Wednesday, November 10, 2010

သူခိုးနဲ့လူလိမ်



ဒီနေ့တော့ နေ့တွက်စီပြီထင်သည်။ သူ့အတွက် ဒီလိုနေ့မျိုးသည် ရှားရှားပါးပါး ကြုံရခဲသော အခွင့်အရေးဖြစ်သည်။ မနက်ထဲက ချောက်တီးချောက်ချက် ခရီးတိုလေးများကို ပို့ပေးနေရသောသူ့အတွက် နေ့လည် ၂ နာရီ ခန့်တွင်တော့ အော်ဒါ ကောင်းကောင်းရခဲ့သည်။ သူ့ကားငှားစီးသူသည် အဖြူရောင် အကျီ င်္ ဝတ်ထားပြီး ရွှေကိုင်းမျက်မှန်တပ်ထားသော အသက် ၅၀ ခန့် ရှိသော လူရည်သန့်တစ်ဦးဖြစ်သည်။

ထို့ထက် ကျေနပ်ဖွယ်ရာ ကောင်းသည်မှာ ရန်ကုန်မြို့ထဲမှ မှော်ဘီအထိ သွားမည့်ခရီးအတွက် တန်ရာတန်ကြေးထက် ပိုပြီး သူတောင်းလိုက်သော ဈေးကို တချက်မျှမဆစ်ဘဲ ထိုသူငှားစီးခဲ့သည်။ ထို့ပြင် အပြန်ခရီးအတွက်ပါ ပြန်တင်ဆောင်လာရမည် ဖြစ်သဖြင့် အသွားအပြန် အတွက် သူမြိုးမြိုးမြက်မြက် ရမည့်ခရီးဖြစ်သည်။ တောင်းသည့်ဈေးကို မဆစ်သော ထိုသူသည် သူ့အတွက် ငွေပုံကြီး ဖြစ်ကြောင်း မကြာခင် သိလာရခြင်းဖြစ်၏။

ကားမောင်းလာရင်း အပြန်အလှန် ပြောစကားများအရ သူသိလာသည်မှာ ထိုသူသည် နယ်မှာနေသူဖြစ်ပြီး ရန်ကုန်ရှိ ဆွေမျိုးများထံလာရင်း အပြန်တွင် အိမ်စီးကားတစ်စီးဝယ်ရန်အတွက် ယခု သွားကြည့်ခြင်း ဖြစ်ကြောင်း ပြောပြသည်။ သူတို့မြို့တွင်လည်း လက်ညိုးထိုးမလွဲအောင် စိုက်ပျိုးရေးခြံနှင့် မွေးမြူရေးခြံများ ပိုင်ဆိုင်ကြောင်း သိခဲ့ရသည်။ ရယ်ရွှန်းပတ်စ စကားများပြောရင်း သူနှင့်ထိုသူ ပို၍ရင်းနှီးသွားသည်။

“ကြုံရင်ဝင်ခဲ့ပေါ့ကွာ  ဦးတင့်ဝေလို့သာ မေးလိုက် မသိသူမရှိဘူး”

“ ဟုတ်ကဲ့ခင်ဗျ တနေ့နေ့တော့ ကြုံလာမှာပါ ဒါနဲ့ အခုဝယ်မယ့်ကားကို မြင်ပြီးသွားပြီလား ”

“ မမြင်ရသေးဘူး အဲဒါကြောင့် သွားကြည့်မှာ ကြိုက်ရင်တော့ တခါတည်း ငွေချေခဲ့လိုက်မှာပေါ့ ”

ထိုလူကြီး၏ ပေါင်ပေါ်တွင် တင်ထားသော သာရေအိတ်အနက်ကို သူမျက်လုံးထောင့်ကပ် ကြည့်လိုက် မိသည်။  ထို့ပြင် သူနှင့် ထိုသူရဲ့ ကြားတွင်လည်း မြန်မာပြည်ရဲ့ နာမည်ကြီး ဘဏ်နာမည် ရေးထားသော ပလပ်စတစ်အိတ် တစ်လုံး ချထားသေးသည်။  အထူစားအိတ်ဖြစ်သည့်အပြင် ထပ်ပိုင်းကိုစုချည်ထားသဖြင့် အထဲကိုတော့ မမြင်ရပေ။ သို့သော် လောလောလတ်လတ် ဘဏ်မှ ထုတ်လာသော ငွေများဖြစ်မည် ဆိုတာတော့ သေချာသလောက် ရှိသည်။ သူ စိတ်ထဲတွင် အမျိုးအမည် မဖော်ပြနိင်သော ခံစားချက် တစ်ခု ဖြစ်သွားမိသည်။ 

