နောက် မြန်မာ ဇာတ်လမ်းခွေတို့တွင် ပါဝင်သော အင်္ဂါရပ်များအတိုင်း ဦးတည်ချက် ၃ ခုပြီးသည့်နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ... ထို့နောက် ဇာတ်လမ်းအသစ် ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာသည်။ အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲပဲ ဖြစ်သည်။ တခုခုတော့ လွဲနေပြီ။ ကျွန်တော် တစ်ခု သတိရလိုက်သဖြင့် ခေါင်းနပန်း ထူပူသွားရသည်။ ဟာ...သွားပြီ။ ညနေက ကျွန်တော် အလုပ်မှ ပြန်လာချိန် ဘေးခန်းတွင်နေသော ကျော်သူရ ပြောတာ သတိရလိုက်သည်။

“ အကိုရေ.. ဦးလေး မနေ့ထဲက ဆေးရုံတင်ထားရတာ အဲဒါ ဒီည ကျွန်တော် လူနာစောင့် သွားအိပ်ပေးရမှာ ဆိုတော့ အိမ်ကို စောင့်ရှောက်ပေးထားပါနော် ” တဲ့။ တူဝရီး နှစ်ယောက်ထဲ နေသော အိမ်တွင် ယခုတော့ တစ်ယောက်မှ မရှိတော့။ ဗီဒီယိုကြည့်နေရင်း မီးပျက်ချိန်တွင် ပိတ်ဖို့ မေ့လျော့ခဲ့သော ဖွင့်လျက်သား စက်များသာ ချန်ထားခဲ့သည်။ သွားပြီ။ ဒီနေ့ညတော့ ကျွန်တော် ဒုက္ခရောက်ရပြီ။ မနက် ၆ နာရီထရမည့် ကျွန်တော်နဲ့ ဒီဇာတ်လမ်းခွေ နပန်းလုံးရတော့မည်။

စိတ်ညစ်ညူးမှုကြောင့် အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လိုက်သည်။ မိတ်ဆွေတို့လည်း တခါတလေ ပြောင်းလဲလို့ မရနိင်တဲ့ စိတ်ညစ်ဖွယ်ရာ အခြေအနေတွေကို ကြုံဖူးကြမှာပါ။ လည်စင်းခံ ပေးရသလို ထိုင်စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးပေါ့။ အခုလည်း အဲဒီလိုပဲ။ ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားပေမယ့် ဘာမှ လုပ်လို့ မရနိင်တာ သိနေခဲ့ပြီ။ အဓိကက ဇာတ်လမ်းအခွေ မဟုတ်ဘူး။ စပီကာကနေ ကျယ်လောင်စွာ ထွက်နေတဲ့ အသံပါ။

ကျော်သူရ ဖွင့်ကြည့်ချိန်မှာ Remote ဖြင့်အသံတိုးထားနိင်ပေမယ့် မီးပြန်လာချိန် စက်ကို နောက်တကြိမ် ပြန်အပွင့်မှာ တင်ထားသလောက် ပမာဏ အတိုင်း အသံထွက်လာနေမှန်း လွယ်ကူစွာ တွက်လို့ရပါသည်။ ဘာလုပ်ရမှန်း မသိတော့သည့်အတွက် အိပ်ယာထက်က ဆင်းပြီး အခန်းထဲမှာ လမ်းလျှောက်နေမိသည်။ ကျွန်တော် တခုခုသာ မလုပ်နိင်ခဲ့ရင် မနက် ၆ နာရီကို ငုတ်တုတ် ထိုင်စောင့်နေရမည့် ကိန်း ဆိုက်နေပြီ။ ဒါပေမယ့် ကျွန်တော် ဘာမှ မလုပ်နိင်ခဲ့ပါ။ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ် ပြန်လှဲလိုက်သည်။