ဒီလောက်များသော ငွေများကို သူတခါမှ မပိုင်ဆိုင်သေးဖူးပါ။ ယခုမောင်းနေသော ကား ကလည်း ယခင်မောင်းနေသူ နေမကောင်းသဖြင့် အုံနာကြေး တစ်နေ့ တစ်သောင်းခွဲဖြင့် ယာယီ ယူမောင်းရခြင်း ဖြစ်သည်။ အုံနာကြေးနှင့် ဆီဖိုး ဖယ်ပြီးလျင် သူတစ်နေ့တာ ခါးချိအောင် မောင်းရသော ဝင်ငွေမှာ များများစားစား မကျန်တော့ပေ။ သို့သော်လည်း ဒီဝင်ငွေလေးရဖို့ပင် သူအတွက် အမြဲမသေချာ။ ယခင်မောင်းသူ ကျန်းမာရေး ပြန်ကောင်းလာလျင် သူတစ်ခြား ကား မောင်းဖို့ ရှာဖွေရအုံးမည်။ ဒါမှမဟုတ်ရင်တော့ တခြားအလုပ်တစ်ခုခုကို ရှာဖွေရမည်။ 

သူ့မျက်လုံးများက ဘေးက အိတ်ကို မသိမသာ ကြည့်လိုက်မိပြန်သည်။ ထိုလူကြီးကတော့ အပြင်ဘက်ကို ငေးနေ၏။  ဒီအိတ်၂ လုံးထဲက ငွေတွေဆိုလျင် တော်တော်များမည်။ ကားတစ်စီးလုံးတောင် ဝယ်ဖို့ဆိုမှတော့ သိန်းရာဂဏန်း ရှိမှာ သေချာသည်။ သိန်း နှစ်ရာ ဖြစ်မလား။ ထို့ထက် ပိုနိင်မည် ထင်သည်။ ကိန်းဂဏန်းများကို တွက်ရင်း သူ့ရင်ထဲတွင် မောလာသည်။ ဒီငွေတွေကို သူသာပိုင်ဆိုင်လိုက်ရရင် သူ့ဘဝ တော်တော်လေး အဆင်ပြေသွားနိင်မည်။ ဟုတ်တယ် ပိုင်ဆိုင်ရလျင် သိပ်ကောင်းမှာပါပဲ။ 

လောဘစိတ်ကြောင့် သူ့စိတ်တွေ ဂဏာမငြိမ်ဖြစ်လာသည်။ ရုပ်ရှင်တွေထဲကလို လူအသွားအလာ ရှင်းသည့်လမ်းကို ရွေးမောင်းရင် ကောင်းမလား တွေးလိုက် မိတော့ ရင်ထဲတွင် ကတုန်ကယင် ဖြစ်လာသည်။ လူတစ်ယောက်ကို မေ့မျောသွားအောင် ဒါမှမဟုတ် ဝိညာဉ်နှင့် ကင်းကွာသွားအောင် လုပ်နိင်သော ပစ္စည်းများ သူ့နံဘေးတွေ အဆင်သင့်ရှိနေသည်။ ၈ လက်မရှည်သော ဝက်အူလှည့် တစ်ချောင်းကို သူကောင်းကောင်း အသုံးချနိင်သည်။ ထိုသူ ဟိုဘက်ငေးနေတုန်း လည်ပင်းကိုဖြစ်ဖြစ်...။

သူ့မျက်လုံးကို တစ်ချက် စုံမှိတ်လိုက်သည်။ လေအေးပေးစက် ဖွင့်ထားသော ကားထဲတွင် သူဇောချွေးများ ပျံလာသည်။ သူ့လက်ဖဝါးတွင်လည်း ချွေးစေးများ ထွက်လာသည်။ အိတ်ထဲမှ လက်ကိုင်ပုဝါကို စုကိုင်ကာ နားထင်ဘေးသို့ စီးကျနေသော ချွေးများကို သုတ်လိုက်၏။ စတီယာတိုင် ကို ပြန်ကိုင်တော့ ချွေးစေးများကြောင့် စေးကပ်ကပ် ဖြစ်နေသည်။

“ မောင်ရင့် အသိတွေထဲမှာရော စိတ်ချရတဲ့ ကားပွဲစား ရှိလား ”

လောဘဇော အတွေးများနောက်ကို လိုက်နေမိသဖြင့် ထိုသူ့ထံမှ ရုတ်တရက် အသံထွက်လာတော့ သူ တုန်သွားသည်။

“ ဗျာ.. ဟုတ်..ဟုတ်ကဲ့ ရှိပါတယ် ”
“အခုသွားကြည့်တဲ့ကားကို မကြိုက်ခဲ့ရင် တခြားတစ်စီးစီး ရှာဝယ်ရမှာပဲ အဲဒီလိုဆို မောင်ရင့်ကိုပဲ အားကိုးရမှာပဲ မောင်ရင်လည်း ပွဲခ ရမှာပေါ့”

“ဟုတ်ကဲ့ အသိတွေထဲမှာ ကားပွဲစားတွေ ရှိပါတယ် ဦးက ဘယ်လောက်လောက် မှန်းထားလို့လဲ”