“ မင်းနဲ့ငါကြားမှာ ပါတ်သတ်စရာ ရှိသေးလို့လား ”
“ အဲဒီလို ရင့်ရင့်သီးသီးတော့ မပြောပါနဲ့ အကိုရယ် ”
“ ဒါ မင်းကို အညှာတာဆုံး ပြောတာ မင်းလုပ် ခဲ့သမျှတွေအတွက် ခွင့်လွှတ်ဖို့ရာ ဘာအကြောင်းမှမရှိဘူးကွ” “ မြ ပြောတာကို ဆုံးအောင် နားထောင်ပေးပါ အကိုရယ် ”

ဇာတ်လမ်းက အဖွင့်မှာထဲက အော်ကြီးဟစ်ကျယ် ဒေါသခန်းဖြင့်စသည်။ စိတ်က သတိထားမိတဲ့ အရာတွေဆို ပိုပြီး အနုစိတ်ကျကျ မြင်ယောင် ကြားယောင် တတ်သည့် သဘာဝအတိုင်းပဲ ဇာတ်လမ်းထဲမှ အော်သံတွေက ကျွန်တော့်နားထဲကို ဆူညံစွာ တိုးဝင်လာသည်။ ကျွန်တော် တော်တော်လေး စိတ်ဓါတ်ကျသွားရသည်။ သွားပြီ။ ဒီနေ့ညကတော့ ကြက်ခြေခတ်ထားရမည့် ည ပါပဲ။

နားထဲဝင်လာသော အသံတွေကို ဒေါသထွက်နေရင်းနဲ့ မင်းသမီးက ခိုင်သင်းကြည် အသံမှန်း မှတ်မိလိုက်သည်။ မင်းသားက ဘယ်သူပါလိမ့်..။ အို.. ဘာမင်းသားပဲ ဖြစ်ဖြစ်ကွာ။ လွတ်ထွက်သွားသော စိတ်ကို သတိထားမိလို့ စိတ်တိုသွားရသည်။ ဘရတ်ပစ် ပဲဖြစ်ဖြစ်....။ ဒီဇာတ်ကား မြန်မြန်ပြီးရင် ကျေနပ်ပြီ။ ယခုမှ စတင်တဲ့ ဇာတ်ကားကတော့ ပြီးဖို့ရန် အများကြီး လိုနေအုံးမည်။

မဟုတ်သေးဘူး။ လက်တွေ့ကျကျ တွက်မယ်ကွာ။ အခု ၁၁ နာရီရှိပြီ မြန်မာ ဇာတ်ကားတွေရဲ့ အစအဆုံး အချိန်က ဘယ်လောက်ပါလိမ့်။ လိုလိုမယ်မယ် ၂ နာရီ ခွဲလောက် ကြာနိင်တယ် ထား။ ဒါဆို ည ၁ နာရီ ခွဲလောက်ဆို ပြီးမှာပဲ။ ည ၂ နာရီလောက်မှာ အိပ်ပျော်နိင်ရင် အိပ်ချိန် ၄ နာရီ လောက်ရမယ်။ သေသေချာချာ တွေးမိမှ ထင်သလောက် အခြေအနေ မဆိုးသေးမှန်း သတိထားမိသွားသဖြင့် ကျေနပ်သွားသည်။

ဘာပဲ ဖြစ်ဖြစ် တခုခုကြုံတိုင်း မထူပူ ဖို့ လက်တွေ့ကျကျ တွေးတတ်ဖို့ သတိထားသင့်ကြောင်း ကိုယ့်ကိုကိုယ် သင်ခန်းစာ ပေးထားလိုက်သည်။ သင်ခန်းစာ ဆိုမှ အဆိုးဆုံး အခြေအနေထဲက အကောင်းဆုံးတွေကို နှုတ်ယူရမယ့် သင်ခန်းစာကို သတိရလိုက်သည်။ ဟုတ်ပြီ ။ ဝင်သက်ထွက်သက် မှတ်ရမှာပေါ့။ အိပ်ပျော်သွားရင် အမြတ်ပဲ မဟုတ်လား။