“ ၃ / ၄ ရာလောက်ပေါ့ သိပ်ကြိုက်ရင်တော့ ၅ ရာလောက် အထိ မှန်းထားပါတယ် ”

“အခုသွားကြည့်မယ့် ကားကရော”

“ဒါက ဦးမိတ်ဆွေ ကားဆိုတော့ ဈေး မှန်မယ်ထင်ပါတယ် သူကတော့ ၃၂၀ ခေါ်ထားတာပဲ ကြည့်ပြီးကြိုက်မှ ၃၀၀ လောက်ရအောင် ညှိရမှာပဲ”

ထိုလူ၏ အဖြေစကားကြောင့် သူ့ရင်ထဲတွင် မောဟိုက်သွားသည်။ ဒါဆို ဒီ အိတ် ၂လုံးထဲမှာ သိန်း ၃၀၀ ကျော် ပါတာပေါ့။ သူ နေ့စဉ်ဝင်နေသော ဝင်ငွေ ငါးထောင်ခန့်ကို မသုံးမစွဲဘဲ စုဆောင်းထားရမည် ဆိုလျင်ပင် ထိုသိန်းသုံးရာကျော် ရဖို့ အနှစ် နှစ်ဆယ်ခန့် စောင့်ရမည်။ အနှစ် နှစ်ဆယ်လုံးလုံး တပြားတချပ်မျှ သုံးစွဲ၍ မရသည့်အပြင် နေ့စဉ် မပြတ်ဝင်ငွေလည်း ရှိနေရအုံးမည်။

တကယ်တော့သူသည် ယာယီ အလုပ်အနေဖြင့် ကားမောင်း သူသာဖြစ်သည်။ လတ်တလော အလုပ်တစ်ခု အနေနှင့် ဝင်လုပ်နေခြင်းဖြစ်သည်။ တနေကုန်ထိုင်ကာ ဖင်ပူအောင် ကားမောင်းရသော ဒီအလုပ်ကို သူမလုပ်ချင်။ သူဖြစ်ချင်တာက တချက်ကောင်းကြံပြီး ချမ်းသာချင်သည်။ အကွက်ကောင်းကောင်းကို သူအမြဲလိုက်ရှာ စောင့်ကြည့်ခဲ့သည်။ ယခုတော့ အခွင့်ကောင်း ကြုံလေပြီ။

ဘေးတွင်ချထားသော ကြွပ်ကြွပ်အိတ်ကို ဂီယာချိန်းရင်း လက်က ထိမိသွားသည်။ ဂီယာတံကို ဆုပ်ကိုင်ရင်း အိတ်ကို လက်ဖြင့် မခွာဘဲ ဆက်ပြီးထိထားလိုက်၏။ ဖော်ပြခြင်းငှာ မစွမ်းသာသော ငွေ ရနံ့များသည် သူ့လက်ချောင်း သွေးကြောများမှ တဆင့် နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ခန္ဓာအနှံ့သွေးကြော များသို့ ပြန်လည် ဖြာထွက် စီးဆင်းသွားတော့သည်။ ထိုသွေးများမှ တောင်းဆိုမှုသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ များပြားလှသော ငွေပမာဏတွေထိုအိတ်ထဲတွင် ရှိနေသည်။ သိန်း ၃၀၀ထက်ပိုများတာလည်း ဖြစ်နိင်သည်။

သူတစ်ခုခု လုပ်ရမည်။ အသေလား အရှင်လား ရွေးချယ်ရမည်။ ဘယ်လိုလုပ်မလဲ စဉ်းစားစမ်း။ ယခုရောက်နေသည့်နေရာကို ကြည့်မိတော့ ထောက်ကြန့်လမ်းဆုံ ကိုရောက်တော့မည်။ လူများစည်ကား နေသဖြင့် သူစိတ်ကို ခဏလျှော့ချကာ အစီအစဉ်ကို အကွက်ချနေလိုက်သည်။ ထောက်ကြန့်အလွန် ရောက်မှ လုပ်ဖို့ သူတွေးလိုက်သည်။ ဆုံးဖြတ်ပြီးသွားသဖြင့် သူ့လက်ဖဝါးတွင် ချွေးစေးများ ပိုထွက်လာသည်။ ဘေးကို အသာ စောင်းငဲ့ကြည့်တော့ ထိုသူက အပြင်ဘက်ကို ငေးမောနေ၏။

လမ်းမတွင် လူများ ဆိုင်ကယ်နှင့် ဆိုက်ကားများ ရှုပ်ထွေးနေသဖြင့် သူ ဂရုတစိုက် မောင်းနှင်နေသည်။ ယောက်ယက်ခတ်နေသော စိတ်ကြောင့် သူ တည်ငြိမ်ရန် အားထုတ်ကြိုးပမ်းနေရ၏။ သူအကြောက်ဆုံးမှာ ဦးတင့်ဝေဆိုသူက သူ့ကို အကဲခတ်မိသွားမှာ သိပ်ကြောက်နေသည်။ တုန်ယင်နေသော လက်များ ငြိမ်သက်သွားစေရန် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားရသည်။ သူ့နားထင်မှ စီးကျနေသော ချွေးစေးများကို မသိမသာ သုတ်ရင်း ထိုသူ့ကို ကြည့်လိုက်သည်။ ဘေးဘက်သို့ ငေးမောနေဆဲ။ သူ့အဖြစ်ကို သတိထားမိဟန်မတူ။ ထိုသို့ဖြင့် ထောက်ကြန့် ဈေးအနားကို ရောက်လာသည်။