အိပ်ယာပေါ် ပက်လက်လှဲကာ ခြင်မကိုက်အောင် စောင်ပါးလေးကို လွှမ်းခြုံထားလိုက်သည်။ လက် နှစ်ဖက်ကို ဘေးကို ချထား ။ သက်သောင့်သက်သာ ဖြစ်ပစေ။ အကြောတွေ အားလုံးကို လျှော့။ အိုကေပြီ။ နှာသီးဝက ဝင်လေ ထွက်လေကို သတိလေးကပ်ပြီး မှတ်။ အသက်ကို မျှင်း ရှူ ။ ဝင်တယ် ။ ထွက်တယ်။ ဝင် ။ ထွက် ။ ဝင်..


“ ကျွန်မကို ကယ်ပါအုံး အကို သူတို့ အတင်းအဓမ္မ ..”
“ ဟေ့ကောင် ဒီနေရာ မင်း သူရဲကောင်း လုပ်ရမယ့် နေရာ မဟုတ်ဘူး မြန်မြန် ထွက်သွားစမ်း ”
“ ထွက်သွားရမှာ ငါမဟုတ်ဘူး မင်းတို့ကွ ”
“ ဒီလောက်တောင် ပြောမရ ရင်လည်း ဆုံးမလိုက်ကြစမ်းကွာ ”
“ ဝှစ် ”
“ ဘုန်း ”
“ အီး ”

ချကုန်ကြပြီ။ ကန်ကြ ကျောက်ကြ ထိုးကြ ကြိတ်ကြသော အသံတွေ အောက်မှာ ကျွန်တော်မှတ်နေသော ဝင်သက် ထွက်သက် လွင့်ထွက်သွားရသည်။ မြန်မာ့ လက်သီးတွေ အဲဒီလောက် အသံကျယ်ကျယ် ထွက်စေနိင်တာကိုလည်း ကျွန်တော် အခုတော့ သေသေချာချာ သိရပြီ။ ဒီလို ဆူညံနေပုံ မျိုးနဲ့ဆို ကိုယ့်ကိုကိုယ် ခြေဖျားမှ စပြီး အိပ်မွေ့ချနည်းလည်း အသုံးဝင်မည် မထင်ပေ။ ဝင်သက်ထွက်သက်ကို နံပါတ်စဉ် မှတ်တဲ့ နည်း ဆိုရင်ရော..။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။

အာရုံကို မလွင့်စေနဲ့ နှာသီးဝမှာ ထား။ ဝင်တယ် ထွက်တယ် .. တစ် ။ ဝင်တယ် ထွက်တယ် .. နှစ် ။ ... သုံး...။ ...လေး...။.... ။ .....၊၊ .... ဆယ့်တစ်.. ။

“ ကျေးဇူးတင်လိုက်တာ အကိုရယ် ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင် ”
“ ဒီလို အချိန်ထိ လမ်းမ ပေါ်မှာ ရှိနေရင် ဒီအဖြစ်မျိုးက ကြုံနေအုံးမှာပဲ”
“ မြ က မိကောင်းဖခင် သားသမီးပါ ဒီနေ့ကလည်း ပန်းတွေက တော်တော်နဲ့ မကုန်လို့ စောင့်ရောင်းလို့ပါ”

အော်..ခိုင်သင်းကြည်က ပန်း ရောင်းတာကိုး။ ပြန်လာတာနောက်ကျလို့ လူရမ်းကားတွေနဲ့ တွေ့သွားတာပဲ။ အင်းး ထိုးနှက် ခန်းနဲ့ လူရမ်းကား မပါရင် မြန်မာ ဇာတ်လမ်းတွေ မပြည့်စုံဘူးနဲ့ တူတယ်။ လူတွေ လူတွေ ဘာကြောင့် ရမ်းကားချင်ကြတာပါလိမ့်။ ဘဝကို အစွန်းအထင်း မရှိ ဖြတ်သန်းဖို့ လိပ်ပြာလုံစွာ ရှင်သန်နေထိုင်ဖို့ ဘာလို့ တန်ဖိုးမထားကြတာလဲ .....။ အသံတွေ နောက်ကို အာရုံက လိုက်ပါသွားမိသဖြင့် နံပါတ်စဉ် ဘယ်လောက် ရောက်ကုန်မှန်းတောင် မသိတော့။ ကိုယ့်ကိုကိုယ် သတိထားမိမှ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း မှုတ်ထုတ်လိုက်မိသည်။ ကဲ..ဘာမှလည်း မှတ်မနေနဲ့တော့ ဒုက္ခနဲ့ အလိုက်သင့်သာ နေလိုက်တော့။

နားထဲဝင်လာသော အသံတွေကို ပုံဖော်ရင်း ဇာတ်လမ်းထဲ လိုက်ပါနေမိသည်။ ငယ်ငယ်က ရေဒီယိုကလာသည့် ဇာတ်လမ်းပမာနားဆင်စရာ ကဏ္ဍကို မှတ်မိသည်။ ညစာစားပြီး ထမင်းလုံး စီရင်း နားထောင်ခဲ့ကြဖူးသည်။ နောက်တော့ ခေတ်က တဖြည်းဖြည်း တိုးတက်လာသည်။ ကက်ဆက် ၊ တီဗီ ကနေ ဗီဒီယိုတွေ ကာရာအိုကေ တွေအထိ ဖြစ်လာသည်။ ခုဆို 3D စနစ်အထိ တိုးတက်လာပြီ။ ဇာတ်လမ်းထဲ အာရုံ ဝင်စားလိုက်သဖြင့် ယောက်ယက်ခတ်နေသော စိတ် အနည်းငယ် ငြိမ်သက်သွားသည်။

ဇာတ်လမ်းကို ကြားရသလောက်ဆိုရင် ခိုင်သင်းကြည်ကို ကယ်တင်ပေးရင်း နောက်တော့ ချစ်သူတွေ ဖြစ်သွားကြသည်။ ခိုင်းသင်းကြည် အိမ်အထိ သွားလည်ရင်း မိဘတွေနဲ့ပါ အဆင်ပြေ သွားသည်။ ဘဝက အဲဒီလို ရုပ်ရှင်ဆန်ရင် သိပ်ကောင်းမှာပဲ။ ငါ့ တုန်းကလည်း အဲဒီလို သူ့မိဘတွေနဲ့ အဆင်ပြေခဲ့ရင် တော်တော် ကောင်းမယ်။ အချစ်ဟောင်း အကြောင်း တွေးမိသဖြင့် စိတ်က ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသည်။ အင်း.. သူ့ အကြောင်း မတွေးဖြစ်သည်မှာ ကြာပြီ။ သူဘာတွေကို လုပ်နေမလဲ။ ငါ့ကို သတိမှ ရ ပါအုံးမလား။ အင်းလေ...အချစ်ဆိုတာကလည်း...

အမလေး လက်မဲကြီး လက်မဲကြီး
ဒီနေ့မင်းကို ငါသတ်ရလိမ့်မယ်
ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ

စူးစူးဝါးဝါး ထွက်ပေါ်လာသော ကလေးတစ်ယောက် အော်သံကြောင့် ကျွန်တော် လန့်သွားရသည်။ အတွေးထဲ နစ်မျော နေသဖြင့် ရုတ်တရက် ဘာဖြစ်မှန်း မသိလိုက်။ နောက်မှ ဗီဒီယို ထဲက ပညာပေး ကြော်ငြာမှန်း သိလိုက်သည်။ ဖျတ်ခနဲ လန့်သွားသော စိတ်ကြောင့် ရင်တွေ တုန်နေမိသည်။ အချစ်ဟောင်း လည်း ဘယ်ရောက်သွားမှန်း မသိတော့။ စိတ်တိုတိုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အိပ်ယာပေါ် ထုချလိုက်သည်။ လန့်သွားသော စိတ်ကြောင့် တုန်ယင်နေသော နှလုံးခုန်သံကို မနည်းပြန်ထိန်းလိုက်ရသည်။  ကျွန်တော့်မှာရော ဘာအပြစ်ရှိလို့လဲ ဆိုပြီး ဗီဒီယိုထဲကလိုသာ အော်လိုက်ချင်သည်။ နာရီကို ကြည့်မိတော့ ည ၁ နာရီ ၄၀ ရှိပြီ။ နောက် တစ်နာရီလောက် ဒုက္ခဆက်ခံရအုံးမည်။