“ အတော်ပဲ မောင်ရင် ဦးကို ဈေးဝမှာ ခဏရပ်ပေး.. ဦးမိတ်ဆွေ အိမ်အတွက် လက်ဆောင် မုန့်လေးဘာလေး ဝယ်သွားချင်လို့ ”

သူလမ်းဘေးချရပ်ပေးလိုက်သည်။

“ မကြာဘူးမောင်ရင် ခဏလေး စောင့်ပေးနော်.. ဒါမှမဟုတ် လ္ဘက်ရည် ဆင်းသောက်အုံးမလား”
“ ရတယ် ဦးလေး မသောက်တော့ဘူး ကျနော် စောင့်နေပါ့မယ် ”

ထိုသူထွက်သွားသဖြင့် သူစိတ်သက်သာရာ ရသွားသည်။ သူ ခဏလောက် စိတ်တည်ငြိမ်မှု ရချင်သည်။ မကြာခင် သူဖန်တီးရတော့မည့် အလုပ်အတွက် စိတ်အေးအေးဖြင့် အကွက်ချချင်သည်။ နောက်မဆုတ် တော့ဟု ဆုံးဖြတ်ထားပြီးသဖြင့် သူ့အတွက် အလုံခြုံဆုံးနှင့် အသေချာဆုံး နည်းလမ်းကို ရွေးချယ်ရမည်။ မေ့မျောရုံ လုပ်ခဲ့ရင် နောက်ပိုင်း ပြဿနာတွေ ဆက်ဖြစ်မလား။ အပျောက်ရှင်းလိုက်လို့ သူ မလွတ်မြောက်နိင်ခဲ့ရင် ရင်ဆိုင်ရမှာက ပိုအပြစ်ကြီးမည်။ မေ့မျောရုံ ရိုက်ပြီး သူထွက်ပြေးရင်ရော လွတ်မြောက်နိင်မလား။

ကြုံလာနိင်သည့် အနေအထားကို သေသေချာချာ ချင့်ချိန်နေမိသည်။ စိတ်အေးအေးဖြစ်အောင် သက်ပြင်းချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစအနမထွက်အောင် သေသေသပ်သပ် ပိပိရိရိ ဖြစ်အောင် သေသေချာချာ တွေးရမည်။ ဂီယာတံကို ဖွဖွပုတ်ရင်း သူအကွက်ချ စဉ်းစားနေရင်း လက်က အမှတ်မထင် ဘေးတွင် ချထားသော ကျွတ်ကျွတ်အိတ်ကို ထိမိသွားသည်။ သူငုံ့ကြည့်လိုက်ပြီး အံ့သြသွားသည်။ သူ့ဘေးတွင် ထိုသူရဲ့ ငွေ အိတ်တစ်အိတ် ကျန်ခဲ့သည်။ သူ့ကိုယုံကြည်လို့ ထားခဲ့တာတော့ မဖြစ်နိင်။ လောလောနဲ့ ဆင်းသွားပြီး မေ့ကျန်ခဲ့တာ ဖြစ်နိင်သည်။

ငွေ နှစ်အိတ်ပေါင်း သိန်း ၃၀၀ ကျော်ဆိုလျင် ဒီအိတ်ထဲတွင် အနည်းဆုံး သိန်း ၁၀၀ တော့ ပြေးမလွတ်။ သူ ရင်ထဲတွင် လှိုက်ခနဲလှိုက်ခနဲ ရင်ဖိုနေမိသည်။ သူကားကို အမြန်ဆုံး မောင်းထွက်လိုက်သည်။ လူတစ်ယောက်ကို မဖျောက်ဖျက်ရဘဲ သိန်း ၁၀၀ ရလျင်ရော နဲလား။ ပြန်မိသွားလို့ အမှုဖြစ်ရင်တောင် အပြစ်အများကြီး မရနိင်။ ထိုသူကို နတ်စောင့်သည်ပဲ ပြောရမည်။ ဈေးထဲသို့သာ မဝင်ခဲ့လျင် သူရော ထိုသူပါ အနာဂတ် ကောင်းနိင်မည်မဟုတ်။ သူ ကားကို ရန်ကုန်ဘက်ကို ပြန်ဦးတည်ကာ မောင်းထွက်ခဲ့တော့သည်။ ဈေးအရှေ့ကိုဖြတ်ရင်း ကြည့်လိုက်မိသည်။ ထိုသူပြန်မထွက်လာသေး။ 

ဒီကားကို အုံနာထံ သွားပြန်အပ်ရမည်။ ပြီးလျင်တော့ သူ ငွေထုပ်ပိုက်ပြီး ခြေရာဖျောက်ရတော့မည်။ ကားပြန်အပ်ရင်းနှင့် အုံနာကို အပ်ထားရသော မှတ်ပုံတင် ပြန်တောင်းဖို့ သူသတိမေ့၍ မဖြစ်။ အဲဒါ သတိထားရမည်။ သူ့နောက်ကို လိုက်လာသည့် ကားများ ရှိနိင်မလားဟု နောက်ကြည့်မှန်မှ တဆင့် မကြာမကြာ ကြည့်နေရသည်။ ခပ်ပြင်းပြင်း မောင်းလာသည့် ကားများတော့ မတွေ့ရသေး။ သို့သော် သတိထားရမည်။ 

လမ်းရှင်းသော နေရာရောက်တော့ သူ အရှိန်မြှင့် လိုက်သည်။ အချိန်ကြာလို့ မဖြစ်။ သူစီစဉ်ရမှာ အများကြီး ကျန်နေသေးသည်။ သူ့လက်ကို ငွေအိတ်ပေါ် တင်ထားလိုက်၏။ ဒီတခါတော့ ပီတိ များက သွေးကြောအနှံ့ ပျံ့နှံ့ သွားသည်။ ဘဝတွင် တခါမှ မကိုင်တွယ်ဖူးသော ငွေကို သူပိုင်ဆိုင်ရပြီ။ ထောင်ကျနိင်သည်ကိုပင် သူ သတိမရတော့။ ဒီငွေတွေနှင့် သူ ဘာလုပ်ရမလဲ။ အရာရာကို မလောဖို့ အကွက်ချ စီစဉ်ဖို့ သူ့ကိုယ်သူ သတိပေး နေလိုက်သည်။

ပျော်ရွှင်ဖွယ်ရာ အတွေးများနှင့် အမြန်မောင်းလာရင်း မင်္ဂလာဒုံကို ကျော်လာပြီးနောက် မြို့ထဲဝင်ချိန်တွင် သူ့အတွက် ကံဆိုးမိုးမှောင် ကျမည့် အဖြစ်သည် ရှေ့တွင်စောင့်ကြိုနေတော့သည်။ ရှေ့ကမြင်ကွင်းကို မြင်မိချိန်တွင် သူ့ရင်ဝသို့ တစ်စုံတစ်ခု လာဆောင့်သလို ဒိုင်းခနဲ ဖြစ်သွားသည်။ ကြောက်လန့်မှုကြောင့် အာခေါင်ထဲတွင် ခြောက်ကပ် သွားသလို ဖြစ်ကာ သူ့ခေါင်းတွေ ထူပူသွားရတော့၏။

“ဟာ... သွားပြီ ”

ရန်ကုန်ဘက်သို့ ဝင်လာသမျှ ကားများကို တားပြီးစစ်နေသော ရဲများကို မြင်လိုက်ရခြင်းဖြစ်သည်။ ရဲများနှင့်အတူ အရပ်ဝတ် လူကြီးတစ်ချို့ကိုပါ တွေ့လိုက်ရချိန်တွင် သူ့ အမှားကို သူသိသွားခဲ့ရပြီ။ သူ ရန်ကုန်ဘက်ကို ပြန်မောင်းလာသည်ကိုက အကြီးဆုံးအမှား ကျူးလွန်လိုက်ခြင်းပဲ မဟုတ်လား။ ဦးတင့်ဝေအနေနဲ့ ရဲစခန်းကို ဖုန်းဆက်ထားနိင်သည်ကို တွေးထားပေမယ့် သူရန်ကုန်ရောက်ချင်ဇော များနေခဲ့သည်။ သူလွတ်မြောက် နိင်မည်ဟု ယုံကြည်ပြီး အမြန်ပြန်လာခဲ့ခြင်းဖြစ်၏။ ခုတော့ သူ့ထက် မိုက်မဲတဲ့သူ ရှိနိင်မည် မဟုတ်တော့။

ရလာသော ငွေထုပ်ကို အရသာ ခံခွင့်မရသေးခင်မှာပဲ သူ ထောင်ကျရတော့မည်။ ဘာလုပ်ရမလဲ အထပ်ထပ်တွေးနေသော်လည်း ထူပူနေသော ဦးခေါင်းထဲမှ မည်သည့်အကြံဥာဏ်များ ထွက်မလာတော့။ ကားပြန်လှည့်ကာ မောင်းပြေးဖို့ တွေးလိုက်သော်လည်း အဆင်သင့်ရပ်ထားသော ရဲကားများကို တွေ့သဖြင့် ထွက်ပြေးဖို့ရာ မဖြစ်နိင်မှန်း သိနေသည်။ ရုတ်တရက် အရှိန်လျှော့လိုက်တာကြောင့် ထင်သည် ရဲတချို့ သူ့ကားကို လှမ်းကြည့်နေကြ၏။ ရှောင်ပြေး လွတ်မြောက်ဖို့ မဖြစ်နိင်တော့။