အဘရေ
ဟေ
အလှူအတွက် ကုန်ကျစရိတ် စာရင်းရပြီ

ဤသို့ဖြင့် အသံများ အတွေးများဖြင့် ကျွန်တော် လုံးလည် ချာလည် လိုက်နေခဲ့သည်။ စပီကာမှ ထွက်ပေါ်နေသော အသံကတော့ ကျယ်လောင်စွာ ထွက်နေဆဲ ဖြစ်၏။ တဖြည်းဖြည်း ညဥ့်နက်လာပြီ်။ မကြာခင် ဇာတ်ကား ပြီးတော့မယ် ဆိုတဲ့ အသိကြောင့် ဝမ်းသာနေမိသည်။ ထို့နောက် ချကြ နှက်ကြ သံ ထွက်လာပြန်သည်။ ဇာတ်ရည်ဝနေသော အသိကြောင့် ဒီတခါ ချကြ နှက်ကြ ခြင်းသည် နောက်ဆုံးခန်း ရောက်ပြီ ဆိုသည့် သဘောဖြစ်မည်။ ထို့ကြောင့် ချနှက်သံများကို နားထောင်ရင်း ကျွန်တော် ဝမ်းသာနေမိသည်။ ချ.. ချ... မြန်မြန်သာ ချကြ။

“ အကို အနောက်မှာ အနောက်မှာ သတိထား ”
“ အင့်ဟာ ”
“ အား...”

ခိုင်သံကြည်ရဲ့ အားခနဲ အော်သံ ထွက်လာသဖြင့် ကျွန်တော် ဝေခွဲမရ ဖြစ်သွားရသည်။ သူက သတိပေးတာ မဟုတ်လား။ ဘယ်လို ဖြစ်တာပါလိမ့်။

“ အိုးးး မြရယ် ဘာလို့ ဝင်ခံလိုက်ရတာလဲကွာ ”

အော်။ သတိပေးရင်းနဲ့ ဓါးချက်ကို ဝင်ခံပေးလိုက်တာကိုး။ သေတော့မယ် ဆိုတော့ ဒါ ပြီးပြီ ဆိုတဲ့သဘောပဲ။ စိတ်ထဲမှာ ပျော်ရွှင်သွားသည်။ ကိုယ့်ဆရာရေ... သူများ ဓါးထိုးခံရတာကို ပျော်ရွှင်မိတာ ဘဝမှာ ဒီတကြိမ်ပဲ ရှိသေးတယ်ဆိုတာ ယုံကြည်စေချင်ပါသည်။

“ တစ်ယောက်မှ မပြေးကြနဲ့ သူတို့ကို ဖမ်းချုပ်လိုက်ကြ ”

ပြည်သူ့ရဲတွေလည်း ရောက်လာပြီ။ ဒီ့ထက်သေချာသော ဇာတ်ကားပြီးခန်း မရှိနိင်တော့။ ဟိုဘက်အခန်းက ပြည်သူ့ရဲတွေကို စိတ်ထဲမှ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်မိသည်။ ကျွန်တော့်နေရာမှာ မိတ်ဆွေဆိုလည်း ဒီလိုပဲ ကြိုဆိုမယ်ဆိုတာ သေချာပေါက် လောင်းရဲပါသည်။ ထို့နောက် ငိုရှိုက်ခန်းများ အလွမ်းတီးလုံးသံများ ထွက်ပေါ်လာသည်။ ကဲ.. ဝဋ်ကျွတ်ပြီ။ အိပ်ပေတော့ပဲ။ ထို့နောက် အသံတွေ တိတ် ..ဆိတ်... သွားတော့သည်။

သို့သော် တဒင်္ဂ တိတ်သွားခြင်းသာ ဖြစ်သည်။ နိင်ငံရေး ဦးတည်ချက် လေးရပ် ဆိုပြီး အသံကျယ်လောင်စွာ ထွက်ပေါ်လာပြန်သဖြင့် ကျွန်တော် အိပ်ယာပေါ်မှ ခုန်ထမိသည်အထိ စိတ်ညစ်သွားရသည်။ ဟာ ဘယ်လိုဖြစ်တာလဲ။ ဇာတ်လမ်းက ပြီးပြီမဟုတ်လား။ သို့သော် ဦးတည်ချက်လေးရပ် က အစီအစဉ်တကျ ဆက်ထွက်လာနေ၏။

အဖြစ်နိင်ဆုံးကို တွေးကြည့်မိတော့  အခွေဖွင့်စက်ကို အစအဆုံး ပြန်လည်အောင် လုပ်ထားတာမှန်း တွေးမိသည်။ သီချင်းခွေတွေ နားထောင်ရင်း တပါတ်ပြီးတပါတ် မနားတမ်း ဖွင့်သည့်အခါမှာ ဒီလိုပဲ လုပ်ထားတတ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။  ဒီပုံစံဆို ဒီတစ်ညလုံး နောက်တစ်နေ့လုံး မပိတ်မချင်း ဆက်တိုက် လည်နေတော့မည်။ အိပ်ခွင့်မရတဲ့  ညသန်းခေါင်မှာ သွားစရာ နေရာမရှိဘဲ ကျွန်တော် ထွက်ပေါက်မဲ့နေရသည်။ ဘာကိုအပြစ်တင်ရမှန်း မသိသည့် စိတ်ကြောင့် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။

ဘဝမှာ ကိုယ်မုန်းတီးသော အရာတွေ မလိုချင်ဆုံးသော အခြေအနေတွေကို တခါတလေ လိုလိုချင်ချင် တောင့်တ ရတယ်ဆိုတဲ့ သဘောတရားကို ကိုယ့်ဆရာတို့ ကြားဖူးမလား။ မကြားဖူးရင်တော့ မှတ်ထားဗျာ။ မလိုချင်တာတွေကို တကယ်ကို တောင့်တရတဲ့ အချိန်တွေ ရှိတယ်။ အခုလည်း ကျွန်တော် မလိုချင်တာ မဖြစ်ချင်တာ တခုကို ဆုတောင်းနေရပြီ။

တစ်ဘက်ခန်းတွင်တော့ ဇာတ်လမ်းခွေ တစ်ခွေတွင် ပါဝင်သော အစီအစဉ်အတိုင်း ကျယ်လောင်စွာ ထွက်ပေါ်နေဆဲပဲ ဖြစ်သည်။ ထို့နောက် သိပြီးသား ဇာတ်လမ်းကြီးကို နောက်တစ်ကြိမ် ပူလောင်စွာ နားဆင်ရင်း ဒီညကို ဖြတ်သန်းရအုံးမည်။

ရှေးလူကြီးတွေ ထားခဲ့တဲ့ စကားတွေ သိပ်မှန်တယ်ဗျာ။ ဘာတဲ့..။ ကျောပူပဲ ခံနိင်တယ် နားပူမခံနိင်ဘူး ဆိုတာလေ။ အခုလည်း ကျောပူချင် ပူပါစေတော့ဗျာ။

“မီး မြန်မြန်သာ ပြတ်လိုက်ပါတော့”