သူ့ရင်တစ်ခုလုံး တစ်ဒိုင်းဒိုင်း ခုန်ကာ သူ့ရဲ့လက်တွေ တစ်ဆတ်ဆတ်တုန် ယင်နေ၏။  စီးဆင်းနေသော သွေးများအားလုံး   သူ့နားထင်သို့ လာဆောင့်နေပြီ ထင်ရသည်။ သွားပြီ။ သူထောင်ကျရတော့မည်။ စည်းစိမ်ရှိရှိနေချင်သော သူ့စိတ်ကူးများ အားလုံး ပျက်ဆီးသွားရပြီ။ သူ့ကားကို ရဲများနှင့် အရပ်ဝတ်လူကြီးတစ်ချို့ လက်ပြကာ တားနေကြသည်။ မောင်းပြေးမလား တွေးနေချိန်မှာပဲ ရဲသား နှစ်ယောက် လမ်းမပေါ် ပိတ်ရပ်လိုက်ကြသည်။ မတတ်နိင်တော့...။ သူကားကို ရပ်ပေးလိုက်ရတော့သည်။

ဘေးဘက်မှန်ကို ချပေးလိုက်သည်။ ပုခုံးတွင် အပွင့်တပ်ထားသော ရဲအရာရှိ ဘေးတံခါးကို လက်ထောက်ကာ ကားထဲကို ငုံ့ပြီး သူ့ကိုကြည့်၏။ သူ့လက်တုန်ယင်နေသည်ကို သတိမပြုနိင်အောင် စတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရသည်။ ရဲ အရာရှိမှ ကားထဲကို ဝေ့ကြည့်နေသည်။

“နောက်ဖုံးဖွင့်ပေးပါ”

ကားထဲမှခလုတ်နှိပ်ပြီး သူနောက်ဖုံးဖွင့်ပေးလိုက်သည်။ ရဲတစ်ချို့နှင့် အရပ်ဝတ်လူကြီးများ နောက်ဖုံးကို ဖွင့်ရှာ ကြသည်။ ထိုနောက်ဖုံးထဲတွင် ကားဘီးအပိုနှင့် တိုလီမိုလီ ပစ္စည်းများသာ ရှိသည်။

“ မတွေ့ဘူးဆရာ”
“ အေး...အေး ”

ရဲသား၏ သတင်းပို့ချက်ကို အရာရှိဖြစ်သူမှ အတည်ပြုပြီးနောက် သူ့ကားထဲကို နောက်တကြိမ် ထပ်ပြီး ဝေ့ကြည့်သည်။ ထို့နောက် သူ့ဘေးက အိတ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ သူ ထိန်းချုပ်ထား၍ မရနိင်တော့။ မျက်လုံးများ ပြာဝေနေသည်။ အံကိုတင်းတင်းကြိတ်ကာ မျက်လုံးကို မှိတ်ပစ်လိုက်၏။ တစ်ဒိုင်းဒိုင်း ဆောင့်ခုန်နေသော ရင်ခုန်သံကိုပင် သူပြန်ကြားနေရပြီ။ ခြေဖျားလက်ဖျား များ အေးစက်နေသည်ကိုပင် မသိနိင်တော့။

“ဒါ ဘာအထုပ်လဲ”
ထိုမေးခွန်းသည် သူအကြောက်ဆုံး မေးခွန်းဖြစ်သလို သူ့ကို လက်ထိပ်ခတ်မည့် မေးခွန်းလည်းဖြစ်သည်။

“ဟို...ဟို ငွေ.. ငွေတွေပါ ဆရာ”

သူ့အသံ တုန်ယင်နေတာကြောင့်ထင်သည်။ ရဲအရာရှိ သူ့ကို လှမ်းကြည့်သည်။

“ ငွေတွေ... ဟုတ်လား”
“ ဟုတ်..ဟုတ် ပါတယ် ဆ..ဆရာ”
“ ဖွင့်လိုက် ”
“ ဗျာ ”
“ အထုပ်ကို ဖွင့်လို့ ပြောနေတာ”
“ ဟုတ်..ဟုတ်ကဲ့ ”

အထုပ်ကို ဖြေဖို့ရန် အိတ်ကို လှမ်းကိုင်လိုက်သည်။ တဆတ်ဆတ် တုန်ယင်နေသော လက်ဖြင့် ထိမိသဖြင့် ကျွတ်ကျွတ်အိတ်သံ တဗြန်းဗြန်း ထွက်လာသောကြောင့် ရဲအရာရှိ သူ့ကို စူးစိုက်ကြည့်နေ၏။ လက်များတုန်ယင်နေသဖြင့် ကျွတ်ကျွတ်အိတ်၏ ထိပ်နှစ်ဘက်ကို စုချည်ထားသော အထုံးကို သူမည်သို့မှ ဖြည်၍မရပေ။

“ ဘာဖြစ်လို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”
“ မ..မဟုတ်ပါဘူး.. ဆရာ ”
“ကဲ တစ်ယောက်လာပြီး ဒီအထုပ်ကို ဖွင့်စမ်းဟေ့”

အနားတွင် ဝိုင်းနေသော ရဲများထဲမှ တစ်ယောက် ကားတံခါးဖွင့်ကာ အထုပ်ကို ဆွဲယူလိုက်သည်။

“လေးလှချည်လား.. ဘာတွေပါလိမ့်”

ရဲသားရဲ့ ပြောစကား ကြားလိုက်သဖြင့် သူစိတ်ဓါတ်ကျသွားသည်။ လေးမှာပေါ့ အဲဒါ ငါမပိုင်လိုက်ရတဲ့ ငွေတွေ လို့ စိတ်ထဲက နာနာကျည်းကျည်း ပြန်ပြောလိုက်၏။ ရဲသား အထုပ်ဖြည်နေချိန်မှာပဲ သူ တစ်ခု တွေးလိုက်မိသည်။ ဦးတင့်ဝေ ဖုန်းဆက်ထားတာ ဆိုလျင် ဒီလို မေးမြန်းနေမည် မထင်။ အခုက တိုက်တိုက်ဆိုင်ဆိုင် စစ်ဆေးရေးနှင့် တိုးခြင်းဖြစ်မည်။ ထိုအတွေးကြောင့် သူ စိတ်အနည်းငယ် အေးသွားသည်။

နဂိုရှိပြီးသား ဥာဏ်နီဥာဏ်နက်ကို အပြင်းအထန် အလုပ်ပေးလိုက်သည်။ ကားရောင်းလာတဲ့ငွေလို့ ပြောရမည်။ သို့သော် ဘယ်လောက်လဲ မေးရင် သူဘယ်လိုဖြေမလဲ။ အထဲက ငွေကို သူအတိအကျ မသိပါ။ ငွေအရေအတွက် ကိုသာ မေးခဲ့လျင်တော့ သူ့လုပ်ရပ် ပေါ်သွားနိင်သည်။ ထို့ကြောင့် သူကားပေါ်က ဆင်းကာ ရဲများရှိရာ တစ်ဘက်သို့ လျှောက်သွားလိုက်၏။ အခြေအနေကြည့်ပြီး သူ လုပ်ဇာတ်ခင်းဖို့ အတွက် အာရုံကို စူးစိုက်ထားသည်။ သူရောက်သွားချိန်တွင် အထုပ်ကို ဖြည်ပြီး ဖြစ်နေပြီ။ အထုပ်ထဲကို ငုံ့ကြည့်လိုက်သည်။

အိတ်ထဲတွင် ငွေထုပ်များကို သတင်းစာ စက္ကူဖြင့် ပါတ်ထားသည်။ စုစုပေါင်း လေးထုပ် ရှိနေသည်။ တစ်ထုပ်ထဲတွင် ငွေ ဘယ်လောက်တောင် ဖြစ်နိင်မလဲ။ သူစိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိသည်။ ရဲသားမှ အထုပ်တစ်ထုပ် ဆွဲထုတ်ကာ သတင်းစာ စက္ကူ အထပ်ထပ်ကို ဖြည်လိုက်သည်။ ပါတ်ထားသော သတင်းစာစက္ကူ ဖယ်ပြီးနောက် ထွက်လာသည်မှာ အုတ်နီခဲပွ တစ်လုံးသာ ဖြစ်နေသည်။

“ဟာ..အုတ်ခဲကြီးပါလား ”
“ ဟေ့လူ ဘာတွေလဲ ”
“ ဟို.. ဟို.. ဆရာ ငွေ.. အဲ... အုတ်ခဲပါ ဆရာ”

“ ကျန်တဲ့ အထုပ်တွေပါ ဖြည်လိုက် ”

သတင်းစာ စက္ကူပါတ်ထားသော ကျန်သည့်  အထုပ်များကိုပါ ဆွဲထုတ်ကာ ဖြည်လိုက်သည်။ သူစိတ်ကူးယဉ်ထားသလို သိန်း တစ်ရာ တော့မဟုတ်။ ထွက်လာသည်မှာ အုတ်ခဲပွ ၃ လုံးသာ ဖြစ်သည်။

“ ခင်များ ပြောတော့ ငွေတွေဆို ”
“ ဟုတ်ပါတယ်.. အဲ.. မဟုတ်ပါဘူး ကျနော်က ဆရာတို့ကို စတာ အဲဒါ အုတ်ခဲတွေ”

ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး သူ့မျက်နာကို ပြုံးဖြီးဖြီးထားကာ ပြောလိုက်သည်။ သို့သော် ရဲအရာရှိကတော့ ဒေါသထွက်နေဟန်ရှိသည်။

“ ဘာဗျ စတာ ဟုတ်လား။ ဒီမှာ တာဝန်အရ လုပ်နေရတာဗျ ဒါသက်သက် နှောင့်ယှက်တာပဲ ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ရမယ်”

“ မလုပ်ပါနဲ့ ဆရာရယ် ကျနော်က ပျော်တတ်လို့ စတာပါ ”

“ မရဘူး ခင်ဗျားကို ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်မယ် ခင်ဗျားလိုင်စင်ပေး”

ခုတော့ သူတကယ် ဂျောက်ကျလေပြီ။ သူ့ကို လိုင်သွားသော ဟိုလူကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်သည်။

“ မလုပ်ပါနဲ့ ဆရာရယ် ဒီနေ့က ကျနော့်မွေးနေမို့လို့ အပျော်အနေနဲ့ စတာပါ။ စိတ်မရှိပါနဲ့ဆရာ။   ဆရာတို့အဖွဲ့ကို လ္ဘက်ရည် တိုက်ပါတယ်ဗျာ ဒါလေးကို လက်ခံပေးပါ။ ကျနော့်မွေးနေ့မို့ တိုက်တာပါဆရာ”

မတတ်နိင်တော့။ သူ့အိတ်ထဲတွင် မနက်ပိုင်း မောင်း၍ရသမျှ ငွေကိုထုတ်ပေးကာ မွေးနေ့အတု ဖန်တီးလိုက်ရတော့သည်။ သူ့မွေးနေ့ကို ယုံကြည်သွား၍ ထင်သည်။ လ္ဘက်ရည်တိုက်ခြင်းကို အသိအမှတ် ပြုဟန်ဖြင့် သူပေးသော ငွေကိုဆွဲယူကာ ရဲသားတစ်ယောက်ကို ပေးလိုက်သည်။

“ဒါဆိုလည်း ကိုယ့်အုတ်ခဲတွေ ကိုယ်သယ်ပြီး လိုရာခရီးဆက်ပါတော့ မွေးနေ့ရှင်ရေ ကျုပ်တို့ အလုပ် ဆက်လုပ်ရအုံးမယ်”

“ ဟုတ်ကဲ့ပါ ဆရာ”

အုတ်ခဲလေးလုံးကို ကားပေါ်တင်ကာ သူ ထိုနေရာမှ ထွက်လာခဲ့တော့သည်။ ခပ်ဝေးဝေး ရောက်သည့်အခါ လမ်းဘေးတစ်နေရာတွင် ကားကို ရပ်လိုက်၏။ အုတ်ခဲများကို ဒေါသတကြီးဖြင့် ဝေးနိင်သမျှ ဝေးဝေးရောက်ရန် အားကုန် လွှင့်ပစ်လိုက်သည်။ ခံပြင်းစိတ် အနည်းငယ်မျှပင် လျော့မသွား။ စိတ်ထဲတွင် ခံပြင်းလွန်းလှသည်။ သူ လှလှပပ အလိမ်ခံခဲ့ရသည်။ အကွက်ကျကျ အရူးလုပ်ခံခဲ့ရသည်။ တကယ်ဆို ကားသမားလောကတွင် ဒီလိုပုံပြင်မျိုးကို သူခဏခဏ ကြားခဲ့ဖူးသည်။

ပစ္စည်းတစ်ခုခုကို အရောင်ပြ ထားခဲ့ကာ ကားပေါ်မှ လစ်သွားသော ခရီးသည်များအကြောင်း  သူကြားဖူးခဲ့သည်။ ခုတော့ သူကိုယ်တိုင် ကြုံရပြီ။ အမှောင်ဖုံးစေသော လောဘကြောင့် သူဘာကိုမှ မမြင်နိင်ခဲ့။ မချင့်ချိန်နိင်ခဲ့။ ခုတော့ သူ အကျော်အခွ အလုပ်ခံလိုက်ပြီ။ မွေးနေ့အတု ဖန်တီးလိုက်ရသဖြင့် ညစာစားဖို့ပင် သူ့အိတ်ထဲမှာ ငွေမကျန်တော့။ 

ထိုသူကတော့ အခုလောက်ဆို သူ့အိမ်တွင် ထိုင်ကာ သူ့ကို ရယ်နေတော့မည်။ ကားခ ၃သောင်းလည်း ဆုံးပြီ။  အရင်ထဲက ထိုသူပေးဖို့ မရည်ရွယ်ထားသော ထိုငွေကို သတိရပြီး နှမျောလိုက်မိသဖြင့် ကိုယ့်ကိုကိုယ် ဆဲရေးလိုက်မိ၏။ ခံရခက်သော ဒေါသစိတ်ဖြင့် သူ့ကားကို ထိုနေရာမှ ခပ်ပြင်းပြင်း မောင်းထွက်ခဲ့သည်။

လမ်းမပေါ်တွေ သစ်ရွက်ခြောက်များ ထခုန်ကာ ကျန်ရစ်ခဲ့တော့သည်။